ထိုသူငယ်မနှင့် ဗလစည်သူ

in #story4 years ago (edited)

ထိုသူငယ်မကို ကျွန်တော် စ သတိပြုမိသော နေရာမှာ ကျောက်မြောင်းဈေးအနီး တခုသော လမ်းထိပ်တွင် ဖြစ်လေသည်။
ခုတလော ကျွန်တော်တို့ရှေ့နေများသည် အလုပ်ခပ်ပါးပါး ဖြစ်နေလေသည်။ ထို့ကြောင့် ကျွန်တော်သည် ဘားလမ်းရှိ ရုံးခန်းကို အစောကြီးပိတ်ထားခဲ့ပြီး အိမ်သို့ ‘အညောင်း အညာပြေ” လမ်းလျှောက်၍ ပြန်ခဲ့လေသည်။ ကွမ်းခြံဘူတာ ဂုန်းတန်တားကြီးဖြတ်၊ အခက် ပန်းဆိုးတန်းလမ်း တက်၊ ကန်တော်ကြီး လမ်းလျှောက်၊ ကျောက်မြောင်းဘက်သို့ ရောက်လေသော် ၅ နာရီ ထိုးလေပြီ။ ရာသီမှာ မိုးလုံးလုံး မကုန်သေးသော်လည်း လွန်စွာ ပါးသွားလေပြီ။
ရန်ကုန်မြို့၏ ထိုရာသီ ညနေစောင်းများမှာ လွန်စွာ သာယာလေသည်။ ကံကောင်းလျှင် သဘာဝတည်းဟူသော ပန်းချီဆရာ၏ စုတ်ချက်လှလှများနှင့် ကြုံကြိုက်ရသည်။ ကြည်လင် ပြာလဲ့သော ကောင်းကင်အောက် စိမ်းမြသော သစ်ပင်ကြီးများပေါ်သို့ ရွှေဝါရောင် နေခြည်ဖြာဆင်းနေဆဲ တည်ငြိမ်ချောမွတ်သော ကန်တော်ရေ မျက်နာပြင်တွင် ဆေးစပ် ဆေးကျ ညီသော ရုပ်ပုံကားချပ်တခု ပေါ်နေလေသည်။
လေပြေ လေညင်းကလည်း ဆော်သွင်းနေ၏။ သို့သော် အဆိုပါ ရုပ်ပုံကားချပ်ကို အနှောင့်အယှက် မပြုသော လေပြေ လေညင်းပေတည်း။
ကျွန်တော်သည် လေပြေ လေညင်းကို အားရ ပါးရ ရှူရှိုက်ခဲ့လေသည်။
ကျောက်မြောင်းဘက်သို့ ရောက်သည့်တိုင် လန်းဆန်းမှုသည် ဆက်လက် တည်နေ၏။ မျက်စေ့ ပသာဒလည်း ဖြစ်မြဲ ဖြစ်နေ၏။
ကျွန်တော် ထိုလမ်းထိပ်သို့ အရောက် ထိုသူငယ်မက လမ်းထဲမှ ထွက်အလာ မရှောင် မလွဲသာ မျက်နာချင်း ဆိုင်မိကြလေသည်။
မြင်လျှင် မြင်ချင်း တခါတုန်းက တနေရာရာတွင် ထိုသူငယ်ကို မြင်ဖူးသည်ဟု ကျွန်တော် ထင်လိုက် လေသည်။ ကိုယ်လုံး ကိုယ်ပေါက်ကောင်းပြီး ခေတ်ဆံသော မျက်နာသွင်ပြင် ရှိသည့် ရုပ်ရှင်မင်းသမီးတဦးနှင့် တူသလိုလိုလည်း ရှိသည်။
