"ရွှေအင်းဝသီချင်းကို လေချွန်တဲ့လူ"
ဒီလူ ဒီနေ့ ခရီးထွက်စရာ ရှိတယ်။ ဒါကြောင့် သူ့ ဆန်နီပစ်ကပ်ကလေးကို လေတချွန်ချွန်နဲ့ ဖုန်သုတ်နေတာပါ။ ဒီလူက သူ့အတွက် တစ်ခုခု စိတ်ကြည်နူးစရာလေးများ တွေ့ထားပြီဆိုရင် ရွှေအင်းဝ သီချင်းကို လေချွန်နေလေ့ ရှိတယ်။ ဒါဟာ သူ့အကျင့်ပဲ။ ဒီနေ့လည်း မနက်မိုးလင်း ကတည်းက ဒီ ရွှေအင်းဝ သီချင်းလောက်ပဲ လေချွန်နေတာရယ်။
သူ့မိန်းမကတောင် စောစောစီးစီး သွားခါနီး လာခါနီး လေမချွန်ပါနဲ့ လာဘ်တိတ်တတ်တယ်လို့ ပြောသေးတယ်။ ဒါလည်း မရပါဘူး၊ ချွန်တာပါပဲ။ အခုလည်းကြည့်၊ ဒုဋ္ဌဝတီတံတားကို ဖြတ်ကျော်ရင်း ချွန်ပြန်ပြီလေ။
မြေပုံအညွှန်းအတိုင်း သူသွားလိုရာ အင်းဝ တံတားဦး နယ်ထဲက တဲကြီးထဲကို ရောက်တဲ့အခါ တဲရှင် မိန်းမကြီးက သူ့ကို ယစ်မျိုးဘက်က လူထင်ပြီး ကြောက်လန့်နေတာ တွေ့ရလို့ သူတော်တော် ခွကျသွားသေးတယ်။ ဒါပေမဲ့ သူက အကင်းပါးသူမို့ သူ့ကိုယ်သူ သာမန်လူတစ်ယောက် ဖြစ်တဲ့အကြောင်းကို မိန်းမကြီး ယုံကြည်နိုင်လောက်အောင် အထောက်အထားတွေနဲ့ ယုတ္တိရှိရှိ ပြောပြလိုက်ပါတယ်။
သူက သူဟာ မန္တလေး မွေ့ရာတန်းက မှို့သီးဝယ်သူ ဖြစ်ကြောင်း၊ အခု မြင်းခြံက ပြန်လာတာ ဖြစ်ကြောင်း၊ မြို့သာဘက်က မသွားဖူးလို့၊ ပြီးတော့ တံတားဦး တစ်ဝိုက် အင်းဝ တစ်ကြောက လက်ပံပင်ကြီးတွေ ရှိရာဆီကို ဒီနှစ် မှို့သီးများ တင် မတင် အခြေအနေ သိရအောင် လျှောက်ကြည့်ချင်တာနဲ့ ဒီဘက်ကို လှည့်ဝင်လာခဲ့ ပါတယ်ဆိုတဲ့ အကြောင်း ပြောပြတော့မှ မိန်းမကြီးလည်း အကြောက်ပြေသွားတော့ တယ်။
မိန်းမကြီး အကြောက်ပြေသွားပေမယ့် တဲထောင့် တစ်နေရာမှာ အရက် သောက်နေကြတဲ့ တောလက်သမား နှစ်ယောက်က သူ့ကို သင်္ကာယန မကင်းတဲ့ အကြည့်နဲ့ ကြည့်ပြီး ကြောက်လန့်နေတာ တွေ့ရပြန်တယ်။ ဒါကြောင့် မိန်းမကြီးကို ပြောပြသလို ရှင်းပြရသေးတယ်။
ဒီတော့မှ တောလက်သမားများလည်း အကြောက်ပြေပြီး သောက်လက်စ အရက်ကို ပြန်သောက်ကြတယ်။
အစကတော့ သူတို့လည်း ဒီလူကို အရက်ပုန်း ဖမ်းတဲ့သူ မှတ်ပြီး သောက်လက်စ အရက်ပုလင်းကို ဟိုချောင်ထိုး ဒီချောင်ထိုး လုပ်သေးတယ်။
တကယ်တော့ ဒီတဲက အရက်ပုန်း ရောင်းသလို၊ လိုင်စင်မဲ့ သားသတ် လုပ်ငန်းလည်း တိတ်တိတ်ပုန်း လုပ်သေးတာ ဆိုတော့ သူတို့လည်း ကြောက်ကြပေမှာပဲ။ အခုတော့ သူက သူ့ကိုယ်သူ လမ်းကြုံလို့ ဝင်လာတဲ့ ရိုးရိုးလူတစ်ယောက် ဖြစ်ကြောင်း ပြောပြီးလို့ အားလုံး အဆင်ပြေသွားပါပြီ။
