ခေတ်ကို သရော်ကြည့်ခြင်း
*** လုပ်ထုံးလုပ်နည်း ***
ကြီးခြင်းကျယ်ခြင်းတွေနဲ့ ဖိသတ်ပစ်လိုက်မယ်...
သက်ကြီးသံ သြသြကြီးတွေကနေ
ရေမရောတဲ့ လေပေါပေါကြီးတွေ
ထွက်...ထွက်...ကျလာတတ်တဲ့အခါ
သူ့ဝတ်စုံကို ဦးညွှတ်ဖို့
ဖင်တွန့် ခေါင်းတွန့် နည်းနည်းလည်း ရွံလာတယ်...
ဘာကြီးလဲ
ဘာမှ မကြီးပါဘူး..
ခြောက်ပေပါ..
အခု ခြောက်ပေတောင် မရတော့ဘူး နေရာကျဉ်းလာလို့ ..
ဒါပေမယ့် သူကြီးချင်တာကြီးဖို့
သူပြချင်တာကို ပြတယ်....
ရယ်စရာကြီးပါကွယ်..
သူ့ မျက်မှန်က colour blind လို့ ပြောလိုက်ရင်
ကြီးကျယ်ခမ်းနားတဲ့ စာအုပ်ထူကြီးဆီကနေ ဘီလူးနက္ခတ်အနားကွတ်ထားတဲ့ အကြည့်စူးတစ်ချက်..
အားလုံး လောင်သွားကြမယ်..
ဒီစာအုပ်ကို ငါ အားလုံးသိတယ်..
မင်းသိလားတဲ့
ခေါင်းငုံ့လို့ ဟင့်အင်းလို့ ငြင်းချလိုက်တယ်..
သိပါဘူး
တိမ်သူက တိမ်
နက်သူကနက်
လောကဇာတ်ကွက်ထဲမှာ မရိုးမရွလေးတွေ ကိုယ်ထင်ပြလာတတ်တာပါ...
ငါက အဲလေ ငါတို့ကတော့ သိပါဘူး
စေတနာလတ်လတ်ဆတ်ဆတ်ဆိုရင် ပက်ပက်စက်စက် မက်မောတယ်..
မှင်နီတစ်ချက်နဲ့ ဉာဥ့်နက်ချင်တဲ့ အလွှဲဟဟတွေကြားဟာ သပွတ်အူအလယ် ပင့်ကူအိမ်ဆောက်ထားသလိုပဲတဲ့..
ရယ်စရာကြီးပါကွယ်..
ငါတို့က ချောက်ကြိုမြောင်ကြားက ပြေးတယ်..
ငါတို့က ဖိနပ်မစီးနိုင်ဘူးလေ..
နောက်ဆုံးပေါ်ကားနဲ့ ကတ္တရာလမ်းမပေါ်က အော်တယ်...
" ဟေး အရိုင်းအစိုင်းတွေ "တဲ့..
သိပါဘူးကွယ်..
ငါတို့က တာဇံ..
စည်းအလွှဲ ဘောင်အချော်ထဲက
ကကြိုးရုပ်တွေရဲ့ သစ္စာကို ကြည့်ရတာ
နည်းနည်းလေးများ နှာမောင်းဆန်တယ်..
ပြချင်တာတော့ အစွယ်ပဲ ဖြစ်မယ်..
(ငါတော့ နှာမောင်းကိုပဲ မြင်တယ်..)
ငါတို့ကို နင်းမိမှာစိုးလို့ တိမ်းရှောင်လိုက်တယ်..ငါ့ယပ်တောင်လေးကို မကြည့်ပဲ ဖိနင်းသွားတာ ဘယ်တော့မှ ဖောင်းမလာတော့ဘူးကွယ်..
သူ့လမ်း သူသွားတာပါလေ..
တရားတဲ့ဘုရားက ကံအကြောင်း ဟောထားတာကို ငါ ကောင်းကောင်း နားထောင်ဖူးတာပဲ..
သူကတော့ နားမထောင်ဖူးဘူးထင်တယ်...
ရယ်စရာကြီးပါကွယ်
ငါတို့ လည်ပင်းမှာလည်း လည်ပတ်မရှိဘူး
ငါတို့ နှာခေါင်းမှာလည်း ကြိုးမရှိဘူး...
ငါတို့ ဆီမှာ ပေတစ်ရာမည်းနက်နက်လည်း မရှိဘူး..
ပေတစ်ရာပေါ်က အကြွေကိုလည်း ကောက်စရာမရှိဘူး...
သိပါဘူးကွယ်
ငါတို့က
ဖိနပ်စီးမသင်ခဲ့ရတဲ့....တာဇံ....
နွယ်ကြိုးတွေကို ခိုစီးပြီး သစ်ကိုင်းတွေပေါ် ခုန်တက်လို့ သစ်သီးလေးတွေ စားနေရတာကိုပဲ သိတယ်...
ငါတို့က တာဇံ....
I'm ATM.
Msu 021