ထိုသူငယ်မသည် ဆန်းဆန်းပြားပြား အလှအပ ပြင်ဆင်ထား၏။ ပေါင်ဒါနှင့် နှုတ်ခမ်းဆိုးဆေး အရောင်ကို ဂရုတစိုက် ရွေးချယ်စပ်ဟပ်ထားရုံမက၊ အောက်ခံအလှဆီကိုလည်း မိအောင် ဖမ်းထားဟန် ရှိလေသည်။ ဆံပင် ထုံးဖွဲ့ပုံကတော့ မရိုးလွန်း မဆန်းလွန်း ဖြစ်သည်။ တနည်းဆိုရသော် အိနြေ္ဒပျက်လောက်အောင် ပြင်ဆင်မွမ်းမံမှု ကဲထားသော မျက်နာကို ဆံပင် အထုံးအဖွဲ့က ထိန်းချုပ်လိုက်သဖြင့် အိနြေ္ဒရရနှင့် လှသော မျက်နှာ ဖြစ်သွားလေသည်။
ဝတ်စားဆင်ယင်ပုံမှာလည်း အကျအန ဖြစ်၏။ စက လက်နှင့် အင်္ကျီကြောင့် ကျောင်းဆရာမကလေး လေလောဟု ထင်ရသည်။ သို့သော် လုံခြည်က ဆန်းညွန့်သည်။ မဲပြာရောင် အောက်ခံပေါ်တွင် ငွေချည်ဗရိုကိတ် ဖောက်ယက် ထားသည်။ အခြား ဗရိုကိတ်တွေလို တောင့်တင်းလည်း မနေချေ။ သူမ၏ ကားပြီး လုံးနေသော တင်နှင့် အိစက်ညက်ညောစွာ ထင်ရှား ပြတ်သားစွာ သရုပ်ဖော်နေသော ဗရိုကိတ်လုံခြည် ဖြစ်သတည်း။
ထိုသူငယ်မကို ကျွန်တော်က သတိပြုမိလျက် အကြည့် အရှု ကြမ်းသော်လည်း ထိုသူငယ်မက ကျွန်တော့်ကို သတိပြုဟန် မတူပါ။ ကျွန်တော်အပါအဝင် သတ္တလောက တခုလုံးကို အကြမ်းအားဖြင့်သာ လွှမ်းခြုံကြည့်လိုက်ပါသည်။ ကျွန်တော်သည် ထိုသူငယ်မထွက်လာသော လမ်းထဲသို့ဝင်ရန် မဟုတ်ပါ။ ရှေ့ဆက်လျှောက်ရမည်သာ ဖြစ်သည်။ ထိုသူငယ်မသည် ကျွန်တော်လျှောက်မည့်ဘက်သို့ မျက်နာမူကာ လျှောက်သွားလေသည်။ သူငယ်မအား နောက်မှ လိုက်ကျိရန် ခရီးအဆင်ပြေသွားသဖြင့် နှစ်သိမ့် ရွှင်မြူးသွားမိလေသည်။
ထိုသူငယ်မ၏ လက်ထဲမှ ပြည့်ဖောင်းနေသော လက်ကိုင်အိတ် အနက်ကြီးကို သတိပြုမိလေသည်။ အလှခြယ်သစရာ မည်သည့်ပစ္စည်းများ အပိုဆောင်ခဲ့ပါသေးသနည်း။
ကျွန်တော်သည် ထိုသူငယ်မကို အကဲခတ်လျက် သူငယ်မ၏ ညို့ဓာတ် အပြည့်ပါသော နောက်ပိုင်း အလှကို အာရုံခံရင်း နောက်မှ လိုက်ပါ လျှောက်သွားလေရာ စီးထားသော ဖိနပ်ကို ကြည့်မိလိုက်လေသည်။ ခုံမြင့်ဖိနပ်ဖြူ ဖြစ်၏။ ခေတ်မီစွာ ဆင်ယင်ထုံးဖွဲ့ရာတွင် ဘာလိုသေးသနည်း။
ကျွန်တော်သည်တဖက်သောအမှုသည်၏ပျော့ကွက် ဟာကွက်ကို ရှာတတ်မြင်တတ်ရန်လေ့ကျင့်ထားသော ရှေ့နေတယောက်ဖြစ်ပေရကား ထိုသူငယ်မ၏ ညို့ဓာတ် အပြည့်ပါသော နောက်ပိုင်းအလှသည် သူငယ်မ၏ ပျော့ကွက် ဟာကွက်ကို ရှာလိုသော ကျွန်တော့် မျက်လုံးများကို ပိတ်ဖုံး၍ မထားနိုင်ချေတကား။
