နေ၀င်ချိန် အချစ်

in #story4 years ago

မိုးမစဲသေးသော်လည်း မိုးကြဲသွားလေသည်။
မနက်ရွာလျှင် ညနေမရွာ။ နေ့ခင်းရွာလျှင် ညမရွာ။ မရွာဘဲနှင့် မဲနေသော ရွှေမိုးညိုလည်း မရှိသလောက်ပင်။ မဲလျှင် ရွာချသည်။ မရွာလျှင် ကောင်းကင်သည် ကြည်လင်နေသည်။ နေမင်းကြီးသည် မိုးသားတိမ်တိုက်တို့ကြားမှာ ပြူတစ်ပြူတစ် လုပ်မနေတော့ဘဲ တံခါးကို အပြည့်ဖွင့်၍ စူးရှစွာ ထွန်းလင်းလာတော့သည်။ လမင်းသည်လည်း မိုးသားတိမ်တိုက်တို့ကြားမှာ တူတူပုံးတမ်း ကစားမနေတော့ချေ။ ရွှန်းပသော မျက်နာဖြင့် အကြာကြီး သာနေ၏။
နေရောင်တွင် သစ်ပင် ပန်းပင်တို့သည် အစိမ်းရောင် ရောင်ပြန် ရိုက်နေလေသည်။
လရောင်ဟပ်သဖြင့် သစ်ရွက်ကလေးများပေါ်က မိုးကြွင်းကလေးများသည် စိန်လုံးကလေးတွေလို တောက်ပနေကြသည်။
လူတိုင်းသည် ရွှင်လန်းမြူးကြွစွာ မိုးကုန်တော့မည့် သတင်းကို ဆွေးနွေးသုံးသပ်နေကြသည်။ လူတိုင်းသည် အတင့်ရဲစွာ အပြင်ထွက်ပြီး ခြေဆန့်ကြ၏။
အတင့်ရဲစွာ အပြင်ထွက်ပြီး ခြေဆန့်ကြသူများတွင် အသက် ၇၀ ကျော်နေသော ဦးထွန်းဖေနှင့် အသက် ၇၀ နီးနေသော ဒေါ်လှမေတို့လည်း ပါဝင်ကြလေသည်။
ထို ညနေခင်းသည် သာယာလှသည်။
ဦးထွန်းဖေသည် မြေးအငယ်ဆုံး လှလှထွေးကို လက်ဆွဲကာ ကန်တော်ကြီးဘက်သို့ လျှောက်ခဲ့လေသည်။ ဗဟန်းဘက်မှ မြေပဒေသာကျွန်း၊ မြေပဒေသာကျွန်းမှ အောင်ဆန်းကျွန်း။
မြေးအငယ်ဆုံး လှလှထွေးမှာ သူ့သမီးအငယ်ဆုံး မြမြထွန်းမှ မွေးသော သမီး အငယ်ဆုံး ပေတည်း။
အောင်ဆန်းကျွန်းကို ပတ်ပြီးသောအခါ အဖိုးကြီးသည် မောနေပေပြီ။ မြေးငယ်မကလေးကားမမောသေး။ အဖိုးကြီးသည် အုတ်ခုံတန်းလျားတခုပေါ်တွင် ထိုင်ကာ နားနေ၏။ မြေးအငယ်မကလေးသည် ပန်းဝင်္ကပါလုပ်ထားသော တောင်ကုန်းကလေးပေါ် ပြေးတက်လိုက်၊ ကလေးကစားကွင်းမှ ဒန်းကို စီးလိုက် လုပ်နေလေသည်။
ဒေါ်လှမေသည် မြေးအငယ်ဆုံး ထွန်းမြတ်မောင်ကို လက်ဆွဲကာ ကန်တော်ကြိးဘက်သို့ လျှောက်လာခဲ့သည်။ ဦးထွန်းမြတ်လမ်းမှ ဖိုးစိန်လမ်းထိပ်၊ ဖိုးစိန်လမ်းထိပ်မှ အောင်ဆန်းကျွန်း။
မြေးအငယ်ဆုံး ထွန်းမြတ်မောင်မှာ ဒေါ်လှမေ၏ သားအငယ်ဆုံး ဦးမြတ်မောင်မှ မွေးသော သားအငယ်ဆုံးပေတည်း။
