မိဘ

in #myanmar7 years ago (edited)

အဖေ သုံးလေးယောက်နှင့် အမေ များ


မာတာပိတု ဥပဋ္ဌာနံ၊ ဧတံမင်္ဂလမုတ္တမံ
အမိအဖတို့ကို လုပ်ကျွေးပြုစုရခြင်းသည်
ကောင်းမြတ်သောမင်္ဂလာမည်၏။
( မြတ်ဗုဒ္ဓ ဒေသနာ)
သက်ရှိလောက ရှိနေသ၍ မိဘ ဆိုတာ ရှိနေမှာပါ
မိဘ မရှိရင်တော့ ဘယ်သက်ရှိမှ ဖြစ်ပေါ်လာမှာ
မဟုတ်ပါဘူး အဦးဆုံးကျေးဇူးရှင်တွေ ဆိုတာ
ပြောနေစရာမလိုပေ။

အမေ နဲ့ အဖေ ဟာ ဒွန်တွဲနေပါတယ် ဘယ်သူကို
ပိုချစ်သလည်းလို့ မေးလို့ရပါတယ် သို့သော် ဘယ်သူက ကျေးဇူးပို ကြီးတယ်ဆိုတာကိုတော့ မမေးအပ် မနိုင်းယှဉ်ကောင်းသောအရာပါ။

အမေ တော်တော်များများက သားသမီး မှားမှားမှန်မှန် ခွင့်လွှတ်တတ်မြဲ ချစ်မြဲ ဒါကြောင့်
အမေကို ပို၍ ချစ်ကြသည်မသိ။

အဖေ ဆိုတာကတော့ ဆုံးမ သွန်သင်မှုမှာ မျက်နှာမလိုက် ချစ်ခြင်းကို မဖော်ပြတတ်ကြ ထို့
ကြောင့် အဖေများသည် သားသမီးများရဲ့ အရင်နှီးဆုံး သူစိမ်းပမာဖြစ်နေကြပါ၏ မုန်း၍ကား
မဟုတ်ကြပေ။

အနန္တဂိုဏ်းဝင် မိဘ သည် နှစ်ဦးမျှသာ ရှိသော်
လည်း အကိုကြီးသည်၎င်း အမကြီးသည်၎င်း
ဆွေမျိုးတို့သည်၎င်း သူစိမ်းတို့သည်၎င်း

အမေ့မေတ္တာမျိုး အဖေ့ မေတ္တာမျိုး ပေးနိုင် သူမှန်သမျှသည် မိဘ လို့ သတ်မှတ်ထိုက်ပါ၏
ကျေးဇူးဆပ်ထိုက်ပါ၏ သူတို့သည် အနန္တဂိုဏ်းဝင် မဖြစ်ကြသော်လည်း ကျေးဇူးရှိ ပါသော ခင်ပွန်းကြီး များ ဖြစ်ကြ၍ ဖြစ်ပါသည်။

ယနေ့ခေတ် အခါ၌ မိရင်း ဖရင်းတွေသည်က
စွန့်ပစ်ကြ အမွေဖြတ်ကြ သွေးထွက်သံယို ပြုကြ
အစုံ ကြားသိနေကြရသည်ကား စိတ်မချမ်းမြေ့
ဖွယ်ရာ ကျွန်ုပ်တို့၏ မိဘ များသည် ထိုကဲ့သို မဖြစ်
ကြ၍ မိမိကံကို၎င်း အမိအဖ တို့ကို၎င်း ကျေးဇူးတင်ရပေသည်။

ရခဲသော လူဘဝကို ဖြစ်တည့်ခွင့် ပေးကြ၍ မြတ်နိုး စရာကောင်းလှပါသည်။
ကျွန်ုပ်တို့လို ရဟန်းတော်များအဖို့ မိဘ နှစ်စုံကို
ပိုင်ဆိုင်ကြရ၍ တမူထူးခြားပါ၏ တစ်စုံက မိရင်း
ဖရင်း တစ်စုံကား ရဟန်းဒကားများဖြစ်ပါ၏။

