ချစ်မိပါသည် ………သို့သော် (4)
ချစ်မိပါသည် သို့သော် (၁)
https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-1
ချစ်မိပါသည် ………သို့သော် (2)
https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-2
ချစ်မိပါသည် ………သို့သော် (3)
https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-3
ချစ်မိပါသည် ………သို့သော် (4)
-- ဆရာဝန်ပေးသောဆေးများကိုသောက်ပြီး စိတ်ကို ငြိမ်သက်အောင်ထိန်းရသည်။
လေ့ကျင့်ခန်းများလုပ်ရသည်။ တရားထိုင်ရသည်။ သို့သော် မောင့်ကိုသတိရစိတ်ကတော့ မပျောက်။ ဆယ်ရက်ခန့်ကြာသောအခါ မောင်ဖုန်းဆက်လာသည်။ တနေရာမှာတွေ့ချင်သည်ဟုပြောသည်။ ကလေးတယောက်လိုပင် သူမ ထခုန်မိသည်။ ဖော်မပြတတ်သော ပျော်ရွှင်မှုမျိုးဖြင့် သူမငိုမိသည်။ ထိုသို့ဆိုလျှင် မောင်သူမကို ချစ်နေသေးသည်။ မောင် သူမကို မမေ့သေးတာသေချာသည်။ ဆုံးရှုံးရတော့မည်ဟု ထင်ထားသော မောင့်ကို တဖန်ပြန်လည်ထွေးပွေ့ရတော့မည်။ သူမကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသောမောင့်ကို ကျေနပ်သည်အထိ တောင်းပန်ရမည်။ မောင်ကလည်း ခွင့်လွှတ်မှာ သေချာသည်။ သူမကို နားအလည်နိုင်ဆုံး စာနာပေးနိုင်ဆုံးက မောင်ပဲ မဟုတ်လား။ မောင်နှင့်တွေ့ရန် အသေအချာပြင်ဆင်ရသည်။ လှလှပပလေးပြင်ဆင်ရသည်။ ချစ်သူဖြစ်စကလို ရင်ခုန်မှုတွေမြန်နေသည်။ ဆယ်ကျော်သက်ကလေးလို တဟင်းဟင်းး ရယ်မောနေမိသည်။ မောင်နှင့်တွေ့ရမည်ကို တွေးကြည့်ရုံဖြင့် စိတ်လှုပ်ရှားလွန်းလှသည်။ စောင့်ခဲ့ရသော လများစွာအတွက် အခုတော့ ဖြေသိမ့်စရာတခုဖြစ်တော့မည်။ မောင်နှင့်ချိန်းထားရာ မြကျွန်းသာ ကန်ဘောင်ပေါ်သို့ သူမရောက်လာသည်။ သူမရောက်တော့ မောင်ကရောက်နှင့်နေသည်။ သို့သော် သူမကို မမြင်ဘဲ ရေကန်ကိုသာ စူးစိုက်ကြည့်နေသည်။ ညနေစောင်းအချိန်ဖြစ်သောကြောင့် နေရောင်ကလည်း အတော်အတန် အရောင်မှိန်နေပြီ။ မောင့်အနားသို့ တဖြည်းဖြည်း လမ်းလျှောက်သွားလိုက်သည်။ ရင်တွေခုန်ရသည်။ စိတ်တွေလှုပ်ရှားရသည်။ ခြေထောက်တွေ ခွေယိုင်နေသလိုဖြစ်နေသည်။ လက်ဖျားတွေအေးစက်နေသည်။ ပျော်လွန်းလို့ မျက်ရည်များပင် ဝဲနေတော့သည်။ မောင့်အနား သို့သူမရောက်သွားသည့်တိုင် မောင်ကမသိသေးဘဲ မလှုပ်မယှက် ထိုင်နေသည်။ သူမ တိုးတိုးကလေးခေါ်လိုက်သည်။
'' မောင် ''
''……''
'' နောက်ကျသွားတယ်မောင်ရယ်။ ဆောရီး။ ရင်တွေ အရမ်းခုန်နေလို့လေ လမ်းတောင်ကောင်းကောင်းလျှောက်လို့ မရဘူး သိလား''
