Forword & back

in #weku6 years ago

https://deals.weku.io/community-deals/@chirstonawba/eyaw-sit-enaksit
" ရှေ့စိတ် ၊ နောက်စိတ် "
*****************
image
ဝိပဿနာလုပ်ငန်း စတင်တော့မည်ဆိုပါက မသိမဖြစ် ၊ နားလည်သဘောပေါက်ဖို့
လိုသည်ကား ရှေ့စိတ် နှင့် နောက်စိတ်တို့ပင်ဖြစ်ပါသည် ။ ဤသည်ကို မြတ်စွာဘုရား
၏ " မဟာသတိပဋ္ဌာနသုတ္တံ ၊ စိတ္တာနုပဿနာ " = " စိတ်ကို ဆင်ခြင်ခြင်း " ၌ ဖေါ်ပြပါ
ပါဠိတော် ဘာသာပြန် ကို " ဖားအောက်တောရဆရာတော် " ရေးသားပြုစုတော်မူသော
" နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း ( ဒုတိယအကြိမ် ) " စာမျက်နှာ ( ၇၃ )
မှ စ၍ ကောက်နူတ်တင်ပြလိုပါသည် ။

" ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ ? ဣဓ ဘိက္ခဝေ ဘိက္ခု . .

ရဟန်းတို့ . . အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရူလေ့ရှိသည်ဖြစ်၍
နေသနည်း ။

ရဟန်းတို့ . . ဤသာသနာတော်၌ ရဟန်းသည် . .

" သရာဂံ ဝါ စိတ္တံ ' သရာဂံ စိတ္တ ' န္တိ ပဇာနာတိ " ( လောဘ )
' ရာဂ ' နှင့် တကွသော စိတ်ကိုလည်း " ရာဂနှင့်တကွသော စိတ် " ဟု သိ၏ ။

( ရာဂစိတ် ဖြစ်ပေါ်လျှင် ယင်း " ရာဂစိတ် " သည် = " ရှေ့စိတ် " ဖြစ်ပါသည် ၊
ရာဂနှင့်တကွ သောစိတ်ကို " သိသော စိတ် " သည် = " နောက်စိတ် " ဖြစ်ပါသည် ၊ သတိ
ရှိ၍သာ ဤသို့ နားလည်ခြင်း ဖြစ်ပါသည် ။ သတိ မရှိပါက မောဟ / ဥပါဒါန်ကပ်၍ သွားပါမည် ။
သတိ ရှိခြင်းကြောင့် ကုသိုလ်ဖြစ်ပြီး ၊ သတိမရှိပါက မောဟ / ဥပါဒါန်ကြောင့် အကုသိုလ်
ဖြစ်သွားပါမည် ။ ဝိပဿနာရူခြင်း၏ အဓိက အချက်ဖြစ်ပါသည် ။ ဤသည်မှာ မိမိ၏နားလည် ချက်သာဖြစ်ပါသည် ၊ အဆိုပါ ရည်ညွှန်းသောစာအုပ်တွင် ဖေါ်ပြမထားပါ )

" ဝီတရာဂံ ဝါ စိတ္တံ ' ဝီတရာဂံ စိတ္တ ' န္တိ ပဇာနာတိ "
' ရာဂကင်းသော စိတ်ကိုလည်း " ရာဂကင်းသော စိတ် " ဟု သိ၏ ။

" သဒေါသံ ဝါ စိတ္တံ ' သဒေါသံ စိတ္တ ' န္တိ ပဇယနာတိ " ( ဒေါသ )
' ဒေါသ ' နှင့်တကွသော စိတ်ကိုလည်း " ဒေါသနှင့်တကွသော စိတ် " ဟု သိ၏ ။

" ဝီတဒေါသံ ဝါ စိတ္တံ ' ဝီတဒေါသံ စိတ္တ ' န္တိ ပဇာနာတိ ။
' ဒေါသကင်းသောစိတ် လည်း " ဒေါသကင်းသော စိတ် " ဟု သိ၏ ။

" သမောဟံ ဝါ စိတ္တံ ' သမောဟံ စိတ္တ ' န္တိ ပဇာနာတိ " ( မောဟ )
' မောဟ ' နှင့်တကွသော စိတ်ကိုလည်း " မောဟနှင့်တကွသော စိတ် " ဟု သိ၏ ။

" ဝီတမောဟံ ဝါ စိတ္တံ ' ဝီတမောဟံ စိတ္တ ' န္တိ ပဇာနာတိ "
' မောဟကင်းသော စိတ်ကိုလည်း " မောဟကင်းသော စိတ် " ဟု သိ၏ ။

         ဤသို့ --
           
                ကျုံသော သံခိတ္တစိတ် ၊ ပျံ့လွင့်သော ဝိက္ခိတ္တစိတ် ၊ 
                 မဟာဂ္ဂုတ်စိတ် ၊ အမဟဂ္ဂုတ်စိတ် ၊
                 သဥတ္တရစိတ် ၊ အနုတ္တရစိတ် ၊
                  သမာဟိတစိတ် ၊ အသမာဟိတစိတ် ၊
                  ဝိမုတ္တစိတ် ၊ အဝိမုတ္တစိတ်     ဟု သိ၏ ။

