ဈေးကွဲချိန်

in #msu7 years ago

ဈေးကွဲချိန်

(၁)

အပြုံး ပန်းတွေက တလက်လက်ရယ် ……။ သားသမီး စာမေးပွဲ အောင်တော့ အမေ ဖြစ်သူများ ပျော်တာ ဆန်းသလား ……။
ဟုတ်တယ် သည်နေ့ တက္ကသိုလ် ဝင်တန်း စာမေးပွဲ ရလာဒ်တွေ ကြေငြာသောနေ့ ………
အောင်စာရင်း ထွက်သည့်နေ့ ………
ပျော်သူတွေ ပျော် ငိုသူတွေ ငို ကြတဲ့နေ့ ………
ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွား နိုင်သောနေ့ ………
ကျုပ်နဲ့တော့ မဆိုင်သေးဘူး ဗျ။ လိုသေးတယ် အေးဆေးပဲ ။
ပြီးတော့ ကျုပ်က အောင်တာ မအောင်တာ စိတ်မဝင်စားဘူး …………
အကောင်းဆုံး တော့ အမြဲတမ်း ကြိုးစားတယ် ………
ပုံမှန်တော့ တစ်နှစ် တစ်တန်း အောင်နေတာပဲလေ ဘာ ပူရလို့လဲ။
ကျုပ် ဆယ်တန်းရောက် ရင်လည်း ကြိုးစားမယ် အောင်တာ ကျတာ တော့ မတတ်နိုင်ဘူး။
ကိုယ်က စစ်ဆေးတာမှ မဟုတ်တာဗျာ။
ဆရာ ဆရာမတွေ စစ်ဆေးတာ၊ သဘောကျရင် အောင် ပေးလိမ့်မယ်။
သဘောမကျရင် တော့ နိုးပဲလေ ။
ဒါကြောင့် အောင်စာရင်း ကြည့်ပြီး ပျော်နေတဲ့သူတွေကို ကြည့်မရဘူး ………
ငိုနေတဲ့သူတွေကို အမြင်ကပ်တယ်ဗျာ ………… ရှင်းရှင်းပဲ။

(၂)

ကျုပ်မိသားစု အကြောင်းက စိတ်ဝင်စားဖို့ မကောင်းပါဘူး။
ခပ် ညံ့ညံ့ ဇာတ်ညွှန်း တစ်ပုဒ် လိုပါပဲ။
ကျုပ်ညီ အငယ်ကောင် မွေးပြီး သိပ်မကြာခင် ကျုပ်တို့ ဘဝ မုန်တိုင်းထန်ခဲ့ ကြရတယ်။
ယောက်ျား မပီသ ချင်တဲ့ အဖေနဲ့ ကျုပ်တို့ သားအမိ သုံးယောက် ကြားက ပဋိပက္ခကို အဖေက လှလှပပလေး ဖြေရှင်းသွားခဲ့တယ်။
အဖေ့ ဆုံးဖြတ်ချက် ကို အမေက မိုနာလီဇာ ထက် မလျော့တဲ့ အပြုံးနဲ့ လက်ခံခဲ့တယ်။
အမေရဲ့ အပြုံးကို ခုထိ ကျုပ် ဘာသာ မပြန်တတ်သေးဘူး။
အဖေက ထားခဲ့နိုင်ပေမယ့် အမေကတော့ မရ ရအောင် ကျုပ်တို့ နှစ်ကောင်ကို ကျွေးမွေး ပြုစု ခဲ့တယ်။
ယုယ ကြင်နာမှုတွေ မပေးနိုင်ခဲ့ပေမယ့်
အမေက တာဝန်ကိုတော့ မလစ်ဟင်းစေခဲ့ဘူး။
ပတ်ဝန်းကျင်ရဲ့ ဝေဖန် ကဲ့ရဲ့ ဆူပူ ကြိမ်းမောင်း ဆဲရေး တိုင်းထွာမှုတွေကို ပင့်သက်ရှိုက်ပြီး အံကြိတ်ခံရင်း မှားတာ မှန်တာ မကြည့် ကျုပ်တို့ ရှေ့ရေး ပဲ ခေါင်းထဲ ထည့်ထားခဲ့တာ။
ကျုပ်ကလည်း ဒီအမေကမွေးလာတဲ့ ဒီသား ဘဝကို ခပ်ရွဲ့ရွဲ့ပဲ နေခဲ့တယ်။
လုပ်စရာ ရှိ လုပ် ခံစရာ ရှိ ခံ ဒါပဲ။
ဒါပေသိ အမေကိုတော့ ချစ်တယ်။ လေးစားတယ်။ ပြီးတော့ ကြောက်တယ်။
ဟုတ်တယ် နည်းနည်းတော့ ကြောက်ရမယ်။
နို့မို့ဆို အမေ ဘေးနားက ရှိတဲ့ ပစ္စည်းတွေက ကျုပ်ဆီကို မဖိတ်ခေါ်ဘဲ ရောက်ရောက်လာ
တတ်လို့ ဗျို့ ဟဲဟဲ။
တစ်ခုခု စိတ်မတွေ့ လို့ကတော့ အမေက ချက်ချင်းကို လက်နက်ပုန်း အဆင့်လွန် ပညာရှင် ဖြစ်သွား တတ်ရော။ လက်ဖြောင့် ချက်က တန်းနေတာ။
ဘယ်လို များ လေ့ကျင့်ထားပါလိမ့်။
အဲသလို ကျုပ်တို့ ဘဝတွေက လိမ်ဖယ် လိမ်ဖယ် နဲ့ပဲ …… အမေက ဈေးထဲမှာ ဝက်သားရောင်း၊ အငယ်ကောင်က မူလတန်း၊ ကျုပ်က အထက်တန်း ရောက်လာခဲ့တာပဲ။
ကဲ……… ကျုပ် မပြောလား …… ခပ်ညံ့ညံ့ ဇာတ်ညွှန်းပါလို့။