သူမကပြုံးရွှင်နေသလောက် မောင်ကတော့ မသိမသာ မျက်မှောင်ကုတ်ကာ သက်ပြင်းဖွဖွချသည်။
'' အဆင်ပြေရဲ့လား ''
မောင့်ဆီက ထိုစကားမျိုးကြားရတာ သူမအံ့သြမိသည်။ ဒီလောက် အကြာကြီး ပစ်ထားပြီးမှ အဆင်ပြေရဲ့လားဆိုသည့် စကားသည် သူမကို လှောင်နေသလားတောင် ထင်မိသည်။
'' ချစ်ပုံစံက အဆင်ပြေနေတဲ့ပုံဖြစ်နေလို့လားဟင် မောင်။ မောင်ပစ်ထားတာ ဘယ်လောက်ကြာပြီလဲ။ အခုလေ ဆရာဇော်စိန်လွင်နဲ့ ထပ်ပြနေရတယ်။ အဲ့ဒါ မောင် မသိဘူး မဟုတ်လား။ မောင် သိပ်နေနိုင်တယ်။ အခုလို ပစ်ထားတာ မှန်တယ်လို့ ထင်နေတာလားဟင် ''
မောင့်ထံမှဘာစကားမှထွက်မလာ။ သူမသာအဆက်မပြတ် ပြောနေမိသည်။ ကိုကိုကအိမ်ခွဲနေသွားပြီဆိုတဲ့အကြောင်း ၊ သူမဆီကို တခါတရံမှသာလာကြည့်ပြီး စားသောက်နေထိုင်ဖို့ စီစဉ်ပေးကြောင်း၊ ပတ်ဝန်းကျင်မှာလည်း တံတွေးခွက်ထဲမျောရပြီဖြစ်တဲ့အကြောင်း၊ ဇော်မြင့်ကိုနှင့် သမုတ်ရာကနေ အခြားယောက်ျားများနှင့်ပါ စွပ်စွဲကြကြောင်း၊ မိဘအသိုင်းအဝိုင်းကပါ မိန်းမပျက်တဦး အဖြစ်မြင်ကြောင်း၊ ဇော်မြင့်ကိုနှင့် ကိုကိုတို့ အကြောင်းပြောပြသော်လည်း မိဘများက မယုံကြောင်း၊ အိမ်ကြီးထဲတွင် တယောက်တည်းနေပြီး လွန်စွာခြောက်ခြားရကြောင်း၊ အားကိုးစရာ မောင်ကလည်း သူမကိုပစ်ထားကြောင်း၊ ဂရုမစိုက်ကြောင်း၊ သူမဘဝသည် အထီးကျန်ခြောက်သွေ့လှကြောင်း ခရားရေလွှတ်သကဲ့သို့ တောက်လျှောက်ပြောနေမိသည်။ ထိုအခါကျမှမောင်က သူမလက်ကလေးကိုဆုပ်ကိုင်ပြီး စကားကို တလုံးချင်းပြောသည်။
'' မောင်မှားခဲ့ပါတယ်။ တကယ်ကိုမောင်မှားခဲ့ပါတယ်။ ချစ်ရဲ့သနားစရာဘဝလေးကို စာနာမိရင်း ချစ်အပေါ် စိတ်ယိုင်ခဲ့ပါတယ်။ ဒီအတောအတွင်း ချစ်ရဲ့စိတ်ကိုလည်းနားလည်ခဲ့ရတယ်။ လူဆိုတာ သိပ်အထီးကျန်ဆန်လာရင် ရေနစ်နေသူလိုပဲ ရရာကိုအားကိုးတကြီးဖမ်းဆုပ်တတ်ကြတယ် မဟုတ်လား။ အဲ့တော့ မောင်ဆိုတဲ့ကောက်ရိုးပင်လေးဟာလည်း ချစ်အတွက် မှီတွယ်ရာတခုဖြစ်ခဲ့ရတယ်။ အဲ့ဒီ့မှီတွယ်မှုဟာ မောင်တို့နှစ်ယောက်စလုံးအတွက် မခိုင်မာမှန်း ချစ်လည်းသိထားပြီးဖြစ်မှာပါ။ မောင့်မှာ မိသားစု ရှိတယ်။ အဲ့ဒါကိုသိသိကြီးနဲ့ မောင်က ချစ်အပေါ်သာယာမှုတွေပေးခဲ့တယ်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ မောင်ချစ်ကိုဖျက်စီးခဲ့မိတယ်။ တဒင်္ဂသာယာမှု အပေါ်မှာ မောင်ယစ်မူးခဲ့မိတယ်။ ကလေးငယ်လေး တဖက်နဲ့ ပင်ပန်းနေရှာတဲ့မောင့်မိန်းမအပေါ်မှာ မောင်မတရားမှုတွေပြုခဲ့မိတယ်။ ငါ့အပေါ်မပြုစုရကောင်းလားရယ်လို့ အပြစ်တွေပြောခဲ့တယ်။ ပင်ပန်းလွန်းလို့ သွေးသားဆန္ဒတွေကို