ကျွန်ုပ်ကျင်လည်ခဲ့ နေခဲ့သမျှနယ်ပယ်များ၌
အမိကဲ့သို့၎င်း အဖ ကဲ့သို့၎င်း ချစ်ခင်ကြင်နာကြ
ပါသော ဒကာ ဒကာမ များနှင့် ဆုံဆည်းခွင့်ရ၍
ကျေနပ်ရပါသည် မိမိကံတရားကို၎င်း ထိုသူတို့ကို
၎င်း မြတ်နိုးပါ၏ ကျေးဇူးတင်ပါ၏။

အရာရာမှာ မွဲတေသော်လည်း ထိုသူတို့၏မေတ္တာ
တရားများကြောင့် ပြည့်စုံပါ၏နွေးထွေးပါ၏
ဝမ်းသာစရာပါပေ။

ကျွန်ုပ်ရောက်လာလျှင်ပြုံးရွှင်ကြ၏ပြုစုယုယကြ၏
မြတ်ဘုရား၏ အဆုံးအမအောက်မှာ နေ၍လည်း
ဖြစ်မည်ထင်ပါသည်။

မြစ်ကြီးနားမြို့ ကိုးထောင်ဘို့ရွာ ပိတောက်ခုံရွာ
ပေါက်ကုန်းရွာ ကိုင်းမရွာ မန္တလေးမြို့ ရှမ်းပြည်မြောက်ပိုင်း ကံကြီးရွာ စသည့်နယ်များ၌ရှိသော မိမိနှင့် ရင်းနှီးသော ဒကာ ဒကာမ များသည် မိမိအား အမိကဲ့သို့၎င်း အဖကဲ့သို့၎င်း ကြွေးမွေး ယုယကြ ပါသည်
သားသမီးများထက်ပင် ပိုမို ဂရုစိုက်တတ်
ကြပါသည် ။

ကောင်းနိုးရာရာ ဖွယ်ဖွယ်ရာရာတွေ နှင့် ဘယ်လောက် ကျေနပ်စရာ ဂုဏ်ယူစရာဖြစ်
လည်း။

ပြောရင်ပိုမည်ထင်သည် ဦးဇင်းရဲ့ ဒကာ ဒကာမ များသည် မိခင်သဖွယ် ဖခင်သဖွယ်ဖြစ်၍
အိပ်ယာ၌၄င်း အိပ်ယာခင်းပေးယုံမက စောင်ကို
ပင် ခြုံပေးတတ်လေသည် အစားအစာ၌၄င်း
အခွံနွှာ အရိုးထွင်မှအစ ကလေးတစ်ယောက်ပမာ
ချစ်ခင်မြတ်နိုး ပေးရှာကြသည် အော် မေတ္တာ တရားကြီးမား ကြပါပေ့။

မိဘ မေတ္တာ ထားနိုင်သူမှန်သမျှ အမိ အဖ ဟူ၍
မည်ထိုက် မြတ်နိုးအပ်ပါပေသည်။
ကျွန်ုပ်ကဲ့သို့သော မိဘ များပိုင်ဆိုင်သူများလည်း
ရှိနိုင်ပါပေသည် အမိ အဖ မေတ္တာ ပေးသူတိုင်း
အား မိမိ၏ အမိအဖ ကဲ့သို့မှတ်ယူပါ ပြုစု လုပ်ကြွေးပါ ။

အမိအဖ မရှိသောသူများသည် မျက်နှာငယ်ဖွယ်
ဖြစ်သော်လည်း မိမိအား အမိရင်းအဖရင် များ
ကဲ့သို့ ကြွေးမွေးပြုစု စောင့်ရှောက် သူများအား အမိအဖကဲ့သို့ မှတ်ယူပါ ကျေးဇူးသိပါမြတ်နိုးပါ။

မိဘ ရှိသူများ သူတို့က ပေး၍သာ အလွန်မြတ်
သော လူဘဝ၌ ဖြစ်တည်ရ၍ အမိရှိမှ အဖရှိမှ
ရနိုင်ပါသော ကုသိုလ်ကို ပြုမိပါကုန် ကြွေးမွေပါ ကုန်။

သေမှအမျှဝေခြင်းကား အမိအဖတို့ ရမည်မှာ
လုံးဝမသေခြာပေ ရှင်စဉ် ကြွေးမွေးစောင့်ရှောက်
ပါ မြတ်နိုးယုယပါ မိမိ ငယ်ဘဝ ကိုမြင်ပါ စာနာပါ
သားကောင်းသမီးမြတ်များ ဖြစ်နိုင်ကြပါစေ။