ဒါကြောင့် မိန်းမကြီးက သူ့ကို အရက်ကြိုက်တတ်ရင် သောက်ပါဦးလား ဆိုပြီး ဧည့်ဝတ်ပျူငှာ ပြုပါတယ်။ သူက မသောက်တတ်တဲ့ အကြောင်း ပြောပြီး တဲအတွင်းက ကျေးလက်လူနေမှု ဓလေ့စရိုက်ကလေးများကို လေ့လာပါရစေဆိုပြီး ဟို ဒီ လျှောက်ကြည့်ပါတယ်။
တဲအတွင်းမှာ သမင်ချိုတို့၊ တောဝက်စွယ်တို့၊ မျောက်ခေါင်းခွံတို့နဲ့ မုဆိုးကိုင် ဒူးလေး၊ လှံတံ၊ ကိုင်းပြန်များနဲ့ ပိုက်ကိုင်များကို တွေ့ရပါတယ်။ ဒါတွေကို သူက စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ကြုံကြိုက်တုန်းမို့ မိန်းမကြီးကို မေးကြည့်ပါတယ်။
“ဒါတွေက ဘယ်သူကိုင်တဲ့ ဟာတွေတုံး။ ဒီ ဒူးလေးတွေ၊ လှံတံတွေဟာ အားကောင်း မောင်းသန်တွေမှ ကိုင်နိုင်မှာ။ တော်ရုံတန်ရုံ အင်အားဗလ မပြည့်စုံတဲ့ လူဆိုရင် ကိုင်နိုင်မှာ မဟုတ်ဘူးနော်”
“ဟုတ်တယ်၊ အဒေါ့်ယောက်ျားက အင်အားဗလကောင်းတဲ့ မုဆိုးကြီးပဲ၊ အခုတော့ အဲဒီလို ပြေးလိုက်လွှားလိုက် ပစ်လိုက်ခတ်လိုက် အလုပ်တွေ မလုပ်နိုင်တော့ပါဘူး။ ဘယ်လုပ်နိုင်ပါ့မတုံး၊ အသက်ပဲ ခုနစ်ဆယ်ကျော်ပေါ့ပဲ။ ဒါပေမဲ့ ဒီမုဆိုး အလုပ်ကို မစွန့်လွှတ်နိုင်သေးတော့ အခု သူ ပျားရှာ ထွက်သွားပြီလေ၊ တစ်နေ့ကုန်မှ ပြန်လာတော့မှာ”
ဒါတွေကို သူက စိတ်ဝင်စားလို့ မေးနေတာ မဟုတ်ပါဘူး။ သူ့ဟာသူ ခွင့်ကျေဝတ်ကုန် သဘောမျိုး လုပ်နေတာ။ ဒီလိုနဲ့ ရှေ့ဆက် လျှောက်ကြည့်တဲ့အခါ သူအသေအလဲ လိုက်ရှာနေတဲ့ ပစ္စည်းကို တွေ့လိုက်ရလို့ သူ့မျက်လုံးတောင် သူမယုံနိုင်အောင် ဖြစ်သွားတယ်။
တကယ်တော့ ဒီပစ္စည်းကို လိုက်နေတာ ကြာပြီ။ ကြာဆို မြန်မာပြည် တစ်နံတစ်လျား သူ မရောက်တဲ့နေရာ မရှိသလောက်တောင် ဖြစ်သွားပြီ။ ငွေတွေလည်း ကုန်လှပေါ့။ လူလည်း ပင်ပန်းလှပြီ။ ဒါပေမဲ့ ဘာတစ်ခုမှ အဆင်မပြေခဲ့ဘူး။ ဒါကြောင့် ဒီပစ္စည်းကို အခုလို အလွယ်တကူ တွေ့လိုက်ရတော့ သူ့မျက်လုံးတောင် သူ မယုံနိုင်အောင် ဖြစ်သွားတာရယ်။ သူ သဲကြီးမဲကြီး လိုက်ရှာနေတဲ့ ပစ္စည်းကို အခုလို မထင်မှတ်ဘဲ ဗြုန်းခနဲ တွေ့လိုက်ရတော့ ခေါင်းနားပန်းတွေ ကြီးပြီး မူးမူးမိုက်မိုက် ဖြစ်သွားလို့ နားထင်ကြောကို လက်မနဲ့ ထောက်ထားလိုက်ရ သေးတယ်။
ဒီပစ္စည်းကို မြင်မြင်ချင်း မူးမိုက်သွားတာလည်း မပြောနဲ့၊ ဒီပစ္စည်းက သူ့လက်ဝယ် ပိုင်ဆိုင်သွားရင် သူ့ဘဝဟာ ဟိုဘက် ဒီဘက် လှန်လိုက်သလို တစ်ခါတည်း ပြောင်းလဲသွားမှာ မဟုတ်လား။ ဒီပစ္စည်းက သူလို ရှေးရှာဖွေသူတိုင်း အသေအလဲ မက်မောတဲ့ ပစ္စည်းဆိုတော့ သူ အရမ်းပျော်ပြီး ဝမ်းသာလုံး ဆို့သွားတာပေါ့လေ။ ဒါပေမဲ့ သူက မိန်းမကြီး မမြင်အောင် သူ့မျက်နှာကို မျက်နှာပိုး သတ်လိုက်တယ်။
