ပါးစပ်သတိ

in #myanmar6 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်တော်သည်မကြာခဏစကားနှင့်ပတ်သက်သော အကြောင်းအရာများအား Post တင်ရေးသားခဲ့ပါတယ်။ ဖတ်ချင်စိတ်ရှိရင်တော့ အောက်မှာ သွားဖတ်နိုင်ပါတယ်။

အမှန်စကား


စေတနာကောင်းဆိုတိုင်း


စကား၏အရေးပါမှု

--
အထက်ပါ Link တွေကတော့ မကြာခင်က ရေးခဲ့တဲ့ စကားနဲ့ပတ်သက်တဲ့ Post များဖြစ်ပါတယ်။ အခုလည်း ပါးစပ်က ထွက်လာတဲ့ စကားအကြောင်းကို ဆက်လက်ရေးသားလိုပါတယ်။ စကားနဲ့ပတ်သက်တာတွေကိုပဲ ခဏတိုင်းရေးတင်နေရသလဲလို့အတွေးတွေ ၀င်နိုင်စရာရှိပါတယ်။ နေ့စဉ်နှင့်အမျှ လူအများစုနဲ့ဆက်ဆံနေရတဲ့ သူတွေအနေနဲ့တော့ နားလည်နိုင်မယ်လို့လည်း မှတ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ စကားဆိုတာမပြော ပဲနေလို့မှမရတာ။ နေ့စဉ် စကားတွေပြောဆိုပြီး လူအများနဲ့ဆက်ဆံနေကြရတာ အဆင်မပြေတာတွေရှိနိုင်သလို အဆင်ပြေတာတွေလည်း ရှိနိုင်ပါတယ်။ လူနဲ့လူ့အသိုင်းအ၀ိုင်းမှာ ကျင်လည်နေရတာဖြစ်တဲ့အတွက် လူတွေနဲ့ စကားကိုမပြောချင်ပါဘူးဆိုတဲ့စိတ် ခေတ္တခဏသာ ဖြစ်နိုင်ပါလိမ့်မယ်။ ရေရှည်မှာ စကားမပြောဆိုချင်လို့မရနိုင် ပါဘူး။ စကားမပြောဆိုချင်ရင်တော့ တောထွက်ပြီး တရားကျင့်မှ ရတော့မယ်။ ဒါတောင် တောထဲလူတွေရောက် လာရင် စကားပြောဆိုနေရဦးမှာပါပဲ။ ဒီတော့ နေ့စဉ် စကားပြောဆိုနေရတဲ့ လူတွေအတွက် ပါးစပ်ကထွက်ပေါ် လာတဲ့ စကားတွေကို ကောင်းသော စကားတွေဖြစ်စေချင်သလား? ဒါမှမဟုတ် မကောင်းသောစကားတွေ ဖြစ်စေချင်သလား? ဒါကတော့ စကားပြောတဲ့သူအပေါ်မှာ မူတည်ပါတယ်။ ကြိုက်သလိုပြောလို့ရပါတယ်။ ရွေးချယ်ခွင့်ရှိပါတယ်။ စကားဆိုတာကလည်း တခါတရံမှာ စိတ်ခံစားမှုနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ စိတ်ခံစားမှု မကောင်းတဲ့အချိန်မှာ ထွက်တဲံ့စကားနဲ့ စိတ်ခံစားမှု ကောင်းမွန်နေချိန်မှာ ထွက်တဲ့စကားက တူညီမှု မရှိတတ်ပါဘူး။ စိတ်ခံစားမှုကိုလိုက်ပြီးတော့ စကားသံတိုးခြင်း၊ ကျယ်ခြင်း၊ အော်ဟစ်ပြောဆိုခြင်းတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မည်သို့သော စိတ်ခံစားမှု၊ ကိုယ်အမူအရာ နဲ့ ထွက်လာတဲ့စကား ပြောလိုက်တဲ့စကားလုံးကတော့ အတူတူပဲဖြစ်ပါမယ်။ စကားလုံးတူသော်လည်း အကျိုးသက်ရောက်မှုကတော့ မတူညီနိုင်ပါဘူး။ သတိပြုဆင်ခြင်နိုင်မှ လူအများနဲ့ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။


