ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်
အပိုင်း ( ၃ )
အခန်း ( ၅ )
မင်းဇံရွာထဲမှ လှည်းယာဉ်ကြော့တစ်စီးက တအိအိနှင့် ထွက်လာသည်။လှည်းပေါ်တွင်တော့
ဦးလေးထွန်းမြင့်က လှည်းမောင်းပြီး ဦးလေးရှေ့ရင်ခွင်ထဲတွင် ကြိုင်က လိုက်ပါလာသည်။
နောက်ဖျားတွင်တော့ အမေရယ် အဖေရယ် စကားတစ်ပြောပြောနှင့်လိုက်ပါလာလေသည်။ အိမ်ကို ကိုဖိုးထောင်တို့ သားအမိနှင့် အပ်ထားခဲ့ပြီး ကြိုင်
ပူဆာလွန်းလို့ တစ်မိသားစုလုံးလိုက်ပို့ရခြင်းဖြစ်
၏။ လှည်းကလေး၏ ဦးတည်ရာကတော့
ကျောင်းတော်ရာဘုရားပွဲဆီသို့ ။
photo credit- facebook image
အရှေ့ဆီမှနေ၀န်းက ရောင်ခြည်များ ဖြန့် ကျက်လာလေသည်။
အမျိုးမျိုးအဖုံဖုံသော အရုပ်များကိုကြည့်ကာ ကြိုင် ပျော်နေမိသည်။အမေ့လက်ကိုဆွဲရင်း ဟိုဆိုင်ပြေး
ကြည့် ဒီဆိုင်ပြေးကြည့်။ဦးလေးထွန်းမြင့်ကလဲ ကြိုင်ပူဆာသမျှ မညည်းမငြူ ၀ယ်ပေးနေသည်။
အဖေ့လက်ထဲတွင်ကော ဦးလေးလက်ထဲတွင်ပါ
ပစ္စည်းများက မြင်မကောင်းအောင် စုပုံနေလေပြီ။
"ဟယ်ထားဆင့် နင်ထားဆင့်မလားဟင်"
"ဟယ် စိုးစိုးပါလား ဟုတ်ပါ့ဟယ် ကြည့်အုံး
ကိုကျော်ခေါင်ကြီးကလဲဝလို့  နှစ်ယောက်စလုံးနုပျိုနေလိုက်တာ"
စိုးစိုးနှင့်ထားဆင့်မှာ ငယ်ငယ်က ၈တန်းအထိ
ကျောင်းအတူတက်ဖူးပြီး စိုးစိုးက ကျောင်းထွက်သွားခြင်းဖြစ်သည်။မင်းဇံရွာသူဖြစ်သော စိုးစိုးက ကျောင်းတော်ရာသားနှင့် အိမ်ထောင်ကျကာ
ယောက်ျားနောက်ကောက်ကောက်ပါသွားပြီး
နောက်ပိုင်းမတွေ့ ဖြစ်ကြတာကြာပြီ။အခုမှပြန်
တွေ့ ခြင်းဖြစ်ကာ ၀မ်းသာမဆုံးနိုင် ဖြစ်နေကြသည်။
"ထားဆင့် ငါတို့ ဟိုနားကဆိုင်မှာ လက်ဖက်ရည်
သောက်ရင်း စကားပြောရအောင် အကုန်လုံးလိုက်ခဲ့ပါလား ကိုကျော်ခေါင်တို့ ကောပဲ"
"မေမေ သမီးမလိုက်တော့ဘူး အရုပ်တွေကြည့်
ချင်သေးတယ်"
"ကဲကဲ မစိုးစိုးတို့ သွားပါ။ညီမလေးကော ယောက်ဖကော လိုက်သွား ငါကြိုင့်ကိုလိုက်ပြလိုက်မယ်။
ပြီးမှအဲ့ဆိုင်မှာ ဆုံကြတာပေါ့"
"အေးအေး ကိုကျော်ခေါင်က ယောက်ဖဖြစ်သူ၏ လက်ထဲမှ ပစ္စည်းတစ်ချို့ ကိုဆွဲယူကာ သုံးယောက်သား ဆိုင်ဘက်သို့ ထွက်လာခဲ့သည်"
photo credit-facebook image