အောင်ဆန်းကျွန်းကို တပတ် ပတ်မိသောအခါ အဖွားသည် မောနေပေပြီ။ မြေးငယ် ကောင်ကလေးကား မမောသေး။ အဖွားကြီးသည် အုတ်ခုံတန်းလျားတခုတွင် ထိုင်လျက် နားနေ၏။ မြေးငယ်ကောင်ကလေးကား ပန်းဝင်္ကပါလုပ်ထားသော တောင်ကုန်းကလေးပေါ် ပြေးတက်လိုက်၊ ကလေးကစားကွင်းမှ ဆီးဆောကို သွားစီးလိုက် လုပ်နေလေသည်။
လှလှထွေးနှင့် ထွန်းမြတ်မောင်တို့အရွယ် ကလေးသူငယ်များမှာ များလှပေသည်။ ဒန်းစီးသူ၊ ဆီးဆောစီးသူ၊ လျှောစီးသူ၊ ပြေးသူ၊ ခုန်သူ၊ တက်သူ၊ ဟီးလေးခိုသူ၊ ခွေးရူးလိုက်သူ။
ဦးထွန်းဖေနှင့် ဒေါ်လှမေတို့လို အဖိုးအို၊ အဖွားအိုများကား မများလှပါ။ တာတိုင်းမွှေးပင် ရေပြင်ကြားတွင် လက်ကိုင်တုတ်ဖြင့် မိမိကိုယ်ကို ကျားကန်ပေးကာ မတ်တပ်ရပ်နေသော အဖိုးအိုတယောက်။ ဟိုးအဝေးကြီးက သင်္ကန်းပင်အောက် ခုံတန်းလျားပေါ်တွင် အရုပ်ကြိုးပြတ်လို ထိုင်ချကာ ပထ၀ီကသိုဏ်းရှုနေသော အဖွားကြီးတယောက်။
ဦးထွန်းဖေနှင့် ဒေါ်လှမေတို့ ထိုင်နေကြသော အုတ်ခုံတန်းလျားများမှာ တခုနှင့်တခု သိပ်မဝေးပါ။ သို့သော် တယောက်နှင့်တယောက် သတိမပြုမိကြ။ ကိုယ့်ဖာသာကိုယ် ထိုင်နေကြသည်။ ကိုယ့်စိတ်ဝင်စားမှုနှင့်ကိုယ် ရှိနေကြသည်။
ဦးထွန်းဖေသည် ဒေါ်လှမေသာ မဟုတ်။ တာတိုင်းမွှေးပင် အနီးက အဖိုးအိုကို၎င်း၊ သင်္ကန်းပင်အောက်မှ အဖွားအိုကို၎င်း၊ စိတ်မ၀င်စားချေ။ သူသည် များစွာလှသော လူငယ်၊ လူရွယ်၊ လူလတ်တို့ကို စိတ်ဝင်စားနေသည်။ ပြေးသလို လမ်းလျှောက် နေသော လူငယ်၊ လုံမငယ်များ။ စိမ်ပြေနုပြေ လမ်းလျှောက်နေသော ဇနီးမောင်နှံ။ ဖြေးဖြေးလျောက်ရင်း စကားတတွတ်တွတ် ပြောလာသော လူပျိုနှင့်အပျို။ ရေစပ်ကမ်းနဖူးတွင် ပူးကပ်ထိုင်နေကာ ကမ္ဘာလောကြီးကို တကယ်မေ့နေသော သမီးရည်းစား။ အို၊ နှစ်လို ပျော်ရွင်ဘွယ် ကောင်းသော လူ့ဘုံဗိမာန်ပါ တကား။
