ချစ်မိပါသည် ………သို့သော် (3)

in #msu6 years ago

ချစ်မိပါသည် သို့သော် (၁) မဖတ်ရသေးသောမိတ်ဆွေများ အောက်ပါလင်ခ်မှ (၁) ကိုဖတ်နိုင်ပါသည်။

https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-1

ချစ်မိပါသည် ………သို့သော် (2)

https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-2

ချစ်မိပါသည် ………သို့သော် (3)

တယောက်နှင့်တယောက် ကုထုံးတွေအကြောင်းဖလှယ်ကြရင်းက မောင်နှင့်ပို၍ရင်နှီးခဲ့ရသည်။ ဖုန်းနံပါတ်တွေပေး အီးမေးလ်တွေပေးစသဖြင့် သူ့အကြောင်း ကိုယ့်အကြောင်း လိုသည်ထက်ပို၍ ရင်ဖွင့်မိကြတော့သည်။ ကူရာကယ်ရာမဲ့သော သူမအတွက်တော့ မောင့် အားပေးစကားများသည် အိုအေစစ်သဖွယ်ဖြစ်နေတော့သည်။ လူချင်းမတွေ့ရသည့်တိုင်အောင် အဆက်အသွယ်တော့ မပြတ်ဘဲရှိခဲ့သည်။ သို့သော် မောင်ရော သူမပါ တယောက်အပေါ်တယောက် မရိုးသားကြသည်ကိုတော့ အချင်းချင်းသိကြသည်။ တခါတရံမောင်က လက်ဆောင်လေးတွေ ပို့ပေးတတ်သည်။ ကိုကို့ဆီက လက်ဆောင်တွေနှင့် ဝေးခဲ့ရသည်မှာ သုံးနှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ သူမလည်းနှလုံးသားနှင့်လူပင်။ ဂရုစိုက်ကြင်နာ ယုယမှုများကို မက်မောသည်။ တောင့်တသည်။ ယခုတော့ မောင်က သူမရဲ့ကွက်လပ်များကို ဖြည့်ပေးနေသည်။ နေမကောင်းဖြစ်လျှင် ဆေးသောက်ဖို့သတိတရ ဖုန်းဆက်ပေးတတ်သည့်အပြင် အစားအသောက်များကို လူကြုံနှင့်ပို့ပေးတတ်သည်။ တခါတရံ သူမနှင့်လိုက်ဖက်လိမ့်မည်ဟုဆိုပြီး အဝတ်အစားများ ဝယ်ပို့ပေးတတ်သည်။ တခါတရံတွင်တော့ ဖုန်းအကြာကြီးဆက်ပြီး သူမကို အားမငယ်ဖို့ အားပေးတတ်သည်။ ထိုအချင်းအရာကို ကိုကိုကလည်း ရိပ်မိသည်။ သူမအရင်လို မပြင်မဆင်မဟုတ်ဘဲ လှလှပပလေးဝတ်ပြီး အပြင်သွားပါက ကိုကိုကပြုံးပြီးကြည့်နေတတ်သည်။ နှုတ်ဆက်စရာ မလိုသည့်တိုင်အောင် အကျင့်ပါနေသောသူမက အပြင်သွားဖို့ အသိပေးတတ်သည်။ ကိုကိုကတော့ မတုန်မလှုပ်ကျောက်ဆစ်ရုပ်ကဲ့သို့ပင်။ မောင်ကတော့ ထိုသို့မဟုတ် အပြင်တနေရာသွားပါကလည်း အသိပေးမှကြိုက်သည်။ အကြောင်းတခုခု ထူးပါကလည်း အရင်သိရမှကျေနပ်သည်။ မောင်နှင့်သူမသည် သံယောစဉ်နယ်လွန်ရာအရပ်သို့ ချဉ်းနင်းဝင်ရောက်မိနေတာ အတော်ကြာပြီဖြစ်သည်။ သို့သော် တယောက်မှတော့ နှုတ်ကဖွင့်မပြောကြ။ အပြင်တွင်လည်း တခါတရံသာတွေ့သည်။ တွေ့တိုင်းလည်း အအေးဆိုင်ကောင်းကောင်းတွင်သာ ထိုင်၍ စကားပြောတတ်သည်။ယုတ်စွအဆုံး သူမလက်ကိုပင် မောင်မကိုင်ဖူးပေ။ သို့သော် မောင်နှင့်သူမသည် တနေ့မတွေ့ရလျှင်ပင် အရူးလိုဖြစ်သည်အထိ သံယောစဉ်နှောင်တွယ်မိတော့သည်။ ချစ်မိပါသည်ဟု မပြောရုံသာကျန်တော့သည်။ တယောက်အတွက်တယောက် အသက်ပေးမိမတတ်ပင် ဖြစ်ကြသည်ကို နှစ်ယောက်စလုံးက သိသည်။ နောက်ပိုင်းတွင် မောင်သည် မောင့်မိန်းမအပေါ်မကျေနပ်မှုများကိုပါ ရင်ဖွင့်လာသည်။ အမှန်အတိုင်းဝန်ခံရပါက သူမလိပ်ပြာ မလုံပေ။ ကလေးငယ်ငယ်လေး၏မိခင်တယောက်သည် သူမ၏ အိမ်ထောင်ရှင်ယောက်ျားတယောက်အပေါ်တွင် စိတ်ကျေနပ်သည်အထိ အဘယ်မျှပြုစုနိုင်မည်နည်း။ သို့သော် အပြစ်မြင်လာသောမောင့်အတွက်တော့ မောင့်မိန်းမသည် လင့်ဝတ္တရားများ လစ်ဟင်းသည်ချည်းသာ။ သို့သော် မောင်သည် သူမနှင့်စကားပြောလျှင်ဖြစ်စေ တွေ့ရလျှင်ဖြစ်စေ ကလေးငယ်တယောက်လိုမြူးတူးနေတတ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် မောင်ရောသူမပါ အတိတ်အကြောင်းများကိုမေ့၍ လက်ရှိအခြေအနေတွင်သာ ပျော်နေတော့သည်။ ထိုသို့ဖြင့်ပင် တနေ့တော့ သူမတို့နှစ်ဦးစလုံး၏ အသိတရားများ စောင့်ထိန်းခြင်းများ အားလုံးအရည်ပျော်ကျသွားတော့သည်။ ကောင်းကင်တွင် တိမ်မည်းတိမ်ညိုများ ထူထပ်နေပြီး တလောကလုံး မှောင်နှင့်မည်းမည်းဖြစ်နေသော တညနေတွင် သည်းထန်သောမိုးများနှင့်အတူ သူမတို့၏ သတိများလည်း ပြိုဆင်းလဲကျကုန်တော့သည်။

