ပညာဉာဏ်တုံး အမိုက်ဖုံး (ဇာတ်သိမ်း)
အပိုင်း(၁)အားဖတ်ရှုရန်
https://steemit.com/myanmar/@zinminhtet/pnyauana-tu-amok-paundefined-apong-1
ပညာဉာဏ်တုံး အမိုက်ဖုံး(ဇာတ်သိမ်း )
"ကလောင်..ကလောင်""ကလောင်..ကလောင်"
ကျောင်းဆင်းခေါင်းလောင်းထိုးသံ ဖြစ်သည်။သူမ ဒီမြို့နယ်မှာတာဝန်ကျတာ ၅နှစ်ခန့်ရှိပေတော့မည်။
ရွာကိုမပြန်ဖြစ်တာ ပြီးခဲ့သောနွေရာသီ ကျောင်းပိတ်ရက် ခွင့်ပြန်ပြီးကတည်းကထပ်မရောက်ဖြစ်။အမေနေမှကောင်းရဲ့လား စိုးရိမ်မိပေမယ့် တာဝန်တွေကိုပစ်ပြီး သွား၍ကလည်းမဖြစ်ပေ။အို..ဟိုမှာလဲ ကိုကြီး၊ကိုလေးတို့ရှိနေတာပဲ။သူတို့က အမေ့ကိုဂရုစိုက်မှာပါ လို့ဖြေတွေးလိုက်သည်။ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ရွာပြန်ရင်တော့အမေ့ကို မပါပါအောင်ခေါ်မည်။မိခင်ကြီးမှာ အသက်ကြီးလှပြီ။မိမိမှလည်း တစ်လှည့် အလုပ်ကျွေးပြု ချင်သေးသည်လေ။
"အားလုံးမတ်တပ်ရပ် ဆရာမကိုနုတ်ဆက်"
အတန်းခေါင်းဆောင်၏ အသံကြားမှ ကျောင်းဆင်းခေါင်းလောင်းသံနှင့်အတူ ပျံ့လွင့်နေသော သူမ၏အတွေးများ ပြန်လည်စုစည်းမိတော့သည်။
"ပဉ္ဓဂုဏံ အဟံဝန္တာမိ အာစရိယ ဂုဏံ အဟံဝန္တာမိ မင်္ဂလာပါ ဆရာမ"
အေးကွယ် မင်္ဂလာပါ သားတို့ သမီးတို့ ၊လာမယ့်တနင်္လာကျောင်းပြန်ဖွင့်ရင် ဆရာမ အိမ်စာပေးထားတဲ့ မိဘကျေးဇူး စာစီစာကုံး ကို ပြီးအောင်ရေးခဲ့ကြနော်"
"ဟုတ်ကဲ့ပါ ဆရာမ"
========================
ကြို့ကုန်းရွာ...
"ယောက်ျားရေ တို့ အမေ့ကိုဘယ်လိုလုပ်ကြမလဲ"
"မင်းက ဘယ်လို လုပ်ချင်လို့လဲမိန်းမရယ်"
"အော် တော်ကလဲ ဒီတိုင်းဆိုရင်တော့ မဖြစ်ချေဘူးလေ၊စည်သာမြေရွာမှာ ပရောဂ ကုတဲ့ဆရာ ဦးကျော်စွာ ဆိုတာရှိတယ်၊အဲ့ဆရာကိုပင့်ပြီး ကုကြည့်ရင်မကောင်းဘူးလားလို့ "
"အေးဟာ ကောင်းမယ်ထင်ရင်လဲ လုပ်ကျတာပေါ့၊ငါညနေ စောစောပြန်ခဲ့မယ် ၊ပြီးရင် စောနကမင်းပြောတဲ့ ဆရာဘယ်သူ"
"ဦးကျော်စွာလေ"
"အေးအဲ့ဒီ ဦးကျော်စွာကို သွားပင့်မယ်ကွာ"