ဦးထွန်းဖေသည် တရားတော်က ဘယ်လိုပင် ဆုံးမစေကာမူ လူ့ဘ၀ကို ခုံမင်တွယ်တာလှသူ ဖြစ်၏။ အသက် ၇၀ ကျော်သော်လည်း သေခြင်းတရားကို နှလုံးမသွင်း။ နေခြင်း တရားကိုသာ အမျိုးမျိုး ဆင်ခြင်သုံးသပ်ပြီး ‘ဥစ္စာ ကံစောင့်၊ အသက်ကို ဥာဏ်စောင့်’ဟူသော ဥပဒေသအရ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သူဖြစ်လေသည်။ ဆံကေသာ ဘယ်မျှပင်ကျဲကျဲ ယခုထိ သပ်ရပ်စွာ ခေါင်းဖီးတုန်းဖြစ်သည်။ အပေါ်အင်္ကျီပါသည်ဖြစ်စေ၊ ရှပ်အင်္ကျီချည်း ၀တ်ထားသည်ဖြစ်စေ ရင်ပပ် ကြယ်သီး စုံစုံစေ့စေ့ တပ်ထားသည်။ ဇနီးသည် ကွယ်လွန်သည်မှာ ကြပြီဖြစ်သော်လည်း နောက်အိမ်ထောင်မပြု။ ချစ်စိတ်တွေကုန်သွား၍ မဟုတ်ပါ။ သူသည် မွန်းမတည့်မီက ချစ်စိတ်တွေ ပွင့်လင်းခဲ့သလို မွန်းလွဲပြီးမှာလည်း ချစ်စိတ်တွေ ပွင့်လန်းပါသည်။ အိမ်ထောင်ဘက်မတွေ့၍လည်း မဟုတ်ပါ။ တွေ့သမှ တယောက်မက တွေ့ခဲ့ရပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် နောက်ထပ် အိမ်ထောင်မပြုခဲ့ရပါ။
ဒေါ်လှမေ သည်လည်း ဦးထွန်းဖေကို စိတ် မ၀င်စားချေ။ အဖွားသည် အခြား အဖွားအို၊ အဖိုးအိုများကို စိတ်မ၀င်စားပါ။ လူငယ်၊ လူရွယ်၊ လူပျို၊ အပျို၊ ဇနီးမောင်နှံ တို့ကိုလည်း စိတ်မ၀င်စားချေ။ ဖွားဖွားကြီး ဒေါ်လှမေသည် မြူးဆော့ ခုန်ပေါက်နေကြသော ကလေးများကိုသာ စိတ်ဝင်စား နေလေသည်။
ကလေးများသည် ဖွားဖွားအဖို့ ဟဒယ ရွှင်ဆေး၊ အာယုဝဍ္ဎနဆေး ဖြစ်နေလေသည်။ ဒေါ်လှမေ အသက် ၇၀ နီးလာသည်အထိ ကျန်းကျန်းမာမာ ရှိနေသည်မှာ ကလေးများကို စိတ်ဝင်စားပြီး ကလေးများပျော်ရွှင်မြူးတူးကြလေတိုင်း သူ့တွင် ပဲ့ထင်ထပ် လှုပ်ရှားလာသောကြောင့် ဖြစ်ဟန်ရှိသည်။
ပထမသော် ထွန်းမြတ်မောင်သည် တယောက်တည်း ကစားနေသည်။ နောက် တယောက်တည်း ဒန်းစီးနေသော ကလေးမကလေးအနီးသို့ ချဉ်းကပ်သွားသည်။ တယောက်နှင့် တယောက် မိတ်ဖွဲ့ကြသည်။ အတန်ကြာတော့ ထွန်းမြတ်မောင်သည် ကလေးမ ကလေးကို ဒန်းလွှဲပေးနေလေသည်။
ထိုကလေးမကလေးမှာ ဦးထွန်းဖေ၏ အငယ်ဆုံးသော မြေးမကလေး လှလှထွေးဖြစ်လေသည်။
အဖွား ဒေါ်လှမေသည် သူ့ မြေးကောင် ကလေး လုပ်ပုံကို သဘေကျ၏။ သူ ကိုယ်တိုင်ဒန်းလွှဲပေရသူကဲ့သို့၎င်း၊ ဒန်းလွှဲခံရသူကဲ့သို့၎င်း ခံစားရ၏။ မြူးတူးရ၏။ ရင်ခုန်ရ၏။
ထွန်းမြတ်မောင် တအားလွှဲလိုက်သည်။ ဒန်းသည် တပတ်ပတ်တော့မည်လောက် မြောက်တက် သွားလေသည်။ လှလှထွေးသည် ကြောက်လန့်ပြီး စူးရှစွာ အော်လိုက်လေသည်။
