Book review
မှတ်မှတ်ရရ ဖတ်ခဲ့ဖူးတဲ့ ပထမဆုံး ဝတ္ထုဟာ ဆရာမ မိုးမိုး (အင်းလျား)ရဲ့ မေတ္တာကမ်းနား အချစ်သစ်ပင်ပေါ့...။
စာကြည့်စားပွဲခုံအောက်မှာ (အစ်ကိုကြီးက အမေမမြင်အောင် ခိုးဖတ်ပြီး )ထိုးထည့်ထားတဲ့ စာအုပ်ကို ဘာမှန်းမသိပဲ ဖတ်ခဲ့မိပေမယ့် အခုထိ မှတ်မိနေမိတုန်းပဲ...။
မိခိုင်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မနူးမနပ်အရွယ်နဲ့ အသက်ကြီးတဲ့ လူကြီးနဲ့ ယူသွားတာကို မှတ်မိတယ်။ ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ တည်ဆောက်ခဲ့တဲ့ သူ့ဘဝသူ့အခြေအနေရယ်...မိခိုင်ဆိုတဲ့ မိန်းကလေးရဲ့ ငယ်ဘဝရဲ့ အိမ်မက် ကိုကိုဆိုတဲ့ ဆေးကျောင်းသားရယ်...
မိခိုင်ရဲ့ သူငယ်ချင်းလည်း ရှိသေးတယ်( နာမည်မမှတ်မိတော့)...
မိန်းကလေးတစ်ယောက်ရဲ့ ငယ်ဘဝအရွယ် ရူးမိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ သူ့ဘဝလမ်းတစ်လျှောက် ပတ်ဝန်းကျင်အမြင်တွေ ဘယ်လောက်တောင် အရောင်ညစ်ခဲ့သလဲဆိုတာ အခု ပြန်တွေးတော့ သံဝေဂရတယ်....။အဲ့ဒီစာအုပ်ကို သုံးတန်း လေးတန်းအရွယ် သုံးရက်လောက်တော့ ကြိုးစားပမ်းစား ဖတ်ခဲ့ရတယ်။( ဖျော်ဖြေရေးနည်းပါးတဲ့ ခေတ်ကာလရဲ့ ကောင်းမွန်တဲ့ အကျင့်တစ်ခုကို စွဲမြဲခဲ့မိခြင်းလို့ပဲ ယူဆမိတယ်။)
ရွာမှာ စာအုပ်အငှါးဆိုင်မရှိတော့ ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ရွာကိုသွားပြီး စာအုပ်ငှါးသွားရတယ်။ရတဲ့ မုန့်ဖိုး ခြစ်ကုပ်စုပြီး သွားငှါးတာပေါ့..။
သင်္ကြန်တို့ သီတင်းကျွတ်တို့ဆိုတာ ကိုယ်တို့ စာအုပ်များများ ငှါးပြီး စာအုပ်များများ ဖတ်ရတဲ့ အချိန်တွေပါပဲ...။
အဲ့ဒီအချိန်ဆို မုန့်ဖိုးက ပိုပြီးများများ ရတတ်တာကိုး..။
မှတ်မှတ်ရရ ခြောက်တန်းနှစ်မှာတော့ ဆရာမ ဂျူးရဲ့ မြစ်တို့၏ မာယာကို စဖတ်ရတယ်။ဂျူးဆိုတာကို မသိဘူး။ မကြားဖူးဘူး။ဒါပေမယ့် အဲ့ဒီစာအုပ်ကို သိပ်ချစ်သွားခဲ့တယ်။ ရွာထဲက တစ်ယောက်ယောက်ရဲ့ စာအုပ်မှန်းတော့ သိတယ်။ ဘယ်သူ့စာအုပ်မှန်းတော့မသိဘူး။ဖြစ်နိုင်ရင်လေ အဲ့ဒီစာအုပ်ကို အပိုင်ရထားလိုက်ချင်တာ...။
ဒါပေမယ့် အဲ့ဒီစာအုပ်ပိုင်ရှင်က ယူလိုက်ပါလို့ မပေးပဲနဲ့ မယူချင်ဘူး။အဲ့ဒါမျိုးစာအုပ်တွေကို ဘယ်မှာဝယ်ရမှန်းလည်း မသိဘူး...။နောက်တော့ မြစ်တို့၏မာယာကို ကိုယ့်လက်ထဲမှာ အချိန်အကြာကြီးအထိ ထားတယ်။ ပိုင်ရှင် လာမတောင်းမချင်း ထားတယ်။ နောက်တစ်ကြိမ် ငှါးတယ်။ နောက်တစ်ကြိမ်ဆိုလည်း ငှါးပြန်တာပဲ...။အဲ့ဒီ စာအုပ်ထဲက ဇာတ်ကောင်တွေဟာ အပြင်မှာ တကယ်ရှိတယ်လို့ပဲ ထင်ခဲ့မိတယ်။