။ ။ စကားမစပ် ကျွန်ုပ်၌ အဖေ သုံးလေးယောက်နှင့်
အမေ အများ ရှိပါသည်။ ။

မာတာပီတု ဂုဏောအနန္တော ဟု
အပြောကျယ် စွာ သံသရာ ဝယ်
မာတာပီတ မိနှင့်ဘတို့
ရေကြည်ကလလ
တည်ဦးစပင် ချိုချဉ် ပူစပ်
ရှင်းရှင်းပြတ်အောင် မပြတ် ယုယ
မိဘတို့မှာ စိုးရိမ်စွာဖြင့်
အစားဆိမ့်အေး နို့ချိုပေး၍
ကျွေးသည့်မိခင် မွေးဘရှင်ကို
အဟံ ဘုရားး တပည့် တော်သည်
ဝန္ဒာမိ သဒ္ဒါ ညွတ်ကျိုး လွန်မြတ်နိုးလျက် ရှိခိုးပါ၏ အရှင် ဘုရား...
အဖေ သုံးလေးယောက်နှင့် အမေများ ကျန်းမာ
ချမ်းသာ ၍ သာယာလှပသော ဘဝများဖြင့်
နိဗ္ဗာန် ရောက်နိုင်ကြပါစေ…
မေတ္တာဖြင့် ပန်းသီကြိုး-ကြိုင်ဆေး
🙏🙏🙏🙏🙏..
🌎🌍🌏🌷🌹🌻🌼🌺🌺🌳🌴🌲
အမေများနေ့ အထိမ်း အမှတ်
Next....

အင်ဒရူးကာနယ်ဂျီလ် ပြောသည့် အောင်မြင်ခြင်း (၁၀) ချက်

၁၈၄၈ ခုနှစ်မှာ အမေရိကကို သူရောက်တော့ သူ့လက်ထဲမှာ ၁ ဒေါ်လာပဲ ရှိခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ သာမာန်လူမှမဟုတ်ခဲ့တာ။ ဘာမဆို ကြိုးစားရင် ရတယ်လို့ နားလည်တဲ့သူရဲ့ သူမတူအောင် ကြိုးစားအားထုတ်မှုတွေကြောင့် ၁၉၀၁ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်။
သူ့ရဲ့ ထူးခြားပြီး အများနဲ့မတူတဲ့ တွေးခေါ်တတ်မှု၊ ကြိုးစားအားထုတ်မှုတွေကြောင့် သူ့အပေါ် အများစိတ်ဝင်စားမှု မြင့်တက်လာတဲ့အချိန်မှာ ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့ Napolean Hill နဲ့ အင်တာဗျူး တွေ့ဆုံဖို့ ၁၉၀၈ ခုနှစ်မှာ သူ ခွင့်ပြုခဲ့တယ်။ Hill ဆိုတာကလည်း လက်ရှိ ကမ္ဘာ့ အအောင်မြင်ဆုံး လူတွေရဲ့အကြောင်းကို မှတ်တမ်းတင်နေတဲ့ လူတော်တစ်ယောက် မဟုတ်လား။
သူဟာ Hill ကို သူ့ရဲ့အကောင်းဆုံး လက်နက်တွေ ထုတ်ပြခဲ့တယ်။ သူ့ကို ထိပ်ဆုံးကို ရောက်ရှိအောင်တွန်းပို့ခဲ့တဲ့ လှို့ဝှက်ချက်တွေကို နောက်လာနောက်သားတွေအတွက် ပြောပြခဲ့တယ်။ သူ့ရဲ့ပြောဆိုအကြံပြုချက်တွေကို အခြေခံပြီး ၁၉၃၇ ခုနှစ်မှာ Hill ရေးသားထုတ်ဝေခဲ့တဲ့ "Think and Grow Rich" စာအုပ်ဟာ အချိန်တော်တော်များများထိ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာအုပ်စာရင်း ဖြစ်ခဲ့တယ်။
Hill ဟာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအလုပ်လုပ်ရမလဲ၊ ဘယ်အချက်တွေက အောင်မြင်သူတစ်ယောက်ဖြစ်စေမလဲ၊ တစ်နည်း အောင်မြင်ခြင်းရဲ့ လှို့ဝှက်ချက်တွေကို ရှာဖွေတဲ့အခါ သူ့ရဲ့ လက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့ "10 Rules of Success" ကို ပြောပြခဲ့တယ်။
ကျွန်တော်ကတော့ ဒါကို "ရွှေလက်ချောင်း ၁၀ ချောင်း" လို့ ခေါ်ချင်မိတယ်။

