ချစ်မိပါသည်…… သို့သော် (1)

in #msu8 years ago

သူမစိတ်တွေလေးနေသည်။ ဘာအလုပ်မှ လုပ်၍မရ။ ဖြစ်ပျက်ခဲ့သမျှကို အစမှအဆုံးတိုင် ပြန်လည်စဉ်းစားသည်။ သုံးသပ်သည်။ အဖြေကတော့ တခုတည်းပင်ဖြစ်သည်။ ဘယ်ဘက်ကလှည့်တွေးတွေး သူမ မှားခဲ့သည်ဆိုသည့် အဖြေပင်ထွက်သည်။ သူမ အတွေးတွေ မှားခဲ့သည်။ သူမ လုပ်ရပ်တွေ မှားခဲ့သည်။ သူမ အပြောအဆိုတွေ မှားခဲ့သည်။ နောက်ဆုံး သူမ အချစ်တွေ မှားခဲ့သည်။
နေရာတကျမထားတတ်တဲ့ အချစ်တွေအတွက် သူမနောင်တရသည်။ သို့သော် သူမနောက်မဆုတ်နိုင်သေး။ နောက်မဆုတ်ချင်သေး။ ရှေ့ဆက်တိုးချင်သည်။ ရူးမိုက်ချင်သည်။ ပတ်ဝန်းကျင်ဆိုတာကို ဂရုမစိုက်ဘဲ တဇွတ်ထိုးလုပ်ချင်သည်။ မောင့်ကို သူမချစ်သည်။ မြတ်နိုးသည်။ တွယ်တာသည်။ မောင့်အနားမှာ အချိန်ပြည့်နေချင်သည်။ မောင့်အသံကို အချိန်တိုင်းကြားချင်နေသည်။ သူမကို စိတ်ဓါတ်ညံ့ဖျင်းသူအဖြစ် ပတ်ဝန်းကျင်ကစွပ်စွဲသည်။ ယုတ်မာကောက်ညစ်သူအဖြစ်ပုံဖော်ကြသည်။ ကဲ့ရဲ့ကြသည်။ ရှုံ့ချကြသည်။ သူမ ခံနိုင်ပါသည်။ ပတ်ဝန်းကျင်သည် မောင့်လောက် အရေးမကြီး။ မောင့်လောက်အရေးမပါ။ မောင်သာ သူမအနားရှိနေပါက သူမကို ကဲ့ရဲ့သော ပတ်ဝန်းကျင်ကိုလည်း ရင်ဆိုင်တုံ့ပြန်ရဲသည်။ ဥပေက္ခာပြုဝံ့သည်။ သို့သော် မောင်သည် သူမဘက်တွင်မရှိတော့တာ ကြာခဲ့ပြီ။ မောင်သည် သူမကို စိမ်းကားရက်လေတာ ကြာပြီ။ မောင်သည် သူမကိုသူစိမ်းပြင်ပြင် ဆက်ဆံနေတာကြာပြီ။ အရင်က ချိုမြခဲ့သော မောင့်အသံများသည် ယခုအခါ တင်းမာ ခက်ထန်နေလေပြီ။ သူမကို စကားလုံးကြမ်းကြမ်းများဖြင့် နစ်နစ်နာနာပြောသည်။ နောက်ဆုတ်ပေးပါလို့ အကြိမ်ကြိမ်အော်ဟစ်ပြောသည်။ သူမ မောင့်ကိုသနားမိသည်။ သူမ မောင့်အဖြစ်ကိုကြည့်ပြီး ရင်နာမိသည်။ သို့သော် သူမ နောက်မဆုတ်နိုင်ခဲ့။ သူမ မောင့်ကို မေ့မရနိုင်ခဲ့။ မောင်သည် သူမ၏အရိပ်ဖြစ်သည်။မောင်သည် သူမ၏ အိပ်မက်ဖြစ်သည်။ မောင်သည် သူမအတွက် အရာရာဖြစ်သည်။