အမှန်က မြင်-ကြား-နံ-စား-ထိ-တွေး ဆိုတဲ့ ရှေ့စိတ် ဖြစ်ပေါ်ပြီး နောက်စိတ်မှာ သတိလိုက်တဲ့
" သတိပဋ္ဌာန်တရား " ကိုပြောသွားတာပါ ။ ဒါကို " မဟာသတိပဋ္ဌာနသုတ် ၊ စိတ္တာနုပဿနာ "
မှာ လောဘဖြစ်ရင် ဖြစ်မှန်းသိ ၊ လောဘမဖြစ်ရင် မဖြစ်မှန်းသိ ၊ ဒေါသဖြစ်ရင် ဖြစ်မှန်းသိ ၊ ဒေါသ
မဖြစ်ရင် မဖြစ်မှန်းသိ ၊ မောဟဖြစ်ရင် ဖြစ်မှန်းသိ ၊ မောဟမဖြစ်ရင် မဖြစ်မှန်းသိ လို့ ဆိုပေမဲ့
ကျွန်တော်တို့ ဉာဏ်မှာ ထိုးထိုးထွင်းထွင်း ၊ မတွေမဝေ ပိုင်းခြားသိမြင်လောက်အောင် ရှင်းမသွားခဲ့ပါဘူး ။ အမှန်တော့ ဝိပဿနာအလုပ် အားထုတ်တယ်ဆိုတာ ၊ နောက်စိတ်မနောမှာ သတိရှိဖို့ရာ
အားထုတ်ရင်း ကိလေသာကို ပယ်တာပါပဲ ။ ရှေ့စိတ် - နောက်စိတ်ဆိုတဲ့စိတ်ဖြစ်စဉ်ကို သိရတဲ့
တန်ဖိုးက အလွန်ကြီးပါတယ် ။ မြတ်စွာဘုရားရဲ့ တရားအမွေပါ ။ လောဘ ၊ ဒေါသ ၊ မောဟဆိုတဲ့
ကိလေသာတွေကိုအမြစ်ပြတ်ပယ်နိုင်တဲ့ဉာဏ် ( မဂ်ဉာဏ် ) ဖြစ်အောင် အလောဘ ၊ အဒေါသ ၊
အမောဟတွေ ဖြစ်အောင် " သတိပဋ္ဌာန်တရား " အလုပ်ကို အားထုတ်ကြရတာဖြစ်ပါတယ် ။
( ဒေါက်တာစိုးလွင် ၊ မန္တလေး ၏ " ကံကုသိုလ် နှင့် ဉာဏ်ကုသိုလ် စာအုပ် စာမျက်နှာ ၃၀ )


လယ်တီဆရာတော်ဘုရားကြီး ၏ " မြင်မူနှင့်သိမူ " ( ကမ္မဋ္ဌာနဒီပနီ - လယ်တီ )

( စက္ခုဝိညာဏ် ) သည်ကား ( အဆင်း ) အမျိုးမျိုးကို မြင်မူ သက်သက်သာတည်း ။ မျက်စိဖြင့်
( မြင်ပြီး ) နောက်ကြံသိမူတို့ကား ( မနောဝိညာဏ် ) တို့၏ အမူသာတည်း ။ ( မြင်ဆဲ ) ခဏ၌
ငါမြင်သည်ဟု မသိသေး ။ နောက်လိုက် ( မနော ) ဝိညာဏ် ဖြစ်ပေါ်မှ ( ငါ ) မြင်သည်ဟု သိ၏ ။
မြင်အပ်သော ဝတ္ထု၏ အဖြူ ၊ အနီ ၊ အဆင်း ၊ သဏ္ဍာန် ၊ အမည် စသော ( ပညတ် ) တို့ကိုလည်း
နောက်လိုက် ( မနောဝိညာဏ် ) ဖြစ်ပေါ်မှ သိနိုင်၏ ။ ( မြင်မူ ) ကား စက္ခုဓာတ်အိမ်မှ ဖြစ်၍
( သိမူ ) ကား ဟဒယဓာတ်အိမ်မှ ဖြစ်၏ ။ ဓမ္မအလိုအားဖြင့် မြင်မူ - သိမူ နှစ်ပါးသည် ( တစ်ခြားစီ )
သာဖြစ်၏ ။ မြင်တစ်လှည့် ၊ သိတစ်လှည့် အစဉ်အတိုင်း သွား၏ ။ လောကအလိုအားဖြင့် စိတ်သည်
အလွန်မြန်လှသောကြောင့် မြင်မူ ၊ သိမူ ကို ( တစ်ခုတည်း ) ၊ ( တစ်ပြိုင်တည်း ) ထင်ကြရ၏ ။
ဤနည်းတူပင် ကြားမူ ၊ နံမူ ၊ စားမူ ၊ ထိမူ တို့၌လည်း တစ်စုံ တစ်စုံ ဖြစ်ကြ၏ ။ ( ကြံသိမူ ) တစ်ခုသာ
( ဟဒာဓာတ်အိမ် ) မှချည်း ဖြစ်ပေါ်ရ၏ ။ ဤသည်လည်း ဓမ္မတာတည်း ။ ထို့ကြောင့် ဝိပဿနာ
ဟူသည် ရှေ့စိတ်၌ ဖြစ်ပေါ်သော ရုပ်နာမ်ကို နောက်စိတ်က " သတိ " ဖြင့် ရူခြင်းဖြစ်သည် ။
( ဒေါက်တာစိုးလွင် ၊ မန္တလေး ၏ " မကောင်းမူရှောင် ၊ ကောင်းမူဆောင် ၊ ဖြူအောင်စိတ်ကိုထား
စာမျက်နှာ ၃၂ )


မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း ဟောကြားတော်မူသော တရားများတွင် အောက်ပါအချက်အချို့ကို ကောက်နူတ်ဖေါ်ပြလိုပါသည် ။ ( ဓမ္မသံဝေဂ နှင့် သြဝါဒ ကထာများ လက်ကမ်းစာစောင်မှ )

အရှိကို အသိ ကိုက်အောင်လုပ်တာ ဝိပဿနာ ။
ရှေ့စိတ်ကို နောက်စိတ်နှင့် ရူတာ ဝိပဿနာ ။
ရှေ့နာမ်ကို နောက်ဉာဏ်နှင့် ရူတာ ဝိပဿနာ ။
ရှေ့အသေကို နောက်အသေနှင့်ရူတာ ဝိပဿနာ ။
အသေက ဖြစ်ပျက် ၊ အရှင်ကမဂ် ။ အပျက်နဲ့ မဂ်ကိုက်အောင် ရူတာ ဝိပဿနာ ။
ရှေ့ကဖြစ်ပျက် နောက်ကမဂ် ကိုက်အောင်ရူတာ ဝိပဿနာ ။
အသေကို အရှင်က ကြည့်နေတာ ဝိပဿနာ ။
အလုပ်တရားဆိုတာ ၊ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင် လုပ်တာ ။
ကြားတဲ့ တရားနဲ့ ၊ သိတဲ့တရား နှစ်ခုထပ်ရင် " သောတာပန် " တည်နိုင်တယ် ။
နားကတရားနာပါ ၊ ဉာဏ်ကခန္ဓာလှည့်ပါ ။

မရှိတာက - အနိစ္စ ၊ မရှိမှန်း သိတာက - မဂ္ဂ ။


မဟာစည်ဆရာတော်ဘုရားကြီးက " မြင် - မြင်တယ်မှတ် " ဟုသင်ကြားပေးပါသည် ။ ဥပမာ
ရေသန့်ဗူးထဲက ရေကို မျက်စိကမြင်လိုက်တာနဲ့ မနောက ရေကိုမြင်တယ်ဟု ထင်ပါသည် ။
အမှန်မှာ မျက်စိက ရေကိုမမြင်ရပါ ။ ကြည်နေသော အရောင်အဆင်းကိုသာ မြင်ရပါသည် ။
မျက်စိမှာဖြစ်သော မြင်စိတ်သည် အရှိအတိုင်းမြင်သော်လည်း ၊ မနောတွင် အမှတ်သညာဖြင့်
မြင်လိုက်သည်နှင့် ရေဟု စွဲနေခြင်းဖြစ်သည် ။

ထို့ကြောင့် ကြား - ကြားတယ်မှတ် ဟူ၍လည်းကောင်း ၊ နံ - နံတယ်မှတ် ဟူ၍လည်းကောင်း ၊
စား - စားတယ်မှတ် ဟူ၍လည်းကောင်း ၊ ထိ - ထိတယ်မှတ် ဟူ၍လည်းကောင်း ၊ ကြံ - ကြံတယ်
မှတ် ဟူ၍လည်းကောင်း ဝိပဿနာအလုပ်တွင် ( ရှေ့စိတ် နှင့် နောက်စိတ် ဖြစ်စဉ် ) ကို ပိုင်းခြား
သိမြင်ရန် အလွန်အရေးကြီးပါသည် ။ မျက်စိကမြင်တယ် - မနောကသိတယ် ၊ နားကကြားတယ် -
မနောကသိတယ် ၊ နှာခေါင်းက နံတယ် - မနောကသိတယ် ၊ လျှာကစားတယ် - မနောကသိတယ် ၊
ကိုယ်ကထိတယ် - မနောကသိတယ် ၊ ရှေ့မနောကကြံတယ် - နောက်မနောကသိတယ် ၊ ဟူသော
ရှေ့စိတ် နှင့် နောက်စိတ်တို့၏ " တစ်စိတ်ပြီးမှ တစ်စိတ် " ရှေ့နောက်အစဉ်ဖြစ်ပေါ်နေပုံတို့ကို
" သတိ " ဖြင့်ပိုင်းခြား သိသင့်ပေသည် ။ ( ဒေါက်တာစိုးလွင် ၊ မန္တလေး ၏ " ကံကုသိုလ်နှင့်
ဉာဏ်ကုသိုလ် " စာမျက်နှာ ၁၇ )


စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး က ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျယ်
တရားတော်များစာအုပ် စာမျက်နှာ ၁၅၃ တွင် " ထိမူ ၊ သိမူ ၊ ထိုနှစ်ခု ၊ သတိကြပ်ကြပ်ပြု "
ဆိုပြီး ရှင်းလင်းပြတ်သားစွာ ဟောကြားဆုံးမတော်မူလေသည် ။ ထိမူ ကိုဆင်ခြင်သည့်စိတ်မှာ ရှေ့စိတ်ဖြစ်ပြီး ၊ ဆင်ခြင်၍သိမူမှာ နောက်စိတ်ဖြစ်ပါသည် ။ နောက်စိတ်တွင် " သတိ " ဖြင့်
ကြပ်ကြပ်ရူပွားနေရန်ဖြစ်ကြောင်းဆိုလိုရင်းဖြစ်ပါသည် ။


ဝေဘူဆရာတော်ဘုရားကြီး၏ တရားအနှစ်သာရများတွင်လည်း " ကြည့် ဆိုရာမှာ ဝိပဿနာ
ဖြစ်ဖို့ရာအတွက် ထွက်လေ ၊ ဝင်လေ ထိရာ နှာဖျား ၊ နှာဝမှာ ၊ ဝင်တိုင်း ၊ ထွက်တိုင်း ရိပ်ရိပ်
ရိပ်ရိပ်နှင့် တစ်ထိတည်း ထိနေတာကို တစ်သိတည်းသိနေအောင် ၊ တရစပ်သိမြင်အောင် ကြည့်ရူ
နေရမယ် ။ အိမ်အမိုးကို စပ်အောင် ထူထူမိုးမှ နေပူဒဏ် ၊ မိုးရွာဒဏ် ခံနိုင်တယ် ။ ( ၂၄ နာရီ
တစ်စပ်တည်းရပါစေ ) ။ ထိတာကိုသိနေလျှင် သိက္ခာသုံးပါး ၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခိယတရား
၃၇ ပါး ၊ ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ် ။ ထိတာဟာ ရုပ်သဘောဖြစ်တယ် ။
သိတာဟာ နာမ်သဘောဖြစ်တယ် ။ ဤနေရာတွင်လည်း ထိမူမှာ ရှေ့စိတ်ဖြစ်ပြီး သိမူသည် နောက်
စိတ်ဖြစ်ပါသည် ။


ဓမ္မာနုပဿနာပခုက္ကူဆရာတော်ဘုရားကြီး ၊ ဘဒ္ဒန္တဣန္ဒောဘာသမထေရ်မြတ် ( အနိစ္စ
ဆရာတော်ကြီး ) ၏ သံပေါက်ကလည်း ရှေ့စိတ် နောက်စိတ် ကိုပင်ရည်ညွှန်းထားပါသည် ။

" အာရုံကိုသိ ၊ မကပ်ငြိ ၊ လွတ်၏ သံသရာ "

အာရုံ = ရှေ့စိတ်

မကပ်ငြိ = နောက်စိတ် ( သတိရှိလျှင် မကပ်ငြိပါ ။ ကုသိုလ်ပါ ။ ဥပါဒါန်ကပ်ငြိလျှင် အကုသိုလ်ပါ )

နောက်စိတ်မှာ မကပ်ငြိပါက တစ်နည်းအားဖြင့် သမ္မာသတိမှစ၍ မဂ္ဂင်စုံပါက သံသရာမှ လွတ်မြောက်
ခြင်းကို ဆရာတော်ကြီး ဆိုလိုရင်းဖြစ်ပါသည် ။

" ပုဂ္ဂိုလ်မယူ ၊ နာမ်ရုပ်ယူ ၊ ထိုသူ ဥပါဒါန် ကင်းသတည်း "

နာမ်ရုပ်ယူ ဆိုသည်မှာ ရှေ့စိတ်ကို နောက်စိတ်က သတိ ကပ်နိုင်လျှင် " အရှိ ကို အရှိ အတိုင်း "
နာမ်ရုပ်ကို သိမြင်သွားသောကြောင့် " ထိုသူ ဥပါဒါန် ကင်းသတည်း " ဟု ဆိုလိုရင်း ဖြစ်ပါသည် ။
( ဒေါက်တာစိုးလွင် ၊ မန္တလေး ၏ " ရုပ်နာမ် နှင့် နိဗ္ဗာန် သို့မဟုတ် သ-ဘာဝတရားစာအုပ် စာမျက်နှာ
၂၄ မှ ဖေါ်ပြချက် ဖြစ်ပါသည် ။ )

" မြင်လိုက်လို့ ကိုင်လိုက်ပါ ၊ မြင်တာကို မကိုင်မိ "