ရွှေလက်ချောင်း ၁ - ရည်မှန်းချက်ကို သိရှိပါ။
လက်တွေ့ကျတဲ့ အစီအမံတစ်ခုကို ရေးဆွဲပြီး အချိန်မဆိုင်းပဲ အခုပဲ ထလုပ်လိုက်ပါ။

ရွှေလက်ချောင်း ၂ - မဟာမိတ် စိတ် ပိုင်ရှင် ဖြစ်ပါစေ
ခင်ဗျားမှာ မရှိတာကို ရှိနေတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး အလုပ်လုပ်ပါ။

ရွှေလက်ချောင်း ၃ - ကိုယ်သွားနိုင်တာထက် ပိုသွားပါ။
ကိုယ်လုပ်နိုင်တာထက် ပိုမိုထပ်ကာ ထပ်ကာ ပြုလုပ်ခြင်းက အထက်ကို တွန်းတင်ပို့တဲ့ အသေချာဆုံးသော အောင်မြင်မှု သော့ချက်တစ်ခု ဖြစ်တယ်။
ရွှေလက်ချောင်း ၄ - ယုံကြည်မှုကို တည်ဆောက်ပါ။

မိမိကိုယ်နဲ့ မိမိရဲ့ ရပ်တည်ချက်ကို ခိုင်မာတဲ့ ယုံကြည်မှုရှိခြင်းက ပြီးပြည့်စုံတဲ့ စိတ်ချယုံကြည်မှုကို
ဖြစ်စေပြီး သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်တယ်။

ရွှေလက်ချောင်း ၅ - ပင်ကိုယ်အရည်အချင်းကို ပြုစုပျိုးထောင်ပါ။
အများက လုပ်ပါလို့ မပြောခင် မိမိအသိစိတ်နဲ့ လုပ်ပါ။

ရွှေလက်ချောင်း ၆ - စိတ်ကူးတွေကို ချဲ့ထွင်ပါ။
"ဒီလောက်ဆို တော်ပြီ" ဆိုတာထက် ပိုတွေးနိုင်ရမယ်။ ပိုလုပ်နိုင်ရမယ်။

ရွှေလက်ချောင်း ၇ - စိတ်ကို အမြဲတမ်း ထက်သန်အောင် ကြိုးစားအားထုတ်ပါ။
အပြုသဘောဆောင်တဲ့ စိတ်အခြေအနေက သင့်ကို အမြဲတမ်း အများတကာထက် အလုပ်ပိုလုပ်နိုင်စေသလို၊ အများတကာရဲ့ လေးစားမှုနဲ့လည်း ထိုက်တန်စေတယ်။

ရွှေလက်ချောင်း ၈ - တိတိကျကျ တွေးပါ။
ကိစ္စတစ်ခုသုံးသပ်ရာတွင် မိမိ၏ ကိုယ်ပိုင် စိတ်ကူးယဉ်တွေးတောထားသည့် အချက်အလက်များကို
ခွဲခြားသိရှိရန်၊ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုများနှင့် ပြဿနာများ၏ အချက်အလက်များကို ခွဲခြား၍ ပကတိအမှန်အတိုင်း သုံးသပ်တွေးတောခြင်းက အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်စေပါတယ်။

ရွှေလက်ချောင်း ၉ - လက်ရှိဘာလုပ်နေသည်ကို အမြဲစူးစိုက်ပါ။
မိမိရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်များမှ သွေဖွယ်စေမည့် အတွေးများ၊ အလုပ်များကို အမြဲသတိပြုခြင်းက အောင်မြင်မှု၏ နောက်ထပ်သော့ချက်တစ်ခု ဖြစ်တယ်။

ရွှေလက်ချောင်း ၁၀ - အခက်အခဲရဲ့ အကျိုးရလာဒ်ကို သိရှိပါ။
အခက်အခဲကြုံလာတိုင်းမှာ စိတ်မပျက်ပါနဲ့။ ဘယ်အရာမဆို ဒင်္ဂါးပြားတစ်ပြားလိုပဲ ပြဿနာတစ်ဖက်၊ အကျိုးပြုရလာဒ်တစ်ဖက် ရှိပါတယ်။
အဲ့ဒီ ကျွန်တော်ပြောတဲ့ သူဆိုတာက အင်ဒရူးကာနယ်လ်ဂျီပေါ့။

Next....