  • မောင်နဲ့သူမ စတွေ့တာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က အာရှတော်ဝင် ဆေးရုံတွင်ဖြစ်သည်။ မောင်သည် မောင့်မေမေကို ဆေးခန်းလာပြချိန်နှင့် သူမသည်သည်လည်း သူမကိုယ်သူမ ဆေးခန်းလာပြချိန်တွင် ဆုံဖြစ်ကြခြင်းဖြစ်သည်။ မောင့်မေမေနှင့် သူမတို့ ပြရသည့်ဆရာဝန်မှာ တယောက်တည်းဖြစ်သည်။ ဖြစ်သည့်ရောဂါမှာ မောင့်မေမေက အသက်ကြီးလာ၍ သတိမေ့တတ်လာခြင်းနှင့် သူငယ်ပြန်ချင်သလိုဖြစ်လာခြင်းဖြစ်ပြီး သူမကတော့ အထီးကျန်လွန်းမှုကြောင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းဖြစ်သည်။ ပြရသည့်ဆရာဝန်မှာ စိတ်ရောဂါ အထူးကုဖြစ်သည်။ မောင့်မေမေက ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီးနှင့်လည်း ကုသနေရသေးသည်။ အချိန်က ဆရာဝန် မလာသေးချိန်၌ လူနာစောင့်ထိုင်ခုံတွင် လူနာများ တန်းစီစောင့်နေသောအချိန်ဖြစ်သည်။ မောင့်မေမေက သူမကိုစတင်၍မိတ်ဆက်သည်။

'' သမီးလေးက ဘာဖြစ်လို့လဲဟင် ''

ပြသရသည့်ဆရာဝန်မှာ စိတ်ရောဂါကုဆရာဝန်ဖြစ်သောကြောင့် သူမကဲ့သို့ ငယ်ငယ်ရွယ်ရွယ် လှလှပပ ခေတ်မီမီ မိန်းကလေးတယောက်အပေါ် မောင့်မေမေက နားမလည်နိုင် ဖြစ်နေသည်။

'' အိမ်ထောင်ရေးကြောင့်ပါ အန်တီရယ် ''

မှုန်ပြပြ မျက်လုံးများသည် အားငယ်ခြင်း ရှက်ရွံ့ခြင်းအပြည့်ဖြင့်။ မောင့်မေမေက သူမ လက်ကို ဆုပ်ကိုင်လာသည်။ ပြီးတော့ စကားတွေပြောကြသည်။ ဒီလိုနှင့်ပင် သူမတို့ ရင်းနှီးကြလေသည်။

  • အပတ်စဉ် ဆေးခန်းရက်ချိန်းတိုင်း မောင့်မေမေနှင့်သူမ ဆုံဖြစ်ကြသည်။ တခါတရံ မောင်လိုက်လာပြီး တခါတရံ မောင့်အမျိုးသမီးလိုက်လာသည်။ မောင့်အမျိုးသမီးသည် အင်မတန်လှသည်။ လှသည်ဆိုသည်မှာ မျက်နှာကိုပြောခြင်းမဟုတ်။ ကိုယ်နေဟန်ကိုပြောခြင်းဖြစ်သည်။ ခန္ဓာကိုယ် အချိုးအစားပြေပြစ်လွန်းသည်။ နှစ်နှစ်ကလေးတယောက်၏ အမေဟုပင် မထင်ရက်လောက်အောင် ခန္ဓာကိုယ်က လှသည်။ ကလေးမရခင်က ဘယ်လောက်တောင် လှလိမ့်မလဲလို့ သူမအမြဲတွေးမိသည်။ မောင့်အမျိုးသမီးက မျက်နှာကတော့ သူလိုကိုယ်လိုပင်။ ငွေအသင့်အတင့်ရှိ၍ မိတ်ကပ်အကောင်းစားသုံးထားသည့် တိုင်အောင် သူမကဲ့သို့ မပြေပြစ်။ သူမကတော့ မောင့်အမျိုးသမီးကဲ့သို့ မဟုတ်။ ခန္ဓာကိုယ် အချိုးအစား မလှ။ မျက်နှာနှင့် အသားအရေကတော့ စံတင်လောက်အောင်ကိုလှသည်ဟု ပတ်ဝန်းကျင်က အသိအမှတ်ပြုသည်။ တခါတခါ မောင့်အမျိုးသမီး ခန္ဓာကိုယ်ကို တရှိုက်မက်မက်ငေးကြည့်မိသည်။ သူမသဘောကျသော တင် ရင် ခါး အနေအထားများကို မောင့်အမျိုးသမီးက ပိုင်ဆိုင်သည်။ ဒါကြောင့်လည်း မောင်က ချစ်တာဟု သူမထင်မိသည်။ သူမမှာသာ …………… ။ အတွေးများ ဆက်မတွေးဖြစ်တော့။ ဆက်မတွေးရဲတော့။