03.png


နေ့စဉ်ပြောဆိုဆက်ဆံနေကြတဲ့ လူတွေနဲ့စကားပြောဆိုကြရာမှာ တိုးတိုးပြောလျှင်လည်း ဒီစကားလုံးပဲဖြစ်သလို အော်ကြီးဟစ်ကျယ်ပြောလည်း ဒီစကားလုံးပဲဖြစ်ပါတယ်။ ဆဲဆိုပြောလည်း ဒီစကားလုံးပါပဲ။ အဲဒီစကားလုံးတစ်လုံးကို ပြောဆိုခြင်းပင်ဖြစ်ပေမယ့် နားထောင်ရတဲ့လူအဖို့တော့ ခံစားချက်မတူညီနိုင်တော့ပါ။ ပြောသောစကားချင်းတူနေပေမယ့် စကားသည် စကားအဖြစ် မတည်ရှိတော့ပဲ စကားတစ်လုံးကနေ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတတ်ကြောင်းကို သတိပြုဆင်ခြင်သင့်ပါတယ်။ မိသားစုအသိုင်းအ၀ိုင်းတွင် စကားအပြောအဆို လွန်ကျူးမိခဲ့ပါက မိသားစုများက ခွင့်လွှတ်ပေးကြမှာ ဖြစ်ပေမယ့် မိသားစုမဟုတ်တဲ့ အသိုင်းအ၀ိုင်းမှာတော့ စကားတစ်လုံးကြောင့် ရန်သူအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ လောကကြီးမှာ ရန်သူတစ်ယောက်ရှိနေတယ်ဆိုရင် အလွန်များပြားလှပါတယ်လို့မိန့်ဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။ မိတ်ဆွေ တစ်ထောင်ရှိနေတယ်ဆိုရင်လည်း နည်းလှပါတယ်လို့ မိန့်ဆိုချက်တွေ ထားခဲ့ကြပါတယ်။ ဒါကလည်း မှန်တယ်လို့ထင်တဲ့အတွက် လူအများက လက်ခံထားကြတာဖြစ်ပါတယ်။ တစ်ထစ်ချတော့မဆိုလိုချင်ပါ။ ဘယ်အရာပဲဖြစ်ဖြစ် အခြေအနေ၊ အချိန်အခါ၊ နေရာဒေသက ကွာခြားမှုရှိနေတတ်လို့ပါပဲ။ စကားက ဓားဖြစ်သွားလို့ စကားစစ်ပွဲတွေဖြစ်ပြီး နောက်ဆုံး လက်နက်စွဲကိုင် သတ်ဖြတ်တဲ့အထိ ဖြစ်လာကြရတာက စကားကနေ ဓားဖြစ်သွားတဲ့သာဓကလေးတွေပါပဲ။ လင်က မယားကို သတ်မိတာလည်း စကားကြောင့်ဖြစ်သလို မယားက လင်ကို သတ်တာလည်း စကားကြောင့်ဖြစ်တာ များပါတယ်။ အကြောင်းမဲ့တဲ့ အကျိုးတရားဆိုတာ မရှိနိုင်ပါဘူး။ လူ့ဘ၀တိုတိုလေးမှာ လူသားအချင်းချင်း အပြန်အလှန်စကားစစ်ထိုး အမုန်းပွားခြင်းဖြင့် မရပ်တည်လိုပါ။