" စိတ်ညစ်ရင် အာရုံပြောင်းလိုက်ပါ "

ဘဝမှာ အမြဲတမ်း ပျော်ရွှင်တက်ကြွနေဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ ။

တစ်ခါတလေ ပျော်မယ် ၊
တစ်ခါတလေ စိတ်ညစ်မယ် ၊
တစ်ခါတလေ ဘာမှအသုံးမဝင်တဲ့ တောထဲက သစ်ဆွေးတုံးကြီးလို ခံစားချင် ခံစားရမယ် ။

ဒါ ဘာဖြစ်လို့လဲ လို့ မေးရင် . . .
အာရုံ ကြောင့်လို့ ယေဘူယျ ဖြေလို့ ရပါတယ် ၊

ဘဝခရီးတလျှောက်မှာ အာရုံမျိုးစုံနဲ့ တွေ့နေရမှာပါ ။
နှစ်သက်တဲ့အာရုံ ၊ မနှစ်သက်တဲ့ အာရုံ တွေ တွေ့ရမယ် ၊ တခါတလေ အာရုံတစ်ခုကြောင့် ကိုယ့်ရဲ့ ဘဝလမ်းကြောင်း ပျောက်နေတတ် တာတောင် ရှိတတ်ပါတယ် ။ ဒါက ကြုံတွေ့ရသူအတွက် အလွန် အန္တရာယ် များလှပါတယ် ။

ဒီတော့ ဘာလုပ်မလဲ ?
အာရုံပြောင်းပစ်လိုက်ဖို့ပါပဲ ။

အာရုံပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး သီဟိုဠ်ဓမ္မဝတ္ထုလေးတစ်ပုဒ် ပြောပြချင်ပါတယ် ။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ တိဿဆိုတဲ့ ကိုရင် တစ်ပါး ရှိခဲ့ဖူးတယ် ၊

တစ်နေ့မှာ စိတ်ညစ်စရာ အာရုံနဲ့တွေ့ပြီး လူထွက်ချင်လာပါသတဲ့ ။ ဒါကြောင့် ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ် ။

ဒီတော့ ဆရာဘုန်းကြီး . .
"အင်း . . အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး ၊ အာရုံကြောက့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပြန်ကုပေးမှပဲ ၊ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ် ၊ အာရုံသစ် တစ်ခု ပြောင်းပေးမယ် " ဆိုပြီး တွေးမိပုံရတယ် ။

ကောင်းပြီ ငါ့တပည့် ၊ လူထွက်ဖို့ ဆုံးဖြတ်ရင်လည်း မတားလိုဘူး ။ ဒါပေမယ့် ငါတို့နေတဲ့ကျောင်းဟာ ချိုးရေ အလွန် ရှားတယ် ။ လူမထွက်ခင် ငါတို့ကို ရေပေါရာ စိတ္တရတောင်ကို ပို့ပေးခဲ့ပါ" လို့ မိန့်လိုက်ပါတယ် ။

ကိုရင်တိဿကလည်း ဆရာဘုန်းကြီး ပြောတဲ့အတိုင်း သူ့ဆရာကို စိတ္တရတောင်ကို ပို့ပေးရှာတယ် ၊ စိတ္တရတောင်ကို ထပ်ရောက်တော့ ဆရာဘုန်းကြီးက ဘယ်လို ထပ်မိန့်သလဲ ဆိုတော့ . . .