မြေးမငယ်၏ အော်သံကိုကြားရသောအခါ ဦးထွန်းဖေသည် ပျာပျာသလဲ ဖြစ်သွားပြီး လှမ်းကြည့်လိုက်လေသည်။
“ဟဲ့၊ ဘယ်က ကောင်ကလေးတုံး၊ ဘာလို့ အရမ်းလုပ်နေတာတုံး” ဟု ဦးထွန်းဖေသည် ခပ်ကျယ်ကျယ် အော်လိုက်လေသည်။ ခပ်
“အသဲကြောင်လိုက်တဲ့ ကလေးမနှယ်။ ဒန်းစီးတာဘဲဟာ” ဟု ဒေါ်လှမေက ခပ်ကျယ်ကျယ် ဝေဘန်လိုက်လေသည်။
အဖိုးနှင့်အဖွားတို့၏ အသံများသည် ဘယ်လောက်ပင်ကျယ်စေကာမူ ကလေးများကား ကြားကြမည်မဟုတ်ပါ။ သို့သော် သူတို့ အချင်းချင်းကား ကြားကြရ၏။ ထို့ကြောင့် အဖိုးသည် အဖွားကို၎င်း၊ အဖွားသည် အဖိုးကို၎င်း မျက်စောင်းထိုး၍ ကြည့်လိုက်ကြ၏။
ထွန်းမြတ်မောင်သည် ဒန်းကို တအား မလွှဲတော့ဘဲ မှန်မှန်လွှဲပေးသည်။ သည်တော့ လှလှထွေးက ဆည်းလည်းသံလို လွင်လွင်သာသာ ရယ်နေလေသည်။
အဖိုးနှင့်အဖွား အပြန်အလှန်ထိုးကြသော မျက်စောင်းသည် ပျော့ကျသွားလေသည်။ ပြီးတော့ တယောက်နှင့် တယောက် စိတ်ဝင်စားစွာ ကြည့်ကြလေသည်။
“ဟင်၊ ကိုထွန်းဖေကြီး မဟုတ်လား”
“ဟ၊ လှကလေးပါလား”
လျှပ်တပစ်အတွင်း အဖိုးနှင့်အဖွားတို့၏မျက်နာမှ အတွန့် အရေး အကြောင်းတို့သည် ပျောက်ကွယ်သွားကြကုန်၏။
အပြုံး ဟူသမျှသည် ချစ်စရာ ကောင်းသည်ချည်းပင်။ သွားမစုံသော အဖိုးနှင့်အဖွားတို့၏ အပြုံးသည်လည်း ချစ်စရာပင်။
သူတို့၏ စိတ်များသည် လွန်ခဲ့သော အနှစ် ၅၀ လောက်က အတိတ်သို့ ပြန်သွားကြလေသည်။ သို့သော် အတိတ်ကို ကြည်ကြည်လင်လင် မြင်နိုင်ကြတော့မည် မဟုတ်ပါ။ အတိတ်ကို ပြန်သတိရကြသော အခါမှာလည်း ဖိုလှိုက်သော အသဲနှလုံးဖြင့် သတိရခြင်းမဟုတ်၊ အနှစ် ၅၀ နီးပါး၏ အတွေ့အကြုံများကြောင့် ခေါင်းအေးအေး ဘ၀င်ငြိမ်ငြိမ်ဖြင့် သတိရတတ်ကြလေပြီ။
ဒေါ်လှမေသည် ဦးထွန်းဖေ၏ ထိုင်ခုံသို့ ရွေ့ ကာ ထိုင်လိုက်လေသည်။ ဦးထွန်းဖေက အဆင်သင့် နေရာလုပ်ပေးသည်။
ဦးထွန်းဖေက စ၍ မေးလိုက်သည်။
“ဘယ့်နှယ့်လဲ နေကောင်းရဲ့လား”
“ကောင်းပါတယ် ရှင်။ ကိုထွန်းဖေကြီးကော”
“ကောင်းပါတယ် ခင်ဗျား။ လှကလေးရဲ့ အဖိုးကြီးဆုံးတော့ လှကလေးပါ ထပ်ကြပ်မကွာလိုက်သွားလေမလားလို့ စိုးရိမ်နေတာ”