ဒေါ်ဖွားခင်ကြီး ကျန်းမာရေး မကောင်းသည်မှာ ကြာပြီဖြစ်သောကြောင့် ဘုရားစင်ရှေ့ ဟန်ကျပန်ကျ ထိုင်ပြီး ဘုရားမကန်တော့နိုင်သည်မှာလဲကြာလေပြီ။ ဒီကြားထဲ သားသမီး၊မြေးတွေကလဲ ရှောင်ဖယ်ရှောင်ဖယ် ဘာကြောင့်ရယ်လို့ သူမတွေးတတ်တော့ပေ။ အရင်က သူ့သားသမီးတွေက သူ့ကို အရေးတယူရှိလှပေသည်။ အစားဝဝလင်လင်မစားရသည်မှာ ပြသနာမရှိပေမယ့် ခုလို အရေးတယူမရှိတာကိုတော့ စိတ်ထဲမကောင်းလှ။
"အမေ"
သားအကြီးဖြစ်သူရဲ့ ခေါ်သံကြောင့် ဒေါ်ဖွားခင် တစ်ဖက်သို့စောင်းပြီး လှဲနေရာမှ ဖြည်းညှင်းစွာ လှည့်ကြည့်သည်။ သားအငယ်နဲ့အတူ ၊လွယ်အိတ်ကြီး ကိုလွယ်လျက် လက်ထဲမှာ ကြိမ်လုံးကြီးတစ်ချောင်းနဲ့ လူစိမ်းတစ်ယောက်ပါ ပါလာသည်ကိုတွေ့ရသည်။
"အမေ၊ဒါ အမေ့ကိုဆေးကုပေးဖို့ ဆေးဆရာခေါ်လာတာ"
အော်..ဒီလိုကျတော့လဲ ငါ့သားတွေက ငါ့ဂရုတစိုက်ရှိပေသားပဲ ဟုတွေးပြီး ဒေါ်ဖွားခင် ပီတိမျက်ရည်ကျမိလေသည်။ ဦးကျော်စွာ စည်သာမြေ ရွာကိုရောက်လာတာ မကြာသေး။၆လ ဝန်းကျင်လောက်တော့ရှိပြီ။ ဆေးဆရာယောင်ယောင် ၊ဘိုးတော်ယောင်ယောင်နဲ့ ရွာကလူတွေကတော့ အဘ၊အဘ နှင့် တရိုတသေရှိကြလေသည်။
"လူနာကြည့်ရတာတော့ ငါထင်တဲ့အတိုင်းပဲကွ"
ဦးကျော်စွာ ထွန်းလှ၏နားသို့ အသာကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"ဒါဆို ဘယ်လိုလုပ်ရမလဲ ဆရာ"
"အခု မြင်နေရတာမင်းတို့အမေ မဟုတ်တော့ဘူးကွ၊ မင်းတို့အမေရဲ့ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ နာနာဘာဝတစ်ကောင်ဘဲ "
"ဗျာ"
ထွန်းလှနဲ့ အောင်ကိုတို့ မျက်လုံးပြူးသွားကြသည်။
ဒေါ်ဖွားခင်၏မြေးတွေလဲ ကြောက်လန့်တကြား သူတို့အမေနားပြေးကပ်ကျလေသည်။
"ဒါပေမယ့် ဘာမှမပူပါနဲ့ ဆရာရောက်လာပြီပဲ၊ အားလုံးအဆင်ပြေသွားစေရမယ်၊ မင်းတို့ငါ့ ဆီစောစောလာတာကံကောင်းတယ်မှတ်၊ မဟုတ်ရင် မင်းတို့် တစ်မိသားစုလုံးကို ဖမ်းစားခံရတော့မှာ"
" အောင်မလေး ၊ကယ်ပါအုံးဆရာရယ်၊ကိုထွန်းလှ တော့်ကိုကျုပ်မပြောဘူးလား သေချာပါတယ်လို့၊ငယ်ငယ်ထဲက ကျုပ်ကဒါမျိုးတွေကြားဖူးနားဝရှိပေလို့တော်သေးတာပေါ့"
