ငြိမ်းချမ်းရေးနှင့် ပလတ်စတစ်ခွက်

in #story6 years ago

( ၁ )

ဆရာကိုသောင်းသည် ဖတ်လက်စသတင်းစာမူကို ဆက်မဖတ်တော့။ မင်နီဖြင့် ကြက်ခြေခတ်ကာ ပယ်စာမူအဖြစ် ပယ်ထားလိုက်သည်။ သူ့စားပွဲရှေ့တွင်ရပ်နေသော ဂျာနယ်လစ်ကျော်ဦးက သူ့ကို အကဲခတ်နေသည်။

"မဖြစ်ဘူးကွ၊ ငြိမ်းချမ်းရေးရတာ ဘာမှ မကြာသေးဘူး၊ ဒီသတင်းကြောင့် ရှုပ်ထွေးသွားလိမ့်မယ်"

"ဒါတော့ ဆရာ့သဘောပဲ၊ ကျနော်က အတိအကျ ရထားတာ"

"မလုပ်ပါနဲ့ကွာ၊ နှစ်ဖက်လုံးအတွက် မကောင်းဘူး၊ ပြီးတော့ မင်းသတင်းသုံးသပ်တာက ရန်လိုနေသလိုပဲ။ ပရိသတ်က ဒါကိုဖတ်ပြီး နှစ်ဖက်စလုံး လက်နက်တွေ ဖြည့်တင်းနေတယ်၊ အဆင့်မြင့်လက်နက်တွေ ၀ယ်နေတယ်လို့ မြင်မယ်၊ ငြိမ်းချမ်းရေးဆိုတာ ကစားစရာလို့ ထင်သွားမယ်။ မင်းရေးထားတာကိုက " ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလမှာပင် တစ်ဖက်မှ စစ်လက်နက်များ အဆင့်မြင့်သုံးစွဲနိုင်ရန် ဝယ်ယူစုဆောင်းလျက်ရှိ " ဆိုတာ ရန်လိုတဲ့ သုံးသပ်ချက်ဖြစ်နေတယ်၊ မကောင်းဘူးကွ"

"ဆရာ့သဘောပဲလေ၊ ဓာတ်ပုံတွေ ကျွန်တော် ပြန်ယူသွားမယ်"

"နေဦးကွာ၊ နောက်မှ ယူတော့"

ဆရာကိုသောင်း ခွင့်မပြု၊ ထိုဓာတ်ပုံများ ပျံ့နှံ့သွားလျှင် နှစ်ဖက်လုံး သံသယများဝင်လာမည်ကို မလိုလား။

"ဆရာတို့မထည့်လည်း ဒီသတင်းတွေက နယ်စပ်မှာ လူတိုင်းသိနေတာပဲ၊ လက်နက်တွေဝယ်တာ အခုမှဝယ်တာမှ မဟုတ်တာ၊ အစိုးရလည်း ဝယ်တာပဲ၊ အကုန်ဝယ်တာချည်းပဲ၊ ငြိမ်းချမ်းရေးဆွေးနွေးနေတုန်း လက်နက်ဝယ်တာ ဆန်းတဲ့ကိစ္စမှ မဟုတ်တာ"

"ငါတို့ဂျာနယ်မှာတော့ ဒါမျိုး မသုံးဘူးကွာ၊ ရှင်းပြီလား"

ကျော်ဦးက ဆရာကိုသောင်း၏ လေယူလေသိမ်းကို အကဲခတ်ပြီး စားပွဲရှေ့မှ လှည့်ထွက်သွားတော့သည်။

( ၂ )

"အမေ၊ အငယ်ကောင်လေးက မြန်မာစကားမတတ်ဘူး၊ ဘာတွေပြောနေမှန်း မသိဘူး"

"သွားမစနဲ့ဟယ်၊ မနေ့ကလို အော်ငိုနေဦးမယ်"