ဝါဆိုလပြည့်နေ့ နှင့် တိုက်နေသည်မို့ ကျောင်းတော်ရာဘုရားပွဲမှာ စည်ကားလှပေသည်။များပြားလှ
သောလူများထဲတွင် ဦးထွန်းမြင့် ဇောချွေးပျံလာ
သည်။ကြိုင့်လက်ကို မလွတ်အောင် တင်းတင်းဆွဲထားသည့်ကြားက လက်ထဲမှအထုပ်များမကျ
အောင်လဲ ဂရုစိုက်နေရသည်။ ကြိုင်ပျော်သွားသည် "ဟယ်ဟိုမှာ ကြိုင်ကြိုက်တဲ့ ရုပ်သေးရုပ်ကလေး"
ရုတ်တရက်ဦးလေးလက်ထဲမှ ဆတ်ခနဲရုန်းထွက်ကာ ဆိုင်ဆီသို့ ပြေးလာခဲ့သည်။
"ဟဲ့ကြိုင် သမီးနေအုံးလေ"
အရေးထဲမှ ဦးထွန်းမြင့် တစ်စုံတစ်ယောက်နှင့်
တိုက်မိကာ ကိုင်ထားသော ကြိုင်ဖို့ ဦးထုပ်ကလေးက ပြုတ်ကျပြန်သည်။နောက်သို့ ပြန်လှည့်ကာ
ကြိုင့်ဦးထုပ်ကလေးကို ကောက်လိုက်၏။
ထိုစဉ်မှာပင်
"ဓားထိုးမှုဖြစ်လို့ ဟေ့ ပြေးပြေး ပြေးဟ"
ကျောင်းတော်ရာဘုရားကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ရပ်ရွာ ဓလေ့တို့ ထုံးစံအတိုင်း လူရှုပ်ရှုပ်ဆိုလျှင် ပြဿနာဖြစ်ပေပြီ။ဦးထွန်းမြင့်
ခေါင်းကြီးသွားသည်။လူအုပ်ကို ကျော်ရန်
ထိုးထွက်သော်လည်းမရ။ရှေ့ ဆီမှပြေးလာသော လူအုပ်ကြားတွင် ပိတ်မိနေသည်။ဖိနပ်လဲ
ဘယ်ရောက်မှန်းမသိ။အဲဒါတွေက အရေးမကြီး
ကြိုင်က အရေးကြီးလှသည်။
"ကြိုင်. ...."
"ကြိုင်ဘယ်မှာလဲ. ...."
အခန်း ( ၆ )
ရုပ်သေးမင်းသမီးရုပ်ကလေးက မျက်နှာကိုပြုံးကာ လက်များကအပေါ်သို့ မြှောက်၍ကနေသည်။
သဘောကျလွန်းသဖြင့် ကြိုင်ပြုံးရင်း တယုတယ
ကိုင်ကြည့်လိုက်သည်။
"ပြေးဟေ့ ပြေး"
ဖုန်များတထောင်းထောင်းထရင်း လူများပြေးလွှားလာကြသည်။လူတစ်ယောက်က ကြိုင့်ကိုတိုက်သွားသဖြင့် ဖင်ထိုင်လျက်လဲကျသွား၏။လက်ကို
ထောက်ကာ ပြန်ထမည်အပြု ကြိုင့်လက်ကို မိန်းမ၀၀ကြီးတစ်ယောက်က ဖြတ်နင်းသွားပြန်သည်။
"အား" ! ကြိုင်အဆမတန် နာကျင်သွားကာ
မျက်ရည်များကျလာသည်။ရှုပ်ယှက်ခတ်နေသော လူအုပ်ကြားတွင် ဦးလေး၏အရိပ်အယောင်ကို
တောင် မမြင်ပေ။ကြိုင်ဝမ်းနည်းလာသည်။လူအများကြားတွင် ပိတ်မိနေကာ အသက်ရှုကြပ်သည့်အပြင် အနင်းခံလိုက်ရသည့် လက်ကလဲ နာကျင်
နေသည်။ကြိုင် အာဂလောင်ခြစ်၍ ငိုပစ်လိုက်
သည်။
"အီးးးး ဦးလေးထွန်းမြင့် ဦးလေး အီးးးး. ....."