02.png


လူဆိုတာ အတ္တအမြဲရှိနေတတ်တဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့အတ္တကို ထိမိရင် တော်ရုံနဲ့ မပြေငြိမ်းနိုင်တတ်ကြပါဘူး။ အဲဒီလို အတ္တကို ထိခိုက်စေတဲ့ အဓိက တရားခံကလည်း အများအားဖြင့် စကားလုံးများသာဖြစ်ပါတယ်။ ဒါကြောင့် အခြား တစ်စုံတစ်ယောက်ကို ထိခိုက်စမယ့်စကားလုံးမျိုးတွေ အပြောအဆိုတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားအတွက် နောက်ဆက်တွဲကိုလည်း တာဝန်ယူရတတ်ပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းက အခြားသူတစ်ယောက်အတွက် အားအင် တွေဖြစ်စေသင့်ပါတယ်။ အားအင်မဖြစ်စေတဲ့စကားများကိုလည်း ရှောင်ရှားပြောဆိုသင့်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းများက လူအမျိုးမျိုး စိတ်အထွေထွေရှိနေတတ်တာမို့ ပိုပြီးတော့ ကရုစိုက်သင့်တယ်လို့ထင်ပါ တယ်။ ကိုယ့်စကားတစ်ခွန်းကြောင့် အဖွဲ့အစည်းအတွင်း စည်းလုံးခြင်း အားအင်တွေဖြစ်ပေါ်သွားစေနိုင်သလို စည်းလုံးခြင်းတွေ ပျက်စီးသွားစေနိုင်ပါတယ်။ တခါတရံမှာ အမှတ်မထင် ပြောလိုက်မိတဲ့စကားတစ်ခွန်းကြောင့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုပင် ထိခိုက်စေနိုင်ပါတယ်။ စကားတစ်ခွန်းကြောင့် ဂုဏ်လည်း တက်သွားစေနိုင်ပါတယ်။ သံသယဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ သံသယသည် ဘယ်တော့မှ ကောင်းကျိုးမပေး တတ်ပါ။ ကျွန်တော့်ဘ၀တွင် သံသယကြောင့် ပြဿနာပေါင်းစုံ တက်ခဲ့ဖူးပါသည်။ သံသယအကြောင်းကို ကြုံရင် ရေးတင်ပါဦးမည်။ အဓိကအားဖြင့် ရေးသားလိုသည်မှာ ပါးစပ်မှ ပြောသော စကားလုံးအား သတိပြုပါ။ အော်ပြောလည်း ဒီစကား၊ ငေါက်ပြောလည်း ဒီစကား၊ ချိုချိုသာသာ ပြောလည်းဒီစကားသာဖြစ်တဲ့အတွက် နားဝင်ချိုသောစကား၊ အကျိုးရှိစေသောစကားတို့အား ပြောဆိုနိုင်ကြပါစေလို့ရေးရင်း ရပ်နားလိုက်ပါတယ်။


Success in Steemit

အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png


ရေးသားသူ(Author) ___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

14-Aug-2018 အင်္ဂါနေ့(Tuesday)

Sort:  

ပါးစပ် သတိ ဆိုတာထက်
ခုအခါမှာ online ပေါ်တွင် ဆက်ဆံရေး ပြုလုပ်နေကြ၍
စာရိုက်တဲ့ "လက်" ကလေးကို သတိပိုထားရမည် ထင်ပါသည်။
😁😁😁

အေးနော် အဲဒါကျန်သွားတယ် နောက်တစ်ခေါက်ပေါ့

အကျိုးရှိသောစကားများသည်တန်ဖိုးရှိစေပါသည်

မှန်ပါတယ် အကျိုးရှိသောစကားအားပြောသင့်ပါသည်

ဟုတ်တယ် ကိုစိုးရေ သွားသတိ လာသတိ စားသတိ စကားသတိ ကိုဘီလျံပြောသလို လက်သတိလေးရောပေါ့ဗျာ။

လက်သတိထပ်ရေးတာပေါ့ ကွှီးရွှေရေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63724.53
ETH 3071.11
USDT 1.00
SBD 3.98