တကယ်တော့ မိန်းမကြီးက သူ ဝမ်းသာလုံး ဆို့သွားတာကို မမြင်လိုက်ပါဘူး။ သူ့ဟာသူသာ စိုးရိမ်ပြီး မွှန်ထူနေတာပါ။ ဘာပဲဖြစ်ဖြစ် သူကတော့ ဘာမဆို ပိပိရိရိ လုပ်တတ်တဲ့ သူ့အကျင့်တိုင်း လုပ်နေတာရယ်။ အခုလည်း ကြည့်။ ပစ္စည်းရဲ့ အခြေအနေ အရပ်ရပ်ကို ဓာတ်ပုံရိုက်သလို ဖျိုးဖျိုးဖျတ်ဖျတ် စစ်ဆေးကြည့်လိုက်တယ်။
ဟုတ်ပြီ၊ ပစ္စည်းကတော့ သတင်းရတဲ့အတိုင်း အမှန်ပဲ။ မှန်စီရွှေချတွေ တစ်မှုန်တစ်မျှင်မျှ မကျန်တော့တာလည်း မှန်တာပဲ။ ဘယ် ကျန်နိုင်တော့မှာလဲ နှစ်ပေါင်းပဲ ခြောက်ရာကျော်ခဲ့ပြီ မဟုတ်လား။ ဒါက ကိစ္စမရှိပါဘူး။ မူရင်းအောက်ခံ မှန်ကန်ဖို့ပဲ အရေးကြီးပါတယ်။ မူရင်းအောက်ခံလည်း မှန်တာပဲ။ သက်ရင့် ကျွန်းညိုသားနဲ့ လုပ်ထားတာ။ အခုတော့ ရွှေမှန်ကင်းများ ကွာကျကုန်လို့ သစ်စေးရိုးသာ ကျန်တော့တဲ့ မဟူရာ အိပ်ဖန် ခုတင်လေး ဖြစ်နေပါပြီ။
ကြည့်စမ်း …။
နဂါးလေးကောင် ရစ်ပတ်နှောင်ဖွဲ့ထားတဲ့ မိဖုရား စောဥမ္မာ အိပ်တဲ့ ခုတင်လေး။
ဒီလိုခေါ်တော့ ဆင်းရဲသား အရပ်သား ဆန်လွန်းပါတယ်လေ။ တကယ် ခေါ်ရ ပြောရမှာက နဂါးလေးကောင် ရစ်ပတ်နှောင်ဖွဲ့ထားတဲ့ မိဖုရားစောဥမ္မာ စက်တော်ခေါ်တဲ့ သလွန်လေး ဖြစ်ဖို့ များပါတယ်။
ဟုတ်ပြီ။ သလွန် ဖြစ်ဖြစ်၊ ညောင်စောင်း ဖြစ်ဖြစ် အရေးကြီးတာက ဒီမိန်းမကြီး ဘာမှ မသိဖို့ဘဲ အရေးကြီးပါတယ်။
သူ ဒီလို စိတ်ကူးစိတ်သန်းတွေနဲ့ ရူးမတတ် ဖြစ်နေတုန်းမှာ မိန်းမကြီးက သူ့အနားက ခွာပြီး ဟင်းလျာ လာဝယ်တဲ့ လူဆီကို ဟင်းလျာ သွားရောင်းတာကြောင့် သူ့ဟာသူ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ကြည့်ခွင့် ရသွားတယ်။ ဒီလို ကြည့်ခွင့်ရတော့ သူဟာ ဒီပစ္စည်းပေါ်ကရမယ့် အကျိုးအမြတ်တွေကို တသီတတန်း တွေးရင်း အတွေးတွေနဲ့ မွှန်ထူပြီး လောဘရမ္မက်တွေ တက်နေတယ်။ ဒါကြောင့် ဆောက်တည်ရာ မရ ဖြစ်ပြီး ကယောင်ချောက်ချားနဲ့ အရက်သောက်နေတဲ့ တောလက်သမား နှစ်ယောက်ဆီ ထသွားပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ သူတို့ သောက်နေတဲ့ အရက်ဖိုးနဲ့ အမြည်းဖိုးကို သူရှင်းပါရစေလို့ သွားပြောတာပါ။ ပြီးတော့ နောက်ထပ် လိုသေးရင်လည်း သူကပဲ ဒကာခံပါရစေလို့ ပြောပါတယ်။ အဲဒီလို တောလက်သမား နှစ်ယောက်နဲ့ စည်းရုံးရေး သဘောဆောင်တဲ့ ဧည့်ဝတ်ပျူငှာ အလုပ်ကို လုပ်မိအောင် လုပ်လိုက်သေးတယ်။