ကလေးလာလာ မငိုနဲ့ ရုတ်တရက် အရပ်ရှည်ရှည်
နှင့် အကိုကြီးတစ်ယောက်က ကြိုင့်ကိုချီလိုက်
သည်။ကြိုင့်ကိုလူအုပ်ကြားမှနေ၍ အပြင်သို့ ချီလာသည်။နွေဦးမောင် ဈေးဆိုင်တန်းဘေးတွင် ကလေးကိုချလိုက်ရင်း ဟူးခနဲသက်ပျင်းချလိုက်သည်။
ပန်းများရောင်းသည့် ဆိုင်ရှေ့တွင် ဘုရားပန်း
ကပ်ရန် ဝယ်ဖို့ဈေးမေးနေခိုက် ဓားထိုးမှုဖြစ်သည်ဟုဆိုကာ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
ဟိုကောင်တွေ သီဟနှင့် မင်းကျော်ကလဲ
ဘယ်ရောက်သွားသည်မသိ။မိမိလည်း
လူအုပ်ကြားတွင် ပြေးလွှားနေရင်း ငိုနေသော
ကလေးမလေးကိုတွေ့ သောကြောင့် ခေါ်လာခဲ့
သည်။လူများက ကလေးကိုဝင်ဝင်တိုက်သွားကြပြီး ကြာလျှင်လဲကျကာ တက်နင်းခံရပြီး သေသွားနိုင်
သည်။အခုအပြင်ရောက်မှ သေချာကြည့်မိသည်။ကလေးမလေးက ၁၀နှစ်ခန့် သာ ရှိသေးပုံပေါ်ပြီး
ရောက်လှမှ ၄၊၅၊၆ တန်းပေါ့။အ၀ါနုရောင် ဂါဝန်
ရှည်လေးဝတ်ထားပြီး အသားဖြူစွတ်နေကာ
ဂုတ်ထောက်ခန့် ရှိမည့် ဆံပင်ပျော့ပျော့စင်းစင်းများကို နှစ်ဖက်ခွဲကာ ကြက်တောင်စီးထားသဖြင့် ဘိုမရုပ်ကလေးနှင့် တူနေ၏။ကြိုးသိုင်းဒေါက်ဖိနပ်ဖြူဖြူလေးစီးထားပြီး သပ်သပ်ရပ်ရပ်နှင့် အတော်ပင် ချစ်စရာကောင်းကာ ကောင်းမွန်သော မိခင်တစ်ဦး၏ လက်တွင် ကြီးပြင်းလာခဲ့ပုံပေါ်သည်။
ကြိုင်အငိုတိတ်သွားပြီး ထိုအကိုကြီး၏လက်ကို
ဆုပ်ကိုင်လိုက်သည်။ထိုအကိုကြီးမှာ ကြိုင်နှင့်
အမေ အိမ်တွင်ကြည့်နေသော ကိုးရီးယားကားထဲမှမင်းသားနှင့် တူပြီး သဘောကောင်းမည့်ဟန်နှင့်
ကြိုင့်ခေါင်းကို သပ်ကာ ပြုံးနေလေသည်။
"ကိုကြီး ကြိုင့်ကို အမေတို့ ဆီလိုက်ပို့ပါ"
အေးအေးကလေး ကလေးအမေတို့ က ဘယ်မှာလဲ ကိုကြီးလိုက်ပို့မယ်။ကလေးမလေးက လက်ညိုး
လေးကို အရှေ့ဘက်သို့ ထိုးလိုက်သည်။ထိုနောက်တစ်ခါ တောင်ဘက်သို့ ထိုးရင်း မိမိဘက်သို့ 
ဆတ်ခနဲလှည့်ပြောလိုက်သည်။
"ကြိုင်မသိဘူး ဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်နေတယ်"
စိတ်ညစ်နေသည့်ကြားမှ နွေဦးမောင် လှစ်ခနဲပြုံးမိသွားသည်။ကလေးပြောပုံကလဲကြည့်လေ
ဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်နေသည်ဆိုတော့ ပွဲခင်းထဲမှာ အားလုံးက ဆိုင်တန်းတွေချည်း ဘယ်လိုသွားရှာပေးရမလဲ။
"ဟေ့ကောင် နွေဦးမောင် မင်းကဒီမှာကိုးကွ"
သီဟနှင့်မင်းကျော် လူအုပ်ကြားမှ ထိုးထွက်လာ
သည်။နှစ်ယောက်စလုံး မောပန်းနေကြပြီး ဘေးမှကလေးကို ပြိုင်တူကြည့်လိုက်ကြပြန်သည်။
"နွေဦးမောင် ဒီကလေးကဘယ်ကလဲ"