ခေတ်မီသော ခုံမြင့်ဖိနပ်ပေါ်တွင် မဆန့်သဖြင့် နောက်မြီးမှ ငေါထွက်နေသော ထိုသူငယ်မ၏
ခြေဖနှောင့်များမှာ ကြမ်းတမ်း အရုပ်ဆိုးနေလေသည်။ အသားမာများ တက်နေပြီး ပပ်ကြားအက်နေ၏။ သူငယ်မသည် ခြေထောက်ကို သနပ်ခါးပင် လိမ်းသူ မဟုတ်။ အိမ်က ထွက်ခါနီးမှ ကပျာကရာ ရေဆေးလာခဲ့ဟန်ရှိသည်။ ကျွန်တော့် မျက်စိထဲတွင် ထိုဖနှောင့်များသည် ရုပ်ရှင်မင်းသမီး လိုလို၊ ကျောင်းဆရာမ ကလေး လိုလို၊ ရုံးစာရေးမကလေး လိုလို။ ထိုသူငယ်မ ခေတ်ဆံဆံ ဆင်ယင်ထုံးဖွဲ့ထားသမျှကို ကန်ထုတ်လိုက်လေတော့သည်။ သူငယ်မသည် တကယ်အားဖြင့် ခေတ်ဆံသူမိန်မချောကလေးတယောက် မဟုတ်တန်ရာ။ အတင်းခေတ်ဆံသူ မိန်းမချော လုပ်လာခြင်းသာ ဖြစ်ရာ၏။
အဘယ်ကြောင့် ဤလို ဝတ်စားဆင်ယင် ချယ်သထားပါသနည်း။ လုပ်စား ကိုင်စား ဆင်းရဲသားထဲမှ အသက်မွေး ဝမ်းကျောင်းမှု အသစ်ရှာရန် ထွက်လာသူတဦး မဖြစ်နိုင်ပါလား။
သို့ကလို တွေးတော ဆင်ခြင် အကဲခတ်နေစဉ် ထိုသူငယ်မသည် ဆိုက်ကားတစီးပေါ်သို့ တက်သွားသည်ကို တွေ့မြင်လိုက်ရလေသည်။ ကျွန်တော်လည်း ရှေ့ဆက်လျှောက်လာ၏။ မကြာမီပင် ယောက်ျားပျို တယောက်သည် အခြား ဆိုက်ကား တစီးပေါ်တက်ပြီး ထိုသူငယ်မနောက်သို့ လိုက်သွားသည်ကို တွေ့ရပြန်လေသည်။
ဧကန္တမှ တကယ့် ဧကန္တပါဘဲ။ သြော်၊ ဆင်းရဲသား အမျိုးသမီးများ ပျက်စီးလို့ ကောင်းတုံးပါကလား။
အိမ်ပြန်ရောက်သည့်တိုင် ကျွန်တော် စိတ်ကောင်းပါ။ သို့သော် ကျွန်တော့်ဘဝမှာ အခြားစိတ်ပါဝင်စားစရာ ကိစ္စကြီးငယ် ပြည့်ညှပ်နေရကား ထိုသူငယ်မ အကြောင်းကို ကြာကြာ စဉ်းစား မနေအားပါ။
သီတင်းနှစ်ပတ်လောက် ကြာသောအခါ ထိုသူငယ်မကို ထိုနေရာမှာပင် တွေ့ရပြန်လေသည်။ ထို့ကြောင့် ထိုသူငယ်မ အကြောင်းကို ထပ်မံစဉ်းစားရပြန်သည်။
တွေ့ရသော အချိန်ကား ညနေစောင်း မဟုတ်တော့ချေ။ ညဥ့်ဦးယံချိန်ခါ ဖြစ်သည်။
မိုးမှာ လုံးလုံး ကုန်သွားပြီ ဖြစ်၏။ ရန်ကုန်မြို့သည် တန်ဆောင်တိုင်ပွဲကို ကြိုဆိုနေ၏။ ကောင်းကင်က ကြည်လင်သော ကြယ်တာရာ နက္ခတ်တွေက ဝင်းပ၊ လမင်းက ထိန်ထိန်သာ၊ မြောက်လေအေးကလေးက မြူးစ။ လွန်စွာ့လွန်စွာ သာယာပြီး နေထိုင်လို့ ကေင်းလှသည်။
