“ အမတ်ကြီးကွီးရွှေနှင့် တရုတ်ပြည်မှ အရှုတ်တော်ပုံ(၂)”

in #myanmar6 years ago

IMG_20171211_182328.jpg

ယခင်အပိုင်းအား ဖတ်ရှုလိုပါကဤနေရာကိုနှိပ်ပါ

“ အမတ်ကြီးကွီးရွှေနှင့် တရုတ်ပြည်မှ အရှုတ်တော်ပုံ(၂) ”

နောက်တစ်နေ့မိုးသောက်လာခဲ့ပေပြီ။ ပြိုင်ပွဲလုပ်မည့် မူးမြစ်ဘေးသို့ ပရိသတ်အစုံသည် နေရာယူထားကြလေပြီ။ နှစ်နိုင်ငံ အမတ်ကြီးများနှင့် စစ်သည်ဗိုလ်ပါများ၊ သတင်းကြားရ၍ လာရောက်ကြည့်ကြသော တိုင်းသူပြည်သားများသည် ပြိုင်ပွဲလုပ်မည့် မူးမြစ်ဘေးတာရိုး တစ်လျောက် ကြိတ်ကြိတ်တိုးကာ ကြက်ပျံမကျ စည်ကားနေလေတော့သည်။ “တိုင်းသူ ပြည်သား စတင်းယူဆာ အပေါင်းတို့လေး--- ယခုယှဉ်ပြိုင်သည့် ပြိုင်ပွဲသည် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို အလေးပေးကာ ပြုလုပ်သည်ဖြစ်ပါ၍ ပြိုင်ပွဲရလဒ်အား ကြေကြေနပ်နပ်၊ လေးလေးစားစားဖြင့် အားပေးကြရန်နှင့် ဖိနပ်နှင့်ပေါက်ခြင်း၊ ပြောင်းဖူးတိုနှင့်ပေါက်ခြင်း၊ အုတ်ခဲကျိုးနှင့်ပေါက်ခြင်းများ မပြုကြပါရန် စတင်းရွှေနန်းတော်သခင်မှ အမိန့်တော်--- မှတ်---လိုက်---သည်----ဒူ-ဟူ--ဟူ--”။ ဟော ဘုရင့်အမိန့်တော်အား မောင်းကြေးနင်း ခတ်ကာ ကြေငြာသွားလေပြီ။ ပြိုင်ပွဲစရန် အချိန်ကား နီးကပ် လာချေပြီတည်း။

အော် ဒုက္ခ၊ ဒုက္ခ။ နိုင်ငံ့အရေးမို့ ချစ်ကြည်ရေးဦးစားပေးကြရန် မောင်းကြေးနင်း ခတ်လိုက်ပုံက မြန်မာ့ပြည်တွင်းဘောပွဲ ကြည့်နေရသလိုပါလား။ တော်ပါသေးတယ် ရေသန့်ဘူးခွံတွေ အချိုရည်ဘူးခွံတွေ မပါပေလို့ပဲ။ မူးမြစ်ကမ်း ယာယီတဲနန်းတော်မှ ဘုရင်ကြီးနှင့် မူးမတ်ဗိုလ်ပါများမှာ ပြိုင်ပွဲဝင်ယှဉ်ပြိုင်မည့် သူနှစ်ဦးကို လှမ်းမြော်ကာ ကြည့်ရင်း “ကိုင်းကိုင်း ပြိုင်ပွဲစကြမယ်ဟေ့ သက်ဆိုင်ရာ အမတ်ကြီးတွေ စုံကြပီလား”။ အော် ဒီရှင်ဘုရင်နှယ် အမတ်ကြီးကွီးရွှေကို ယှဉ်ပြိုင်မည့် မူးမြစ်ကမ်းစပ်မှာ မမြင်လေတော့ စကားလမ်းကြောင်းပေးနေသကိုး။ ထိုအခိုက် ခြေမြန်တော်မင်းချင်းတစ်ဦးက ရှင်ဘုရင်ကို တိုးတိုးလျောက်လိုသဖြင့် အနားသို့ တိုးကပ်ခစားခွင့် တောင်းလေသည်။ အမတ်ကြီး ကွီးရွှေ၏ လက်စွဲတော် ခြေမြန်တော်မှန်း သိလေသဖြင့် ဘုရင်ကြီးမှအမြန်ခစားစေသည်။ “ဘုန်းတော်ကြောင့် အမတ်ကြီးကွီးရွှေမှာ ယခုပြဿနာကို ဖြေရှင်းအနိုင်ယူနိုင်မည့် နည်းလမ်းကို သိရှိနေပါပြီဖြစ်သဖြင့် ပြိုင်ပွဲစရန် အချိန်အား ခေတ္တဆွဲပေးထားရန် ညွှန်ကြားလိုက်ပါသည်ဘုရား”။ “ဟေ-- အာဂ အမတ်ကြီးပါလားဟ-- ကြားရတာ ရွှေနားတော်ချိုလိုက်တာကွယ်၊ ကိုင်းကိုင်း သဟာဖြင့် အချိန်ဆွဲဘို့ အမတ်ကွီးရွှေမှာလိုက် သည့်အတိုင်း ပြိုင်ပွဲအချိန်ကို နောက်တနာရီအကြာလောက်မှ ပြိုင်ဖြစ်အောင် ဟိုတရုတ် အမတ်တွေကို ဒီဂျေလေးနဲ့ ဧည့်ခံထားလိုက်ဟေ့”။ “မှန်လှပါ သင့်မြတ်လှကြောင်း ပါဘုရား”။ ဘုရင်ကဘာပြောပြော သင့်မြန်လှကြောင်းပါဘုရားဆိုသည့် အတိုင်အဖောက် သည် မြိုင်လှပေ၏။ အံ့ဖွယ်သုတဖြစ်ပေသကိုး။