"ငါလည်းမသိဘူးဟေ့ကောင် လူအုပ်ကြားထဲမှာ
ပိတ်မိနေလို့ ဆွဲထုတ်လာတာ"
"ဒုက္ခပါပဲကွာ"
သီဟက ငြီးထွားလိုက်ရင်း
"သူ့မိဘတွေဆီပြန်ပို့ရမှာပေါ့ကွ ဘယ်မှာတဲ့လဲ"
"မသိဘူးတဲ့"
"တန်ဟ"
"ပြဿနာပဲကွာ"
မင်းကျော်က ၀င်ငြီးပြန်သည်။မိမိရှေ့တွင်ခေါင်းချင်း ဆိုင်နေသော အကိုကြီးသုံးယောက်ကိုကြည့်ကာ ကြိုင်ငိုချင်လာပြန်သည်။
"အီး အမေ့ဆီလိုက်ပို့"
ကိုင်ထားသော လက်ကိုဆွဲခါလိုက်ရင်း
"အမေ့ဆီ လိုက်ပို့ပါအီး…"
နွေဦးမောင် မိမိဆံပင်များကို လက်နှင့်ထိုးဖွလိုက်သည်။
"ခဏစောင့် ကိုကြီးတို့ လိုက်ရှာပေးမယ်နော်"
သီဟနှင့် နွေဦးမောင်က ကလေးကို အလယ်တွင်ထားကာ လက်ကိုတစ်ဖက်တစ်ချက်စီ ဆုပ်ထား
ရင်း ပွဲခင်းတစ်လျှောက် ယောင်လည်လည်
လျှောက်နေမိသည်။မင်းကျော်ကတော့ နောက်နားမှနေ၍ စူပုပ်ပုပ်မျက်နှာနှင့် ခပ်ဖြည်းဖြည်းလျှောက်နေသည်။ မင်းကျော်ဒေါသထွက်နေမိ၏ ။
ဟုတ်သည်လေ ထမင်းစားချိန်ရောက်နေ၍ မိမိမှာ ဗိုက်ဆာလှသော်လည်း နွေဦးမောင်ကြောင့်
ကလေးပြဿနာကို ရှင်းနေရသည်။
တစ်ဖက်တွင်လည်း ဦးထွန်းမြင့်တွင် နေစရာနေရာမရှိ။ ညီမလုပ်သူ ထားဆင့်က တစ်ဗျစ်တောက်
တောက်နှင့် သူ့ကို အပြစ်တင်နေသည်လေ။
"အကိုကြီးကိုက မဟုတ်တာ ခုကြိုင်ဘယ်ရောက်
နေပြီလဲ ညီမလေးတို့ ဘာလုပ်ကြမလဲ"
"ညီမလေးရာ ဦးထုပ်ကျလို့ ပြန်ကောက်လိုက်တာ အဲ့အချိန်မှာ ဓားထိုးမှု ဖြစ်သွားတော့ လူကွဲသွားတာပါဟာ"
"ဦးထုပ်က အရေးကြီးသလား ကြိုင်က အရေးကြီးသလား အကိုကြီး"
ဒေါ်ထားဆင့်မှာ ပြောရင်း စိုးရိမ်စိတ်ကြောင့် ငိုသံပါလာသည်။ဦးကျော်ခေါင်က အခြေအနေကို
ဝင်ထိန်းလိုက်ရင်း
"မထားဆင့်လည်းတော်တော့ ယောက်ဖလည်း
တော်တော့ ခုအရေးကြီးတာက ကလေးကို
ပြန်တွေ့ ဖို့ ပဲ ဒီမှာနယ်ခံစိုးစိုးလဲရှိနေတော့
ရှာရလွယ်မှာပါ"
စိုးစိုးက ထားဆင့်လက်ကို ဆုပ်ကိုင်လိုက်ရင်း
"သိပ်စိတ်မပူပါနဲ့ ထားဆင့်ရယ် ကလေးကို ပြန်တွေ့ မှာပါ ဒါကနယ်သေးသေးလေးရဲ့ ဘုရားပွဲပဲဟာ မပျောက်ပါဘူး လာလာဒို့ ဒီဘက်ဆိုင်တန်းဘက် ရှာကြည့်ရအောင်"
တွေ့ ပါပြီ လူငယ်လေးနှစ်ယောက်၏ အလယ်တွင် မျက်လုံးလေးချာလည်ချာလည်နှင့် ဖြစ်နေသော သမီး။
"သမီး" မထားဆင့် ပြေးဖက်လိုက်သည်။
အမေ့ကိုတွေ့ တော့ ကြိုင်ပျော်သွားသည်။
အမေ့ရင်ခွင်ထဲသို့ တိုးဝင်ဖက်တွယ်ထားလိုက်လေသည်။
"တော်သေးတာပေါ့ အမေ့သမီးလေး မသေကောင်း မပျောက်ကောင်း ဘယ်လိုဖြစ်တာလဲသမီးရယ်"
ကြိုင်က ကိုးရီးယားမင်းသားနဲ့ တူသည့်အကိုကြီးကို လက်ညိုးထိုးပြရင်း
"ဒီအကိုကြီးက သမီးကို လူအုပ်ကြားထဲကနေ