အမှန်မှာ မျက်စိက မြင်လျှင် အရောင်ကိုသာ မြင်နိုင်ပါသည် ။ ကိုင်လျှင် လက်ဖြင့် ထိခြင်းကြောင့်
အရောင်ကို မသိနိုင်ပါ ။ မာတာကိုသာ သိနိုင်ပါသည် ။ ပခုက္ကူဆရာတော်ဘုရားကြီးက ဝိညာဏ်သိ
နှင့် သညာသိ ခွဲခြားဖေါ်ပြပုံဖြစ်ပါသည် ။ ( ဒေါက်တာစိုးလွင် ၏ " ကံကုသိုလ်နှင့် ဉာဏ်ကုသိုလ်
စာအုပ် စာမျက်နှာ ၁၈ မှ ဖြစ်ပါသည် ။ )


သစ္စာဒီပက မူလ ကမ္မဋ္ဌာနာစရိယဆရာကြီး ဦးကြည်ကလည်း ၎င်း၏ " သိတာ နှင့် သိစရာ "
စာအုပ် စာမျက်နှာ ၉၂ တွင် ဖောက်ပြန်တာက ရုပ်တရား ၊ သိတာက နာမ်တရား ။ ဖောက်ပြန်
တာနဲ့ သိတာ နဲ့ တစ်ခြားစီကွဲတာကို ရုပ်နာမ်ကွဲတယ်လို့ ဆိုကြတယ် ။ ဒါ သဘောတရားအနေ
နဲ့ နဂိုကတည်းက တစ်ခြားစီပဲ ။ ကွဲပြီးသား ။ ဉာဏ်ကွဲဖို့သာ လိုပါတယ် ။ ဝိပဿနာရူတာကိုက
" ပစ္စုပ္ပန္နဉ္စ ယောဓမ္မံ တတ္ထတတ္ထဝိပဿတိ " ဖြစ်ခိုက် ၊ ဖြစ်ဆဲ ၊ သိခိုက် ၊ သိဆဲ ရူရတာ ။ ရုပ်နာမ်
ဆိုတဲ့ သဘောတရားဟာ သူ့ဟာသူ ၊ သူ့ကိစ္စသူ လုပ်နေတာ ။ ဉာဏ်က အလိုက်သင့် သွားရုံပဲ ။
ဒါကို " ဘူတံ ဘူတ တောပဿတိ " လို့ ဣတိဝုတ်မှာဟောတာပေါ့ ။ ဉာဏ်က သူ့သဘောကို
သိနေရုံကလွဲလို့ ဘာမှမလုပ်ရဘူး ။ အဲဒီလိုရူနေ ၊ သိနေတယ်ဆိုတာ " ယဒါပညာယပဿတိ "
ပရမတ်ကို သိနေတဲ့ အချိန် ၊ သာယာစရာ ၊ နှစ်သက်စရာ ၊ သဘောကျစရာများရှိနေမယ်ထင်
သလား ။ ဒီအချိန်မှာ ကာမသုခလ္လိက လွတ်နေတယ် ။ ဒီအသိရှိနေချိန်ဟာ တရားသဖြငိ့ အမှန်
ရှိနေတဲ့ သဘောတရားကိုသာ သိနေရလို့ ကိုယ်စိတ်ညှဉ်းဆဲပြစ် အတ္တကိလ မထ ကောလွတ်
တယ် ။ ဒီအစွန်းနှစ်ပါးလွတ်ရင် မဇ္ဈိမပဋိပဒါမကျဘူးလား ။ ဘာမှမခံစားဘဲ မေ့နေတာလဲမဟုတ်
ဘူး ။ သိစရာရှိတဲ့ သဘောတရားကို သိနေတာပဲ ။ ဥပေက္ခာရူပြီးသားဖြစ်မနေဘူးလား ။ သာယာ
ဖွယ် - မသာယာဖွယ် လွတ်တဲ့ မဇ္ဈိမရယ် ၊ ချမ်းသာ ဆင်းရဲ မပါတဲ့ ဥပေက္ခာရယ် ၊ တစ်ချက်တည်း
ဖြစ်တဲ့အတွက် ဥဒါန်းအဋ္ဌာကထာက " မဇ္ဈတ္တုပေက္ခာ " ဆိုတာ ဒါပဲ ။ မြတ်စွာဘုရားရဲ့ အစွန်း
လွတ်တဲ့ မဇ္ဈိမပဋိပဒါ ကိလေသာ မကပ်တဲ့ ဥပေက္ခာဖြစ်အောင် ၊ ရောက်အောင် ရူနိုင်မှာဖြစ်ပါ
တယ် ။


ဆရာကြီးဦးရွှေအောင်ကတော့ ရှေ့စိတ် နောက်စိတ်ကို မူလတရား နဲ့ နောက်တိုးတရား လို့ နိုင်း
ယှဉ်ဖေါ်ပြသွားခဲ့ပါတယ် ။

မူလတရား


မြတ်စွာဘုရားပွင့်မှ ရုပ်နာမ်နှစ်ပါး ၊ ခန္ဓာငါးပါးကို သဗ္ဗညုတဉာဏ်နဲ့ခွဲခြမ်းစိတ်ဖြာပြီး သိမြင်နိုင်တာပါ ။