ထိုနေ့က ရှေ့နေအလုပ် ပါးမြဲ ပါးသော်လည်း ကျွန်တော်တို့ကား စကား များမြဲ များခဲ့ကြလေသည်။ ရှေ့နေအချင်းချင်း အခန်း လည်ကြသည်။ စကားဖောင်အောင် ပြောကြသည်။ ခု ဆို ရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးခတ်မှာ ငြင်းစရာ ခုန်စရာတွေက များလှဘိ၏။ လာလတ္တံ့သော ကာလတွင် ဤလူ့ဘောင်သည် ရှေ့နေလူတန်းစား အလွှာတလွှာ လိုဦးမည်လော။ မလိုတော့ပြီလော။ ဤပြဿနာသည်ငြင်းလို့ ကောင်းလှသော ပြဿနာ တရပ်ဖြစ်၏။
သို့ကလို စကားများနေသဖြင့် ကျွန်တော်သည် ရုံးဆင်းတွင် အိမ်သို့ လမ်းလျှောက်၍ မပြန်နိုင်ခဲ့ချေ။ ထို့ကြောင့် ညဥ့်ဦးယံမှာ လမ်းလျှောက် ထွက်လာခဲ့ခြင်းဖြစ်၏။
တွေ့ဘဲ တွေ့တတ်သည်။ ထိုသူငယ်မကို ထိုလမ်းထိပ်မှာပင် ထိုခေတ်ဆံသော ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနှင့် တွေ့ရပြန်သည်။ ဗရိုကိတ် လုံချည်မှာလည်း ဟိုနေ့က တွေ့ရသော လုံချည်။ ခုံမြင့် ဖိနပ်မှာလည်း ဟိုနေ့က ခုံမြင့်ဖိနပ်။
ကျွန်တော်သည် သူငယ်မ၏ ခြေဖနောင့်ကို ကြည့်လိုက်ပြန်လေသည်။ အသားမာတက် ပပ်ကြားအက်နှင့် အရုပ်ဆိုးသော ခြေဖနောင့်။
သူငယ်မ၏ လက်ကိုင်အိတ်မှာလည်း ဖောင်းမြဲ ဖောင်းနေသည်။
ဒီတခါတော့ လက်ကိုင်အိတ်ပေါ်မှ သူငယ်မ၏ သူငယ်မ၏ လက်ချောင်းကလေးများကိုပါ စေ့စေ့စပ်စပ် ကြည့်လိုက်လေသည်။ ဟော တွေ့ပြန်ပြီ။ လက်သည်းကို အရောင်ဆိုးမထား။ လက်ကို ယုယခြယ်သခြင်းမရှိ။ လက်ချောင်းကလေးတွေကို သိပ်အလုပ်ခိုင်းထားဟန်ရှိသည်။
သူငယ်မသည် ယခင်ကအတိုင်းပင် ဆိုက်ကား တစီး ပေါ်သို့ တက်သွားပြန်လေသည်။ ထူးခြားသည်မှာ အထူးတလည် ခေါ်မနေရဘဲ ဆိုက်ကားသည် ထိုသူငယ်မရှေ့သို့ ထိုးဆိုက်လာခြင်းနှင့် ဆိုက်ကားခုံပေါ်တွင် အထုပ်ကြီးတထုပ် ပါလာခြင်း ဖြစ်လေသည်။
အစဉ်းစားရ ကြပ်လေပြီ။ အော်ဒါလိုက်သော မိန်းကလေးဆိုလျှင် အထုပ်ကြီးတင်လာသော ဆိုက်ကးဖြင့် လိုက်ရန် အကြောင်းမရှိ။