အပြင်ခေါ်လာတာမေမေ"
သမီးပြသောလူငယ်လေးကို ဒေါ်ထားဆင့်ကြည့်
လိုက်သည်။ရုပ်ရည်သန့်သန့် ပြန့်ပြန့် နှင့်
လူကောင်းသူကောင်းလေးတွေပင်။
"ကျေးဇူးတင်ပါတယ် သားတို့ ရယ်
သားတို့ကြောင့် အန်တီ့ သမီးလေးကို ဘေးမသီ
ရန်မခ ပြန်တွေ့ရတာ ကျေးဇူးတင်ပါတယ်ကွယ်"
"ရပါတယ် အန်တီ ဒါဆို သွားပါအုံးမယ်"
" အေးအေး သား"
လူအုပ်ကြီးမှာလည်း ပြန်လည်ငြိမ်သက်သွားကာ တဖန်ပြန်၍ ပုံမှန်အတိုင်းဖြစ်သွားသည်။
ကျောင်းတော်ရာ ဘုရားဝိုင်းအတွင်းတွင်တော့
စန္ဒကူး ရနံ့များက သင်းပျံ့နေလေသည်။
အသံချဲ့စက်မှ ဗညားဟန်နှင့် စိုးစန္ဒာထွန်း၏
စန္ဒကူးအလွမ်းသီချင်းကလည်း ပျံ့လွင့်လာသည်။
"ရင်ထဲမှာနွေဆယ်လွှာပေါင်း ချမ်းဆောင်းမြမြ တုန်ရီကာလေ နှလုံးသားမျက်ရည်မိုးတို့စွေခဲ့ပြီ
တွေ့ စတုန်းက ကျွန်တော့်ဘေးနားထိုင်
စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားမှာ
ဖူးမျှော်လို့မ၀ ဆီမီးကမြိုင် ပန်းတွေကလှိုင်
ရနံ့တွေ ကကြိုင် ရနံ့ တွေကကြိုင် ပန်းတွေကလှိုင်မြိုင်မြိုင်ဆိုင်ဆိုင် ကြိုင်ကြိုင်လှိုင်လှိုင်
ဒို့ နှစ်ဦးဘ၀ စခဲ့သည်မှတိုင်. ......."
အပိုင်း ၇ မျှော်
ဖတ်ရှုပေးခဲ့ကြပါသော ညီအစ်ကိုမောင်နှမများအား
ကျေးဇူးအထူးတင်ရှိပါသည်။
Author-Soe Tha Khin
MSC-172
ကျွန်တော်တို့ နယ်တွေမှာတော့ ဘုရားပွဲဆိုလှည်းတွေနဲ့သွားရတာပျော်စ၇ာဗျ မိုးရွာပြီဆို လှည်းတွေပြိုင်မောင်းကြတာ ပိုပျော်စရာကောင်းတယ်
ဟုတ်တယ်အစ်ကိုရေအာ့လိုပျော်စရာကခုချိန်ထိရှိနေသေးတယ်ဗျ
ကဗျာလေးတွေဖတ်ရတာနဲ့တင်
စာရေးသူကို ကြွေနေပြီ
ဘလိုကြွေတာလဲဗျာ
ကျောချမ်းလိုက်တာ😂😂
ဇာတ်လမ်း လေး အရှိန်တက်နေပြီ ဆက်ရေးပါ မျှော်နေပါဦးမယ် အဲ့ဇာတ်လမ်းထဲက ကွီးယားမင်းသားနဲ့တူတဲ့ လူက ကျတော်များလားဗျ
ဟုတ်တာပေါ့ဗျာ
broနဲ့တူတာ😂😂
အရမ်းကောင်းတယ်ဗျာ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ
မျှော်နေလျှက်ပါbro
ဟုတ်ကဲ့ပါဗျာ
ကောင်းပါတယ်ဗျာ အားပေးလျက်ပါ
ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ
ဆက်ရန်အပိုင်းလေး တွေလည်း အားပေးနေမယ် Bro 😊
ဟုတ်ကဲ့ပါဗျာ
စာသားတွေမိုက်တယ်ဗျ
ဟုတ်ကဲ့ပါဗျ
မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်
ခွင့်လွှတ်ပါတယ်ဗျ
ကံ့ကေမြိုင်တန်းမှ လွမ်းနေပါမယ်ဆိုသလို
Steemit ပေါ်က မျှော်နေပါမယ် အပိုင်း၇ကို
ဟုတ်ကဲ့ပါအစ်ကိုရေ မျှော်ရကျိုးနပ်အောင် ကြိုးစားပြီး ရသတစ်ခုပေးစွမ်းနိုင်အောင်ရေးပါမယ်ဗျ