နောက်တိုးတရား
**********

ရုပ်နာမ်နှစ်ပါး ၊ ခန္ဓာငါးပါးကို ဒိဋ္ဌိဆိုတဲ့တရားနဲ့ ယှဉ်တွဲလိုက်ရင် နောက်တိုးတရား ငါဆိုတဲ့အတ္တ
သဘောဖြစ်လာတာ ။ ကျွန်တော်တို့က " ငါ " ကို နောက်တိုးတရားလို့ မသိဘူး ။ " ငါ " ကို မူလ
တရားအနေနဲ့ အခြေခံပြီးတော့ " ငါ " နဲ့ပဲ အကုန်စဉ်းစားတော့တာပဲ ။ " ငါ " သိတယ် ။ " ငါ "
လုပ်တယ် ။ " ငါ " ပြောတယ် ၊ " ငါ " မြင်တယ်ဆိုပြီးတော့ " ငါ " ကို မူလတရားအဖြစ် သိမ်းယူ
လိုက်တယ် ။ ဘုရားမပွင့်ခင်က နောက်တိုးတရား " ငါ " ကိုပဲ မူလတရား ယူနေတာ ။

( ဒါကို ဒေါက်တာစိုးလွင် ၊ မန္တလေး ၏ နံနက်ခင်း ဓမ္မအလင်းတန်းများ စာအုပ် စာမျက်နှာ ၃၆
' ၃.၁၂.၂၀၁၂ ' နေ့ဟောကြားချက်၌ ဖတ်ရူနိုင်ပါသည် )

ရှေ့စိတ်သည် ဝိပါကဝဋ် ၊ အကျိုးခန္ဓာ ဖြစ်သဖြင့် မြင် ၊ ကြား ၊ နံ ၊ စား စသည်တို့တွင် မူလတရား
အနတ္တ ဖြစ်ပေါ်လာမည်ဖြစ်သော်လည်း မိမိတို့က နောက်စိတ်တွင် သတိမကပ်နိုင်ပါက ဥပါဒါန်/
မောဟ ဝင်ကာ နောက်တိုးတရားအဖြစ် ဖြစ်ပေါ်သွားမည်ဖြစ်ပါသည် ။


ဒေါက်တာစိုးလွင် ( မန္တလေး ) ၏ ၂၀၁၀ခုနှစ် ၊ ဒီဇင်ဘာလ ၊ ပထမအကြိမ် ထုတ်ဝေသော
" ဓမ္မလမ်းကို လျှောက်ကြမယ် " စာအုပ် စာမျက်နှာ ၁၂၆ တွင် ရှေ့စိတ် နောက်စိတ် ကို နဂိုစိတ်
နှင့်အပိုစိတ် ဟူ၍ဖေါ်ပြခဲ့သည်ကို အောက်ပါအတိုင်း ကောက်နူတ်တင်ပြလိုက်ပါသည် ။

နဂိုစိတ်


နဂိုစိတ်ဆိုသည်မှာ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် တို့တွင်ဖြစ်ပေါ်နေသော " ဝိညာဏ် " တို့
ဖြစ်ကြသည် ။ စက္ခုဝိညာဏ် ၊ သောတဝိညာဏ် ၊ ဃာနဝိညာဏ် ၊ ဇိဝှါဝိညာဏ် ၊ ကာယဝိညာဏ်
တို့ဖြစ်သည် ။ ၎င်းတို့သည် အာရုံနှင့်ဒွါရ အကြောင်းတိုက်ဆိုင်တိုင်း သူ့သဘောသူဆောင်ပြီး
ဖြစ်ပေါ်နေကြသော " အနတ္တတရား " တို့ ဖြစ်ကြသည် ။

ဥပမာ - မျက်စိနှင့်အဆင်းတိုက်ဆိုင်လျှင် မြင်စိတ်ပေါ်၏ ။ မြင်စိတ်သည် အဆင်းအာရုံကို သိသော
စိတ်ဖြစ်၏ ။ အကျိုးတရားဖြစ်၏ ။ အဆင်းအာရုံသည် အကြောင်းတရားဖြစ်၏ ။ အဆင်းအာရုံမရှိပဲနှင့်
မြင်စိတ် မဖြစ်နိုင်ပေ ။ မျက်စိသည် အဆင်းအာရုံမရှိပဲနှင့် မိမိအလိုအတိုင်းမြင်နိုင်လျှင် မြင်စိတ်ဆို
သော အကျိုးတရားအပေါ်တွင် အစိုးရနေ၏ ။ အတ္တ ရှိ၏ ။ သို့သော် မျက်စိသည် ထိုသို့မမြင်နိုင်ပါ ။
မြင်စိတ်သည် အဆင်းအာရုံဆိုသော အကြောင်းကိုမှီ၍ ဖြစ်ပေါ်လာသော အကျိုးတရားတစ်ခုသာ
ဖြစ်သည် ။ မျက်စိသည် အကျိုးတရားအပေါ်မှာ အစိုးမရ ။ အတ္တမရှိ ။ အနတ္တသာဖြစ်၏ ။ ထို့အတူ
နား ၊ နှာ ၊ လျှာ ၊ ကိုယ်တို့တွင် ဖြစ်ပေါ်နေသော ဝိညာဏ်တို့သည်လည်း အတ္တမဟုတ် ။ အနတ္တတရား
များသာဖြစ်ကြသည် ။ အထက်ပါဖြစ်စဉ်တို့သည် နဂိုစိတ်များ ဒွါရအလိုက် ဖြစ်ပေါ်နေကြသော
အနတ္တသဘာဝတရားတို့ ဖြစ်ကြသည် ။ ( အကျိုးခန္ဓာ ၊ တစ်နည်းအားဖြင့် ပရမတ် တရားများပင် ဖြစ်ပါသည် ။ ဤကားမိမိ၏တင်ပြချက်သာဖြစ်ပါသည် )