-- အချစ်သည် ချိုမြိန်သည်။ အချစ်သည်လွတ်လပ်လွန်းသည်။ အချစ်သည်ပေါ့ပါးသည်။ အချစ်သည် ခွန်အားဖြစ်စေသည်။ အချစ်သည် အချစ်ကိုပြန်လည်မွေးဖွားပေးသည်။ ထိုသို့ဖြင့် အချစ်နေ့တွေများလာရတော့သည်။ အချစ်သည် …… ထို့အတူ အချစ်သည် ……။

-- အဲ့ဒီ့အိမ်ကြီးထဲကနေ ထွက်ခဲ့ပြီး မောင်နဲ့အတူတူနေကြစို့လို့ မောင်ကပြောတော့ သူမမှာ ထိန်လန့်ရသည်။ တုန်လှုပ်ရသည်။ ခြောက်ခြားရပြန်သည်။ မဖြစ်။ ထိုသို့မဖြစ်။ သူမတို့ မိုက်မိသည်။ ဆက်၍လည်း မှားမိအုံးမည်။ သူမတို့နှစ်ဦးစလုံး ဆားငံရည်သောက်မိကြသည်။ တယောက်ယောက်က သို့မဟုတ် နှစ်ယောက်စလုံးက ရပ်မှပဲ ရပ်လိမ့်မည်။ တယောက်ယောက်က မရပ်ချင်သ၍တော့ ရပ်ဖို့လမ်းမမြင်။ မောင့်မိန်းမ၏ ရပိုင်ခွင့် မောင့်ကလေး၏ရပိုင်ခွင့်များကို သူမ လုယူမိလေပြီ။ ရှောင်သင့်ပါရက်နဲ့ ရှောင်နိုင်ပါရက်နဲ့ ဇွတ်တိုးခဲ့မိသော သူမသာ မိုက်လုံးကြီးသည်ဟု သတ်မှတ်သည်။ မောင်ကတော့ ထိုသို့မဟုတ်။ သူမနှင့် တအိုးတအိမ်ထူထောင်ချင်သည်။ အတိတ်တွေကိုမေ့ပစ်ရမည်ဟု ပြောတတ်သည်။ အတိတ်ဆိုသည်မှာ သတိမရအောင် ဘယ်လိုပင်မေ့မေ့ အနီးဆုံးတွင်ပင် ရှိနေတတ်သည် အရိပ်ပမာပင် မဟုတ်ပါလား။ သူမတို့လုပ်ရပ်သည် ဘယ်သူ့အပေါ်မှာမှ မတရားမှန်း သူမသိသည်။ သို့သော် မောင့်ကို သူမချစ်သည်။ ခွဲရမည်ဟုတွေးမိရုံနှင့်ပင် သူမမှာ စိတ်ဓါတ်ပျက်သူလို ဆောက်တည်ရာမရ။ အချစ်ရေးနဲ့ပတ်သက်လျှင် သူမကံဆိုးလွန်းသည်။ မချစ်သင့်သူတွေကိုချည်း ချစ်မိသည်။ ချစ်ရသည်။ ကိုကို့တုန်းကလည်း သူမသည် အဖြည့်ခံ။ သူမထက်အရင် ကိုကို့မှာ ချစ်သူရှိခဲ့သည်။ ယခုမောင်နှင့်တွေ့တော့လည်း သူမသည် အနိမ့်စံ။ သူမအရှေ့တွင် မောင့်မိန်းမရှိနေသည်။ အချစ်သည် ထူးဆန်းလွန်းလှသည်။ မောင်နှင့်အတူပျော်နေချိန်တွင် စိတ်ဆင်းရဲစရာဆိုသည်ကို မြူမှုန်မျှပင်သတိမရသော်လည်း အိမ်ပြန်ရောက်သောအခါ တွေးမိတွေးရာ အတွေးများပြီး သောကရောက်ရသည်။ သူမတွင် မှီတွယ်ခိုဝင်ပြီး ငိုစရာရင်ခွင် မရှိ။ တခါတရံတွင် ကိုကိုနှင့်ဇော်မြင့်ကိုတို့အခန်းရှေ့တွင်ထိုင်ပြီး စိတ်တွေလွင့်မျောရသည်။ ညသည် သူမအတွက်တော့ အကျည်းတန်လွန်းလှသည်။ ချစ်ခဲ့ဖူးသောကိုကိုသည် သူမမဟုတ်သော အခြားတယောက်နှင့် ပျော်မြူးနေသည်ကို နားနှင့်ဆက်ဆက်ကြားနေရပြီး ယခုချစ်နေရသောမောင်သည်လည်း မောင့်မိန်းမနှင့်ချစ်ကြည်နူးပျော်ရွှင်နေမှာ သူမတွေးမိသည်။ သူမသည် ကြားလူမျှသာ။ အဆင်မပြေတဲ့လူတွေ အဆင်ပြေစေဖို့ သူမသည် အဖြည့်ခံ။ သူမ ဘဝကို သူမ မုန်းမိသည်။ စိတ်နာမိသည်။ ဘဝအစကို ပြန်စဉ်းစားကြည့်လျှင် သူမ၏ လူကဲခတ်ညံ့ဖျင်းလွန်းရာက စခဲ့မည်ထင်သည်။ ကိုကိုနှင့်သာ လက်မထပ်ခဲ့ပါက သူမဘဝသည် တမျိုးတဖုံဖြစ်လာလိမ့်မည်။ သူမကို အရမ်းချစ်သော တပါးသောယောက်ျားသားနှင့်လည်း လက်ထပ်ဖြစ်လိမ့်မည် ထင်သည်။ ထိုအခါ သားသမီးများလည်းရလိမ့်မည်။ ပျော်စရာကောင်းလိမ့်မည်။ စိတ်ရောဂါဆရာဝန်နှင့်လည်း ကုသဖို့မလို။ ထိုသို့ဆိုလျှင် မောင်နှင့်လည်းတွေ့စရာမလို။ ယခုတော့ သူမ၏လူကဲခတ်ညံ့ဖျင်းလွန်းရာမှ အစပြုကာ သူမသည်ပင်အသဲနာ ရင်ကွဲရသည့်အဖြစ်သို့ရောက်ရသည်။
-သူမသည်ပင် ရှုံးနိမ့်သည့်အဖြစ်သို့ရောက်ရသည်။ အရာအားလုံးသည် သူမထံမှစ၍ သူမထံတွင်ပင် အဆုံးသတ်ရသည်။ ပတ်ဝန်းကျင်၏ လက်ညှိုးပေါင်းသောင်းခြောက်ထောင်ကြားထဲတွင် သူမ၏ရင်သည် အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ရပြီမဟုတ်ပါလား။