ယခင်တခါလို အခြားဆိုက်ကားတစီးဖြင့် ယောက်ျားပျို တယောက်က နောက်မှ လိုက်သွား မသွား စောင့်ကြည့်သည်။ ဘယ်သူမှတော့ မလိုက်။ သို့သော် ယခင်နေရာတွင် ဆိုက်ကားတစီးက အဆင်သင့် ရှိနေလေသည်။ ဆိုက်ကားချင်း ‘ကလင်’၊ ‘ကလင်’ ဗဲတချက်စီ တီးပြီး နှုတ်ဆက်သွားကြသေးသည်။
ထိုဆိုက်ကားဖြင့် ကျွန်တော်ပင် လိုက်သွားရန် ရုတ်တရက် ဆုံးဖြတ်လိုက်ပါသည်။
ဆိုက်ကားမှာ အမည် ရေးထားသည်။ ‘ဗလစည်သူ’ ဟူသတည်း။
‘ဗလစည်သူ’ကို မောင်းနှင်သူ ဆိုက်ကားသမားသည် ကျွန်တော့်ကို အဆင်သင့်ကြိုဆိုနေဘိသည့်အလား တင်ဆောင် သွားလေသည်။
ထိုသူငယ်မနောက်သို့ အလိုက်တသိ ဆိုက်ကား နင်းပေးနေရာမှ သူက “ဘယ်ကိုသွားမလဲ ဆရာ”ဟု မေးလိုက်လေသည်။ ကျွန်တော်က ပြုံးပြီး “အဲဒိဘက်ကို”ဟု မယုတ်မလွန် အမိန့်ပေးလိုက်လေသည်။
‘ဗလစည်သူ’ဆိုက်ကားသမားလေးမှာ ဗလလည်း မကောင်း။ စည်သူ ဆိုသော အမည်ကဲ့သို့လည်း မခန့်ညားချေ။ သို့သော် ဆိုက်ကားကိုကား နိုင်နင်းလှ၏။
တာမွေအဝိုင်းကြီးကို ကျော်ခဲ့ပြီ။ ကျွန်တော်က ဘယ်သွားပါဟု မပြောရ။ သူကလည်း မမေးတော့ချေ။ သို့သော် ကျွန်တော်တို့သည် ထိုသူငယ်မ နောက်သို့ မှန်မှန်ကြီး လိုက်နေကြပေ၏။ နှစ်ယောက်သား တိတ်ဆိတ်နေသဖြင့် ငြီးငွေ့လာသောကြောင့် ကျွန်တော်က စကားရှာပြီး စ ပြောလေသည်။
“မောင်ရင့် ဆိုက်ကားနာမည်က တယ်ခန့်ညားပါကလား။ ဗလစည်သူတဲ့”
ဤချီးကျူးစကားကို လွန်စွာ သဘော တွေ့သွားကြောင်း သူ့မျက်နာက ပြလေသည်။
“ဟုတ်တယ်ဆရာ။ ခန့်ခန့်ဘဲ”
“ဒီနာမည်ကို ဘယ်သူက ပေးတာလဲ”
“ကျွန်တော့် ဖာသာ ပေးတာဘဲ”
“ဟ မင်းဟာ အာဂလူ ဖြစ်ရမယ်၊ ဒီနာမည်မျိုး စဉ်းစားနိုင်တာ”
သူ့မျက်နာသည် တည်ငြိမ်သွားပြီး လေးနက်စွာတွေးနေဟန်ရှိသည်။ အတန်ကြာသာ်
“ကျွန်တော်က လက်နက်ချကွန်မြူနစ် တယောက်ဖြစ်တယ် ခင်ဗျ။ ကွန်မြူနစ် မဖြစ်ခင်က ရဲဘော်ဖြူ။ ရဲဘော်ဖြူ ဘဝတုန်းက ဗိုလ်ဗလလို့ ခေါ်တယ်။ ကွန်မြူနစ်ဖြစ်တော့ ဗိုလ်စည်သူလို့ ခေါ်တယ်။ ခရိုင် ခေါင်းဆောင်ဖြစ်ဖူးတာပေါ့ ခင်ဗျာ။ လက်နက်ချလာတာ တော်တော်ကြာသွားပါပြီ။ ကျွန်တော်က လက်နက်ချပြီး ရှင်းရှင်း ကိုယ့်အားကိုယ်ကိုးပြီး ဆိုက်ကားနင်းစားတာဘဲ။ ဒါကြောင့် ကျွန်တော့် ဆိုက်ကးကို ‘ဗလစည်သူ’လို့ အမည် ပေးထားတာ။ အတိတ်တွေပေါ့ ဆရာရယ်၊ အတိတ်တွေပေါ့”
