တရားတော်

in #myanmar2 years ago (edited)

အကြင်နာတရားဖြင့်စီရင်ခြင်း

image
ငါးရားငါးဆယ်ဇာတ်ဝတ္ထုအတော်များများကို ဖတ်ဖူးပြီးကြမည်ဟု ထင်ပါသည်။ အနည်းဆုံးတော့ အတန်းကျောင်းပြဋ္ဌာန်းစာများက ဇာတ်တော်များကို သင်ကြားဖူး ဖတ်ဖူးကြပါမည်။

ဇာတ်ဝတ္ထုများ၏ ဇာတ်လမ်းသဘောမှာ အဖြူ အမည်း ခွဲပြရုံဟု သဘောထားကြသည်ကတစ်ကြောင်း ၊ စရိုက်သေဇာတ်ကောင်များဖြင့်ပုံဖော်ထားသည်ကတစ်ကြောင်း (ဘုရားလောင်းက အမြဲလူကောင်း၊ ဒေဝဒတ်က အမြဲလူဆိုး) ၊
နာမည်သေနောက်ခံ များဖြင့်ပြထားသည်က တစ်ကြောင်း(ဗာရာဏသီ၊ ဗြဟ္မဒတ် ၊ဟိမဝန္တာ) ဆရာလုပ်သူတို့၏ ဇာတ်တိုင်းလိုလိုမှာ တုံးအအ သင်္ခန်းစာများ ပို့ချခြင်းကတစ်ကြောင်း( ဘုရားလောင်းကိုအတုယူသင့်၍၊ ဒေဝဒတ်လိုမပြုမူသင့်ကြောင်း) စသည်တို့ကြောင့် စိတ်ဝင်စားမှု တန်ဖိုးထားမှု နည်းလာကြပါပြီ။ လှေစီးရင်း ရေငတ်ရသလို ဇာတ်တော်သင်ရင်း ဇာတ်တော်များအရသာကို မခံစားကြရပဲ ရသငတ်ပြဿနာ တက်နေပါသည်။

ဇာတ်တော်များကို ဆရာလုပ်သူက လူမှုရေး စီးပွားရေးအမြင်များဖြင့် ချဉ်းကပ်သုံးသပ်ပြနိုင်မည်ဆိုပါလျှင် ပျောက်ဆုံးနေသော ဇာတ်တော်များ၏ ရသဝိညာဉ်များ ပြန်လည်နိုးထ အသက်ဝင်လာမည်ဟု ယုံကြည်မိပါသည်။ ဇာတ်တော်များလည်း တန်ဖိုးထားခြင်း ပြန်လည်ရရှိလာနိုင်ပါသည်။ 

ဥပမာအားဖြင့်>>>သတ္တမတန်း၌ ပြဋ္ဌာန်းထားသော ဇာတ်ဝတ္ထုများထဲက ပထမဆုံး #နိဂြောဓဇာတ် ကိုဖတ်ကြည့်ပါမည်။