ဒီလိုဆိုတော့ တောလက်သမား နှစ်ယောက်က သူ့ကို တော်တော် သဘောကျသွားတာ ပေါ့လေ။ တစ်ခါတည်းနဲ့ မိတ်ဆွေရင်းချာ သဘော ဆောင်သွားတာပေါ့။ ဒါတင် ဘယ်ဟုတ်ဦးမှာတုံး၊ ဒီထက် ရင်းနှီးမှုဖြစ်အောင် သူတို့ဆီက ပေတံလေးတောင် ခဏ ငှားလိုက်သေးတယ်။ သူ့မှာလည်း ပေကြိုးဘူး သေးသေးလေး ပါလျက်သားနဲ့ တမင်သက်သက် လုပ်တာပါ။ ဒါက သူ့အလုပ်သဘောအရ ဝင်လာတဲ့ အခြေအနေတွေကို ကြည့်ပြီး လုပ်ရတဲ့ စီးပွားရေးသမားများ လုပ်လေ့လုပ်ထအတိုင်း လုပ်တာပါ။
အဲဒီလို တောလက်သမား နှစ်ယောက်နဲ့ ရင်းနှီးမှု ယူပြီးတဲ့နောက် မိဖုရား စောဥမ္မာ စက်တော်ခေါ်ခဲ့တဲ့ သလွန်အိပ်ဖန် ခုတင်လေးကို ပေတံနဲ့ လျှောက်တိုင်းရင်း သူ ရင်ခုန်နေတယ်။ ရင်ခုန်တာက ဒီသလွန်လေးရဲ့ ပုံပန်းသဏ္ဌာန်နဲ့ ဖြစ်ရပ်မှန် အကြောင်းအရာများကို အတတ်နိုင်ဆုံး နီးကပ်အောင် ရေးထားတဲ့ စာပိုဒ်ကလေးထဲကအတိုင်း အခု သူ့မျက်စိအောက်မှာ ရောက်နေလို့ပါ။
သူ့ကို ရင်ခုန်စေတဲ့ စာပိုဒ်ကလေးက စာသားလေးတွေဟာ တကယ့် ရာဇဝင် ဂန္တဝင် စာကြီးပေကြီးတွေ ထဲကတော့ ဟုတ်ဟန် မတူပါဘူး။ သူလို ငါလို ရာဇဝင် မှီငြမ်းပြု ရေးထားတဲ့ ကာလပေါ်ဝတ္ထု စာပေတွေထဲက စာသားမျိုးလေးပါ။ သူ့ဆီကို သတင်းပေးသူက ဒီပစ္စည်းအတွက် အထောက်အကူပြု စာသားလေးများကို တမင်ရှာကြံ ထည့်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူ့လက်ထဲမှာ ရရှိထားတဲ့ စာပိုဒ်ကလေးကတော့ သူ့ကို ရင်ခုန်စေတာ အမှန်ပဲ။ ပြီးတော့ အဲဒီ စာပိုဒ်ကလေးနဲ့အတူ သူ့ကို အထူး ရင်ခုန်စေတာက အခု သူ့ရှေ့မှာ သူကိုယ်တိုင် လက်တွေ့ ကိုင်တွယ်ပွတ်သပ် ကြည့်နေတဲ့ မိဖုရားစောဥမ္မာရဲ့ သလွန်အိပ်ဖန် ခုတင်လေးပါပဲ။
ဒီ အိပ်ဖန်ခုတင်လေးနဲ့ ပတ်သက်ပြီး စာရေးဆရာ ရေးဖွဲ့ထားတဲ့ စာသားလေးကလည်း တော်တော် လွမ်းမောစရာ ကောင်းပါတယ်။
ကြည့်လေ။
အင်းဝဘုရင်က သူခိုးကြီး ငတက်ပြားကို အမိဖမ်းနိုင်ရေးအတွက် သူကိုယ်တိုင် ကြိုးစားမှ ဖြစ်တော့မှာပဲ ဆိုပြီး ညဉ့်နက်သန်းခေါင်၊ တစ်ခါတလေ ညလုံးပေါက် ပေါ့နော်။ နန်းမြို့ရိုးအပြင် ထွက်နေခိုက်မှာ မိဖုရားစောဥမ္မာက ဒီအိပ်ဖန်ခုတင်လေး ပေါ်မှာပဲ အိပ်မောကျ ကျန်ရစ်ခဲ့ရရှာတာတဲ့။
သူခိုးကြီးကို မမိမချင်းဆိုတော့ ညပေါင်းများစွာပေါ့။
ဘုရင်ကြီးက နန်းမြို့ အပြင်မှာ သူခိုးကြီး ငတက်ပြားနဲ့အတူ သူခိုးတို့ အမူအကျင့်အတိုင်း သူ့ဆရာ သူခိုးကြီး ခိုင်းရာများကို ထားရာနေ၊ စေရာသွား လုပ်နေခိုက် မိဖုရားစောဥမ္မာကလည်း ဒီအိပ်ဖန်ခုတင်လေး ပေါ်မှာပဲ အဖော်မဲ့စွာ စက်တော်ခေါ်ရင်း ကျန်ခဲ့ရတယ်ဆိုပဲ။