သန်းမြက ရင်ခွင်ထက်တွင် နို့သက်ခံနေသော အခါလည်သမီးလေးကို တင်ပါးပုတ်ပေးရင်း သားဖြစ်သူကို တစ်လှည့်၊ မလှမ်းမကမ်းရှိ ပလတ်စတစ်အခင်းပေါ်တွင် ထိုင်နေသော ကလေးငယ်ကိုတစ်လှည့် ကြည့်လိုက်မိသည်။ စောစောကပင် ထိုကလေးငယ်၏အမေဖြစ်သူက ကလေး ခဏကြည့်ထားပါရန် အပ်နှံရင်း မြစ်ထဲတွင် အဝတ်လျှော်ရန် ထွက်သွားသည်။

"ဟဲ့ကောင်လေး၊ နေမပူခင် ဒီခြင်းတွေ ဟိုအပင်အောက် ရွေ့ထားလိုက်"

သန်းမြက သားဖြစ်သူကိုခိုင်းရင်း အနီးအနားမှ စောင်နှင့်အဝတ်များကိုပါ ခြင်းထဲသို့ ထိုးထည့်လိုက်သည်။ ရန်ကုန်နေသည် နံနက်ကိုးနာရီကို ကျော်ဖြတ်နေပြီ။ သန်းမြတို့အိမ်ခြေမဲ့များ ခုတလော အပြေးအလွှားအန္တရာယ်မှ ကင်းဝေးနေကြသည်။ ယခု ကျောခင်းအိပ်ခွင့်ရသည့်နေရာက နေပူလာလျှင် နေလို့မကောင်း။ သစ်ပင်အရိပ်ကောင်းကောင်းကို သူ့ထက်ငါ လုကြရသည်။ သန်းမြအတွက် နို့စို့ကလေးငယ်ရှိနေသည်မို့ ပိုအရေးကြီးသည်။

"အမေ အဝတ်တွေ ရုတ်ခဲ့ရမလား၊ သား ဗိုလ်ချုပ်ဈေးဘက် သွားတော့မယ်"

"မသွားရပါဘူး၊ အဲဒီမှာ ဖမ်းနေပါတယ်ဆိုမှ၊ သေချင်းဆိုးလေး ဒီလောက်သွားချင်နေတာ နင့်အမေလင်ရှိလို့လား၊ ဗိုလ်တထောင်ဘုရားပဲ သွား"

"ဟာဗျာ"

"ငါလုပ်လိုက်မယ်နော်၊ ကလေးက နေမကောင်းရတဲ့ကြားထဲ"

သားဖြစ်သူက မကျေမနပ်ဖြင့် အဝတ်ခြင်းကို အရိပ်ရသစ်ပင်အောက်သို့ ရွှေ့သွားတော့သည်။ သန်းမြတို့လူစုသည် ပန်းဆိုးတန်းဆိပ်ကမ်းနှင့် မလှမ်းမကမ်းရှိ အဆင့်မြင့်စားသောက်ဆိုင်ကြီးရှိရာ ဝင်းကြီးထဲမှ ပန်းခြံလမ်းထက်တွင် စတည်းချနေကြသူများ ဖြစ်သည်။ ရန်ကုန်မြို့တော်တစ်ခွင်လုံး အခါတော်ပေးသည်နှင့် လှည့်လည်တောင်းရမ်းစားသောက်ကာ အသက်မွေးခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ။

"အစ်မရေ၊ ငါတော့ ဆပ်ပြာကျပြန်ပြီ တစ်ခါ၊ မကောက်လိုဘူးလေ"

"ဟဲ့ကချင်မရဲ့၊ ဆပ်ပြာက အသစ်ကြီးဟာကို၊ ကျောက်ကြီး လာဦး လာဦး"