  အသားစားကြူးသော ဗာရာဏသီမင်းသည် ပြည်သူများကို သ မင်လိုက်ရာမှာ အတင်းအဓမ္မလုပ်အားပေးစေသည်။ ပြည်သူများအလုပ်အကိုင်ပျက်သည်။ ပင်ပန်းဆင်းရဲသည်။ ထို့ကြောင့်ပြည်သူအများစုပေါင်းတိုင်ပင်ကာ မင်းဥယျဉ်ကို အလုံအခြုံကာပေးပြီး သမင်ပေါင်းတစ်ထောင်ကို မောင်းသွင်းပေးထားလိုက်ကြသည်။ သမင်တစ်ထောင်မှာ နိဂြောဓ နှင့် သာခ ရွှေရောင်သမင်နှစ်ကောင်က ခေါင်းဆောင်နှစ်ဖြစ်ပြီး ငါးရာစီဦးဆောင်သည်။ မင်းသည် သမင်ပစ်လိုသော် တောသို့သွားစရာမလိုတော့။ ဥယျာဉ်အတွင်းဝင်ပစ်ရုံသာ။ ခေါင်းဆောင်ရွှေသမင်နှစ်ကောင်ကို လှလွန်း၍ဘေးမဲ့ပေးစေပြီး ကျန်သမင်များကို အလိုရှိတိုင်း လိုက်လံပစ်ခတ်သည်။ သမင်များက ကြောက်လန့်တကြားဖြင့် ဥယျာဉ်အတွင်း ပတ်ပြေးရာ ပစ်ခံရတာကတစ်ကောင်၊ အချင်းချင်းထိခိုက်ဒဏ်ရာရတာကအများကြီးဖြစ်နေသည်။ သေရတာထက် ပြေးရတာက ပိုပြီးပင်ပန်းနေကြသည်။ ခေါင်းဆောင်နှစ်ကောင်က အစည်းဝေးခေါ်ပြီး စည်းကမ်းတစ်ခုသတ်မှတ်သည်။ အဖွဲ့နှစ်ဖွဲ့မှသမင်များ အလှည့်ကျစနစ်ဖြင့် သွားရောက်အသေခံဖို့ဖြစ်သည်။ ကျန်သမင်များက သေမည့်ရက်ကို အေးအေးဆေးဆေးမြက်စားစောင့်ကြရုံသာ။
  တစ်နေ့ သာခရွှေသမင်အဖွဲ့က သမင်မတစ်ကောင် အသတ်ခံအလှည့်ကြသည်။ သို့သော် သူမမှာ ကိုယ်ဝန်နှင့်။ သူ့အလှည့်ကိုကျော်၍ မွေးဖွားပြီးမှ အသတ်ခံခွင့်ကို သာခရွှေသမင်ထံ တောင်းဆိုသည်။ မရ။ သာခရွှေသမင်က စည်းကမ်းအတိုင်းပဲ ဟုဆိုသည်။ အားကိုးရာမဲ့ သမင်မခမျာ အခြားအဖွဲ့က ခေါင်းဆောင် နိဂြောဓရွှေသမင်ကို အကူညီသွားတောင်းသည်။ နိဂြောဓက ကူညီသည်။ သမင်မ အစား သူသွားရောက်အသေခံသည်။ အသေခံဖို့ရောက်လာသော နိဂြောဓရွှေသမင်ကိုမြင်တော့ စားဖိုမှူးကမသတ်ရဲ။ ဘုရင့်အကြောင်းကြားသည်။ ဘုရင်ရောက်လာပြီး နိဂြောဓနှင့်စကားပြောတော့မှ မိမိကိုယ်ကိုယ်လည်းရှက်စိတ်ဝင် ၊ နိဂြောဓလည်း ကြည်ညိုမိ၍ သမင်အစ တောနေတောင်နေ ရေနေကုန်းနေသတ္တဝါအားလုံးကို ဘေးမဲ့ပေးလိုက်သည်။ နိဂြောဓတို့ ဌာနေတောအရပ်ကို ပြန်ခွင့်ရခဲ့ကြသည်။ သမင်မက သမင်လေးမွေးတော့ သာခကို မခစားစေပဲ နိဂြောဓကို ခစားစေသည်။ နိဂြောဓသမင်မင်းကလည်း လူတွေစိုက်ပျိုးသည့် ကောက်ပဲသီးနှံများ မစားစေဖို့. သမင်များကိုညွှန်ကြားချက်ပေးခဲ့သည်။

ဒီဇာတ်တော်ကိုဖတ်ပြီး ဆရာဖြစ်သူက ခေါင်းဆောင်ကောင်းဆိုသည်မှာ နိဂြောဓသမင်လို အနစ်နာခံသူ၊ ရဲဝံ့သူ ဖြစ်ရမည်၊ သူတော်ကောင်းနှင့်ပေါင်းမှ ချမ်းသာမည် စသည်ဖြင့် ဖန်တစ်ရာတေနေသော မွဲပြာပုဆိုးသင်္ခန်းစာ အနည်းငယ်ထုတ်ပေးလိုက်မည်။ တပည့်က ဆရာပြောသလောက်သာမှတ်သွားမည်။ ဒီအတိုင်းဆိုပါက အလွန်နှမြောဖွယ်ရာဖြစ်ပါသည်။

