RAM (Random Access Memory) of Computer

in #technology7 years ago

RAM (သို့မဟုတ်) "Random Access Memory" ဟာ ယာယီသိုလှောင်သိမ်းဆည်းရာ နေရာတစ်ခုဖြစ်ပါတယ်။ ယင်းနေရာပေါ်ကို computer က software application တွေ load ဆွဲတင်ပြီး၊ အသုံးပြုသူလုပ်ဆောင်နေတဲ့ data တွေကို ယာယီသိမ်းဆည်းထားစေပါတယ်။ ဥပမာအနေနဲ့ RAM ဟာ ရုံးသုံးစာရေးစားပွဲတစ်လုံးနဲ့တူပါတယ်။ လက်ရှိလုပ်ဆောင်ရမယ့်အလုပ်တွေကို စာရေးစားပွဲပေါ်တင်ပြီး လုပ်ဆောင်သလိုပါပဲ။ လက်ရှိ RAM နည်းပညာအားလုံးဟာ "volatile" ဖြစ်တဲ့အတွက် RAM ထဲမှာ မှတ်ထားသမျှ အရာအားလုံး ကွန်ပျူတာပါဝါပိတ်လိုက်တာနဲ့ ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ RAM ပမာဏများတဲ့ကွန်ပျူတာဟာ အလုပ်တွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ RAM ပမာဏနည်းတဲ့ ကွန်ပျူတာတွေမှာ data တွေကို hard disk ထဲ ရွှေ့လိုက်၊ ပြန်ဆွဲယူလိုက်နဲ့ လုပ်ဆောင်ကြရတဲ့အတွက် အလုပ်ကြန့်ကြာစေပါတယ်။ ဥပမာအနေနဲ့- စာရေးစားပွဲကြီးတဲ့အခါ တစ်နေ့လုံးလုပ်ရမယ့် အလုပ်တွေကို တစ်ခါတည်း စားပွဲပေါ်တင်ပြီး လုပ်ဆောင်နိုင်တဲ့အတွက် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်စေပါတယ်။ စားပွဲသေးတဲ့အခါ လက်ရှိလုပ်မယ့် အလုပ်လောက်သာ စားပွဲပေါ်တင်ပြီး hard disk နဲ့တူတဲ့ ဘီဒိုထဲထည့်လိုက်၊ နောက်ထပ်အလုပ် ပြန်ထုတ်လိုက်နဲ့ လုပ်နေရတဲ့အတွက် အလုပ်ကြန့်ကြာစေပါတယ်။

ကွန်ပျူတာ သိုလှောင်မှုပမာဏကို bytes, kilobytes (KB), megabytes (MB), gigabytes (GB), terabytes (TB) တို့နဲ့ တိုင်းတာပါတယ်။ စာလုံးတစ်လုံးရဲ့အချက်အလက်တစ်ခုကို 1 byte ဖြစ်ပြီး 1 byte ကို 8 bits (1 သို့မဟုတ် 0 ဂဏာန်း၈လုံး) နဲ့ ဖွဲ့စည်းထားပါတယ်။
နည်းပညာအရ -
1024 bytes = 1 kilobyte
1024 kilobytes = 1 megabyte
1024 megabytes = 1 gigabyte
1024 gigabyte = 1 terabyte ဖြစ်ပါတယ်။

Windows XP ကွန်ပျူတာတစ်လုံးမှာ RAM 1GB နဲ့ဆိုရင် အင်မတန်သုံးပျော်နေပါပြီ။ Windows 7 ဆိုရင်တော့ အနည်းဆုံး RAM 2 GB ရှိရမှာဖြစ်ပါတယ်။

SDRAM (Synchronous DRAM)

Synchronous DRAM ခေါ် SDRAM ဟာ DRAM အမျိုးအစားဖြစ်ပြီး memory bus နဲ့အတူ တစ်ပြိုင်တည်း လုပ်ဆောင်ပါတယ်။ 1996 အစပိုင်းကာလက Intel ထုတ် chipset အများစုမှာ SDRAM ကို စတင် support လုပ်ခဲ့ပြီး 2001 ခုနှစ်မှာ system အသစ်အတွက် ရေပန်းအစားဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။

SDRAM ဟာ 133 MHz အထိ run နိုင်စွမ်းရှိပြီး FPM RAM ထက် သုံးဆ၊ EDO RAM ထက် ၂ ဆ ပိုမိုမြန်ဆန်ပါတယ်။ 1999 ခုနှစ်မှာ ၀ယ်ယူခဲ့တဲ့ Pentium သို့မဟုတ် Celeron သုံး system အများစုမှာ SDRAM ပါရှိပါတယ်။

DDR RAM (Double Data Rate RAM)