သန်းမြက အဝတ်အစားများပွေ့ကာ ပြန်လာသောကချင်မကို ကူညီရန် သားဖြစ်သူအား လှမ်းခေါ်လိုက်သည်။ သားဖြစ်သူက သူ့အခွင့်အရေးကို ပြန်တောင်းဆိုရန် အပြေးတစ်ပိုင်းဖြင့်ရောက်လာ၏။

"ဟိုမှာ ဆပ်ပြာကျခဲ့ပြန်ပြီ၊ သွားကောက်ပေးလိုက်"

"ဘယ်နားမှာလဲ၊ ဘောတံတားအောက်မှာလား"

"အေး၊ ဟိုအရင်နေရာပဲ၊ ရွံ့တွေနဲ့၊ ငါမကောက်လိုဘူး"

ကျောက်ကြီးက လှစ်ခနဲ ပြေးထွက်သွားသည်။ ရန်ကုန်မြစ်ကို သူမမှု။ သူတို့အဝတ်လျှော်နေကျ ဘောတံတားအောက်တွင် ကျောက်တုံးများဆင့်ကာ စီထားသည်။ ရေတက်လာလျှင် ထိုဘောတံတား အောက်ခြေတိုင်များအထိ ရေတိုးလာစမြဲ။ မနေ့ကလည်း ထိုနေရမှာပင် ဆပ်ပြာကျခဲ့၍ သွားကောက်ပေးခဲ့ပြီးပြီ။

ကချင်မလေးမှာ အသက်နှစ်ဆယ်ကျော်ကျော်နှင့် မုဆိုးမဖြစ်ခဲ့ရသည်။ ကလေးနှစ်ယောက်နှင့်အတူ သန်းမြတို့နှင့် ခင်မင်ရင်းနှီးလာသည်မှာ လပိုင်းမျှသာရှိသေးသည်။ သန်းမြကလည်း ဘဝတူတွေမို့ သွားလေရာ ခေါ်သည်။ အိမ်မဲ့ယာမဲ့ တောင်းရမ်းစားသောက်ကြသူများမို့ မုဆိုးမချင်း စုစုစည်းစည်းနေရမည်ဟု သဘောတူထားသည်။ ကျောက်ကြီးက ရွံ့ပေသွားသောဆပ်ပြာကို ဘောင်းဘီဖြင့်ပွတ်ရင်း ပြန်လာခဲ့သည်။ သူ့အမေနံဘေးသို့ ဆပ်ပြာကို ပစ်ချပေးပြီး

"ကျွန်တော် သွားတော့မယ်" ဟု စကားစလိုက်သည်။ သန်းမြက မျက်စောင်းထိုးသည်ကို ရင်ဆိုင်ရန်မဝံ့။

"ငါလိုက်မယ်လေ"

ကချင်မလေးက လုံးထွေးနေသော ရေစိုအဝတ်များကို ဖြန့်နေရင်း ကျောက်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

"မလိုက်သွားနဲ့ ကချင်မရေ၊ အဲဒီသေချင်းဆိုးက ဗိုလ်ချုပ်ဈေးဘက် သွားမှာ"

"တကယ်၊ အယ်...ငါမလိုက်"

ကချင်မလေးက အကြောက်အကန် ပြောလိုက်ခြင်းပင်။ ကျောက်ကြီးက ပြန်ပြေးထွက်သွားသည်။ သန်းမြအော်ပြောလိုက်သော ပိုက်ဆံပစ်မနေနဲ့ဟူသော တားမြစ်ချက်ကို ဟုတ်ကဲ့ဟု အော်ပြောသွားသေးသည်။

"နင် ငါနဲ့ ဗိုလ်တထောင်ဘုရား လိုက်ခဲ့၊ စောစောသွားမယ်၊ နေပူလာရင် ကလေးက ငိုဦးမယ်"

သန်းမြစကားကို ကချင်မလေးက 'ဟုတ်၊ဟုတ်'ဟု အဖြေပေးရင်း ရေစိုအဝတ်များကို မြန်မြန်ဖြန့်နေတော့သည်။