စကားတပြောပြောဖြင့် ရန်ကင်းသို့ ရောက်လာကြလေသည်။ ရန်ကင်း လေးထပ်တိုက်ကြီးများသို့ ရောက်သောအခါ ရှေ့က ထိုသူငယ်မ၏ ဆိုက်ကားသည် လမ်းထဲ ချိုးဝင်သွားလေသည်။
“ဆရာ၊ ချိုးဝင်လိုက်ရမလား”
“မလိုက်နဲ့အုံးကွာ။ ခဏ ဒီနားရပ်ပါအုံး”
ဆိုက်ကားသမားသည် ဗန်တာပင်တပင်အောက်သို့ ထိုးရပ်ပေး၏။ ဆိုက်ကားပေါ်မှ မဆင်းဘဲ သစ်ပင်ရိပ်အောက်မှ တစေ့ တစောင်းလှမ်းပြီး အကဲခတ်နိုင်ခွင့် ရသွားလေသည်။
ထိုသူငယ်မကား တိုက်ကြီးတတိုက်ပေါ်သို့ တက်သွားလေသည်။ တအောင့်လောက်ကြာတော့ ဆိုက်ကားသမားက အထုပ်ကြီးပိုက်ပြီး လိုက်တက်သွားလေသည်။
ခေတ်ဆံသော ဆင်ယင်ထုံးဖွဲ့မှုဖြင့် အသက်မွေးဝမ်းကျောင်းနေသော ထိုသူငယ်မသည် ချိန်းထားရာသို့ အထုပ်အပိုး အိပ်ရာထိုင်ခင်းတို့ဖြင့် လိုက်လာခဲ့ခြင်းပေလော။ ထိုသူငယ်မသည် အမြှောင် မယားလော၊ သို့မဟုတ် ဘာလုပ်နေသလဲ။
သို့ကလဲ ‘သို့လော သို့လော’ တွေးတောဆင်ခြင်နေစဉ် ဗလစည်သူက မြူဆွယ်သော အသံဖြင့်
ကျွန်တော် ဤသို့ လိုက်နေခြင်းမှာ ထိုသူငယ်မကို လိုချင်၍ မဟုတ်ပေ။ ထိုသူငယ်မ အကြောင်းကို သိလို၍သာ ဖြစ်သည်။ ဗလစည်သူကမူ အထင်လွဲသွားလေပြီ။
“ဟ ဟ၊ ငါ ဒါမျိုး ဝါသနာ မပါပါဘူးကွာ”
ဗလစည်သူက ပို၍ ချိုသာသော မြူဆွယ်သံသုံးကာ
“စိတ်ချရပါတယ် ဆရာရဲ့။ လိုချင်ရင် ယူပါ”
ကျွန်တော်က ဘာမျှ မပြောသေးဘဲ ကြောင်နေသည်။
“အဆင်ဆန်းတွေလဲ ပါတယ်။ အဆင်နဲ့ မလိုချင်ရင် အဖြူထယ် အကောင်းစားတွေလဲ ပါတယ်”
ကျွန်တော့်မှာ ဒီတော့မှ အဖြေမှန် ရလေတော့သည်။
“ဟာ ဒီသူငယ်မက ဘာလုပ်တာတုန်း။ မှောင်ခိုဈေးလုပ်နေတာပေါ့လေ”
“မှောင်ခိုဈေးရယ်လို့တော့ ဘယ်ဟုတ်မလဲ ဆရာ။ တန်းစီ တိုးစားလုပ်တာပေါ့။ ခု အဲဒီတိုက်ကြီးတွေပေါ် တက်ရောင်းနေတာလေ”
“အင်း ဟုတ်ပေ့ကွာ။ ယုန်တောင်ကြောက်မိ ဆိုတာလို ဖြစ်နေပြီ”်
ဗလစည်သူသည် မျက်နာပျက်သွားပြီး အထိတ်တလန့် ပျာပျာသလဲ ဖြစ်သွားလေသည်။
“အို ဆရာက ရာဇဝတ်မှုတွေ လိုက်စုံထောက်နေတဲ့ ရဲအရာရှိများလား”
“ဒီလိုလဲ မဟုတ်ပါဘူးကွာ”
“ဖမ်းမယ်လို့လား ဆရာ”