“ကိုထွန်းဖေကြီးကတော့ နိမိတ်မရှိ၊ နမာမရှိ ပြောရော့မယ်”
“ဟဲ ဟဲ၊ ဖြစ်တတ်တာကို ပြောရတာကိုး။ အဖိုးကြီး သေရင် အမယ်ကြီးက လိုက်သေတတ်တယ် မဟုတ်လား။ ဟဲ ဟဲ၊ တကယ်နေကောင်းတယ်နော်”
“အဖိုးကြီးဆုံးပြီးမှ ပိုတောင် ကျန်းမာ လာသေးတယ် ရှင်ရေ့။ ဒန်းစီးနေတဲ့ ကလေးက ဘသူလဲ”
“ကိုယ့်မြေး အငယ်ဆုံးလေ။ သမီးအငယ်ဆုံး မြမြထွန်းက မွေးထားတာ၊ နာမည်က လှလှထွေးတဲ့”
“အော်၊ လှလှထွေးတဲ့လား။ ဒန်းလွှဲနေတာက ကျမရဲ့မြေး အငယ်ဆုံးပေါ့၊ နာမည်က ထွန်းမြတ်မောင်တဲ့”
အဖိုးကြီးက တစုံတရာကို လေးလေးနက်နက် စဉ်းစား နေရင်းမှ
“အော်၊ ထွန်းမြတ်မောင်တဲ့”
အဖွားကြီးကလည်း တစုံတရာကို လေးလေးနက်နက် စဉ်းစားနေရင်းမှ
“အော်၊ လှလှထွေးတဲ့”
သူတို့သည် ဒန်းစီးသူနှင့် ဒန်းလွှဲနေသူ ကလေးနှစ်ယောက်ကို ငေးကြည့်နေကြသည်။ အတန်ကြာတော့ ထွန်းမြတ်မောင်က ဒန်းပေါ်တက်ပြီး လှလှထွေးက ဒန်းလွှဲပေးနေလေသည်။
အဖိုးကြီးနှင့် အဖွားကြီးတို့သည် တော်တော်နှင့် စကား မပြောနိုင်ကြ။ ရှေးဖြစ်ဟောင်းကို အောက်မေ့နေကြလေသည်။ သူတို့ သတိရသော ရှေးဖြစ်ဟောင်းမှာ ၀ိုးတ၀ါး ဖြစ်နေလေပြီ။ သို့သော် ၀ိုးတ၀ါး ရှေ့ဖြစ်ဟောင်းသည် ငွေနှင်းမှုန်သော ဆောင်းတွင်း နံနက်ခင်းလို တမျိုး သာယာနေပေ၏။
ဒေါ်လှမေသည် ခပ်မဆိတ် မနေနိုင်တော့ဘဲ
“ဘာကြောင့် လှလှထွေးလို့ နာမည်ပေးလိုက်တာလဲ၊ ရှင်ဘဲ ပေးတဲ့ နာမည်လား”
“ဟုတ်တယ်လေ၊ ကိုယ်ပေးတာဘဲ။ လှကလေးကို သတိရလို့ မြေးအငယ်ဆုံးကို လှလှထွေးလို့ နာမည်ပေးလိုက်တာဘဲ၊ ဟိ ဟိ။ ကိုယ်သာ ကိုယ့်အဓိပ္ပာယ် သိတယ်။ ကလေး အဖေ အမေတောင်မသိဘူး။ နို့နေပါအုံး၊ ဟိုကလေးကို ဘာလို့ ထွန်းမြတ်မောင်လို့ နာမည်မှည့်တာတုံး၊ လှကလေး ပေးတဲ့ နာမည်လား”
အဖွားကြီးက ချိုမြစွာ ပြုံးနေလေသည်။
အဖိုးကြီးက အားမလို အားမရဖြင့်
“ပြောစမ်းပါအုံး”
“ကျမလဲ ရှင့်လိုပေါ့”
“လှကလေးကတော့ကွာ စံဘဲ။ ဟိုတုန်းကလဲ ကျမလဲ ရှင့်လိုပေါ့၊ ခုလဲ ကျမလဲ ရှင့်လိုပေါ့တဲ့။ အင်း၊ ဒီလိုနဲ့ လွဲခဲ့ကြရတယ်”
ဒေါ်လှမေသည် မျက်နာရော အသံပါ တင်းမာလာသည်။
“အို၊ ဘာဆိုင်လို့လဲ။ ကိုထွန်းဖေကြီး ဖောက်ပြန်လို့ ဖြစ်ခဲ့ရတဲ့ ဥစ္စာ။ တော်ပါ၊ ဒီအကြောင်းတွေ ထပ်မပြောမနေပါနဲ”