မေ့ထားရတဲ့မောင့်မိန်းမအပေါ်မှာ မောင်ရက်စက်ခဲ့မိတယ်။ ဒါကြောင့်လည်း ချစ်နဲ့တွေ့ဆုံမှုအပေါ်မှာ မောင်သာယာခဲ့တယ်။ မက်မောခဲ့တယ်။ မရုန်းနိုင်ခဲ့ဘူး။ မောင့်မိန်းမဆီက မရတာကြာပြီဖြစ်တဲ့ အိပ်မက်ချိုတွေကို ချစ်ဆီကနေရယူခဲ့တယ်။ မောင်မေ့နေတာတခုက မောင့်မိန်းမဟာ မောင်လိုချင်ခဲ့တဲ့ မိသားစုလေးတခုကို အပြင်းအထန်ထူထောင်နေတယ်ဆိုတာပဲ။ မောင်သိပ်မှားတယ်။ ဘယ်လိုစကားလုံးမျိုးနဲ့မှ အစားထိုးပြီးပြောလို့မရလောက်အောင်ကို ရှက်မိတယ်။ ချစ်ကိုလည်း သနားမိတယ်။ ''
စကားတွေပြောပြီးမောင်က ခနနားသည်။ သက်ပြင်းချသည်။ ဆံပင်တွေကို လက်နှင့်သပ်တင်သည်။ မောင်စိတ်လှုပ်ရှားနေတာကို မြင်တော့ သူမလည်းစိတ်လှုပ်ရှားသည်။ မောင်က မောင်မှားသည် ဟုပြောသည်။ ထိုသို့ဆိုလျှင် သူမ လည်း မှားသည်။ မောင့်အပေါ်ဇွတ်တိုးမိသည်။ ရှောင်နိုင်ပါရက်နဲ့ပင် တိုးမိခဲ့ကြသည်။ သို့သော် အခုအချိန်မှတော့ နောက်ဆုတ်၍မဖြစ်။ ရှေ့ဆက်မတိုးသည့်တိုင်အောင် ဒီအတိုင်းလေးပဲ ဆက်နေချင်သည်။ဆက်နေမှဖြစ်မည်။ ယခုအတိုင်း လေးနေသည်ကိုပင် သူမကျေနပ်သည်။ ပတ်ဝန်းကျင်သည် ဂရုစိုက်စရာမဟုတ်။ မောင်ရှိပါက အရာရာရင်ဆိုင်နိုင်သည်။
-- '' ချစ် မောင်တို့ နောက်ဆုတ်ကြမှဖြစ်တော့မယ်။ နောက်ဆုတ်ပါတော့မယ်လို့ မောင့်မိန်းမကိုလည်း ဖွင့်ပြောလိုက်ပြီ။ ဒီထက်ပိုပြီးလည်း မောင့်မိန်းမနဲ့သမီးလေးကို အထိခိုက်မခံနိုင်တော့ဘူး။ ချစ်အတွက်လည်းမောင်စဉ်းစားထားတာတခုရှိတယ်။ ကိုယ့်ဘဝကိုယ် အေးအေးဆေးဆေးရပ်တည်ကြရအောင်။ မောင်တို့နှစ်ယောက် ရှေ့တက်တိုးရင် နောက်ထပ်ကြေကွဲစရာတွေပဲ ဆက်ဖြစ်လာလိမ့်မယ်။ ရပ်ကြရအောင်ပါ။ ''
သူမနားထဲတွင် လေတွေ တဝုန်းဝုန်းတိုက်ခတ်နေသည့်နှယ် ဆူညံလွန်းလှသည်။ ဆံပင်များသည် လေတိုက်လွန်းတာကြောင့် လွင့်ဝဲရှုပ်ပွနေသည်။ မျက်နှာပေါ်မှဆံပင်များကို မဖယ်မိ။ မျက်ရည်များ တဝေါဝေါကျနေသည်မှာ ရေတွေသွန်ချသည့်အလား။ သူမဘဝသည် အဘယ့်ကြောင့်ထိုကဲ့သို့ ဖြစ်ရသနည်း။ အဘယ့်ကြောင့် ယခုကဲ့သို့ဆိုးဝါးလွန်းရသနည်း။ ဘယ်ဘဝကဝဋ်ကြွေးများကို ဆပ်နေရသနည်း။ မောင့်စကားသံများသည် ဝေးသွားလိုက် နီးလာလိုက်ဖြင့် သူမကိုနှိပ်စက်နေကြသည်။ ကြားတချက်မကြားတချက်ကြားမှာ သူမခေါင်းညိတ်မိလေသလား ခေါင်းခါမိလေသလား မကွဲပြား။ သူမအသက်ရှင်နေရခြင်းသည် ထိုကဲ့သို့ အသဲကွဲဖို့အတွက်လား။ လောကဓံသည် သူမကို အဖက်ဖက်က ရိုက်နှက်လွန်းသည်။ သူမကိုပြိုလဲအောင်လုပ်ရက်လွန်းသည်။ မောင်ပြောတဲ့စကားများထဲတွင် ညီမလေးတယောက်လိုဆိုတာကိုလည်း