ကြည့်စမ်း။ လေသာပြတင်းက ထိုးစိုက်ကျနေတဲ့ ငွေလရောင်ခြည် အောက်မှာ လှချင်တိုင်း လှနေတဲ့ စောဥမ္မာ။
အဲဒီ မိဖုရားစောဥမ္မာ အိပ်မောကျနေပုံလေးက နို့နှစ်ရောင် တောင်တန်းလေးသဖွယ် ပါတကားတဲ့။
ဒါတွေကတော့ သူ့ဆီမှာ ရထားတဲ့ ဝတ္ထုဆရာရဲ့ စာပိုဒ်ထဲက အပြောပေါ့လေ။ ဘာပဲပြောပြော သူ စိတ်ဝင်စားပြီး ရင်ခုန်နေတာက နို့နှစ်ရောင် တောင်တန်းသဖွယ် အိပ်မောကျနေတဲ့ စောဥမ္မာ မဟုတ်ပါဘူး။ သူ ရင်ခုန်နေတာက အဲဒီ စောဥမ္မာ စက်တော်ခေါ်ခဲ့တဲ့ အိပ်ဖန်ခုတင်လေးပါ။ ဒီတော့ ဒီအိပ်ဖန်ခုတင်လေးကို သူပိုင်ဆိုင်လို့ သူ့လက်ဝယ် ရောက်လာရင် သူတို့လောကမှာ သူဟာ မျက်နှာအပွင့်ဆုံးနဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက် စာရင်းဝင်သွားမှာ ဖြစ်တယ်။ ပြီးတော့ ဒီပစ္စည်းကို သူ ဘယ်လောက် ဈေးဆိုဆို သူ ဆိုသလောက် ငွေပုံပေးမယ့် ဝယ်လက်တွေကလည်း နည်းနည်းနောနော မဟုတ်ဘူး။ ဒီတစ်ချီ သူပွပေါက် တိုးလိုက်ပုံကတော့ သုဝဏ္ဏသာမ ဇာတ်တော်ထဲက အတိုင်း မျက်စိနှစ်ကွင်း အလင်းရပြီး ရွှေအိုးကြီး ထမ်းလာတဲ့ သားကို မြင်လိုက်ရတဲ့ မိခင်လို ဝမ်းသာလို့ကို ဆုံးမှာ မဟုတ်တော့ဘူး။
သူ့အတွေးတွေနဲ့သူ လုံးချာရိုက်နေတာကြောင့် သူ့အနားကို တဲရှင်မိန်းမကြီး ပြန်ရောက်နေတာတောင် သတိမထားမိလိုက်ဘူး။ ဒါကြောင့် စိတ်ကူးတွေနဲ့ ပြုံးဖြဲဖြဲ ဖြစ်နေတဲ့ သူ့မျက်နှာကြီးကို မျက်နှာပိုး သတ်လိုက်ပါတယ်။ ပြီးတော့ အဒေါ် ကြီးကို သူက စကားစလိုက်တယ်။
“နေပါဦး အဒေါ်ကြီးတို့က ဒီခုတင်လေးကို ဘာပြုလို့ ဒီလို ပစ်စလက်ခတ် ထားကြတာတုံး၊ ကြာရင် ထိုင်လို့တောင် ရတော့မှာ မဟုတ်ဘူး”
“ပစ်စလက်ခတ် ထားတာ မဟုတ်ပါဘူး၊ ကျုပ်တူရယ်။ ထားစရာ နေရာ မရှိတော့ ဒီအတိုင်းပဲ ထားရတာပေါ့။ ကိစ္စမရှိဘူးလေ။ သူက နောင် အနှစ်တစ်ထောင် ထားလည်း ဒီလိုနေမှာပဲ ဥစ္စာ။ သူက ကျွန်းညိုသားနဲ့ လုပ်ထားတာတဲ့”
“ဘယ်ကလာ ကျွန်းညိုသား ရမှာလဲ။ ရိုးပါ့ အဒေါ်ကြီးရာ။ ဒါက ယမနေသားပါ။ ထုံပွပျဉ်းတွဲသား ခေါ်တယ်။ ဟိုဗျာ ဆိုင်းဝိုင်းတွေ ဘာတွေ လုပ်တဲ့ အသားပေါ့။ ဒါက အရေး မပါပါဘူး။ နို့နေပါဦး။ ဒါက ထားစရာမရှိလို့ ဒီအတိုင်း ပစ်ထားမှာ အတူတူ ကျွန်တော့်ကို တန်ရာတန်ကြေး ဈေးနဲ့ ရောင်းလိုက်ပါလား”
“ကျုပ်တူက ဘယ်လောက် ပေးနိုင်မို့တုံး”
“ဒါတော့ အဒေါ်က ပြောမှပေါ့ ခင်ဗျာ”
မိန်းမကြီး တွေဝေသွားတယ်။ ပြီးမှ