အဖိုးကြီးသည် ၀ိုးတ၀ါးအတိတ်မှ သူ့အပြစ်ကို ထင်ရှားစွာ မြင်လာသည်။ အမယ်ကြီးကို ချော့ရန် စိတ်ကူးသည်။ တော်တော်နှင့် စိတ်ကူးက ပေါ်မလာ။ ပြောစရာ စကားစ ပြတ်သွားသဖြင့် ရှေ့ လှမ်းကြည့်လိုက်သည်။ ပိတောက်ပင်ကြီး ခြေရင်းတွင် ဗုဒ္ဓံ သရဏံပင်များ တောထနေသည်။ ပိတောက်ပင် အမြစ်အုံပေါ်ဝယ် စုံတွဲတတွဲ ပူးကပ်စွာ ထိုင်နေကြသည်။ သူတို့သည် ရေပြင်ကို မျက်နာမူလျက် အဖိုးကြီးနှင့် အဖွားကြီးကို ကျောပေးထားကြသည်။ ဗုဒ္ဓံ သရဏံ ပင်များက သူတို့ကို မလုံ့တလုံ ကာထားသည်။ အဖိုးကြီးက သူတို့ဘက်ကို ကြည့်လိုက်သော တခဏ၌ မောင်သည် မယ့်ကို ပါးပြင်ပေါ်မှာ ဇတ်ခနဲမွှေးလိုက်ဟန် ရှိလေသည်။ အဖိုးကြီးသည်ဘာရယ်လို့တော့ သေသေချာချာ မမြင်လိုက်ရ။ သို့သော် မောင်နှင့်မယ် အခြေ ပျက်သည်ဟုကား ရိပ်မိလိုက်လေသည်။ အဖိုးကြီးကား လူကဘ၀နှင့် အချစ်ကို ဆင်ခြင်နေမိလေသည်။
လူ့ဘ၀နှင့် အချစ်တို့သည် တနေ့ထဲ အရောင်သုံးမျိုး ပြောင်းသော သုံးပန်လှပန်းနှင့် တူသေးတော့သည်။ မွန်းမတည့်မီ ဖြစ်ပေါ်သော အချစ်သည် ဖြူဖွေးနေသည်။ မွန်းလွှဲမှ ဖြစ်သော အချစ်သည် ပန်းရောင်ဖျော့ဖျော့ဖြစ်သည်။ နေ၀င်ချိန် အချစ်သည် နီရဲနေ၏။
“မှတ်မိသေးလား၊ ကိုတို့ ငယ်ငယ်တုန်းက ကန်တော်ကြီးမှာ ချိန်းတွေ့ကြတာ။ သီတင်းကျွတ် လ ပြည့်နေ့ကြီးလေ”
အဖွားကြီးသည် စွေ့ကနဲ မျက်စောင်းထိုးလိုက်ပြီး
“ဘယ်ကလာ သီတင်းကျွတ် လပြည့်နေ့ရမှာလဲ၊ တပေါင်း လပြည့်နေ့ကြီးပါ”
“အင်း အင်း၊ ကိုယ်မှားသွားတယ်။ လှကလေးရဲ့အဒေါ် ကြီးက အဖော်လိုက်လာတယ်လေ။ ဒီကနေပြီး တိရစ္ဆာန်ရုံသွားကြရော”
အဖွားကြီးသည် မဲ့ကာရွဲ့ ကာ ပြောလိုက်ပြန်လေသည်။
“ဘယ်ကလာ အဒေါ် ကြီး ဟုတ်ရမှာလဲ၊ အဖော်ပါလာတာက ဖွားသီလရှင်ပါ။ ပြီးတော့ ရွှေတိဂုံဘုရား တက်ကြတယ်လေ။ တော်ပါတော့ ကိုထွန်းဖေကြီးရယ်၊ ရှင် တခြားကောင်မတွေနဲ့ ချိန်းတွေ့တာကို ကျမနဲ့ ရောပစ်နေတယ်”