ဒီဇာတ်တော်မှာ အလွန်အရေးကြီးသော ဒဿနအမြင်နှစ်ခုကို ချပြထားသည်ကိုတွေ့ရပါဦးမည်။

#ပြဿနာကိုရင်ဆိုင်ခြင်း နှင့်
#ဥပဒေနှင့်အကြင်နာတရားတို့အားပြိုင်မှု တို့ဖြစ်ပါသည်။

 အလုံပိတ်ဥယျာဉ်အတွင်း သမင်တွေပိတ်မိပြီးနောက် အသတ်မခံရဖို့ ကြောက်လန့်တကြားပြေးလွှားပြီး ပင်ပန်းဆင်းရဲဒဏ်ရာတွေရကြတဲ့အခါ ခေါင်းဆောင်များက ပြေးလည်းမလွတ်အတူတူ မပြေးကြဖို့၊ အလှည့်ကြနဲ့ အေးအေးဆေးဆေးအသေခံကြဖို့နဲ့ အလှည့်မရောက်သေးသောသမင်များက သေဖို့ရန်မြက်စားပြီးအေးအေးဆေးဆေးစောင့်နေဖို့ ညွှန်ကြားချက်သည် ယနေ့ လူသားတွေ အကြိတ်အနယ်ဆွေးနွေးသင့်သောဒဿန တစ်ရပ်ကို ချပြသွားသည်ဟုမြင်ပါသည်။ 

အလှည့်ကျအသေခံဖို့ သမင်အားလုံးသဘောတူညီချက်နဲ့ရေးခဲ့သော ဥပဒေသည် ကိုယ်ဝန်သည်သမင်မအလှည့်မှာ ပြဿနာတစ်ရပ်ကိုဖြစ်ပေါ်စေခဲ့သည်။ ဥပဒေအရ အသေခံစေမလား ၊ မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မစိုရ်အရ ဥပဒေကိုနောက်ဆုတ်စေမလား ။ ဒီအချိန်မှာ သာခသမင်က ဥပဒေကိုရွေးချယ်သွားသည်။ဗြဟ္မစိုရ်နောက်ဆုတ် ၊ နိဂြောဓသမင်က ဥပဒေလည်းမပျက်စေရ ဗြဟ္မစိုရ်တရားလည်း  မကွယ်စေရအောင် အလွန်ရဲရင့်ပါးနပ်စွာ အစားထိုးအသေခံခဲ့သည်။ ပြဿနာကို ဥပဒေသက်သက်ဖြင့်မစီရင်ပဲ အကြင်နာတရားဖြင့်ပါ စီရင်သွားခဲ့သည်။

သူ၏ အကြင်နာတရားဖြင့်စီရင်ခြင်းကြောင့်ပင် သူမှအစ ကုန်းနေရေနေ တောနေတောင်နေ သတ္တဝါအားလုံး ဘေးမဲ့ရခဲ့သည်။ ကမ္ဘာလောက သာယာလှပဖို့ ဥပဒေဖြင့်စီရင်ရုံဖြင့်မလုံလောက် အကြင်နာတရားဖြင့်ပါ စီရင်ရမည်ဟု နိဂြောဓဒဿန ကို ချပြသွားသည်။

ယနေ့အခြေနေ မိမိတို့ပြည်သူပြည်သားများသည် အလုံပိတ်ဥယျာဉ်ထဲက အသတ်ခံဖို့စောင့်နေရသော သမင်များနှင့်တူသည်ဟုထင်မိသည်။ မိမိတို့မှာ သာခသမင်လို ငယ်သားတွေဘယ်လိုဖြစ်ဖြစ်ဘာဖြစ်ဖြစ် လက်ရှိဥပဒေ အသေတွယ်ဖက် စီရင်မည့်ခေါင်းဆောင်၊ နိဂြောဓသမင်လို ငယ်သားများ အတတ်နိုင်ဆုံး အဆင်ပြေဖို့ ဥပဒေပြုပြင်၍ အကြင်နာတရားဖြင့်စီရင်မည့်ခေါင်းဆောင်ဟု ခေါင်းဆောင်နှစ်မျိုးလည်းရှိနေသည်။ နိဂြောဓနဲ့ သာခ ခွဲမြင်ဖို့လိုသည်။