-- မည်သို့ပင်ဖြစ်စေ သူမမောင့်ကိုချစ်သည်။ မြတ်နိုးသည်။ ထို့ကြောင့်ပင် မောင်နှင့်အမြဲတွေ့ဆုံနိုင်အောင် ကြိုးစားသည်။ မောင်သည်လည်းသူမကိုချစ်သည်ဟု သူမထင်သည်။ ထို့ကြောင့် သူမနှင့်မောင်၏ အချစ်ဇာတ်လမ်းသည် အရှိန်မြင့်သည်ထက် မြင့်လာခဲ့တော့သည်။ သူမအားငယ်သည့်အချိန်တိုင်းတွင် မောင်ကအမြဲနှစ်သိမ့်ပေးသလို မောင်လစ်ဟာသည့်အခါတွင်လည်း သူမကဖြည့်ဆည်းပေးခဲ့သည်။ ထိုသို့ဖြင့်ပင် သူမတို့အတွက် အမှောင်သည် မိုက်သထက်မိုက်လာရတော့သည်။ ထိုအမိုက်တိုက်ထဲတွင်ပင် သူမပျော်လာသည်။ ထိုအမိုက်တိုက်ထဲတွင်ပင် သူမကျေနပ်လာသည်။ ထိုအမိုက်တိုက်သည်ပင်လျှင်သူမအတွက် တခုတည်းသော စိတ်ထွက်ပေါက်ဖြစ်လာရသည်။ မောင်လည်းထိုသို့ပင်ဖြစ်သည်။ တနေ့တော့ ထိုနေ့ဖြစ်သည်။ ထိုနေ့သည် သူမဘဝကိုလှိုင်းထန်လာစေမည့် တနေ့တော့ဖြစ်သည်။ မောင့်သမီးကလေး ဆေးရုံတက်ရသည်။ သွေးလွန်တုတ်ကွေးဟုပြောသည်။ သွေးသွင်းရသည့်အနေအထားဖြစ်နေသည်။ ရန်ကင်းကလေးဆေးရုံတွင် တင်ထားရသည်ဟုသိရသည်။ စသိသိချင်းနေ့မှစ၍မောင်နှင့်သူမ မတွေ့ရတော့ပေ။ သူမဝမ်းနည်းမိသည်။ တဖက်တွင်လည်း ကိုကိုသည် ဇော်မြင့်ကိုခရီးသွားသောကြောင့် အဖော်လိုက်သွားရမည်ဟုပြောပြီး အိမ်မှထွက်သွားသည်။ သူမစိတ်အထင်တော့ ကိုကိုတို့နှစ်ယောက် လွတ်လွတ်လပ်လပ်ပျော်ချင်၍ ခရီးထွက်ခြင်းဖြစ်သည်ဟုထင်သည်။ သူမသည်သာ တယောက်တည်းအထီးကျန် အဖော်မဲ့။ အိမ်ကြီးထဲတွင် တယောက်တည်း အော်ဟစ်ငိုယိုမိသည်။ ရင်ထဲတွင် တလှိုက်လှိုက်တက်လာသော နာကျင်မှုများကို အံကြိတ်၍ဖြေသိမ့်ရသည်။ သူမသည် မည်သူ့အတွက်မျှ အသုံးမဝင်သော ဘုံ ကိန်းဂဏာန်းမျှသာ။ လိုအပ်သူများက လိုသလိုသုံးစွဲ၍ ပြီးလျှင်တော့ ဘုံကိုသာ ဖယ်ထုတ်လိုက်ကြသည်။ သူမသည် ရှားပါးပစ္စည်း မဟုတ်။ ပေါများသော ဘုံဂဏာန်းဖြစ်သည်။ ဟိုဘက်တွင်လည်း ပါသည်။ ဒီဘက်တွင်လည်း ပါသည်။ သိမ်းဆည်းထုတ်ပိုးထားစရာ အဖိုးတန်ပစ္စည်းမဟုတ်။ လည်ချောင်းထဲတွင် အလုံးကြီး တလုံးဆို့နေသည့်နှယ် ခံစားရသည်။ မျက်ရည်များသည် ပူလွန်းလှပါတကား။ နေ့ညအဆက်မပြတ်ငိုကြွေးနေသည့်တိုင်အောင် ကုန်ခမ်းသွားသည် မရှိ။ မျက်လုံးများယောင်ကိုင်းနေသည်။ ခေါင်းလည်းကိုက်နေသည်။ ရင်ထဲလည်းပူလွန်းလှသည်။ ဆရာဝန်ပေးထားသော စိတ်ငြိမ်ဆေးများလည်း ကုန်နေသည်။ သူမစိတ်ကိုတည်ငြိမ်အောင် မည်သည့်အရာမျှ မစွမ်းဆောင်နိုင်တော့။ မောင့်ကိုဖုန်းဆက်မိသည်။ဒီအချိန်တွင် မောင်တယောက်သာ သူမအတွက်အားထားရာဖြစ်သည်။ မောင့်ရင်ခွင်သာသူမအတွက် အေးချမ်းငြိမ်သက်စေနိုင်မည်။ မောင့်ကိုခနဖြစ်ဖြစ် ထွက်လာခဲ့ဖို့ချိန်းဆိုရမည်။ ဒီနေ့ဆိုလျှင် မောင်နှင့်အဆက်အသွယ်မရသည်မှာ လေးရက်ရှိလေပြီ။ တနေ့မမြင်ရလျှင်မနေနိုင်အောင် ဖြစ်ခဲ့ရသည့်မောင့်ကို ယခုလိုအချိန်အကြာကြီး ခွဲနေရသည့်အတွက် စိတ်ထဲမှာ ဗလောင်ဆူနေသည်။ မောင်လည်းနေနိုင်လွန်းလှပါလား။ သူမကိုခနပဲဖြစ်ဖြစ် အကျိုးသင့်အကြောင်းသင့် ဖုန်းဆက်ပြောသင့်သည်။ သူမအတွက် မောင့်အသံလေးကြားရသည်ကိုပင် အလွန်မှအားတက်ဖွယ်ဖြစ်သည်ကို မောင်မသိလေရော့သလား။ ထိုသို့ဖြင့်ပင် မောင့်ကို အရဲကိုး၍ဖုန်းဆက်မိသည်။
'' ………''
'' မောင် ''
''……''
'' နေနိုင်လိုက်တာမောင်ရယ်၊ ချစ်ဘယ်လိုခံစားနေရမယ်ဆိုတာ မောင်မသိဘူးလားဟင်''
သူမပြောနိုင်တာ ဒီလောက်ပဲဖြစ်သည်။ ပြီးနောက်ရှိုက်ကြီးတငင်ငိုမိသည်။ မောင့်စကားသံများကိုကြားရသည်မှာ အလွန်ထူးဆန်းသည်။ သူမကို အရမ်းချစ်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲပြောတတ်ခဲ့သောမောင်သည် ယခုတော့ အေးစက်နေပြီ။ လေးရက်မျှသောအချိန်သည် မောင့်ကိုအဘယ်ကဲ့သို့ပြောင်းလဲသွားစေပါသနည်း။
'' မင်းနားလည်မှုမရှိဘူးလား။ ဖုန်းမဆက်ပါနဲ့လို့ပြောထားတယ်လေ။ ဒီမှာ ငါ့သမီးလေးအသဲအသန်ဖြစ်နေတာ မင်းမသိဘူးလား။ ငါ့မိန်းမနဲ့ငါ့သမီးလေးနားမှာ ငါနေရမှာလေ။ ဒီလိုအခြေအနေမှာ မင်းအနားမှာလာနေပြီး အချိန်ဖြုန်းရမှာလားကွ ''
မောင့်စကားသံများသည် ရင်ကိုသံချွန်နှင့်ဆွနေသကဲ့သို့ တဆစ်ဆစ်နာကျင်လှသည်။ မောင့်သမီးနေမကောင်းတာကို သူမ သိသည်။ သို့သော် သူမတယောက်တည်း အထီးကျန်နေတာကိုလည်း မောင်သိသင့်သည်။ သူမသည် မောင့်မိန်းမနှင့်မောင့်သမီးလေးကို ထိခိုက် အနှောင့်အယှက်ပေးမည့်လူမျိုး မဟုတ်။ မောင့်မိသားစုကို ဖြိုခွဲမည့်လူမျိုး မဟုတ်။ မောင့်အခြေအနေကို ဖျက်စီးမည့်လူမျိုးမဟုတ်။ မောင့်ကို တိတ်တိတ်ကလေး ပိုင်ဆိုင်ထားရသည်ကိုပင် ပျော်ရွှင်နေသည့်သူ။ မောင့်ကို ဘယ်သူမှ မသိအောင် ချစ်နေရသည်ကိုပင် ကျေနပ်နေသည့်သူ။ သို့သော်မောင်သည် အပြောင်းအလဲမြန်လွန်းလှပါတကား။
'' မောင်ရယ် … အကျိုးအကြောင်းလေးသိချင်ရုံလေးပါ။ မောင်နဲ့လည်းခနတွေ့ချင်လို့လေ။