အဖိုးကြီးသည် တင်းတင်းမာမာ ငြင်းဆိုနိုင်ရန် သူ့ကိုယ်သူ ယုံကြည်မှုအလုံအလောက်မရှိ။ ထို့ကြောင့်များစွာစိတ်မကောင်းဖြစ်ပြီး ညှိုးငယ်သွားလေသည်။ အဖိုးကြီးသည် မြေကြီးကို တုတ်ကောက်နှင့် ထောက်ကာ ထောက်ကာ ထိုးရင်း ငုံ့ကြည့် ငေးမှိုင်နေလေသည်။ သည်လိုဆိုတော့ အဖွားကြီးက သနားသွားသည်။ အားလည်းနာပါသည်။ ထို့ကြောင့် နှစ်သိမ့်စကား ဆိုလိုက်သည်။
“ကိုထွန်းဖေကြီးရယ်၊ ဒါတွေ မေ့လိုက်ကြပါစို့ရဲ့။ ငယ်တုန်းက နေ့တွေ ပြန်နေချင်လို့ ရတာမှမဟုတ်ဘဲ။ အချိန်ဆိုတာ ရှေ့ကိုသာ သွားနေတာ ပြန်လာတာ မဟုတ်ပါဘူး”
အဖိုးကြီးသည် အကျဉ်း အကျပ်မှ ထွက်ပေါက် ရသွားပြန်သည်။
“ဒါတော့ ဒါပေါ့လေ။ သို့ပေမယ့် ကိုယ်တော့ မမေ့ချင်ဘူး။ မှတ်မိသေးလား၊ ကိုယ်တို့ ပထမဆုံး တွေ့ကြတာ ဖိုးစိန်ပွဲမှာလေ။ မိန်းမတွေက ဖိုးစိန်ကို ဆေးလိပ်ထဲ ရွှေဒင်္ဂါး ထဲ့ပေးတဲ့ ခေတ်ပေါ့”
“အို လာပြန်ပြီ မဟုတ်က ဟုတ်ကတွေ ပြောပြောနေတယ်။ ရှင်နဲ့ကျမ တွေ့ကြတာ ဆာဖိုးသာရဲ့ အလှူမှာပါ။ ဆေးလိပ်ထဲ ရွှေဒင်္ဂါး ထဲ့ ဝေတယ်လေ။ ကျမတိုတော့ မရပါဘူး။ ရွှေဒင်္ဂါး ကြက်သွန်ဖြူကြော်နှင့် လဖက်ကိုသာ ကောင်းကောင်းစားရလို့ သတိရနေတယ်”
ထိုအတွင်း လူတွေ ရုတ်ရုတ်ရက်ရက် ဖြစ်သွားသံ ကြားကြရလေသည်။
“ဟဲ့ ဟဲ့ မလုပ်ကြနဲ့”
“ဟဲ့ ဟဲ့ ရန်မဖြစ်ကြနဲ့”
အဖိုးကြီးနှင့် အဖွားကြီးတို့သည် အသံများလာရာသို့ ကြည့်လိုက်လေသည်။ ထွန်းမြတ်မောင်နှင့် လှလှထွေးတို့ သတ်ပုတ်ထွေးလုံး နေကြသည်ကို တွေ့ရလေသည်။ အဖိုးအိုနှင့် အမယ်အို ပျာပျာသလဲ ဖြစ်သွားကြလေ၏။
ကြည်နူးဘွယ်ကောင်းသော ‘ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်’ ဆပ်ပြာ ဗူဗောင်းသည် ဖောင်းကနဲ ကွဲထွက်သွားလေပြီ။
အဖိုးကြီးသည် မြေးကလေး လှလှထွေးဆီသို့ ထပြေး၏။ အမယ်ကြီးသည်လည်း မြေးကလေး ထွန်းမြတ်မောင်ထံသို့ ထပြေး၏။
လှလှထွေးက ငိုနေသည်။ ထွန်းမြတ်မောင်က ဆဲနေသည်။
အဖိုးနှင့် အဖွား သူတို့ထံ ပြေးလာကြသည်ကို မြင်တွေ့ရသောအခါ ဆီး၍ တိုင်ကြ တောကြသည်။
ထွန်းမြတ်မောင်
“ခွေးမကလေး၊ ကိုထွန်းကို ကိုက်တယ် ဖွားဖွား”
လှလှထွေး
“သူလေ သူ။ အမျိုးယုတ်ကလေး။ လှ ကလေးကို တွန်းချတယ် ဖိုးဖိုးရဲ့”
ဒေါ်လှမေသည် ထွန်းမြတ်မောင်ကို ပြေးဖက် ဆွဲခေါ်ရင်း လှလှထွေးကို မျက်စောင်း ထိုးလျက်