ဘုရားခန်းထဲပြောနေဆိုနေကျသည်ကို ဒေါ်ဖွားခင်ကြားတစ်ချက်၊မကြားတစ်ချက်။အသက်အရွယ်ကြောင့် နားလေးသည်က တစ်ကြောင်း၊အားအင်ချိနဲ့နေသည့်အတွက် နားထဲက တစီစီနဲ့ လေများထွက်နေသည်။ငါ့သားသမီးတွေ ငါ့ကျန်းမာရေးအတွက် အားတက်သရောတိုင်ပင်နေကြသည်ဟုတွေးကာ ပါးပြင်ပေါ်သို့ အေးကနဲ မျက်ရည်တချို့စီးကြလာသည်။ဒီအချိန် သမီးလေး နှင်းမြရှိရင်တော့ သူ့အနားမှာ ခြေဆုပ်လက်နယ်ပြုပေးနေလိမ့်မည်။ ပြီးခဲ့တဲ့လကလဲ အမေသုံးချင်တာသုံးဖို့ဆိုပြီး သူ့လစာထဲက ငွေငါးကျပ် လှမ်းကန်တော့လိုက်သေးသည်။သို့သော်မသုံးရက်ပေ။ လာမယ့်နွေရာသီ သူ့မြေးတွေရှင်ပြုပေးရအုံးမယ်မဟုတ်လား။သူ့ခေါင်းအုံးအောက်မှာ စုထားတဲ့ငွေ အတော်တန်တော့ရှိသည်။"ငါလဲ ဆေးဆရာနဲ့ကုရင် ကျန်းမာရေး ပြန်ကောင်းလာမှာပဲ။ငါ့မြေးတွေကို ရှင်လောင်းဝတ်စုံလေးတွေနဲ့ မြင်စမ်းချင်သေးတယ်"ဟုတွေးရင်း ကြည်နူးပီတိဖြစ်နေမိသည်။
ဦးကျော်စွာ ဘုရားခန်းမှာ ထိုင်၍ သူ့လွယ်အိတ် အဟောင်းကြီးထဲ ဟိုရှာဒီရှာပြုလေသည်။ထို့်နောက် လွယ်အိတ်အတွင်းမှ ညစ်ထေးနေသော ဆေးပုလင်းတစ်လုံးနှင့် သစ်ရွက်အချို့ကိုဆွဲထုတ်လိုက်သည်။
ထို့နောက် ပါးစပ်မှ ပွစိပွစိနဲ့ ဘာတွေရွတ်နေတယ်မသိ တစ်ချက်တစ်ချက်" သြုံ" ဟူသော အသံသာ ထွက်ထွက်လာသည်။
"ကဲ ဘာမှမပူကျနဲ့ ဆရာပြောတဲ့အတိုင်းသာ သေချာလုပ်ဟုတ်ပြီလား"
"ဟုတ်ကဲ့ဆရာ ပြောပါရှင့် "လက်အုပ်လေးချီလျှက် ထွန်းလှ၏မိန်းမ တရိုတသေလေးပြန်ဖြေသည်။
"ဟောဒီမှာ ဆရာပေးတဲ့ ဒီဆေးလုံးသုံးလုံးကို လူနာကို ချော့မော့ပြီးရအောင်တိုက်၊နောက်ပြီး ဟောဒီ အရွက်ခုနှစ်ရွက်ကို လူနာအိပ်တဲ့ အိပ်ယာရဲ့အောက်မှာ သူမသိအောင် ခင်းထား ဟုတ်ပြီလား"
"ဟုတ်ကဲ့ဆရာ "
"ကဲဆရာ ဟိုဘက်ရွာမှာ ဆေးကုစရာလေးရှိလို့ ပြန်အုံးမယ် "
========================
"မိန်းမရေ ငါတို့ ညီမလေးဆီ ကြေးနန်းရိုက်ပြီး လှမ်းအကြောင်းကြားမှထင်တယ်နော် "
"ကြေးနန်းရိုက်တာက တော့ဟုတ်ပါပြီ ကျုပ်မှ စာမရေးတတ်တာ"
"ငါ သေစာရှင်စာတော့ရေးတတ်ပါတယ် ဟ နင်ကလဲ ငါ့အထင်သေးလို့"
ထွန်းလှပြောပြောဆိုဆိုနဲ့ သူ့သားလွယ်အိတ်ထဲမှ စာရွက်တစ်ရွက်နဲ့ ခဲတံ ဆွဲထုတ်လိုက်သည်။ထို့နောက် ဤသို့ ချရေးလိုက်လေတော့သည်။
ညမလေး အစ်မေ နေမကောင်ပူး အမျံပျံလာပါ