“သူများတွေ ပြောဖူးတာတော့ ထောင့်လေးငါးရာ တန်တယ် ပြောကြတာပဲ။ ပြီးတော့ ဒါက ထီးသုံးနန်းသုံး ရှေးပစ္စည်းတဲ့။ အဒေါ်တို့ကတော့ မိဘဘိုးဘွားတွေ သိမ်းဆည်းလာခဲ့တဲ့ ပစ္စည်းမို့ ရောင်းရမှာတောင် နှမြောတောတောရယ်”
လို့ ဝမ်းနည်းသံပါပါနဲ့ ပြောလိုက်တယ်။
မိန်းမကြီးဆီက မမျှော်လင့်တဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူ့ခေါင်းကို မိုးကြိုး အပစ်ခံလိုက်ရသလို ဖြစ်သွားတယ်။ ဒါကြောင့် ဒုတိယအကြိမ် မူးမူးမိုက်မိုက် ဖြစ်သွားပြန်တယ်။ ဒါပေမဲ့ မိန်းမကြီး မရိပ်မိအောင် ဣနြေ္ဒဆည်ပြီး ခပ်တည်တည်နဲ့ စကားစကို ပြန်ဆက်လိုက်ရတယ်။
“ဘယ်ကလာ ရှာရှာပေါက်ပေါက် ထီးသုံးနန်းသုံး ရမှာတုံး။ လုပ်ရော့မယ်၊ ငါ့အဒေါ်ကြီးကလည်း၊ ဒါက ဟိုတုန်းက ခင်ဗျားတို့ တံတားဦး လွှစင်တန်းက ရောင်းတမ်း လက်သမားတွေ လုပ်တဲ့ ခုတင်ပါဗျာ၊ ကြည့်ပါလား၊ ဒီနဂါးရုပ်ကလေး လုပ်တာတောင် အမြီးအမောက် မတည့်ဘူး။ ပြောလို့သာ ပြောနေရတာပါ။ ဒီအရုပ်တွေ ဘာတွေက ကျွန်တော်လည်း အသုံးမဝင်ပါဘူး။ ကျွန်တော်က ဒီခုတင်က ခြေထောက်ကလေးတွေကို သဘောကျလို့ပါ။ ကျွန်တော့်အိမ်မှာ ရှိတဲ့ ခုတင်က ခြေထောက်တွေ မကောင်းတော့ဘူးလေ။ ကိုယ်ထည်က အကောင်းကြီး ရှိသေးတယ်။ လက်ရာလေးက ကောင်းတော့ လွှင့်မပစ်ရက်သေးဘူး။ ဒါကြောင့် ဒီခုတင်က ခြေထောက်ကလေးတွေကို ဖြတ်ပြီး ကျွန်တော့်ခုတင်ကို ဆက်ချင်လို့ပါ။ ကျန်တဲ့ ကိုယ်ထည်ကတော့ အလကားပဲ။ အိမ်ကျရင် ထင်းခွဲဆိုက် ဖို့ပဲ ရှိတော့တယ်။ ဒီတော့ အဒေါ်ရောင်းမယ့်ဈေးသာ ပြောပါ”
ဆိုတော့ မိန်းမကြီးက
“သူများတွေ ပြောတာတော့ ထောင့်ငါးရာ တန်တယ် ပြောတာပဲ”
လို့ ပြောတဲ့အခါ သူ ဝမ်းသာလုံး ဆို့သွားပြန်တယ်။ သူ ထင်ထားတာက မိန်းမကြီး တောင်နားမလည် မြောက်နားမလည်နဲ့ နင်းကန်ပြီး သိန်းချီ တောင်းလိမ့်မယ် ထင်တာ။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့ ဆောင်ပုဒ်နဲ့အညီ သူက ခွက်ထိုးခွက်လန် ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်တယ်။ ပြီးတော့ ရယ်ရှိန်သတ်ပြီး၊
“အဒေါ်ရယ်… ကြည့်ကျက်လည်း လုပ်ပါဦး၊ တကယ်ပါ။ ကျွန်တော်က ဒီခြေထောက်ကလေးတွေ လိုချင်တာနဲ့ ဟိုဥစ္စာတွေပါ မလိုဘဲ ထည့်ဝယ်ရမှာရယ်၊ အဲဒါက ခုန ကျွန်တော်ပြောသလို အိမ်ကျရင် ထင်းဖြစ်မှာတွေပါ။ ဒါကြောင့်မို့ပါ။ ကဲ… အဝှာထားလိုက်၊ ငါးရာထားလိုက်၊ ငါးရာ ငါးရာ”
“မလုပ်ပါနဲ့ ကျုပ်တူရယ်၊ အဒေါ်တို့လည်း ဒီဥစ္စာကို အခါပျက်တုန်းက ဗုံးထဲ မပါအောင် ကိုယ်သွားရာ ယူလာခဲ့ရတဲ့ အဘိုးအဘွား လက်ထက်က ပစ္စည်းမို့ပါ”
