ချင်းတွင်းမြစ်

in #writing6 years ago

ချင်းတွင်းမြစ်(Chindwin River)သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ် ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ မြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။ ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ ချင်းတွင်းမြစ်၏အစပြုရာအမည်သညာမှာ –တနိုင်းခ— ဖြစ်သည်။ –ခ— ဆိုသည်မှာ ကချင်ဘာသာစကားဖြင့် –ရေ— ၊ –မြစ်—ဟူ၍ အဓိပ္ပါယ်ရသဖြင့် –တနိုင်းခလွင်ပြင်ဒေသမှ ဖြတ်သန်းစီးဆင်းလာသည့်မြစ်—ဟူ၍အဓိပ္ပါယ်ဖွင့်ရမည်။ –တနိုင်းခ—ကို နာဂတိုင်းရင်းသားများက –ဒီနဲ—ဟုလည်း ခေါ်ဝေါ်ကြသေးသည်။ ထို့အပြင် –သလ္လာဝတီ—ဟူ၍ လည်း ရှေးသမိုင်းအစဉ်အလာအရ ခေါ်တွင်ခဲ့ကြသည်။ –သလ္လာ—ဆိုသည်မှာ –မြား— ၊–ဝတီ— ဆိုသည်က –ရေ— ဖြစ်၍ မြားကဲ့သို့ ရေစီးသန်သည့်မြစ်ကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်ဟုအဆို ရှိခဲ့သည်။ –ချင်းတွင်း—ဆိုသည်ကိုမူ– ချင်းတောင်တန်းဒေသမှ စီးဆင်းလာသည့်မြစ်—ဟု ဝိဂြိုဟ်ကျင်းခဲ့ကြသည်။ အမှန် ဆိုရလျှင် –ချင်းတွင်း—ဟူသည့်အခေါ်အဝေါ်သည် ပုဂံခေတ်ကပင် စတင်ခေါ်ဝေါ်သုံးနှုန်းလာခဲ့ကြခြင်းဖြစ်သည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။

အကြီးဆုံးဖြစ်သော မြစ်လက်တက်ဖြစ်သည့် ဥရုမြစ်သည် ဟုမ္မလင်းမြို့တောင်ဖက်တွင် ချင်းတွင်းမြစ် အတွင်းပေါင်းဆုံသည်။ (ဥရုမြစ်ညာရှိ ဖားကန့်ဒေသသည် နာမည်ကျော် မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ပင်မဒေသလည်းဖြစ်သည်။)
ယုမြစ်သည် ကဘော်ချိုင့်ဝှမ်းဒေသကို ဖြတ်သန်း၍ ချင်းတွင်းမြစ်အတွင်း စီးဝင်သည်။
မြစ်သာမြစ်သည် ကလေးချိုင့်ဝှမ်းဒေသကို ဖြတ်ကာ ကလေးဝမြို့ အနီးတွင် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်။
ချင်းတွင်းမြစ်သည် တနဲ၊ တဝန်၊ တရုံမြစ်များ တွေ့ဆုံရာမှ စတင်လေသည်။ တနဲမြစ်မှာ ကူမွန်တောင်တန်းရှိ ရွှေတောင်ကြီးတောင် အနီးတွင် မြစ်ဖျားခံသည်။ ထိုမှ ဟူးကောင်းတောင်ကြားအထိ မြောက်စူးစူးသို့ စီးဆင်း၍ အနောက်ဘက်သို့ကွေ့ရာ၌ ဟူးကောင်းတောင်ကြားမှ စီးဆင်းလာသော တရုံမြစ်နှင့် ပူးပေါင်းလေသည်။ ထိုမြစ်ဆုံမှ တောင်ဘက်သို့ စီးဆင်းရာ ရေတံခွန်များ လွန်ပြီးနောက် ဇင်ဂလိန်ခန္တီးနယ်သို့ ရောက်၏။ ဤမှတစ်ဖန် အထက်ချင်းတွင်းခရိုင်ကို ဖြတ်၍စီးဆင်းသည်။ ထိုနေရာမှ အောက်ဘက်သို့ ရောက်လာသောအခါ အရှေ့ဘက် ကျောက်စိမ်းတွင်းများဒေသတွင် မြစ်ဖျားခံခဲ့သော ဥရုမြစ်သည် ပထမဆုံး မြစ်လက်တက် အဖြစ် ဟုမ္မလင်းမြို့နှင့် မိုင်အနည်းငယ်ကွာနေရာတွင် ချင်းတွင်းမြစ်တွင်းသို့ စီးဆင်းလေသည်။ ထိုမှတစ်ဖန် ချင်းတွင်းမြစ်သည် သောင်သွပ်နယ်၏ အရှေ့ဘက်နယ်နိမိတ်အဖြစ် စီးဆင်းလာသည်။ ချင်းတွင်းမြစ်၏ အခြားမြစ်လက်တက်တစ်ခုဖြစ်သော ယူးမြစ်သည် အနောက်ဘက်ရှိ ကဘော်မြစ်ဝှမ်းမှ ချင်းတွင်းမြစ်တွင်းသို့ စီးဝင်ပေါင်းဆုံလာ၏။ ဤမှတစ်ဖန် ချင်းတွင်းမြစ်သည် မော်လိုက်မြို့ကို ဖြတ်၍စီးဆင်းလာရာ အနောက်ဘက် ချင်းနယ်မှ စီးလာသော မြစ်သာမြစ်နှင့် ကလေးဝတွင် ပေါင်းဆုံမိလေသည်။