“ငါက စုံထောက်အရာရှိလဲ မဟုတ်ဖူး။ ဖမ်းလဲ မဖမ်းနိုင်ဘူး။ ဒီသူငယ်မ ဘာလုပ်နေတာလဲလို့ သိချင်တာနဲ့ လိုက်လေ့လာတာ။ ဒီလောက်သိရရင် တော်ပါပြီကွာ။ ကဲ ပြန်မယ်”
ဗလစည်သူသည် စိတ်အေးသွားဟန် တူသည်။ ဆိုက်ကားကို ပြန်လှည့် နင်းခဲ့လေသည်။
“ဒီသူငယ်အကြောင်း မင်းကောင်းကောင်း သိတာပေါ”
“သိတော့ သိတာပေါ့ ဆရာရယ်။ သို့ပေမယ့် ကျွန်တော်ကတော့ ဒီအလုပ်မျိုးတွေ မလုပ်ချင်ပါဘူး။ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာစားချင်သူပါ”
“ဒီသူငယ်မဟာ မှောင်ခိုဈေးလုပ်မစားခင် ဘာလုပ်စားသလဲကွ၊ သိလား”
“ကောင်မကလေးက ပညာမရှိတော့ ဗောက်လုပ်စားရတာဘဲ။ အကြော်လဲ ရောင်းစားဘူးရဲ့။ စွပ်ကျယ်စက်မှာလဲ နေ့စားလုပ်ဖူးရဲ့။ ဟင်းသီးဟင်းရွက်ခြံလဲ ကူလီလုပ်ဖူးရဲ့။ ခုတော့ ဒီအလုပ်မျိုးတွေ မမက်တော့ဘူး ဆရာရေ့  ။ အရင်းငွေ နှစ်ဆယ် သုံးဆယ်ရှိရင် တနေ့ ငါးကျပ် တဆယ် အေးဆေးဝင်တဲ့ တန်းစီ တိုးစားဘဲ လုပ်ချင်တယ်။ သူ့ ကို ဆိုက်ကားလိုက်ပို့တဲ့ အကောင်ကြီးဟာလဲ ဆိုက်ကား သိပ်မနင်းတော့ဘူး။ တန်းစီ တိုးစားဘဲ လုပ်နေတယ်။ ခုလို ကိုယ့်အချင်းချင်း အလုပ်သာ လုပ်ပေးတော့တယ်”
“မင်းကတော့ ဘာလို့ သူတို့လို မလုပ်သလဲ”
“ကျွန်တော်က သူတို့အလုပ်ဟာ စင်ကြယ်တယ်လို့ မထင်ဘူး။ ခုလို တန်းစီ တိုးဝယ်ပြီး၊ လက်ဆင့်ကမ်း ရောင်းစားတဲ့ အလုပ်ဟာုလူလူချင်း ခေါင်းပုံဖြတ်တဲ့ အလုပ်ဖြစ်ပြီး ကြာရှည်ဟန်မယ့် အလုပ်မဟုတ်ဖူးလို့ ကျွန်တော့် စိတ်ထဲ စွဲနေတယ်။ တနေ့နေ့ မင်းပြစ်မင်းဒဏ်လဲ သင့်မှာဘဲလို့ ထင်နေတယ် ဆရာရဲ့”
“အေး၊ မင်းအတွေးအခေါ်ဟာ မှန်တယ်ထင်တယ်ကွ။ သို့ပေမယ့် မင်းလဲ သူတို့နဲ့မကင်းရာမကင်းကြောင်း ဖြစ်နေဟန်ရှိတယ်။ ကင်းအောင်နေနိုင်ရင် ကောင်းမယ်ထင်တယ်”
“’ဒီလိုပါဆရာ၊ ကျွန်တော်ကတော့ ဆိုက်ကားသမား အလုပ်ဆိုရင် ဘာမှမရှောင်ဘူး။ ဖုန်းကြီးစီးချင်လဲ ပိုက်ဆံယူပြီးပို့တာဘဲ။ မှောင်ခိုဈေးသမား စီးချင်လဲ ပိုက်ဆံယူပြီးပို့တာဘဲ။ ဒါမျိုးကတော့ ကင်းအောင်ရှောင်လို့မရဘူး။ ပြည့်တန်ဆာမကိုလဲ ပို့ရတာဘဲ ဆရာရဲ့”
“အေးပေါ့လေ။ ငါတို့အလုပ်နဲ့ ခပ်ဆင်ဆင်ပါဘဲ”