အဒေါ်ကြီးက သူရောင်းချင်တဲ့ ဈေးကို အပြတ် မပြောတတ်သလို ဖြစ်နေတာကြောင့် သူဈေးပေးရတာ ခက်နေတယ်။ ဒါကြောင့် သူ အကြံတစ်ခု ထုတ်ရ ပြန်တယ်။
“ကိုင်း… ဒါဖြင့် ဒီလိုလုပ်”
ဆိုပြီး အိတ်ထဲက ငွေစက္ကူအခေါက် တစ်ခုကို ရေတွက်သလို လုပ်လိုက်တယ်။ ဒါက ငွေမြင်ရင် အဒေါ်ကြီး စိတ်ပြောင်းသွားအောင် လုပ်တဲ့ ကလီကမာ နည်းလမ်းတစ်ခုပါ။ ဒီတော့ မိန်းမကြီးက အရက်သောက်နေတဲ့ တောလက်သမားဆရာ နှစ်ယောက်ဆီကို ဘယ်လောက် ပြောရရင် ကောင်းမတုံးဆိုတဲ့ အကြည့်နဲ့ လှမ်းပြီး အကူအညီ တောင်းတဲ့အခါ ဟိုလူနှစ်ယောက်က သူတို့ကို နောက်ထပ် အရက် ယူဦးမှာလား မေးတာမှတ်ပြီး ခေါင်းရမ်းပြတယ်။ အဒေါ်ကြီး စိတ်ညစ်သွားပြီး
“ဟဲ့ ဒီကို တစ်ယောက် လာစမ်းပါ၊ မောင်ချစ်”
ဆိုမှ မောင်ချစ် ဆိုသူက ထလာတယ်။ မောင်ချစ် ဆိုသူကလည်း သူ့ကို လူရာသွင်းပြီး အခေါ်ခံရတာကြောင့် အရက်ရှိန်လေး တက်ပြီး
“ကဲ… ကျုပ်က ဘာလုပ်ပေးရမှာတုံး ဒေါ်မယ်သုံ”
ဆိုပြီး သူတို့အနားကို လာရပ်တယ်ပေါ့။ ဒီတော့ အဒေါ်ကြီးက ဒီလို ဒီလို ဈေးကွာနေလို့ ဆိုတဲ့အကြောင်း ပြောပြလိုက်တော့…။
“ဒီဥစ္စာက သူပြောတာ ဟုတ်တယ် ဆရာကြီး။ ဒေါ်မယ်သုံက ပြောလိုက်လေ။ ငါးရာ မရောင်းနိုင်ရင် ခြောက်ရာရမှ ခုနစ်ရာမှ ဆိုတာ”
ဒါတော့ တောလက်သမား ပြောတာ မဆိုးဘူးလို့ သူက ကောက်ချက်ချ လိုက်တယ်။ မိန်းမကြီးက ခုမှ သဘောပေါက်ပြီး…
“ကဲ… နောက်ထပ်လည်း မဆစ်နဲ့တော့၊ ရှစ်ရာက မလျှော့တော့ဘူး။ ကျုပ်တူ လိုချင်သပဆိုရင် အဒေါ်ပြောတဲ့ ဈေးနဲ့ ယူသွားပေတော့”
လို့ ခပ်ပြတ်ပြတ် ပြောလိုက်တော့ သူက…
“ဟာ… အဒေါ်ရာ ကျွန်တော် ပြောခဲ့ပြီပဲဗျာ၊ ဘာလုပ်မှာတုံး။ ဒီလောက်ကလေးနဲ့ ပြောရမယ့် လူတွေ မဟုတ်ကြတော့ပါဘူး။ ကျွန်တော့်ဘက်ကလည်း ပြန်ကြည့်ပါဦး၊ ခုတင်အသစ်တစ်ချပ် ဝယ်ရင်တောင် ဒီလောက်ကျမှာ မဟုတ်ပါဘူး။ကျွန်တော်သာ အရူးထပြီး ဒီခြေထောက်ကလေးတွေ သဘောကျလို့ ဝယ်တာရယ်၊ ပြီးတော့ ဝယ်လို့သာ ဝယ်နေတာ ဒီခုတင် တင်သွားဖို့ ကားက ဆံ့ပါ့မလား မသိဘူး။ ဒါက ကိစ္စမရှိပါဘူးလေ၊ ဖြစ်သလို တင်သွားရင် ရမှာပါ။ လုပ်ပါဦး၊ ဆရာကြီးရယ်… အဒေါ့်ကို ပြောပြစမ်းပါဦး”
ဆိုပြီး တောလက်သမားဆရာကို ခပ်ပင့်ပင့် ဆရာတွေ ဘာတွေ ခေါ်ပြီး အကူအညီ တောင်းတဲ့အခါ တောလက်သမားက ကြားဝင် ဈေညှိပေးပါတယ်။