(၃)

'' လာပါပြီတော် ငါတော့ မျက်စိနောက်ရဦးမယ် ဟေ့ ''
အမေ့ အသံကြောင့် ကျုပ် ဝက်သားတွဲပေါ်က ယင်ကောင် မောင်းနေရာမှ အမေ မေးငေါ့ရာသို့ လှမ်းကြည့်မိသည်။
တက်ကြွ တဲ့ ခြေလှမ်းများနှင့် ခေါင်းတမော့မော့ လည်တဆန့်ဆန့် ဖြင့် ဈေးဘက်သို့ လျှောက်လာနေသော ဒေါ်ကြိုင်ကြိုင်နှင့် သူ့သမီး။
ဒီလောက်ဆို အမေဆိုလိုတာ ကျုပ် သဘောပေါက်သွားပြီလေ။
ဒေါ်ကြိုင်ကြိုင် ၏သမီး နာမည် ဆယ်တန်း အောင်စာရင်းတွင် ပါလာသဖြင့် လူများများနှင့် ဂုဏ်ယူပြောဆိုနိုင်ရန် အလို့ငှာ ဈေးသို့ ခပ်စောစော ရောက်လာခြင်း ဖြစ်သည်။
မနှစ်ကလည်း ဒီနေ့ ဒီရက် မှာ ဤနည်းအတိုင်း ဈေးကို သုံး လေး ပတ်လောက်ပတ်၍ တွေ့သမျှလူကို နှုတ်ဆက်ပြီးတိုင်း သူ့သား ဆယ်တန်း အောင်သွားကြောင်း ပြောနေပုံကို ကျုပ် ပြန် မှတ်မိနေသေးတယ်။
ဒေါ် ကြိုင်ကြိုင် မှာ သား တစ်ယောက် သမီး တစ်ယောက် ရှိတယ် လေ။
'' သူ့သမီးလည်း ဆယ်တန်းအောင်သွားလို့ ထင်တယ်ဗျ ''
စဥ့်တီတုံး ပေါ်က ယင်ကောင်ကို လက်နှင့် ခတ်လိုက်ရင်း ကျုပ် ပြောလိုက်တယ်။
ကျုပ် ခန့်မှန်းချက် ကို အမေက ခေါင်းငြိမ့် ထောက်ခံရင်း
'' ဒါပဲပေါ့ ဘာရှိဦးမလဲ။ငါ့ဆီ လာကြွား လို့ကတော့ နားပူတာနဲ့ တန်အောင် ဝက်သားတွေ များများ ရောင်းရအောင် မြှောက်ပေးလိုက်ဦးမယ် သားရေ။အင်း ……… မိပူတူးမ ရဲ့ သမီးလေး ရော ဒီနှစ် အောင်လား မသိဘူး။ ဈေးလာမှ မေးကြည့်ဦးမယ်။''
အမေကတော့ စီမံကိန်းတွေ ဆွဲရင်း သူ့ ငယ်သူငယ်ချင်းဆီ စိတ်ရောက်သွားတယ်။
ဒေါ်ပူတူးမက စကားပြောရင် အသံနည်းနည်း ကျယ်တဲ့ အမေ့သူငယ်ချင်း၊ နှစ်လမ်းကျော်မှာ နေတယ်။
ဟုတ်တယ် သူ့သမီးလည်း ဒီနှစ် ဖြေထားတာ ဈေးထဲ စောစောလာရင်တော့ အောင်လို့ပဲ။
မလာရင်တော့ ကျပြီသေချာတယ်။
ဒေါ်ကြိုင်ကြိုင် ကတော့ ကြည့်လေ မမောနိုင် မပန်းနိုင် တွေ့သမျှလူကို ပြုံးပြနေတာ ပါးစပ်က နားရွက် တက်ချိတ်တော့မယ်။
အနည်းဆုံးတော့ ဈေးကို သုံးပတ်လောက် ပတ်ဦးမှာ ကြိမ်းသေတယ်။
ဒီလိုနဲ့ နေမြင့်လာပြီ လေ။
ဒေါ်ကြိုင်ကြိုင်လည်း ခြေတိုနေအောင် ဈေးကို ပတ်ခဲ့ပြီး ပါးရိုးတွေ ညောင်းညာ၍ ပြန်သွားခဲ့ချေပြီ။
ဈေးကွဲချိန် ဖြစ်သောကြောင့် ဝယ်သူပါးလာသည့် အပြင် အချို့ဆိုင်များ သိမ်းဆည်းနေကြပြီ ပေါ့ဗျာ။