( ၃ )

"အရှင်ဘုရား၊ ဘုရားတပည့်တော်မ၏ ဤကောင်းမှုကုသိုလ်ကြောင့် ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးသိန်းအောင်နှင့်တကွ တပ်မတော်သားအားလုံး ဘေးမသီရန်မခဘဲ ဘုရားဂုဏ်တော်တန်ခိုးကြောင့် ကျန်းမာ
ချမ်းသာကြပါစေ၊ တိုက်ပွဲများ ကင်းဝေးပါစေဘုရား"

မသူဇာသည် လက်ထဲမှ သပြေခက်နှင့်နှင်းဆီပန်းများကို ဘုရားအားရည်စူးကာ ဦးချကန်တော့သည်။ နံဘေးမှသမီးဖြစ်သူကလည်း လိုက်၍ကန်တော့သည်။ ဗိုလ်တထောင်ဘုရားရင်ပြင်တော်ထက်တွင် တပေါင်းလပြည့်နေ့ အခါသမယမို့ စည်ကားလှသည်။ မသူဇာ ဘုရားကန်တော့ပြီးသည်နှင့် ညီမဖြစ်သူက မသူဇာထံမှ ပန်းများကိုယူကာ ဘုရားရှေ့မှပန်းအိုးတွင် သွားရောက်ထိုးစိုက်ပေးသည်။ တူမဖြစ်သူက လက်ထဲမှကင်မရာဖြင့် အမေဖြစ်သူကိုတစ်လှည့် ဒေါ်လေးဖြစ်သူကိုတစ်လှည့် ရိုက်ပေးနေသည်။ ငါးနှစ်အရွယ်ပေမို့ ကင်မရာမြင်ကွင်းမှပေါ်လာသည့် ဓာတ်ပုံများကို ကြည့်ကာ အထူးသဘောကျနေသည်။ ရိုက်ပြီးသောပုံများကို ပြန်ကြည့်ရသည်ကလည်း အမော။

"ဒေါ်လေးကို ပြပါဦး၊ လှကော လှရဲ့လားဟယ်"

"လှပါတယ်ဆို"

ကလေးမလေးက သူကြည့်နေသောပုံများကို ဒေါ်လေးအား ပြလိုက်သည်။

"ဟယ်..ဒေါ်လေးပုံက ခေါင်းပိုင်းလည်း မပါဘူး၊ ပြန်ဖျက်ပေး ပြန်ဖျက်ပေး"

ဒေါ်လေးက သူ့ပုံ မလှမပဖြစ်ရသဖြင့် ကင်မရာကို တောင်းသည်။ ကလေးမက မပေး။ နောက်တစ်ပုံကို ပြသည်။

"အောင်မယ် သူ့အမေကျတော့ ဟုတ်လို့၊ သွား၊ ရေခဲမုန့် ဝယ်မကျွေးဘူး"

"ဒေါ်လေးကလည်း ပြန်ရိုက်ပေးမယ်လေ"

"တကယ်နော်"

"အင်းပါဆို"

"အောင်မယ်လေး လိမ္မာလိုက်တာ အလကားစတာပါ၊ ရေခဲမုန့် အဝကျွေးမယ်နော်"

ဒေါ်လေးက တူမချောလေးကို ဆွဲပွေ့ကာ အားပါးတရ နမ်းလိုက်သည်။ ပြီးတော့ ငါးကန်ဘက်သွားမည်ဟု အစ်မဖြစ်သူထံ ခွင့်တောင်းလိုက်သည်။ အစ်မက ပုတီးစိပ်ကာ နေခဲ့မည်ဟု ပြောရင်း

"ကလေးကို ဂရုစိုက်နော်၊ သိပ်မကြာစေနဲ့"

"မေကြီး တာ့တာ"