"ကဲ တိုရင်းလိုရင်း မရှင်းဘူးလား၊ မနက်ဖြန် မြို့ကိုဈေးဝယ်သွားမယ့် ကိုသာအေးတို့နဲ့ စာတိုက်မှာထည့်ခိုင်းလိုက်မယ်"
========================
"အမေ"
ခေါ်သံကြောင့် ဒေါ်ဖွားခင် မျက်လုံးနှစ်ဖက် အသာဖွင့်ကြည့်တော့ သားငယ် အောင်ကို ကိုလက်ထဲမှာ ဆေးလုံးတစ်လုံးနဲ့ ရေခွက်တစ်ခွက်ကိုင်ထားသည်ကိုတွေ့ရသည်။
"အေ သားဘာလဲပြောလေ"
အသံက အားအင်ချိနဲ့နေသဖြင့် တိုးညင်း တုန်ရီနေသည်။
"အကိုကြီးက သူအလုပ်မသွားခင်ကမှာသွားလို့် အမေ့ကို ဒီဆေးတိုက်ထားပါတဲ့၊ အဲ့တာကြောင့် ကျနော်လာတိုက်တာ"
အော် သားကြီးကအမေကိုသိတတ်ပေသားပဲ ဂရုတစိုက်မှာသွားရှာတာ ဟုတွေးရင်း ပီတိဖြစ်နေလေသည်။
"အမေ့"
သားငယ်၏ အော်သံကြောင့် ဒေါ်ဖွားခင် အတွေးထဲမြောနေရာမှ သတိပြန်လည်လာသည်။
"အမေ ဆေးသောက်မယ်ဆို လဲအမြန်သောက်ဗျာ ကျနော် ချက်ကြီးတို့နဲ့ သောက်ဖို့ချိန်းထားတာရှိသေးတယ်"
"အေးအေး..ပါသားရယ် အမေသောက်ပါမယ်"
ဘာပဲဖြစ်ဖြစ် သူမ နလန်ထအောင်ဆေးသောက်မှဖြစ်မည်။
"သားအမေ့ကိုထူပါအုံးကွယ်"
ဒေါ်ဖွားခင် ဆေးကိုတစ်ခါထဲ မျိုချလိုက်လေတော့သည်။အကယ်၍ ထိုဆေးတွေကြောင့် သူမ အသက်သေရမည်ကို သိခဲ့ပါမူ........
========================
"အိမ်ရှင်တို့..အိမ်ရှင်တို့ "
အိမ်ရှေ့ကခေါ်သံကြောင့် နှင်းမြ နောက်ဖေး မီးဖိုထဲ မနေ့ညက ကျန်တဲ့ဟင်းအိုးလေးပြန်နွေးနေရာမှ အပြင်သို့ထွက်ကြည့်သည်။
"ဒီအိမ်က မနှင်းမြတို့အိမ်ဟုတ်ပါသလား"
"ဟုတ်ပါတယ် ရှင်၊ ဘာကိစ္စရှိလို့ပါလဲ"
"မနှင်းမြ နာမည်နဲ့ စာပါလို့ပါ"
"အော်ဟုတ်ကဲ့ရှင့် "
"ဒီမှာလက်မှတ်ထိုးပေးပါ ခင်ဗျ"
နှင်းမြ လက်ခံရရှိကြောင်းစာအုပ်တွင် လက်မှတ်ထိုးပြီးနောက် စာကို ကမန်းကတမ်း ဖောက်ဖတ်လိုက်သည်။
"အို... အမေနေမကောင်းဘူး ဆိုပါလား"
ဘယ်လောက်တောင်ကြာပြီလဲ အမေနေမကောင်းဖြစ်တာ၊ဘာဖြစ်တာလဲ အတွေးတွေတန်းစီဝင်လာသည်။ စာအိတ်က လက်ခံရက်စွဲကိုကြည့်တော့