“ဆရာ ဘာအလုပ်လုပ်သလဲဆရာ”
“ပြည်သူအချင်းချင်းဖြစ်စေ၊ ပြည်သူနဲ့ အစိုးရဖြစ်စေ၊ အမှုအခင်းဖြစ်ကြတဲ့အခါမှာ တရားလိုကငှားလဲ အခကြေးငွေယူပြီးလိုက်ရ၊ တရားခံကငှားလဲ အခကြေးငွေယူပြီးလိုက်ရ၊ လျှာနှစ်ခွနဲ့ လုပ်ရတဲ့ ရှေ့နေပါကွာ။ ငါလဲ အလုပ် ပြောင်းမယ်စိတ်ကူးနေတယ်”
ဗလစည်သူသည် ကျွန်တော်နှင့် ရင်းနှီးမှုရသွားပြီး ပြောရဲ ဆိုရဲ အာသွက် လျှာသွက် ဖြစ်လာလေသည်။
“ပြောင်းပေါ့ဆရာရယ်။ အလုပ်ပြောင်းတာ ဘာအရေးလဲ။ အလုပ်လုပ်တာသာ အရေးကြီးတာဘဲ။ ကျွန်တော်ဆိုရင် အရင်က သေနတ်ကိုင် တောခို၊ နယ်အုပ်ချုပ်ရေးတွေ ဘာတွေ လုပ်၊ ခုတော့ လက်နက် ချ၊ ဆိုက်ကားနင်း အလုပ်ပြောင်းတာဘဲ။ ခုခေတ်မှာ စစ်ဗိုလ်တွေလဲ တိုက်ခိုက်ရေး တာဝန်က အုပ်ချုပ်ရေး တာဝန်ပြောင်းယူနေကြတာဘဲ။ ပြောင်းပေါ့ဆရာ။ ရှေ့နေမလုပ်ချင်၊ စုံထောက် ပြောင်းလုပ်ပေါ့။ မကောင်းဘူးလား”
ကျောက်မြောင်းဘက်သို့ နီးလာလေပြီ။
“စုံထောက်ပြောင်းလုပ်ဖြစ်ရင်တော့ မင်းတို့ကို ဆရာတင်ရမှာဘဲ။ ဒါပေမယ့် အလုပ်ဟာ ပြောင်းတိုင်းလဲ ကောင်းတာ မဟုတ်ဖူးကွ။ မင့်းသူငယ်မ ပြောင်းနည်းမျိုးဟာ မကောင်းဘူး”
“မင့်းသူငယ်မလို့ မခေါ်ပါနဲ့ဆရာ။ ဆရာ့သူငယ်မပါ။ ဆရာဘဲ တန်းတန်းစွဲ နောက်ကလိုက်နေပြီးတော့ ဟား ဟား”
“အဲဒါကြောင့် အလုပ်ပြောင်းတိုင်း ကောင်းတာမဟုတ်ဖုးလို့ ငါပြောတာကွ။ ငါဟာ စုံထောက်ကောင်း မဖြစ်နိုင်ဘူး။ သူငယ်မကို တလွဲထင်နေတယ် မဟုတ်လား ဟား ဟား”
ဗလစည်သူကလည်း ကျွန်တော့်လိုပင် ဟက်ဟက်ပက်ပက် ရယ်နေလေသည်။ သူသည် မောမှန်းမသိ ဆိုက်ကား နင်းနေလေသည်။ ကျွန်တော်သည် ရောက်မှန်းမသိ ထိုသူငယ်မကို တွေ့ ခဲ့ရသော ထိုလမ်းထိပ်သို့ ရောက်ခဲ့ပြန်လေပြီ။
ငွေလမင်း

Sort:  

This post has received a 10.71 % upvote from @sureshot thanks to: @min2thant.

@sureshot is part of the @fivestargroup movement in collaboration with @block-buster Witness.

Coin Marketplace

STEEM 0.22
TRX 0.06
JST 0.025
BTC 20066.69
ETH 1367.36
USDT 1.00
SBD 2.49