မောင့်ကိုတရားဝင် ရယူပိုင်ဆိုင်နိုင်ရန် တခါမျှ မကြိုးစားခဲ့ဖူးသောသူမသည် ယခုအခါတွင်တော့ မိုက်ရူးရဲဆန်တော့မည်။ မောင့်ကို ပိုင်ဆိုင်လိုသည်။ သူမအနားတွင်သာအမြဲရှိနေစေချင်သည်။ မောင်မရှိပါက သူမဘဝသည် သေလူမျှသာ။ ထိုသို့ဖြင့်ပင် မောင်နှင့်မတွေ့တာ လေးလကြာသောအခါ သူမမောင့်အိမ်သို့ရောက်သွားလေတော့သည်။
'' မောင် ''
သူမကိုမြင်မြင်ချင်း မျက်နှာပျက်ယွင်းသွားသော မောင်သည် သူမ၏ မောင်ဆိုသောအသံကိုကြားသည်နှင့် အရူးတယောက်လို သွေးရူးသွေးတမ်းထအော်တော့သည်။
'' မင်းဘာတွေပြောနေတာလဲ။ ဒီကိုဘာလာလုပ်တာလဲ။ ပြန်တော့ သွားတော့။ ဒီနေရာနဲ့မင်းနဲ့ ဘာမှမဆိုင်ဘူး။ ''
အဆက်မပြတ်ပြောနေသော မောင့်စကားသံများကို မကြားနိုင်တော့တဲ့ဆုံးသူမ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။ ထို့နောက် ပြေးထွက်လာလိုက်တော့သည်။ သူမရူးမိုက်ခဲ့လေသလား။ သူမ ရိုင်းစိုင်းခဲ့လေသလား။ မောင်ကရောသူမကို အခုလိုဆက်ဆံသင့်ပါရဲ့လား။ သူမအကြိမ်ကြိမ်စဉ်းစားမိသည်။ အဖြေကဗလာ။ မောင့်အိမ်သို့ ခနခနသွားမိသည်။ မောင်မမြင်နိုင်လောက်သောနေရာလေးမှနေ၍ မောင့်ကိုငေးကြည့်မိသည်။ အခုတော့ မောင်သည် မောင့်မိသာစုလေးနှင့်အတူ ပျော်ရွှင်နေပြီဖြစ်သည်။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့်များ သူမ ဘဝကို ဖျက်စီးခဲ့ရပါသနည်း။ သူမကို အဘယ့်ကြောင့် ခုတုံးလုပ်ခဲ့ရပါသနည်း။ သူမသည် သာယာပျော်ရွှင်နေသော မိသားစုလေးတခုကို ဖြိုဖျက်ခဲ့မိပြီလား။ မောင့်မိသားစုအပေါ်မှာ သူမ ကောက်ကျစ်ယုတ်မာခဲ့လေပြီလား။ သူမသည် ပတ်ဝန်းကျင်ကစွပ်စွဲသလို ရိုင်းစိုင်းတဲ့ မိန်းမပျက်တယောက် ဖြစ်နေပြီလား။ အတွေးများသည် ချာချာလည်နေခဲ့တော့သည်။
ထို့နောက်တော့ သူမသည် စမ်းချောင်းမြို့နယ်က အာရှတော်ဝင်ဆေးရုံသို့ တခေါက်ပြန်ရောက်ခဲ့တော့သည်။

အပိုင်း (4) ဆက်ရန်၇ှိသေးသည်။

စုမွန်သွယ်

MSU - 057

Photo credit - https://cinincarriere.nl/alleen-zijn/

ချစ်မိပါသည်.jpg

Sort:  

အပိုင်း၎​စောင့်​​မျှော်​​နေပါတယ်

တင်ထားပါပြီ။ https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-4 တင်ထားပါပြီ။ စာအရှည်ကြီးကို စိတ်ရှည်လက်ရှည်ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်

ဖတ်​ပီ​လေ☺သိုင်းကျူးး

ဆက်ဖတ်ပါမည်

ဘာမှ​ပြေားစရာမရှိ✅

ဟုတ်

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.031
BTC 87962.02
ETH 3341.45
USDT 1.00
SBD 2.89