သမီးက နှုတ်ဆက်ရင်း ဒေါ်လေးနှင့် လိုက်သွားသည်။ ဒေါ်လေးလက်ကို ဆွဲထားနော်ဟု အမေက လှမ်းသတိပေးလိုက်ပြန်သည်။ ငါးကန်ဘက်တွင် ငါးစာ၊ လိပ်စာကျွေးနေသူများက ဝင်လိုက်ထွက်လိုက်နှင့် စည်ကားနေသည်။ ဒေါ်လေးက တစ်ထောင်တန်တစ်ရွက်ကို ကိုင်ရင်း ဝင်ရကောင်းနိုးနိုး အကဲခတ်နေဆဲ။

"လူတွေအများကြီးပဲ၊ ပြီးမှ ပြန်လာမယ်"

ဒေါ်လေးစကားကြောင့် တူမဖြစ်သူက တွေဝေသွားသည်။

"အစ်မတော်မြနန်းနွယ်ဘက် သွားမယ်၊ ရေခဲမုန့်မစားခင် ဝက်သားတုတ်ထိုး သွားစားရအောင်"

"ဟေး"

ကလေးမလေးက သဘောတူကြောင်း ဟစ်ကြွေးလိုက်သည်။ သူတို့နှစ်ဦးသား ဖိနပ်ဗလာဖြင့် လျှို့ဝှက်သောအမှုကိစ္စကြီးကို ပူးပေါင်းကြံစည်သောသဘောဖြင့် လူအများကြားမှ ပခုံးနှစ်ဖက်ကို လျှိုရင်း ဝက်သားတုတ်ထိုးဆိုင်သို့ ပြေးထွက်လာကြသည်။ ငါးကန်သို့မသွားဘဲ ဝက်သားတုတ်ထိုး ထွက်စားသည့်အမှုအတွက် နှစ်ဦးသား ရင်ခုန်ပျော်ရွင်နေကြသည်။

"ပြန်မပြောကြေးနော်၊ ကတိ"

"ကတိ"

"တည်"

"တည်"

"ဟေး"

နှစ်ဦးသား လက်ဝါးရိုက်လိုက်ကြသည်။ ဝက်သားတုတ်ထိုးစားကြသည်။ အားပါးတရစား၍ ကောင်းနေဆဲ နံဘေးသို့ရောက်လာသော သူတောင်းစားသားအမိကြောင့် တူမဖြစ်သူ ကြောက်လန့်တကြား ဒေါ်လေးထံသို့ တိုးကပ်သွားသည်။
နို့စို့ကလေးငယ်ကိုပွေ့လျက် ပလတ်စတစ်ခွက်ဖြင့် တောင်းရမ်းနေသော သန်းမြသည် အကွက်မိလေပြီမို့ နောက်မတွန့်တော့၊ ဒေါ်လေးသည် တူမဖြစ်သူကို ပွေ့လျက် တစ်ရာတန်ကို ရှာသည်။ ပိုက်ဆံအိတ်ထဲတွင် တစ်ထောင်တန်တစ်ရွက်မှအပ ငါးထောင်တန်နှင့် တစ်သောင်းတန်များသာ ပါသည်။

"တစ်ရာတန်တစ်ရွက်လောက် ခဏပေးပါ"

ဒေါ်လေးက ဝက်သားတုတ်ထိုးသည်ထံမှ တောင်းကာ သူတောင်းစားသားအမိကို စွန့်ကြဲလိုက်သည်။ သန်းမြသည် နိုင်ကွက်ကို နင်းမိပြီမို့ ထိုအောင်မြေမှ ပြန်ဆုတ်ခွာလာခဲ့သည်။ မလှမ်းမကမ်းတွင် အကဲခတ်နေသော ကချင်မကို ခေါင်းငဲ့ပြလိုက်သည်။ ကချင်မက ကျောလွယ်ထားသောသားငယ်ကို ဟန်ချက်ပြင်ကာ ချီပိုးရင်း ဝက်သားတုတ်ထိုးဆိုင်မှ အလှူ့ဒါယိကာမထံ ချဉ်းကပ်သွားတော့သည်။