“ဟုတ်တယ်၊ ဒေါ်မယ်သုံကလည်း လက်ပေါက် မကတ်တန်တာ လက်ပေါက် ကတ်နေတယ်။ ခင်ဗျားလည်း ရှစ်ရာတွေ ဘာတွေ လုပ်မနေနဲ့၊ ဆရာကြီးကလည်း ခုနစ်ရာတော့ ပေးလိုက်ပါ။ တော်ကြာ သူ့ယောက်ျားကြီး ပြန်လာရင် ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီ အဘိုးကြီးက ပိုပြီး လက်ပေါက် ကတ်သေးတယ်”
ဆိုတော့ မိန်းမကြီးက တောလက်သမား ညှိပေးတာကို လက်ခံလိုက်တယ်။ သူကတော့ ဝမ်းထဲက ဦးကျိုင်းတုတ် ဖြစ်နေပေမယ့် ဟန်လုပ်ပြီး အင်တင်တင်လုပ် နေလိုက်သေးတယ်။ ပြီးမှ အဒေါ်ကြီးကို သနားသဖြင့် ကူညီတဲ့အနေနဲ့ ငွေခုနစ်ရာ ချပေးလိုက်ပါတယ်။ မိန်းမကြီး ငွေခုနစ်ရာကို တုန်တုန်ချည့်ချည့်နဲ့ တစ်ရွက်ချင်း ရေနေပါတယ်။
မိန်းမကြီး ငွေရေနေတုန်း သူက အတွေးတစ်မျိုး ပေါက်သွားတယ်။ မတော်လို့များ သူ့ယောက်ျားကြီး ပေါက်ချလာခဲ့သော် အပ်နဲ့ထွင်းရာမှာ ပုဆိန်နဲ့ ပေါက်နေရမှဖြင့်၊ ပြီးတော့ မိန်းမကြီးက စိတ်တစ်မျိုး ပြောင်းသွားပြီး မရောင်းတော့ပါဘူး ကျုပ်တူရယ်ဆိုရင် ခဲလေသမျှ သဲရေကျ ဖြစ်ရချေရဲ့ဆိုပြီး တဲနဲ့ ခပ်လှမ်းလှမ်း ရပ်ခဲ့တဲ့ ဆန်နီပစ်ကပ်ကလေးကို သွားယူပါတယ်။
ဒီလူ ပျော်ပြီး တဲအတွင်းက ထွက်သွားလိုက်တာ တကယ့် သစ်ရွက်ခြောက်ကလေး လေထဲ လွင့်သွား သလိုပါပဲ။ ပါးစပ်က လေကလေး တချွန်ချွန်နဲ့။ ခြေထောက်ကလည်း တောပန်းလေးတွေကို ခြေနဲ့ ခတ်သွားလိုက်သေးတယ်။
ဒီလူ ဝမ်းသာကြည်နူးပြီး မြူးဆောင့်သွားတာလည်း မပြောနဲ့လေ။ ဒီပစ္စည်းက သူ့လက်ထဲ ရောက်သွားရင် သူ့အတွက် သိန်းခုနစ်ထောင် ရှစ်ထောင် အသာလေး ရမှာရယ်၊ ဒီဈေးနဲ့ ဒီပစ္စည်းကို ရချင်သူက သူ့ကို ရှိခိုးဦးတင်လုပ်ပြီး ဝယ်ရမှာဆိုတော့ သူ လေချွန်ပြီပေါ့။
ဒါကြောင့် သူဟာ လေလေး တချွန်ချွန်နဲ့ ကားလေးကို ဖြည်းဖြည်းမောင်းပြီး တဲဆီကို လာနေပါတယ်။
သူ ကားသွားယူနေတုန်း တဲအတွင်းမှာ သူ မိတ်ဆွေဖွဲ့ထားတဲ့ တောလက်သမားဆရာ နှစ်ယောက်က သူ့ကို ကူညီတဲ့ အနေနဲ့ ဒီခုတင်က ခြေထောက် လေးချောင်းတင် အသုံးချမှာပါ။ အိမ်ရောက်ရင် ကျန်တာတွေက ထင်းခွဲဆိုက်ရုံပါပဲ ဆိုတဲ့ သူ့စကားအရ တစ်ယောက်က ခုတင်လေးရဲ့ ခြေထောက်လေးချောင်းကို လွှနဲ့ဖြတ်ပြီး စုစည်းထားလိုက်သလို တစ်ယောက်က ခုတင် ကိုယ်ထည်လေးကို ရဲတင်းနဲ့ ထင်းခွဲသလို “ဗျင်းခနဲ ဗျင်းခနဲ” ပေါက်ခွဲပြီး ထင်းစည်းလေးလို စုစည်း ထားလိုက်ပါတယ်။
သူ လာရင် ကားပေါ် အရန်သင့် တင်ပေးဖို့ပေါ့လေ။
သူကတော့…
“စောဥမ္မာ ခင်မဒီ ဒေဝီကောက်လို့ မြှောက်၍ စံစားသည်” ဆိုတဲ့ ရွှေအင်းဝ သီချင်းကို လေချွန်ပြီး ကားကလေးနဲ့ တဲဆီကို လာနေပါတယ်။