ချင်းတွင်းမြစ်သည် လက်ယာဘက်ကမ်းရှိ မင်းကင်းမြို့ အနီးတွင် အရှေ့ဘက်သို့ အနည်းငယ်ကွေ့ပြီးနောက် တစ်ဖန် မြောက်ဘက်သို့ ကွေ့သွားပြန်၏။ ထို့နောက် မောက်ကတော်ရွာအနီးတွင် တောင်ဘက်သို့ ကွေ့ပြီးသော် အောက်ချင်းတွင်းခရိုင်အတွင်းသို့ စီးဝင်သည်။ဧရာဝတီမြစ်ဆုံမှ အထက်မိုင်ပေါင်း ၄ဝဝအထိ သင်္ဘောခုတ်မောင်း နိုင်သည်။ မီးသင်္ဘောများသည် တစ်နှစ်ပတ်လုံး ကင်းတပ် မြို့အထိလည်းကောင်း၊ မိုးတွင်းအခါတွင် ဟုမ္မလင်းအထိလည်းကောင်း ဆန်တက်နိုင်ပေသည်။ လှေငယ်များနှင့်မူ မြစ်ကြောင်း တစ်လျှောက်လုံး စုန်ဆန်သွားလာနိုင်သည်။ ချင်းတွင်း မြစ်တွင်း၌ သစ်များကို ဖောင်ဖွဲ့၍ မျှောချကြသည်။ မြစ်ကမ်းပါးများတွင် ဆေးကိုင်းများ၊ ပဲကိုင်းများ စိုက်၏။ မြစ်အောက်ပိုင်းတွင်ကား ကောက်ပဲ သီးနှံခင်းများအတွက် ချင်းတွင်းမြစ်မှ ရေကိုသွယ်၍ ယူကြသည်။

ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းတွင် သောင်သွပ်၊ ကလေးဝ၊ ကန္နီ စသောမြို့များ တည်ရှိ၍ လက်ဝဲဘက်ကမ်းတွင် ဟုမ္မလင်း၊ ကင်းတပ်၊ အလုံ၊ မော်လိုက်နှင့် မုံရွာမြို့ကြီးများ တည်ရှိသည်။ ချင်းတွင်းမြစ်ကို စွဲ၍ အောက်ချင်းတွင်းခရိုင်၊ အထက်ချင်းတွင်းခရိုင်ဟူ၍ ခရိုင်ခွဲခြားထားသည်။ ချင်းတွင်းမြစ်ဖျားတွင် ရွှေအနည်းငယ်ထွက်၍ ပယင်းတွင်းများ၊ ကျောက်စိမ်းတွင်းများလည်း ရှိလေသည်။

ချင်းတွင်းမြစ်ကြောင်းတွင် မင်းကင်း၊ စစ်တောင်းနှင့် ဖောင်းပြင်မြို့များလည်းရှိသည်။ ကလေးဝမြို့ အောက်ဘက် အရှေ့ဘက်ကမ်းရှိ ရွှေကျင်မှ ရွှေဘိုခရိုင်သို့ လမ်းပေါက်သည်။ ပန်းသာမှာ အင်းတော်ရေနံတွင်း အတွက် မြစ်ဆိပ်ဖြစ်၍ ကလေးဝတွင် ကျောက်မီးသွေးတွင်းများ ရှိသည်။

ဧရာဝတီမြစ်တွင်းသို့ ပခုက္ကူအထက်တွင် စီးဝင်သော ချင်းတွင်းမြစ်၏ အောက်မြစ်ဝသည် ပုဂံမင်း တစ်ပါး ဖောက်လုပ်ခဲ့သော တူးမြောင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုတူးမြောင်းသည် နှစ်ပေါင်းကြာမြင့်စွာ ပိတ်ဆို့နေခဲ့ရာ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် ရေကြီးသည့်အခါတွင်မှ ပြန်၍ပေါက်သွားသည်ဟု သမိုင်းအမှတ်အသား ရှိသည်။ [၁]သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြစ် ဧရာဝတီမြစ် ထိကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။Screenshot_20181210-191415.jpgScreenshot_20181210-191411.jpg

Sort:  

Congratulations @tintinmaung! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @tintinmaung! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 55157.38
ETH 2317.75
USDT 1.00
SBD 2.33