အပိုစိတ်


အပိုစိတ်သည် မနောဒွါရမှာဖြစ်သည် ။ မနောဒွါရရှိ မနောဝိညာဏ်တွင် အပိုစိတ်ဖြစ်ရခြင်းမှာ
အကြောင်းရှိ၏ ။ မျက်စိသည် အဆင်းအာရုံနှင့် အကြောင်းတိုက်ဆိုင်သမျှသာ မြင်ရ၏ ။ အကြောင်း
ကင်းသည်နှင့် မမြင်တော့ချေ ။ မြင်ကာမတ္တသဘောရှိ၏ ။ အပိုမရှိ ။ နဂိုအရှိအတိုင်းသာ မြင်၏ ။
သို့သော် မနောဝိညာဏ်က ထိုသို့မဟုတ် ။ မြင်တဲ့အတိုင်းမနေနိုင် ။ အချိးကျတယ် ၊ မကျဘူး ။
အဆင်ပြေတယ် ၊ မပြေဘူး ။ မြင်လို့ကောင်းတယ် ၊ မကောင်းဘူး ။ နှစ်သက်တယ် ၊ မနှစ်သက်ဘူး
စသည်ဖြင့် အပိုစိတ်များ ဆက်တိုက်ဖြစ်ပေါ်လာသည် ။ ၎င်းအပိုစိတ်ကြောင့် လောဘ ၊ ဒေါသ ၊
မောဟ ကိလေသာတရားတို့သည်လည်းဖြစ်ပေါ်လာ၏ ။ အပိုစိတ်သည် အတ္တသဘောဆောင်၏ ။
အဆင်းအာရုံဆိုသော အကြောင်းတရား မရှိသော်လည်း မနောဝိညာဏ်ဖြင့် ထိုအဆင်းအာရုံကို
အတွေးတွင်မြင်ပြီး အပိုစိတ်များဖြစ်ပေါ်နေ၏ ။ အဆင်းမရှိပဲ မြင်ခြင်းဆိုသော အကျိုးတရားအပေါ်
မှာ အစိုးရနေ၏ ။ အတ္တဖြစ်နေ၏ ။ အများအားဖြင့် ထိုသို့ဖြစ်ပေါ်နေခြင်းကို အတ္တ ဟုမသိနိုင်ကြချေ ။
ထို့ကြောင့် ဗုဒ္ဓဘုရားရှင်၏ ဝိဘဇ္ဇဝါဒအတိုင်း ဝေဖန်စိစစ်သော အခါ မိမိကိုယ်တွင် အနတ္တတရား
များလည်းရှိ၏ ။ အတ္တတရားများလည်း ဖြစ်ပေါ်နေကြောင်းကို တွေ့ရ၏ ။

မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် တို့တွင် ဖြစ်ပေါ်နေသော မြင်စိတ် ၊ ကြားစိတ် ၊ နံစိတ် ၊ စားစိတ် ၊
ထိစိတ် တို့သည် အနတ္တတရားများ ဖြစ်ကြ၏ ။ နဂိုစိတ်များ ဖြစ်၏ ။ အကြောင်းတိုက်ဆိုင်တိုင်း
သူ့သဘော သူဆောင်ပြီး ဖြစ်နေကြ၏ ။ အစိုးမရ ။ ထို့အပြင် မြင်ကာမတ္တ ၊ ကြားကာမတ္တ ၊ နံကာ
မတ္တ ၊ စားကာမတ္တ ၊ ထိကာမတ္တ သဘောမျှသာဖြစ်၏ ။ အကြောင်းကင်းသည်နှင့် မရှိတော့ချေ ။
သို့သော် မနောတွင် ဖြစ်ပေါ်နေသော မနောဝိညာဏ်သည် သိကာမတ္တမဟုတ် ။ အပိုစိတ်များ
ဖြစ်ပေါ်သည် ။ အပိုစိတ်များသည်လည်း တစ်ဦးနှင့်တစ်ဦး ဖြစ်ပေါ်ပုံခြင်း မတူကြချေ ။ ဥပါဒါန်
အလိုက် ကွဲပြားခြားနားသည် ။ ( ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ တရားတော်အားဆက်လက်လေ့လာစေလိုပါသည် )


ရှေ့စိတ် နောက်စိတ် ကိုပင် တစ်နည်း မူလဓမ္မဆရာတော်မှ " တည့်တည့်တွေးပါ ၊ ထည့်ထည့်
မတွေးပါနှင့် "အမည်ဖြင့် စာအုပ်တစ်အုပ်ဖတ်ဘူးပါသည် ။