 ဤသို့ဤပုံ ဇာတ်တော်များကို ထုံပေပေသင်္ခန်းစာထုတ်ပြရုံလောက်မဟုတ်ပဲ ဥပဒေသဘော ဒဿနသဘောစသည်တို့ဖြင့် ချဉ်းကပ်သုံးသပ် သင်ပြမည်ဆိုပါလျင် ငါးရာငါးဆယ်ဇာတ်တော်များ ပြန်လည်ရှင်သန်အသက်ဝင်လာ၍ စာပေတန်ဖိုးလည်းမြင့်တက်လာကာ စိတ်ဝင်စားမှုများလည်း များပြားလာမည်ဟု ယုံကြည်မိပါသည်။

အကြင်နာတရားဖြင့်စီရင်နိုင်ကြပါစေ။

မောင်ရဟန်း(သာသနာ့ရင်ခွင်)

image

လူတစ်ယောက်က မြတ်ဗုဒ္ဓကိုမေးတယ်။
" ကျနော်တို့ တရားထိုင်ရင် ဘာတွေရနိုင်သလဲ "

မြတ်ဗုဒ္ဓက ပြန်ဖြေတယ် " ဘာမှမရဘူး" တဲ့။

" ဒါဆို ကျနော်တို့ ဘာကိစ္စတရားထိုင်တော့မှာလဲတဲ့ " ထိုသူက ထပ်ပြောတယ်။

မြတ်ဗုဒ္ဓက ပြန်ဖြေတယ်။
" ဒါပေမယ့် ငါ့မှာ ဆုံးရှုံးသွားတဲ့အရာတွေကိုတော့ မင်းကိုပြောပြနိုင်တယ်၊ ဘာတွေလဲဆိုတော့ ..
ဒေါသ၊ မောဟ၊ အမုန်းနဲ့ မကောင်းမြင်တတ်တဲ့စိတ်တွေဖြစ်တယ်၊ ဒါ့အပြင် စိတ်ထဲက အမှောင့်တရားတွေလည်း ဆုံးရှုံးသွားတယ်။ တစ်ကိုယ်ကောင်းဆန်မှု၊ တွေဝေမှု၊ လောဘကြီးမှု ဆိုတဲ့အဆိပ်ကြီးသုံးခုလည်း ဆုံးရှုံးသွားတယ် "

အဓိပ္ပါယ် အင်မတန်လေးနက်သည်။

လူတိုင်းဒီကမ္ဘာမြေပေါ် ရောက်လာပြီဆိုကတည်းက ကိစ္စနှစ်ရပ်ကို မလွဲမသေဖြတ်ကျော်ရမယ်။

မွေးဖွားခြင်း နှင့် သေဆုံးခြင်း။

ကိစ္စတစ်ခုကို ဖြတ်ကျော်ပြီးပြီမယ့် နောက်တစ်ခု ကိုကော ?

၁။ ရေစက်ကြောင့်တွေ့ဆုံရတယ်၊ ရေစက်ကုန်တဲ့အခါ ခွဲခွာကြရတယ်။ လာသင့်တဲ့သူက သူ့ကိုယ်သူ လာပြီး ခွဲခွာသင့်တဲ့သူကို တားမရဘူး။ လာတဲ့သူကို ဝမ်းပန်းတသာကြိုဆိုပြီး ခွဲခွာသွားတဲ့သူကို ပျော်ပျော်ကြီးလိုက်ပို့လိုက်ပေါ့။ အားလုံးက ကံစီရာမံအတိုင်းပါပဲ။ ကံရေစီးနဲ့သင့်ရာကို သဘာဝအတိုင်း စုန်သွားတာ အေးချမ်းပါတယ်။