img.jpeg
Credit Image Source

သူရိန်ရှင်နေမင်း၏အပူရှိန်သည် မူးမြစ်ကမ်းစပ်ရှိ သဲသောင်ပြင်အား ပို၍ပူလာစေ၏။ လာရောက်အားပေးကြသော ပရိသတ်အပေါင်းမှာလည်း လည်ပင်းတစ်ရှည်ရှည်နှင့် ဖြစ်နေကြလင့်သည်။ အချိန်တစ်နာရီခန့်လည်း လွန်မြောက်သွားလေပြီ။ ထိုစဉ်အခိုက် မူးမြစ်တာရိုးတစ်လျောက် အမတ်ကြီးကွီးရွှေ ပြာယာပြာယာနှင့် အပြေးရောက်ရှိ လာခဲ့သည်။ ထို့နောက် သူကိုယ်တိုင်ရွေးချယ်ထားသော ပြိုင်ပွဲဝင်မည့် မင်းချင်းအား တိုးတိုးတိတ်တိတ် မှာကြာခြင်းများပြုလုပ်နေလေသည်။ နှစ်ဦးသား ခေါင်းခြင်းတိုက်လုနီး တိုင်ပင်နေပုံအား ယာယီတဲနန်းမှ ရှင်ဘုရင်နှင့် မူးမတ်အများကလည်း မြင်ကြ သိကြလေသည်။ မြင်ရသူ ပရိသတ်အပေါင်းမှာလည်း “တို့အမတ်ကြီး ဘာတွေများ ဥာဏ်နီဥာဏ်နက်တွေ သုံးနေပီလဲမသိဘူးဟေ့”ဟု မှတ်ချက်ပြုနေကြလေသည်။

“ပြိုင်ပွဲစတင်ရန် အချိန်ကျရောက်ပြီဖြစ်သဖြင့် သက်ဆိုင်သူ ယဉ်ပြိုင်သူများ မူးမြစ် ကမ်းစပ်တွင် နေရာယူကြပါရန် အမိန့်တော်---” ဟော မောင်းခတ်ကာ ပြိုင်ပွဲစရန် အချက်ပေးနေပေပြီ။ ပြိုင်ပွဲစပါပြီ။ “ဗွမ်း--ဗွမ်း” ယှဉ်ပြိုင်သူ တရုတ်လူမျိုး လက်မှုပညာရှင် နှင့် အမတ်ကြီးကွီးရွှေ၏ လူယုံမင်းချင်းလုလင်တို့သည် ခါးတောင်းမြှောင်အောင် ကျိုက်လျက် မူးမြစ်ထဲသို့ ဒိုင်ဗင်ထိုးချလိုက်ကြလေတော့သတည်း။ တာရိုးပေါ်မှ ပွဲကြည့်ပရိသတ်သည်ကား ရင်တမမရှိနေကြတော့သည်။

အချိန်အနည်းငယ်ကြာသွားပေပြီ။ မင်းကြီးနှင့် တရုတ်အမတ်များ၊ စစ်သည်ဗိုလ်ပါများ၊ ပွဲကြည့်ပရိသတ်များအားလုံး၏ စိတ်ဝင်တစားမျက်လုံးအစုံတို့သည် မူးမြစ်ပြင်ဝယ် ဘယ်သူအရင်ရေငုပ်နေရာမှ ပေါ်လာမည်နည်း၊ မည်သို့သော ဆန်းကျယ်လှသည့် လက်မှုပညာ အတတ်ဖြင့် မည်သည့်ပစ္စည်းများကို ရက်လုပ်လာကြမည်နည်း အားလုံးပင် သိလိုနေကြသည်၊ မြင်ရေပြင်ပေါ်က လေပူပေါင်းလေးများ ပလုံစီနေသည်ကို အားတက်သရော စူးစိုက်ကာကြည့်နေကြလေသည်။