ကြားမိသလိုပင်။ သူငယ်ချင်းတယောက်နဲ့ အိမ်ထောင်ချပေးမယ်လို့လည်း ကြားလိုက်သလိုလို။ အဆိုးဆုံးစကားများကတော့ ဖြစ်ခဲ့ပြီးသမျှ အားလုံးမေ့လိုက်ကြရအောင်တဲ့လေ။ မေ့ကြရအောင်တဲ့။ ဘယ်သူမှမထိခိုက်အောင်တဲ့လားမောင်။ မောင့်မိသားစုအထိခိုက်အောင်လို့ ဘာကြောင့်များမပြောရတာလဲ။ သူမထိခိုက်မယ်ဆိုတာ မောင်မသိတာလား။ မသိချင်ယောင်ဆောင်တာလား။ မောင်သူမအပေါ် မည်သို့ သဘောထားခဲ့ပါသလဲ။
'' ညီမလေး လက်ခံပေးပါ။ ကိုယ့်စိတ်ရင်းကို နားလည်ပေးပါ။ ညီမလေးဘဝတလျှောက်အဆင်ပြေချောမွေ့အောင် ကိုယ်တို့အစစအရာရာ စီစဉ်ပေးမယ်နော်။ အခုအချိန်မှာ ညီမလေးတကယ်လိုအပ်တာက စာနာအားပေးဖော်ပါပဲ။ ညီညီဟာ ညီမလေးအပေါ်မှာ ခင်ပွန်းကောင်းတယောက်ဖြစ်ရစေမယ်လို့ ကိုယ်အာမခံပါတယ်။ ကိုယ့်စေတနာကို ညီမလေး လက်ခံပေးပါ။ ''တခနအတွင်းမှာပင် သူမသည် မောင့်ရဲ့ညီမလေးဖြစ်သွားပြီတဲ့လား။
-- ဘယ်အရာတွေမှားခဲ့သလဲ။ ဘယ်သူတွေမှားခဲ့သလဲ။ ကိုယ်မသိသောဘဝ အဆက်များဆီက ဝဋ်ကြွေးများသည် ယခုဘဝတွင်ပြန်လည်ပေးဆပ်ရသည်ဆိုသည်မှာ အမှန်တရားလား။ အရာရာသည် သူမအတွက်တော့ နာကျင်ဖွယ်ရာများပင်။ လင်ကံမကောင်းဘူးဟူ၍လည်းကောင်း တဏှာကြီးလွန်းသော မိန်းမဟူ၍ လည်းကောင်း ကုသ်ုလ်ကောင်းမှုနည်းလွန်းသည် ဟူ၍လည်းကောင်း အမျိုးမျိုးစွပ်စွဲပုတ်ခတ်သော ပတ်ဝန်းကျင်များနှင့်ဝေးရာတွင် သူမဘဝအေးချမ်းမှုကိုရှာတော့မည်။ လောကကြီးကို သူမ အံ့သြမိသည်။ အထူးသဖြင့် သူမ အတွက်ဖြစ်တည်ပေးခဲ့သော ကံကြမ္မာကို ပို၍အံ့သြမိသည်။
သူမအတွက်ဖြစ်တည်ပေးခဲ့သော ကံကြမ္မာကို ပို၍အံ့သြမိသည်။ ကိုကိုနှင့်အိမ်ထောင်မပြုခင်အချိန်အထိ သူမဘဝသည် ဖြူစင်ရှင်းသန့်လွန်းလှသည်။ အေးချမ်း တည်ငြိမ်လွန်းလှသည်။ လူတကာ အားကျနှစ်သက်ရသော ဘဝမျိုး ပိုင်ဆိုင်ခဲ့ရသည်။ ထို့နောက်တွင်တော့ သူမဘဝသည် အရာရာတွင် ရှုံးနိမ့်ခြင်းများစွာဖြင့် လျှောက်လှမ်းရတော့သည်။ ဖြတ်သန်းခဲ့ရသော ဘဝကို ဖြည်းဖြည်းချင်းစဉ်းစားမိသည်။ အားလုံးသည် သူမအမှားများသာ။ သူမ၏ယိမ်းလွယ်ယိုင်လွယ်သော စိတ်ကြောင့်သာဖြစ်သည်။ နောက်ဆုံးတွင် သူမ၏မိုက်ရူးရဲဆန်မှု မပြတ်သားမှုများကိုသာ အပြစ်ပုံချလိုက်တော့သည်။
အပိုင်း (5) ဇာတ်သိမ်းပိုင်း မကြာမီ လာမည်။
စုမွန်သွယ်
MSU - 057
Photo credit - https://cinincarriere.nl/alleen-zijn/
Congratulations @sumonthwe! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Nice👏👏
👍👍👍👍အားပေးနေပါတယ်