၂။ အသိဉာဏ်မြင့်တဲ့သူဟာ ဘယ်တော့မှ သူတစ်ပါး ပါးစပ်ထဲမှာ မရှင်သန်နေဘူး၊ သူတစ်ပါးရဲ့ အမြင်ထဲမှာ မရှင်သန်ဘူး။ မိမိကိုယ်တိုင်စိတ်တစ်ခုထဲနဲ့အသက်ရှင်တယ်။ မိမိအကျင့်ကောင်းကိုသာ ဦးစားပေးတယ်။ ရေစက်ဆုံတာ၊ကုန်တာကို ဂရုမစိုက်ဘူး။ ဘာမှမလိုချင်လို့ဘာမှ မတောင့်တဘူး။ စိတ်က သဘာဝနဲ့ သဟဇာတဖြစ်နေတယ်။ အမြဲငြိမ်းအေးနေတယ်။ စိတ်ဟာ အမြဲလွတ်လပ်နေတယ်။ ခေါင်းထဲမှာအမြဲတရားဓမ္မတို့နဲ့ ပျော်မွေ့နေတယ် ။ အများနဲ့ဆက်ဆံဖို့ မျက်နှာဖုံးအတု တပ်စရာမလိုဘူး ။

၃။ လူ့ဘဝရဲ့ အကြီးမားဆုံးနာကျင်မှုက စိတ်နဲ့ကိုယ်နဲ့မကပ်တာပဲ။ သင်သိမသိ၊ ဝန်ခံမခံတော့မသိဘူးပေါ့။
စိတ်ကို အေးချမ်းလှပအောင်ထားပြီး ဦးနှောက်ကို အရှုပ်ထုတ်ကိစ္စတွေ မစဉ်းစားခိုင်းရင် အမုန်းမပိုက်ထားတဲ့ အသည်းနှလုံးတစ်ခုရှိရင် အသက်ရှုရတာပေါ့ပါးပြီး လူဖြစ်ရတာ ပျော်ရွှင်စရာကြီးပါ။ စိတ်ကို လေဟာနယ်ကြီးတစ်ခုလို အမြဲရှင်းထားပြီး ငြိမ်သက်အေးချမ်းမှုအချိန် တစ်ခုအမြဲပေးပေးပါ။ ကုသိုလ်ကောင်းမှုလုပ်ပြီး သူတစ်ပါးကိုကူညီပါ။

၎။ တကယ့်တရားထိုင်ခြင်းက နာရီအရေအတွက်မဟုတ်ပါဘူး။ နားကနေ ပန်းပွင့်လာတဲ့ အသံတောင်ကြားနိုင်လောက်အောင် စိတ်က ကြည်လင်နေမယ်၊ လှိုင်းတစ်ချက်တောင်မရှိဘဲ ငြိမ်သက်နေတဲ့ရေပြင်တစ်ခုလိုဖြစ်နေမယ်။ ဘာမှဆုပ်ကိုင်စရာမရှိတဲ့ လေဟာနယ်ထဲကိုရောက်နေမယ်။ အိပ်ရင်းတရားမှတ်နိုင်တယ်၊ ထိုင်ရင်းတရားမှတ်တယ်၊ စားရင်းတရားမှတ်တယ်။