( ၄ )

"အစ်မ၊ နင့်ယောက်ျားက စစ်သားဆို"

"နင့်ကို ဘယ်သူပြောလဲ"

"ကျောက်ကြီး"

"အဲဒီသေချင်းဆိုးပြောတာ နင် ယုံမနေနဲ့၊ အလကား"

"ငါ့ကို ဓာတ်ပုံပြတယ်"

"ဘာ"

သန်းမြက ပေါင်ပေါ်တွင်အိပ်မောကျစပြုနေသည့် အခါလည်သမီးအား ဗီနိုင်းပေါ်သို့ ပစ်ချလိုက်သည်။ ထဘီအစုတ်နှင့်ပတ်ထားသော လွယ်အိတ်အစုတ်ကို ဆွဲထုတ်ကာ မွှေပါတော့သည်။

"သေချင်းဆိုးလေး၊ သေချင်ဆိုးလေး" ဟု တတွတ်တွတ်ရွတ်ရင်း လွယ်အိတ်ထဲမှာ မွှေနှောက်ရှာဖွေသည်။

"အစ်မရယ် နင်စိတ်ဆိုးလား၊ ငါ့ကို ပြောပါဟယ်"

"အဲဒီဓာတ်ပုံ ဘယ်မှာလဲ"

"ငါမသိဘူးလေ၊ စစ်သားပုံကို ပြတယ်၊ သူ့အဖေလို့ ပြောတာပဲ"

သန်းမြသည် ဓာတ်ပုံကို ရှာမတွေ့သဖြင့် လွယ်အိတ်ကို သွန်ချသည်။ ကချင်မကို စူးစိုက်ကာကြည့်သည်။ ကချင်မက သန်းမြအနီးသို့ တိုးဝင်လာရင်း စိတ်ဆိုးလားဟု မေးတော့သည်။ တစ်ခွန်းမေးသည်၊ နှစ်ခွန်းမေးသည်။ သန်းမြ အံကို တင်းတင်းကြိတ်ရင်း မျက်ရည်များ ဝဲလာသည်။

"အစ်မရယ်၊ ငါ့ယောက်ျားလည်း ကချင်စစ်သားပဲ၊ သူလည်း သေပြီလေ၊ ငါတို့ တအားဒုက္ခရောက်တာပဲ၊ ငါ့ကို စိတ်ဆိုးလား"

"သေကြ သေကြ၊ သူတောင်းစားတွေ၊ ဟီး..."

သန်းမြအော်ကာ ငိုချပစ်လိုက်သည်။ အနီးမှ ပလတ်စတစ်ခွက်ကိုလည်း လွှင့်ပစ်သည်။ ကချင်မ၏ကလေးငယ်လေးသည် အစ်ကိုဖြစ်သူ ခင်းအိပ်ထားသော သတင်းစာကို မရမက ဆွဲဖဲ့နေသည်။ သတင်းစာ၏ ခေါင်းကြီးသတင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟု ပါရှိပြီး ထိပ်သီးခေါင်းဆောင်များ တဟဲဟဲနှင့် လက်ဆွဲနှုတ်ဆက်နေကြသည်။ ရန်ကုန်နေမှာ အဝီစိလောက်နီးနီး ပူပြင်းလာလေပြီ။

Sort:  

🢃🢃🢃🢃🢃🢃🢃🢃🢃
🢃🢃🢃🢃🢃🢃🢃🢃🢃
🢃🢃🢃🢃🢃🢃🢃🢃🢃
Hey @waizin
check it out Get your post resteemed over 90000+ followers and get upto $21+ SBD value Upvote. Go to This site: http://propuuer.gq/

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 65196.68
ETH 3170.61
USDT 1.00
SBD 4.12