စောစော ဈေးသူ ဈေးသားများဖြင့် ဆူညံ ပွက်လောရိုက်ခဲ့သော ဈေးမှာ အခုတော့ အိနြေ္ဒ ရရ တည်ငြိမ်နေ၏။
ဝက်သားတွဲကလည်း ကုန်သင့်သလောက်ကုန် သွားပြီဖြစ်သော ကြောင့် အမေ အပေါ့အပါး က ပြန်လာရင် ဈေးသိမ်းဖို့ ပြောတော့မယ် လို့ ကျုပ် ထင်နေတယ်။
အိမ်မှာလည်း ချက်ပြုတ် လျှော်ဖွပ် လုပ်ရဦး မယ်လေ။
အဲသလို စဉ်းစားနေတုန်း ဘယ်အချိန် ကတည်းက ဆိုင်ရှေ့ ရောက်နေမှန်း မသိတဲ့ ဒေါ်ပူတူးမ။
သူမ၏ မျက်နှာက အားမရှိ ဖြူဖတ် ဖြူရော် ။
'' သားရေ အန်တီ ဒီအသားတွဲလေး ယူသွားမယ်ကွယ်။ ပိုက်ဆံကို ညနေမှ သား အမေနဲ့ အန်တီ ရှင်းလိုက်မယ် နော်။ သွားပြီ သိလား ''
သူပြောချင်သော စကားများကို အားမရှိ တော့တဲ့ လူလိုပဲ ပြောပြီး ပြန်ထွက်သွားသော ဒေါ်ပူးတူးမကို ကျုပ် ရုတ်တရက်ကြီး ပါးစပ် အဟောင်းသားနှင့် ငေးကြည့်ရင်း ကျန်ရစ် ခဲ့သည်။
ဒေါ်ပူတူးမ မှ ဟုတ်ရဲ့လား တခြားသူများလား။
အသံ ကျယ်ကျယ်ပြောတတ်တဲ့ ဒေါ်ပူတူးမ ဒီတစ်ခါ အသံ ကျယ်ကျယ် မပြောတော့။ ဘာတွေ ပြောသွားမှန်း ကျုပ်လည်း မကြားတစ်ချက် ကြားတစ်ချက်။
အရင်ကဆို အမေနဲ့ စကားတွေ ဖောင်ဖွဲ့နေပြီးမှ အိမ်ပြန်တတ်သော ဒေါ်ပူတူးမ။
မျက်နှာကလည်း အရင်နှင့် မတူ မအီမလည် မျက်နှာငယ်လေးနဲ့ ဆိုတော့ ………ကျုပ်က တစ်ခါမှ မတွေ့ဖူးသူ တစ်ယောက်လို ကြောင်တက်တက် ဖြစ်နေတာပေါ့။
နောက်တော့မှ စဉ်းစားမိသွားတယ် ။
သူမ ဈေးလာဝယ်တဲ့ အချိန်၊ သူမ မျက်နှာ အနေအထား၊ ယနေ့ အခြေအနေ အချိန်အခါ ကာလ ကိုတွက်စစ် လိုက်တော့မှပဲ သဘောပေါက်သွားပြီး ဒေါ်ကြိုင်ကြိုင် နှင့် ဒေါ်ပူတူးမ တို့ နှစ်ဦးအား ယှဉ်တွဲကာ နှိုင်းယှဉ် တွေးတောကြည့်မိတော့တယ် ဗျာ။
အကယ်၍ များ ထို မိခင်နှစ်ဦး လမ်းမထက်တွင် မျက်နှာချင်းဆိုင် တွေ့မိပါက မည်သူက မည်မျှ အနေရခက်မည်ကို တွေးမိတော့ ကျုပ် ချွေးတောင် နည်းနည်း စို့လာတယ်။
ဒေါ်ကြိုင်ကြိုင် နေရာမှာ အမေကို အစားထိုး ကြည့်လိုက်တော့ အမေ နှယ် ကွမ်းချိုး(ဂျိုး) တွေ တက်နေတဲ့ ရောင်စုံသွားလေးတွေ တဖျတ်ဖျတ် နဲ့ ……အဆင်ပြေတယ်။
ဒေါ်ပူတူးမ နေရာ………… အမေ့ကို အစားထိုးကြည့်တော့ ကျုပ် လေ ဘာဖြစ်သွား မှန်းကို မသိဘူး၊ ခေါင်းတစ်ခေါင်းလုံး အိုးထိန်းစက်လို လည်သွား ပါလေရော။