သုံးရက်ခန့်တောင်ကြာနေပြီ။လမ်းပမ်းဆက်သွယ်ရေးဝေးကွာမှုက တော်တော်ဒုက္ခရောက်စေတာပဲ။ဘာပဲဖြစ်ဖြစ် သူမမှာ ဒီမိခင်ကြီးတစ်ယောက်ပဲရှိတာ။ကျောင်းအုပ်ဆရာမကြီးကိုခွင့်တိုင်ပြီး ရွာကိုတော့ပြန်မှ ဖြစ်မည်။ သူ့မျက်နှာ မြင်လိုက်ရရင် အမေအားရှိသွားမှာပါ ဟုတွေးနေမိသည်။
========================
"အဖွားကြီး က ဦးကျော်စွာပေးတဲ့ ဆေးသောက်ပြီး ခန္ဓာကိုယ် ထဲမှာရှိတဲ့ အပင်းတွေထွက်လာတယ်တယ်ကွ ဦးကျော်စွာကြီးကအဲ့တာကြောင့်လဲနာမည်ကြီးတာနေမှာ"
"နေပါအုံးကွ အပင်းဆိုတာ ဘာတွေထွက်လာတာတုန်း"
"မင်းကလဲ အ ရန်ကောကွာ အဖွားကြီးအန်တော့ ဆံပင်ချည်တွေ အထွေးလိုက် အထွေးလိုက်ထွက်လာတာကွ"
"ခန္ဓာကိုယ်မှာကပ်နေတဲ့ မကောင်းဆိုးဝါး ထွက်သွားရင်တော့ အသက်မဲ့တဲ့ခန္ဓာကိုယ်ပဲကျန်ခဲ့မှာလို့ ငါကြားဖူးတယ်ကွ"
"ကဲကဲ ဟေ့ကောင်တွေ ဟိုမှာ အောင်ကို လာနေပြီ၊တော်ကြာသူ့အမေကို မကောင်းဆိုးဝါးလို့ပြောတယ်ဆိုပြီး ပြသနာရှာခံနေရအုံးမယ်၊ဒီကောင်က မူးလာရင်သွေးဆိုးတယ်နော်"
ရွာတောင်ပိုင်းက ထန်းတောထဲ ဒီအချိန်ဆို လူစည်နေကျ။ဘာမှအလုပ်အကိုင် မယ်မယ်ရရမရှိသူတို့က ထန်းတောထဲ၌သာ အချိန်ဖြုန်းနေကျသည်။
=========================
နှင်းမြရွာကိုပြန်မရောက်တာ ရှစ်လခန့်ရှိပြီ။ထုံးစံ အတိုင်း ရွာလမ်းကြီးက ဖုန်တလုံးလုံးနဲ့ ။တအိအိနဲ့မောင်းနေသောလှည်းပေါ်ကနေ ဆင်းသာပြေးသွားချင်လိုက်သည်။ အိမ်ကိုအမြန်ပြန်ရောက်ချင်ဇော များနေပြီ။အိမ်ရှေ့ရောက်တော့ "နှင်းမြ ပြန်လာပြီဟေ့ "ဟု အသက်ကြီးကြီး နဲ့ ဦးလေးကြီးတစ်ယောက်က အိမ်ထဲဘက်ကို လှမ်းအော်လိုက်သည်။
"အိမ်မှာဘာလို့ လူစည်နေတာလဲ၊ဘုရား၊ဘုရား ငါ ထင်သလိုမဖြစ်ပါစေနဲ့"
အိမ်ထဲသို့ ဝင်လိုက်တော့ ...
"ညီမလေး အမေ မရှိတော့ဘူး"
"ရှင်" အကိုကြီးထွန်းလှ ထံမှ အေးစက်စက်စကားကြောင့် သူမရင်တစ်ခုလုံးကြေမွသွားသလို ခံစားလိုက်ရသည်။ဟုတ်ပါရဲ့ အမေ့ ရုပ်ကလပ်ကအိမ်ရှေ့ခန်းမှာ လှဲလျောင်းနေလျက်သား။သူမရင်ထဲမွမ်းကြပ်လာသည်။ချက်ချင်းစကားပြန်မပြောနိုင်ဖြစ်နေသည်။မျက်လုံးမှာ မျက်ရည်တို့ စီးကျလာသည်။အလာကောင်းပေမယ့် အခါနှောင်းခဲ့လေပြီ။သူမတို့် ညီအစ်ကိုမောင်နှမတွေကို ရင်အုပ်မကွာစောင့်ရှောက်ခဲ့သောအမေ၊ ငယ်စဉ်က သားသမီးတွေကို အသားဟင်းကောင်းကောင်းကျွေးပြီး သူကိုယ်တိုင်က သွားမကောင်းလို့ မဝါးနိုင်ဘူးဟုအကြောင်းပြ၍ ငပိရည်ဖြင့် သာစားခဲ့သောအမေ့ကို သူမ အလုပ်ကျွေးပြုချိန်ပင်မရလိုက်။