သူမ ဆံပင်လေးကို ဖွဖွနမ်းသည်။ ခြောက်လအတွင်း ကိုကို့ရဲ့နူးညံ့မှုကို ပြန်လည်ခံစားရခြင်းဖြစ်၍ သူမအတိုင်းအဆမရှိပျော်မိသည်။ တပြိုင်နက်တည်း ရှိုက်ကြီးတငင်ငိုမိသည်။ ကိုကို့ကို တင်းတင်းကျပ်ကျပ် ဖက်၍ ငိုမိသည်။ ခနနေတော့ ကိုကိုက သူမကိုခပ်ဖွဖွတွန်းထုတ်သည်။ ကိုကိုက စကားပြောဖို့ အရှိန်ယူနေကြောင်း သိသာသည်။ သူမ ရင်တွေခုန်နေသည်။ နှလုံးသားများ ပြုတ်ထွက်သွားမတတ် ရင်တွေခုန်သည်။ ကိုကိုဆီက ထွက်လာမည့်စကားများကို ကြားလည်းကြားချင်သည်။ ခံနိုင်ရည်စွမ်းလည်း မရှိ။ ကိုကို့ကိုသာ ဖက်၍ ငိုမိပြန်သည်။ ကိုကိုက သူမကို အဖက်မခံတော့ဘဲ စကားစဖို့သာ ကြိုးစားနေသည်။

'' ကိုကိုလေ အရင်ကတော့ ထင်ခဲ့ဖူးတယ်။ လူတွေရဲ့ခန္ဓာကိုဖွဲ့စည်းမှုအလှတရားဟာ ကိုကို့ကို ဘာမှ မစွမ်းစေလောက်ဘူးပေါ့။ အချစ်မှာ ဒါတွေ မပါဘူးပေါ့။ ဒါပေမယ့် ကိုကိုလေ အဲ့ဒီ့ပုံစံမျိုးကို ကြိုက်နှစ်သက်လာတယ်။ ပြောရရင် ကြွက်သားတွေ ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ ခန္ဓာကိုယ်တွေကို ကိုကို သဘောကျခဲ့တယ်။ ပြဿနာဟာ အဲ့ဒီ့က စခဲ့တာပါပဲငယ်ရယ် ။ အဲ့ဒါ ငယ်နဲ့မယူခင် တနှစ်ကတည်းကပဲ။ ကိုကို မှားခဲ့ပါတယ်။ ငယ့်ကို ဖွင့်မပြောခဲ့တာ ကိုကိုမှားခဲ့ပါတယ်။ အခုတော့ ငယ့်ဘဝကို ဖျက်စီးသလိုဖြစ်သွားပြီ။ ကိုကို ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ ''

ကိုကို့စကားများကို ဘယ်လိုမှ သူမကြားနိုင်စွမ်း မရှိတော့ပေ။

သူမရင်ကို အားပြင်းသောတူကြီးနှင့် ထုနေသည့်နှယ် တကိုယ်လုံး နာကျင်နေသည်။ ခေါင်းထဲမှာလည်း တဆစ်ဆစ်နှင့် ဝေဒနာဆိုးရွားစွာခံစားနေရသည်။ ကိုကိုက စကားတွေဆက်ပြောနေသည်။ သူမကြားတချက် မကြားတချက်ဖြင့် နားများထုံအ နေသည့်နှယ်။