အဲ့ဒီအထဲက ဇာတ်လမ်းတွေ အကြောင်းအရာတွေက တခြားဝတ္ထုတွေနဲ့ မသိဘူးဆိုတာတော့ နားလည်တယ်...။
မိန်းကလေးတစ်ယောက်ရဲ့ မြူဆွယ်မှုကို အပြစ်လို့ မမြင်ရအောင် ရေးထားတယ်လို့ နားမလည်သေးတဲ့အချိန်မှာ ဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ စကားပြောပုံတွေကို သိပ်သဘောကျခဲ့မိတယ်။
( " မိန်းမတစ်ယောက်ကို မညှာမတာ ချောင်ပိတ်မေးခွန်းထုတ်ရက်တဲ့ ရှင့်ကို ချီးကျူးလိုက်ပါတယ်ကိုမိုးဝေ "ဆိုတာမျိုး၊ "
ရွေးချယ်ခွင့် သိပ်နည်းတဲ့ မိန်းမသားတွေရဲ့ဘဝမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်မှုကို ဖြားယောင်းမှုလို့ ရှင်နာမည်တပ်ရက်တဲ့အတွက်လည်း ကျွန်မ ရှင့်ကို ချီးကျူးပါတယ် "
)
သူတို့ စကားပြောတဲ့ အသုံးအနှုန်းတွေက တစ်မျိုးပဲ ဆိုတာပဲ နားလည်တယ်။ဒေါသနဲ့ ပြောတဲ့ စကားလုံးတွေမှာတောင် ဒေါသနဲ့မှန်းသိနေပေမယ့် မကြမ်းတမ်းဘူးလို့ သိခဲ့တယ်။
ခြောက်တန်းဆိုတဲ့ အရွယ်နဲ့ မှီတဲ့ ဉာဏ်လောက်မှာ တွေးမိခဲ့သမျှတွေဟာ သိပ်လည်း မကြီးကျယ်ဘူး ။ ကိုယ်သိသလောက် ကိုယ်တွေးလို့ရသလောက်နဲ့တင် အတော်ကြိုက်နေခဲ့မိတာ ဘာ့ကြောင့်မှန်းလည်း နားမလည်ခဲ့ဘူး။
ကိုယ်သိခဲ့တာ
ကေသီဆိုတဲ့ ပန်ဆယ်ဟီးလ် ဒေါက်ဖိနပ်စီးပြီးမြန်မာဝတ်စုံကို ဝတ်လေ့ရှိတဲ့ မန်းတက္ကသိုလ်က မြန်မာစာ ဆရာမလေးရယ်၊ ဆရာဆိုတဲ့ မာန်ခပ်တက်တက်နဲ့ ဦးရန်နိုင်ဆိုတဲ့ လူရယ်၊ မှုန်တေတေ ကုပ်ဖေးဖေးနဲ့ အလုပ်ကြိုးစားတဲ့ မိုးဝေဆိုတဲ့ တိုးရစ်ဂိုက်တစ်ယောက်ရယ်...။
ဆရာရန်နိုင်ကို မမှားဘူးလို့ ကိုယ့်စိတ်ထဲ ထင်တယ်။မိုးဝေကို ညံ့တယ်လို့လည်း ထင်တယ်...။အဲ ကေသီကိုတော့ သူတော်တာကို လေးစားပြီး မိုးဝေကို ရိသဲ့သဲ့ သွားလုပ်တာ မကြိုက်ခဲ့ဘူး...။
ပြောရရင် အရမ်း ဟီးရိုး မဆန်တဲ့ ဇာတ်ကောင်တွေကို ဖတ်ရင်း ဘယ်လိုလုပ် အဲ့ဒါမျိုးတွေ ကြိုက်မိတာလဲ မတွေးတတ်အောင်ပဲ..။
တ်ဆို မင်းသားကလည်း သိပ်တော် သိပ်ထက် ပိုက်ဆံရှိ ရုပ်ချော မင်းသမီးကလည်း ရုပ်ချော သဘောကောင်း ဘာညာနဲ့ နောက်ဆုံး မင်းသားနဲ့ညား ဆိုတာတွေကမှ ဝတ္ထုဆန်တာလို့ ထင်ခဲ့မိတာလေ...။
အဲ့ဒီ စာအုပ်ဖတ်ပြီး ဝတ္ထုဆိုတာ တစ်မျိုးထဲ မဟုတ်ပါလားလို့ နားလည်ခဲ့မိတော့တာပဲ..။
သေချာတာကတော့ ဂျူး ဆိုသူရေးတဲ့ စာအုပ်က အဲ့ဒီကတည်းက စပြီး လွှမ်းမိုးခံခဲ့ရတယ် ဆိုတာပါပဲ...။
I'm ATM.
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
သင်ခ့်