"ညီမလေး အဲ့တာက ငါတို့အမေမဟုတ်တော့ဘူးဟ"
သူမမျက်လုံးတွေ ဝိုင်းစက်သွားသည်။
"အကိုကြီး ဘာပြောလိုက်တာလဲ ၊ဒါညီမလေးတို့ အမေပဲလေ"
"နင်မသိဘူးညီမလေး အမေက ဖုတ်ဝင်နေတာဟ၊ခုငါတို့ ပရောဂဆရာနဲ့ကုလိုက်မှ အမေ့ခန္ဓာကိုယ်ထဲဝင်အောင်းနေတဲ့ မကောင်းဆိုးဝါး ကထွက်သွားတာ"
သူမ၏ ယောင်းမတော်သူကပါ
"ဟုတ်တယ် ငါ့ညီမရဲ့ အမလဲ မင်္သကာတာနဲ့စောင့်ကြည့်နေတာ အမေကညညဆို ကြောင်အိမ်ထဲက အသားငါးတွေ အကုန်ထထပြီးယူစားနေတာ၊အမတို့မျက်စိနဲ့ကို တပ်အက်တွေ့တာ"
"ဟာ..အကိုကြီးတို့တွေ ဘာတွေလုပ်လိုက်ကျတာလဲ အမှားကြီးတော့မှားကုန်ကြပါပြီ"
"အမေက အသက်ကြီးပေမယ့် ဝမ်းမီးအားကောင်းတော့ အကိုတို့အမတို့ကျွေးတာနဲ့မဝလို့ ညပိုင်း ဗိုက်တအားဆာတဲ့အချိန် နိုးရမှာအားနာလို့ ထစားတာနေမှာပေါ့"
"ဟေ! အဲ့တာဆို ငါတို့ကို မြင်တော့ မေ့လဲသွားတာကကော"
"အဲ့တာက အားအင်ချိနဲ့နေတဲ့ အချိန်သူအားကိုးရမယ့် သားသမီးတွေလာပြီဆိုပြီး စိတ်ကိုတင်းထားရာက လျော့လိုက်တော့ လဲသွားတာပေါ့"
"ဒီခေတ်ကြီးထဲမှာ ဘာလို့ အဲ့လို အယူအဆတွေရှိကျတာလဲရှင် ဒုက္ခတွေတော့ရောက်ကုန်ပါပြီ"
"ဒါပေမယ့် ညီမလေး အမေ့ကို ပရောဂဆရာပေးတဲ့ဆေးတိုက်လိုက်တော့ ခန္ဓာကိုယ်ထဲက အပင်းတွေအန်ထွက်လာတာနော်၊ အဲ့ဆေးကတော့ တော်တော်စွမ်းတယ်ဟ"
အောင်ကိုကပါ
"ဟုတ်တယ်ညီမလေး ဒီမှာတောင် ဆေးတစ်လုံးကျန်သေးတယ် ဆရာက သုံးလုံးပေးသွားတာ နှစ်လုံးပဲတိုက်ရသေးတယ်"
နှင်းမြ သူ့အကိုလေး လက်ထဲမှ ဆေးလုံးဆိုသောအရာကို ဆွဲယူကာ လက်နဲ့ဖြစ်ညှစ်ကြည့်လိုက်တော့....
"ဟာ"
"ဟယ်"
"အို"
ဆေးလုံးထဲတွင် ဆံပင်ချည်တွေလုံးထွေး၍ လုံးထားသည်ကိုတွေ့လိုက်ကြရလေသည်။
"ဆံပင်ချည်တွေနဲ့လုံးထားတဲ့ဆေးတိုက်မှာတော့ ဆံပင်ချည်တွေအန်ထွက်မှာပေါ့ ၊အမေ့မှာ အာဟာရချို့တဲ့နေရတဲ့အထဲ စားထားသမျှပြန်အန်ထွက်တော့ အဟင့်ဟင့် အဟင့်...."