-- သူမထင်ခဲ့သည်မှာ သူမသည် တစုံတယောက်သော အမျိုးသမီးနှင့်ပြိုင်၍ ကိုကို့ကို လုရလိမ့်မည်ဟု။ ထိုအမျိုးသမီးသည် ခန္ဓာကိုယ်တောင့်တင်း ခိုင်မာရမည်ဟု။ ထိုအမျိုးသမီးသည် ကိုကို့ကို ခရာတာတာ ညုတုတုစကားများ ပြောလိမ့်မည်ဟု။ ထိုအမျိုးသမီးသည် ထိုအမျိုးသမီးသည် စသည်ဖြင့် စသည်ဖြင့် သူမတွေးတောခဲ့ဖူးသည်။ သို့သော် ကိုကို့စိတ်ကို ဖမ်းစားနိုင်ခဲ့သော ထိုလူသားတယောက်သည် သူမ ထင်သကဲ့သို့ အမျိးသမီး မဟုတ်ဘဲ အမျိုးသားတဦးဖြစ်နေသည်ကို သိလိုက်ရသောအခါ……။ လောကကြီးသည် အင်မတန်ဆန်းကြယ်လှသည်။ အထူးသဖြင့် သူမ ကဲ့သို့သော ရိုးရှင်းနုံအလှသော မိန်းကလေးတယောက်အတွက် လောကကြီးသည် ပို၍ပင်ဆန်းကြယ် ရှုပ်ထွေးလွန်းသည်။ ကိုကို့ပြောစကားအရ ကိုကို့တွင် သူမထက်အရင် ချစ်သူရှိနှင့်နေခဲ့သည်။ သို့သော် မိဘအသိုင်းအဝိုင်း၏ဂုဏ်နှင့် ကိုကို၏ရေရှည် ရပ်တည်လာသော သိက္ခာတရားတို့ကြောင့် ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာလိုက်ရသည်။ သူမနှင့်မယူခင် တပတ်က ကိုကိုသည် စိတ်ညစ်လွန်း၍ သေကြောင်းကြံစည်ခဲ့ဖူးသည်ဟု ဝန်ခံသည်။ တဖက်က ကိုကို့ချစ်သူသည် ယောက်ျားတယောက်တွင် ရှိအပ်သော ခန္ဓာကိုယ် အချိုးအဆစ်ရှိပြီး ရုပ်ရည်ချောမောလှပသည်။ အသားလတ်ပြီး အရပ်မြင့်သည်။ မျက်ခုံးထူသည်။ ဆံပင်အုံထူပြီး လှိုင်းတွန့်များပါသည်။ ရုတ်တရက်ကြည့်လိုက်ပါက မိန်းကလေးတိုင်းသဘောကျနှစ်သက်ပြီး စိတ်ကူးယဉ်ချင်စရာကောင်းသည်။ လက်မောင်းကြွက်သားကြီးများသည် တုတ်ခဲခိုင်မာလျှက် မိန်းကလေးအများစု ခိုးကြည့်ရသောဗလမျိုးရှိသည်။ ထိုကဲ့သို့သော ယောက်ျားမျိုးသည် ကိုကိုနှင့်အတူတူ အိပ်နေသည်မှာ သူမထက်ပင် စောနေသေးကြောင်း သိရသောအခါ သူမကိုယ်သူမ ရွံရှာမိသလိုလိုဖြစ်မိသည်။ သူမလူကဲခတ် ညံ့ခဲ့လေခြင်း။ တခြားယောက်ျားတယောက်နှင့် သူမ မသိအောင်ဖောက်ပြန်နေသော သူမ၏ကိုကိုကို ပထမဆုံးအကြိမ်အဖြစ် ရွံရှာစက်ဆုပ်မိသည်။ အော့နှလုံးနာသည်ဆိုသည့် ဝေဒနာကို သူမကောင်းကောင်း သဘောပေါက်သွားသည်။ ငိုရပါများလွန်းသောကြောင့် ရင်ထဲမှာမောဟိုက်နေသည်။ ကိုကိုက သူမကို သိပ်ချစ်ခဲ့သည်ဟု သိပ်မြတ်နိုးခဲ့သည်ဟု သိပ်တွယ်တာခဲ့သည်ဟု သူမထင်ခဲ့ဖူးသည်။ မင်္ဂလာဆောင်ပြီးသည့် တပတ်အထိ ကိုကိုနှင့်သူမသည် လင်ခန်းမယားခန်းအရာ မမြောက်ခဲ့ခြင်းအပေါ်မှာပင်လျှင် ကိုကို့ကို ရိုးသားသူအဖြစ် အထင်ကြီးလေးစားခဲ့ဖူးသည်။ ထိုကဲ့သို့ ကိုကို့ကို သူမစိတ်ချသည်။ အခွင့်အရေးပေးလျှင်တောင် ဘယ်မိန်းမနှင့်မှ ဖောက်ပြန်လိမ့်မည် မဟုတ်ဟု သူမ အခိုင်အမာယုံကြည်ခဲ့မိသည်။ ယခုမူ ဘယ်မိန်းမနှင့်မျှ မဖောက်ပြန်သောကိုကိုသည် တပါးသောယောက်ျားနှင့်ဖောက်ပြန်ခဲ့ပြီးပါပကော။ ဘယ်ကဲ့သို့သော ကံကြမ္မာသည် သူမအတွက်ရွေးပြီး စွေခဲ့လေသလဲ။

စုမွန်သွယ်

msu - 057

နောက်တစ်ခေါက် ပရိုမိုရက်တွင် အပိုင်း ၂ ဆက်တင်ပါမည်။

Photo credit - https://cinincarriere.nl/alleen-zijn/
ချစ်မိပါသည်.jpg

Sort:  

ဥက္ကာမင်း​မောင်​ အ​ကြောင်းဖတ်​မိရင်းအ​တွေးရသွား​တယ်​ဆိုပါ​တော့

တိုက်ဆိုင်သွားတာပါ :D

ဟား...ဘာတွေလဲ အဲ့လိုကြီးလား ၊ဒွတ်ခပဲနော်

အာ့သလိုကြီးတွေ အပြင်မှာ တကယ်ရှိတတ်လို့ ၀တ္တုတိုလေး ရေးလိုက်တာ :)

ုဝတ္ထုတို

ကောင်းလှပါလား အ​ရေးအသား​တွေ ဆက်​လက်​အား​ပေး​နေပါတယ်​ဗျ

Congratulations @sumonthwe! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Final results coming soon

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64482.23
ETH 1686.47
USDT 1.00
SBD 0.42