မဖြစ်ဘူး မဖြစ်ဘူး ကျုပ် လေးစား ချစ်ခင်ရတဲ့ အမေ အဲသလိုတော့ အဖြစ် မခံနိုင်ဘူး။
ကျုပ် လေ …… ကျုပ် ဒီနေ့က စပြီး ကြိုးစားတော့မယ်ဗျာ ကြိုးစား မယ် ။
ကျုပ် ဆုံးဖြတ်လိုက်ပြီး စိတ်နည်းနည်း တည်ငြိမ် သွားတော့ နဖူးပေါ်မှာ စို့နေတဲ့ ချွေးတွေ သုတ်နေလိုက်တယ်။
အမေ ကတော့ အပေါ့အပါးသွား ရာက ပြန်လာနေပြီ။
'' ဟဲ့ နင် ဘာဖြစ်နေတာလဲ … သွား သွား ငါ ဈေးသိမ်းဖို့ပြင်နေတုန်း…… ဒီပိုက်ဆံကို နေ့ပြန်တိုး ပေးတဲ့ ကောင်မလေး အိမ်……သွားပေးလိုက် မြန်မြန်နော် မြန်မြန် ……''
ကျုပ် ကိုပေးဖို့ ပိုက်ဆံကို ငွေသိမ်းဗူး ထဲက ထုတ်ရင်း စကားတွေ ပြောနေတဲ့ အမေကို ကြည့်ပြီး ကျုပ် စကားလုံးတွေ စီနေလိုက်တယ်။
ပြီးတော့ ပိုက်ဆံ လှမ်းယူရင်း စဉ်းစား ထားတာတွေ လေးလေးနက်နက် ကြီး ပြောချလိုက်ပြီး အပြေးလေး ထွက်လာ လိုက်တယ်။
'' အမေ ဘယ်တော့မှ ဈေးကွဲချိန် ဈေးမဝယ်စေ ရဘူး ဗျ သိလား ''
ခပ်လှမ်းလှမ်း ရောက်တော့ ကျုပ် နောက်ပြန် ငဲ့ ကြည့်မိတယ်။
အိမ်မြန်မြန် ပြန်ရအောင် ဈေးမသိမ်းဘဲ ကျုပ် ဆီကို ပြုံးပြုံးကြီး လှမ်းကြည့်နေတဲ့ အမေကို တွေ့လိုက်ရတယ်။
ရောင်စုံ သွားတွေကတော့ တဖျတ်ဖျတ်နဲ့ပေါ့ ။

( ကိုးကား - နိုင်ငံကျော် စာရေးဆရာကြီး အောင်သင်း ၏ အတွေးကို စိတ်ကူးယဉ် ရေးဖွဲ့ပါသည်။ )


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

Good post .
But ,i do´t like reference.
Have a nice day.

thz for your support
:) I'm trying to use my own idea
:)

Your balance is below $0.3. Your account is running low and should be replenished. You have roughly 10 more @dustsweeper votes. Check out the Dustsweeper FAQ here: https://steemit.com/dustsweeper/@dustsweeper/dustsweeper-faq

ရေးထားတာ​လေးကြိုက်​တယ်​ဗျ

thz ပါ bro

ကြိုက်တယ်ဗျာရင်ထဲကိုထိတယ်ကိုကြီးရေ

ဆရာမ က အသင်အပြကောင်းတာကိုး

Coin Marketplace

STEEM 0.09
TRX 0.30
JST 0.035
BTC 111776.87
ETH 4001.83
USDT 1.00
SBD 0.58