ဦးပေါ်ဦး 2.jpg
[Credit Image Source]

“ဗွမ်း- ဗွမ်း” တရုတ်ရေငုပ်ပညာရှင်နှင့် အမတ်ကြီးကွီးရွှေ၏ လူယုံမင်းချင်းတို့သည် ရှေ့ဆင့်နောက်ဆင့်ပင် ရေငုပ်နေရာမှ ပေါ်လာကြသည်။ သူတို့နှစ်ဦး၏ လက်ထဲတွင်ကား အရာဝတ္ထုတစ်ခုစီ အသီးသီးကိုင်ဆောင်လာကြသည်။ ပြိုင်ပွဲဝင်နှစ်ဦး၏ ပစ္စည်းနှစ်ခုအား မင်းကြီးနှင့် တရုတ်အမတ်ကြီးများထံသို့ ယူဆောင်လာကာ ကြည့်ရှုအကဲဖြတ်ရန် ပို့ဆောင်လိုက်ကြသည်။ ပထမဦးစွာ တရုတ်ပညာရှင်၏ လက်မှုပစ္စည်းကို စစ်ဆေးကြ သည့်အခါ အံ့မခန်းသော ပန်းခက်ပန်းနွယ်များဖြင့် လက်မှုပညာမြောက်သော ပန်းခြင်း လေးအား တွေ့ရှိကြရလေသည်။ ရေငုပ်ရာမှ ရက်လုပ်ထားသည့် ပန်းခြင်းအား အားလုံးသော ပရိသတ်မှာ ရင်သပ်ရှု့မောဖြစ်ကြရသည်။ အမတ်ကြီးကွီးရွှေ၏ လူယုံ မင်းချင်းလုလင်ရက်လုပ်သည့် ပစ္စည်းကို စိတ်ဝင်တစား အကဲဖြတ်ရန် ကြည့်ရှုကြစဉ်ဝယ် “ဟင်-ဟယ်-ဟာ-အလို” တရုတ်အမတ်တို့၏ အံသြသံတို့သည် စီစီညံသွားလေသတည်း။

“အံ့ဖွီ လက်ရာပါလား၊ ဘီလိုပီညာရပ်မျိုးနိ ရိလုပ်ထားလဲမီသိနိုင်အောင်ပါတကား၊ အီစ-ကိုလည်း မီသိနိုင်သလို အီဆုံးကိုလည်း မီသိမီမြင်ရပေတကား၊ မွီလိမ် မွီကောက် ၀င်ကိဘာလို ရိလုထားသည်မှာကား အံ့ဖွယ်ပညာရပ်ပါတကား၊ ၀မ်စွေ့ဝမ်စွေ့ဝမ်ဝမ်စွေ့” “ဒီတီခါလည်း ငါတို့အရှုံးပေးပါပီ နိတို့ပီညာရှင်ပစ္စည်းက တီကယ်ထူးခြားပါပီတယ်၊ လိရာမြောက်လှပီတယ်”။ တရုတ်အမတ်ကြီးတို့သည် လက်တခါခါ ခေါင်းတခါခါနှင့် ခြူသံပါအောင် ညည်းညူ ကြပီးလျင် ပါလာသော လက်ဆောင်ပဏ္ဍာတို့အားထားရစ်ခဲ့ကာ နေရပ်သို့ ပြန်သွားကြ လေတော့သတည်း။

img.jpeg
Credit Image Source

ဤတွင် အမတ်ကြီးကွီးရွှေ၏ လျို့ဝှက် အနိုင်ယူလိုက်သော ပစ္စည်းသည် မည်သို့သောအရာဖြစ်လေသည်ကို ရှင်ဘုရင်နှင့်တကွ ပရိသတ်မှာ သိလိုလှသဖြင့် အမတ်ကြီါ်ကွီးရွှေနံဘေးသို့ ၀ိုင်းကာမေးကြလေတော့သည်။ ။

-----ဆက်ပါအုန်းမည်-----

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 7:10 PM (1.7.2018)

#Myanmar #Writing #Satire #Blog #Funny

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

တရုတ်ပြည်ရောက်နေသလိုဘဲ

ဟုတ်ဗျ ပုံလေးတွေက ရှာကြံထည့်ထားတာ။ တရုတ်တွေစကားပြောဟန်ကလဲ ကြံဖန်ရေးထားတာ ဟီး။

Congratulations @nyinyiwin! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

WOW Very Thanks.

DJ နဲ့ ရေငုတ်ပွဲကတော့ အလွန်ကောင်းတဲ့ပွဲပဲ

ဟုတ်ကဲ့ အန်တီရေ ခေတ်သစ် ပွဲပေါ့ဗျာ။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68383.66
ETH 2646.07
USDT 1.00
SBD 2.72