Double Data Rate RAM ခေါ် DDR RAM ဟာ SDRAM အမျိုးအစားဖြစ်ပြီး 2001 ခုနှစ်ဝန်းကျင်လောက်က ဈေးကွက်ထဲပေါ်လာခဲ့တယ်ဆိုပေမယ့် Motherbord တွေက သူ့ကို support ပေးဖို့ စတင်နေဆဲရှိသေးတာမို့ 2001 ခုနှစ်အထိ ဈေးကွက်မမိခဲ့တာပါ။ SDRAM နဲ့ DDR RAM ကွာခြားချက်က SDRAM က data transfer လုပ်တဲ့အခါ clock rate ကို နှစ်ဆလုပ်ဆောင်စေတာဖြစ်ပြီး DDR RAM က data rate ကို နှစ်ဆ (double) တင်ပေးတာဖြစ်တဲ့အတွက် clock cycle တစ်ကြိမ်မှာပဲ data အရွှေ့အပြောင်း နှစ်ကြိမ်လုပ်ဆောင်ပြီး ဖြစ်စေပါတယ်။ DDR RAM ဟာ Graphics card ဈေးကွက်မှာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာပြီး Memory စံသတ်မှတ်ချက်တစ်ခု ဖြစ်လာပါတယ်။

DDR2 RAM (Double Data Rate 2 RAM)

Double Data Rate 2 RAM ခေါ် DDR2 RAM ဟာ DDR ရဲ့ နောက်ထွက် version အသစ်တစ်ခုဖြစ်ပြီး မူလ DDR RAM ထက် ၂ ဆ ပိုမိုမြန်ဆန်ပါတယ်။ DDR2 RAM ဟာ 2003 ခုနှစ် နှစ်လယ်လောက်မှာ ထွက်လာခဲ့ပြီး DDR2 ကို support လုပ်တဲ့ ပထမဆုံး chipset တွေက 2004 နှစ်လယ်လောက်မှ ထွက်လာခဲ့ပါတယ်။ DDR2 ဟာလည်း မူလ DDR လိုပဲ data rate နှစ်ဆတင်ပေးတာဆိုပေမယ့် DDR2 RAM မှာ အချက်ပေးစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံထားတဲ့အတွက် signal noise ဖြစ်မှု၊ အချက်ပေးစနစ်အကြား ကြားဖြတ်နှောင့်ယှက်မှုကို ပိုမိုခံနိုင်ရည်ရှိစေပြီး မြင့်မားတဲ့အမြန်နှုန်းကို ရရှိစေပါတယ်။

DDR3 RAM (Double Data Rate 3 RAM)

Double Data Rate 3 ခေါ် DDR3 ဟာ system memory အတွက် အသုံးပြုတဲ့ SDRAM အမျိုးအစားဖြစ်ပါတယ်။ DIMM နဲ့ SO-DIMM form factor နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။

DDR3 RAM ဟာ DDR2 RAM နဲ့ အတူတူပါပဲ။ ဒါပေမယ့် power သုံးစွဲမှု အကြမ်းဖျင်း 30% လောက်သာသုံးစွဲပြီး data transfer နှစ်ကြိမ် မြန်မြန်လုပ်နိုင်ပါတယ်။ DDR2 memory က တစ်စက္ကန့်အတွင်း data အရွှေ့အပြောင်း 3200 MBps (megabytes per second) အထိ လုပ်နိုင်တဲ့အချိန်မှာ DDR3 memory က တစ်စက္ကန့်အတွင်း data အရွှေ့အပြောင်းနှုန်းကို 6400 MBps အထိ အများဆုံး လုပ်ဆောင်နိုင်စေပါတယ်။ ဒီတော့ DDR3 memory သုံး ကွန်ပျူတာတွေဟာ CPU ဆီကို data ပို့တာရော CPU ဆီကနေ data ယူတာပါ DDR2 RAM သုံးထားတဲ့ ကွန်ပျူတာတွေထက် ပိုမိုမြန်ဆန်စေပါတယ်။ ပိုမိုမြန်ဆန်တဲ့ memory speed ဟာ လုပ်ငန်းတစ်ဆို့ကြန့်ကြာမှုကို တားဆီးပေးပါတယ်။ အထူးသဖြင့် data ပမာဏကြီးကြီးမားမားတွေကို ကိုင်တွယ်လုပ်ဆောင်ရတဲ့အခါမျိုးမှာဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၂ လုံးမှာ တပ်ဆင်ထားတဲ့ processor ဟာ clock speed တူညီနေလည်းပဲ DDR3 memory သုံးထားတဲ့ ကွန်ပျူတာကသာ DDR2 memory သုံးထားတဲ့ ကွန်ပျူတာထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

RAM အမျိုးအစားအလိုက် ဖြစ်နိုင်ချေရှိတဲ့ အမြန်နှုန်းအချို့-
SDRAM - 66 Mhz, 100 Mhz, 133 Mhz
DDR1 - 266 Mhz, 333 Mhz, 400 Mhz
DDR2 - 400 Mhz, 533 Mhz, 677 Mhz, 800 Mhz
DDR3 - 400 Mhz, 533 Mhz, 677 Mhz, 800 Mhz, 933 Mhz, 1066 Mhz

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 62900.39
ETH 3357.78
USDT 1.00
SBD 2.47