“ဟဲ့ မိ မဆုံးမ၊ ဖ မဆုံးမ ကလေး။ နင်က ငါ့မြေးကိုလဲ ကိုက်သေးတယ်၊ ငါတို့ကိုလဲ အမျိုးယုတ်လို့ ခေါ်သေးတယ်။ ကောင်းရော့လားတော်”
ဦးထွန်းဖေသည် လှလှထွေးကို ပြေးဖက်ဆွဲခေါ်ရင်း ထွန်းမြတ်မောင်ကို ဒေါနှင့် မောနှင့် ကြည့်လျက်
“ဟဲ့ ကောင်လေး၊ ဂျပိုးကလေး။ မင်းကလဲ ငါ့မြေးကို တွန်းချသေး၊ ခွေးမလို့လဲ ခေါ်သေး၊ တော် လှကွာ။ (မြေးမငယ်ဘက်သို့ လှည့်၍ ချိုသာစွာ) ကဲ လာ ငါ့မြေး။ သွားကြစို့၊ သူနဲ့ မကစားနဲ့”
မြေးမငယ်
“လှ ကလေးက ကိုယ့်ဘာသာ ကစားနေတာပါ။ သူက တမင်လာတာ”
ဒေါ်လှမေသည် မျက်စချီ မေးငေါ့ပြီး ထွန်းမြတ်မောင်ကို ဆွဲခေါ်လျက်
“ကဲလာငါ့မြေး၊ သွားကြစို့။ ဘာဖြစ်လို့ သူ့ဆီသွားဆော့ရတာလဲ”
“ကိုထွန်းက သနားလို့ သွားပြီး ဒန်းလွှဲပေးတာပါ”
“နောက် မသနားနဲ့”
အဖိုးနှင့် အဖွားသည် ခွဲခါနီး မျက်စောင်း အပြန်အလှန် ထိုးလိုက်ကြလေသည်။ သို့သော် မျက်စောင်းကား တောက်လောင်သော မျက်စောင်း မဟုတ်၊ ၀တ်ကျေ တန်းကျေ မျက်စောင်းသာလျှင် ဖြစ်လေသည်။
အဖိုးနှင့် အဖွားအို ခွဲခွာကြလေသည်။
အဖိုးသည် မြေးမငယ်ကို လက်ကဆွဲလျက် အောင်ဆန်းကျွန်းမှ မြေပဒေသာကျွန်း၊ မြေပဒေသာကျွန်းမှ ဗဟန်းသို့။
အဖွားသည် မြေး ကောင်ကလေးကို လက်ကဆွဲလျက် အောင်ဆန်းကျွန်းမှ ဖိုးစိန်လမ်းထိပ်၊ ဖိုးစိန်လမ်းထိပ်မှ ဦးထွန်းမြတ်လမ်းသို့။
သူတို့ စိတ်ထဲတွင် မွန်းမတည့်မီက ပွင့်ခဲ့သော အချစ် မရှိတော့ပြီ။
နေသည် လုံးဝ ၀င်သွားပေပြီ။ နေ၀င်ချိန်သည်လည်း သာယာ လှပေ၏။ အဖိုးအို၏ ဘေးမှ လိုက်ပါလာသော မြေးငယ်မကလေး လှလှထွေးသည် အဖိုးအို၏ နေ၀င်ချိန်အချစ်တည်း။
လူ့ဘ၀နှင့် အချစ်ကား သုံးပန်လှ ပန်းနှင့် တူ၏။ မွန်းမတည့်မီ ဖြူဖွေးနေသည်။ မွန်းလွှဲတော့ ပန်းရောင် ဖျော့ဖျော့ဖြစ်လာသည်။ နေ၀င်ချိန်မှာကား သွေးကဲ့သို့ နီရဲလျက်။

Sort:  

Awesome post!! Keep it up and check out THIS POST as well as I have something similar.

Coin Marketplace

STEEM 0.22
TRX 0.06
JST 0.025
BTC 19300.23
ETH 1314.57
USDT 1.00
SBD 2.44