၅။ ဓာတ်ကြီးလေးပါးဟာ မတည့်ကြဘူး။ အမြဲတစ်ခုကို တစ်ခု တွန်းထုတ်တိုက်ခိုက်နေတယ်။ ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော၊ ဆိုတဲ့ မြေ၊ ရေ၊ မီး၊ လေ။ ပထဝီဓာတ်ဖြစ်တဲ့သစ်သားကို မီးက လောင်မြိုက်တယ်။ မီးကို လေနဲ့ ရေက ငြိမ်းတယ်။ သဲနဲ့ဖို့ငြိမ်းတယ်။ ရေကိုမီးနဲ့အငွေ့လုပ်ပစ်တယ်၊ လေထဲမှာပါတဲ့ အောက်စီဂျင်ကို မီးက လောင်ကျွမ်းတယ်။
လူကိုယ်က ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာမို့ တစ်ခုကိုတစ်ခု အမြဲတွန်းထုတ်နေတယ်။ ဆဲလ်တွေ စဉ်ဆက်မပြတ်ဖြစ်နေတယ်၊ ပျက်စီးနေတယ်။ အသားဆိုတဲ့ ပထဝီဓာတ်၊ သွေးနဲ့အရည်ဆိုတဲ့ အာပေါဓာတ်၊ ခန္ဓာကိုယ်ထဲက အစာချေဖျက်နိုင်တဲ့ မီးဆိုတဲ့တေဇောဓာတ်၊ ရှုရှိုက်တဲ့ကိုယ်ထဲက လေဓာတ် တစ်ခုကိုတစ်ခုအမြဲ သဟဇာတ ဖြစ်ဖို့ကြိုးစားရင်း တိုက်ခိုက်နေကြတယ်။

၆။ ငါ ဆိုတာ ဘာလဲ?
ငါ့ဆီမှာမျက်လုံး ရှိတယ်။ ခြေလက်ရှိတယ်။
ဒါဆို မျက်လုံးကို လူလို့ခေါ်တာလား၊ ခြေလက်ကို လူလို့ခေါ်တာလား? ဒါဆို မျက်လုံးဆိုတာကကော ဘာလဲ? မျက်ကြည်လွှာကိုမျက်လုံးလို့ခေါ်တာလား၊ မျက်လုံးအဆံနက်ကို မျက်လုံးလို့ခေါ်တာလား၊တကယ်လို့ လူကို အလုံးကြီးတစ်ခုလုပ်လိုက်မယ်ဆို အဲဒီအသားလုံးကြီးက လူဖြစ်သေးရဲ့လား။
တကယ်တော့ ပညတ်( တကယ်မရှိတာနဲ့) ပရမတ် ( တကယ်ရှိတာ) ဆိုပြီး နှစ်မျိုးရှိတယ်။
လူဆိုတာ တကယ်တော့ အခေါ်အဝေါ် တစ်ခုပါ။ တစ်ကယ်မရှိပါဘူး။ ဒါဆို ကျနော်တို့က တကယ်မရှိတဲ့ငါ အပေါ် ဘာဖြစ်လို့ မာနတွေကြီးနေရတာလဲ၊ အာဃာတတွေထားနေရတာလဲ။ အားလုံးကိုနားလည်ပြီး လွှတ်ချလိုက်ပါ။

၇။ လူ့ဘဝမှာ ဖြစ်ပေါ်လာတဲ့အရာတိုင်းကို ပိုင်ဆိုင်ချင်လို့မရပါဘူး၊ ဖြတ်သန်းသွားခွင့်ပဲပေးလို့ရမယ်။
ကျနော်တို့အားလုံးဟာ အချိန်တစ်ခု၊ ခေတ်တစ်ခုရဲ့ ဧည့်သည်အချို့ပါ။ တစ်နေ့မှာ ကျနော်တို့လည်း အရာအားလုံးကို နှုတ်ဆက်ရမှာပါ ။

Sort:  

အရမ်းကိုတန်ဖိုးရှိတဲ့Postလေးပါ

Posted using Partiko Android

ကျေးဇူးပါ

Posted using Partiko Android


Congratulation ! @hnineikhaing have featured @chirstonawba 's awesome post in my bounty post . If you interest in, you can visit me.


ဂုဏ်ယူပါတယ် ခင်ဗျ။ @chirstonawba ၏ ထူးခြား ပြောင်မြောက်သော ဒီပိုစ့်ကို @hnineikhaing မှ ကျွန်တော့ ပိုစ့် အောက်တွင် လာရောက် ညွှန်းဆို ပေးသွားပါသည်။ စိတ်ဝင်စားရင် ကျွန်တော့ ပိုစ့်ကို လာလည်ဖို့ ဖိတ်ခေါ်ပါသည်။

My bounty post link : https://steemit.com/community/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-20-aggamun

Posted using Partiko Android