"ငါ့တပည့်ရယ်. . ဒီစိတ္တရတောင်တွေမှာရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင် သံဃိကကျောင်းတွေ ဆိုတော့ အစစဆင်ခြင် ရတယ် ။ သိပ်လွတ်လပ်မှု မရှိဘူး ၊ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး လိုချင်တယ် ၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ် ၊

ကိုရင်တိဿလဲ လူထွက်ခါနီး ဆရာသမားကို နောက်ဆုံးပြုစုပေးခြင်း ဆိုတဲ့အသိနဲ့ တက်တက်ကြွကြွ ပြုပေးရှာတယ် ။

ကိုရင်တိဿဟာ ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့်ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာ သေခြာစဉ်းစား တယ် ၊ ပြီးတော့မှ ဥတုသုံးပါးနဲ့ သင့်လျော်မယ့် တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်း စတူးပါတယ် ။

အံ့သြဖို့ကောင်းတာက ကိုရင်တိဿဟာ နောက်ဆုံး အခွင့်အရေး ဆိုတဲ့ နှလုံးသွင်းနဲ့ အလုပ်သုံးခုကို တပြိုင်နက်ထဲ လုပ်နေတာပဲ ၊

၁။ကမ္မဋ္ဌာန်းကျောင်းအတွက် လှိုဏ်ဂူတူးတာရယ် ၊
၂။ဆရာဘုန်းကြီးဆီမှာ သင်ခဲ့တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို ရွတ်ဖတ်သရဇ္ဈယ် နေတာရယ် ၊
၃။တေဇောကသိုဏ်းကို ရှုမှတ်ပွားများနေတာရယ်ပါ ။

ထပ်ပြီးအံ့သြဖို့ ကောင်းတာက ကျောင်းပြီးစီးတဲ့အချိန် ၊ ကျမ်းရွတ်ဆိုပြီးချိန် မှာ ပွားများနေတဲ့ တေဇောဓာတ်ဟာလည်း မပ္ပနာဈာန်အဆင့်ထိ ရောက်လာခဲ့တာပါပဲ ။

ကိုရင်တိဿလည်း ဝမ်းသာအားရနဲ့ ကျောင်းဆောင်ပြီးသွားကြောင်း ဆရာဘုန်းကြီးကို သွားလျှောက်တဲ့အခါ ဆရာဘုန်းကြီးက လှုဏ်ဂူကျောင်းကလေးကို ကြည့်ပြီး ဘယ်လို ထပ်မိန့်သလဲ ဆိုတော့ . . .

အိုး. . . . ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား ၊ ငါတော်တော် သဘောကျပါတယ် ၊ ငါ့တည့် ပင်ပင်ပမ်းပမ်း နဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေး ဆိုတော့ ငါ့တပည့်က ဒီနေ့တစ်ရက်တော့ အရင်နေလိုက်ပါဦး ၊

ငါ့တပည့်လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာ ၊ ငါတို့ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့ စွမ်းနိုင်သလောက် ရှုပွားလိုက်ပါဦး " . . . . လို့ ဆက်မိန့်ပြန်ပါတယ် ။

ကိုရင်တိဿလည်း ဆရာ့စကားအတိုင်း
မိမိပြုလုပ်ထားတဲ့ လှုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ် ၊
လှုဏ်ဂူလေးကလည်း အသစ်လှလှလေး ၊
ရာသီဥတုကလည်း သာယာ ၊ ဒီတော့ ကိုရင်တိဿရဲ့ စိတ်ထဲ ဝမ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ် ။

ပြီးတော့ တေဇောကသိုင်းပွားပြီး အပ္ပနာဈာဉ်အထိလည်း ရထားတော့ ပီတိနဲ့ရတဲ့အပ္ပနာဈာဉ်ကို အခြေခံပြီး တရား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတော့တယ် ။

ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကို မှန်းပြီး ဦးချပြီးတော့ . . .
"သြော်. . . စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကို ယိမ်းမနေပါလား ၊ အာရုံပြောင်းလိုက်တာနဲ့ ဘဝ တစ်ဆစ်ချိုးပြီး အမြင့်ဆုံးပန်းတိုင် တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားတာပါလား" လို့ ဆင်ခြင်မိလိုက်ပါသတဲ့ . . . ။

ကဲ. . . စာဖတ်ညီငယ်, ညီမတို့ရေ ၊
စိတ်ညစ်ရင် စိတ်ညစ်တဲ့အတိုင်း မထားပါနဲ့ ၊
လောကပြစ် ၊ ဓမ္မပြစ် မဖြစ်စေတဲ့ ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို ပြောင်းလိုက်ပါနော်. . .။

image

Sort:  

This post has received a 0.25 % upvote from @buildawhale thanks to: @bigbosss. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58004.44
ETH 2579.54
USDT 1.00
SBD 2.40