သူမအသံတိမ်ဝင်သွားသည် စကားထပ်မပြောနိုင်တာ့။
"သွားပြီ ငါတို့ အမှားကြီးမှားပြီ၊ညီလေးအကိုတို့ကြောင့် အမေမသေ သင့်ပဲသေရတာ"
"ငါတို့ မိုက်ပြစ်တွေပါကွာ အမေ..သားတို့ကိုခွင့်မလွတ်ပါနဲ့အမေရယ်..သားတို့ ပညာဉာဏ်နဲပါးခဲ့လို့ ..စဉ်းစားတွေးခေါ်မှုမရှိလို့ ခုလိုဖြစ်ရတာ"
=========================
တစ်နှစ်ခန့်ကြာပြီးနောက်
ကြို့ကုန်ကျေးရွာအုပ်စုလေးက စာသင်ကျောင်းကို အစိုးရ အလယ်တန်းအဆင့်ထိတိုးမြှင့်သင်ကြားခွင့်ပြုလိုက်လေပြီဖြစ်သည်။ ကျောင်းဆောင်သစ်ဆောက်လုပ်မှုမှာလဲပြီးစီးကာနီးပြီ။ပရောဂဆရာ ဦးကျော်စွာကိုလဲ မြို့မှ ပလိပ်များမှ လူသတ်မှု ဝရမ်းပြေးမှုနှင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားလေပြီ
ဆရာမလေးနှင်းမြလဲ အလယ်တန်းပြရာထူးတိုး ဖြင့်ကြို့ကုန်းရွာ စာသင်ကျောင်းသို့ပြောင်းရွှေ့လာခဲု့ပြီဖြစ်သည်။
"ဖြောင်း..ဖြောင်း..ဖြောင်း"
လက်ခုပ်သံမှာ ဆူညံသွားသည်။ကြို့ကုန်းရွာလေး ၏ ပထမဦးဆုံး စာကြည့်တိုက်ဖွင့်ပွဲဖြစ်သည်။
ထွန်းလှနဲ့အောင်ကိုတို့က လုပ်အားဒါနဖြင့် ရွာမှ ကာလသား တစ်သိုက်နှင့်အားတက်သရော တည်ဆောက်ကြရာ စာကြည့်တိုက်လေးအထမြောက်အောင်မြင်ခဲ့ပြီ။နှင်းမြကလဲ မြို့မှ အလှူခံရရှိသောစာအုပ်များ နှင့်သူမဝါသနာအရဝယ်ယူစုစောင်းထာသော စာအုပ်၊စာစောင်များဖြင့် အားဖြည့်ပေးသည်။
စာကြည့်တိုက်လေး နာမည်က ဒေါ်ဖွားခင်
စာတစ်ခုရေးသားတွေးခေါ်ပုံကအစ စိတ်ရှည်လက်ရှည်သင်ကြားပြသပေးသောဆရာတင်လှိုင်ဦး အားအထူးပင် ကျေးဇူးတင်ရှိပါသည် ခင်ဗျာ။
Photo credit google
ချစ်ခြင်းများစွာဖြင့်...
Author-Minhtet Yeyint
@zinminhtet
MSC-126
အခြေခံကောင်းပါတယ်ကြိုးစားပါ။
ဟုတ်ကဲ့ ဆရာ
ရှေ့ပိုင်းဇာတ်ကွက်က တခြားဟာနဲ့ ဆင်တူပေမယ့် နောက်ပိုင်း အလှည့်အပြောင်းမှာ ပါးနပ်လွန်းတယ်ကွာ ဆရာသင်ပေးတဲ့ စုတုပြုကို ငါ့သူငယ်ချင်း ကျွမ်းကျင်သွားပြီပေါ့
ကျေးဇူးသူငယ်ချင်း
Good post ပါ bro
ကျေးဇူးပါ :-)
Thank you
Wow!!! Good Post !! ကျေးဇူးဆရာ
Thank you
စာအရေးအသားကောင်းပါတယ်
ကျေးဇူးပါ ဆရာ
ကောင်းပါတယ်ဗျာ ဆက်ရေးပါ
ဇာတ်သိမ်းပြီလေ 😜
နောက်တပုဒ်ပေါ့
good writing
ဟုတ် ကဲ့ ကေျးဇူး
အရမ်ူ ကောင်းတယ်ဗျာ ငိုရအောင် ဖန်နေကြတယ်နော်
ငိုချလိုက် တင်းမထား နဲ့ 😭
ညီရေကြိုးစားနော်
Fighting
Nice post bro
Thank