တည့်တည့်တွေးပါ
************

သမ္မာသင်္ကပ္ပ ဖြစ်အောင်နေခြင်းဖြစ်ပါသည် ။ တည့်တည့်သိမြင်ရင် သမ္မာဒိဋ္ဌိဖြစ်ပါသည် ။

ထည့်ထည့်မတွေးပါနဲ့


image
မိစ္ဆာသင်္ကပ္ပမဖြစ်အောင်နေရမယ် ။ ထည့်ထည့်သိရင်တော့ မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ် ။

တည့်တည့်သိအောင်ကြိုးစားရင် သမ္မာဝါယမဖြစ်ပြီး ၊ ထည့်ထည့်ပြီး ကြိုးစားရင် မိစ္ဆာဝါယမ
ဖြစ်ပါတယ် ။ တည့်တည့်သိအောင် ဂရုစိုက်လျှင် သမ္မာသတိဖြစ်ပြီး ၊ ထည့်ထည့်သိပြီး ဂရု
စိုက်လျှင် မိစ္ဆာသတိဖြစ်ပါတယ် ။ တည့်တည့်သိမြင်ခြင်းမှာ တည်ကြည်နေရင် သမ္မာသမာဓိ
ဖြစ်ပြီး ၊ ထည့်ထည့်သိပြီး တည်နေရင် မိစ္ဆာသမာဓိဖြစ်ပါတယ် ။ ( ၃၁ ) ဘုံ ဟူသောလောက
ကြီးမှာ စိတ်အသုံးပြုစရာ အာရုံ ( ၆ ) ပါးသာရှိပါတယ် ။ မြင် ၊ ကြား ၊ နံ ၊ စား ၊ ထိ ၊ သိ ဆိုတာ နား
လည်အောင်လို့ခွဲပြီးပြောရပါတယ် ။ အချုပ်အားဖြင့်တော့ သိစရာများပင်ဖြစ်ပါတယ် ။
" သိတာ နှင့် သိစရာမျှသာ " လို့ တည့်တည့်လေးတွေးရမယ် ။ တည့်တည့်လေးတွေးတော့
တည့်တည့်သိမယ် ။ တည့်တည့်သိတော့ တည့်တည့်လေးဂရုစိုက်မယ် ။ အားထုတ်မယ် ။
နောက်ဆုံးတည့်တည့်သိတဲ့အပေါ်မှာ တည်ကြည်သွားမယ် ။

တရားစာအုပ်ဖတ်ရာမှာလည်း စာရေးသူ၏ ချစ်စရာ ၊ မုန်းစရာ ဂုဏ်များကို ထည့်ထည့်တွေးပြီး
မဖတ်ရဘူး ။ သိစရာလို့ နှလုံးသွင်းကာ တရားသဘောများကိုသာတည့်တည့်လေးတွေးပြီး ဖတ်ရပါတယ် ။ တရားနာကြားရာမှာလည်း တရားဟောဆရာရဲ့ ချစ်စရာ ၊ မုန်းစရာ ဂုဏ်တွေကိုထည့်ထည့်
တွေးပြီး မနာကြားရပါဘူး ။ သိစရာလို့ နှလုံးသွင်းကာ တရားသဘောများကိုသာ တည့်တည့်လေး
တွေးပြီးနာကြားသင့်ပါတယ် ။ သိစရာများကို သိခြင်းမျှဖြစ်သော လောကကြီးကို " သိစရာ " လို့
တည့်တည့်လေးတွေးလိုက်သောအခါ ချစ်စရာ ၊ မုန်းစရာလို့ ထည့်ထည့်တွေးသော ပြဿနာများ
အားလုံး ငြိမ်းအေးသွားပါတယ် ။ " သိစရာမျှသာဟု တည့်တည့်တွေးပါ " " ချစ်စရာ ၊ မုန်းစရာ
အထင်များဖြင့် ထည့်ထည့် မတွေးပါနဲ့ " ။ ( ပရမတ်သိစရာများကိုသာအမှန်သိဖြစ်အောင် /
တစ်နည်းအားဖြင့် တည့်တည့် သိအောင်ကြိုးစားပြီးမိမိ၏ မနောတွင် ထည့်ထည့်တွေးခြင်းမျိုး
ရှောင်ကြဉ်အောင် ကျင့်ရန်သာဖြစ်ပါသည် )


မိမိ၏စုပေါင်းတင်ပြချက်များအပေါ် တစ်စုံတစ်ရာ အမှားပါရှိပါက ယခု post တင်ပြသူ၏ အမှား
သာဖြစ်ပါမည် ။ အမှားပါရှိပါက ခွင့်လွှတ်ပေးပါရန်နှင့် ကောင်းမြတ်သောအကြံဉာဏ်များပေးလာ
ပါက ကြိုဆိုနေမည် ဖြစ်ပါကြောင်း ။

#chirstonawba

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64344.88
ETH 2629.39
USDT 1.00
SBD 2.83