I can do it, motivation

in #steemit6 years ago

i-can-do-it
Motivation
ဘာပဲလုပ်လုပ် ရအောင်လုပ်
March 12, 2017 Dr. Phio Thiha
ညဘက်တွေမှာ အဝေးပြေးကားတွေကို စစ်ဆေးနေကြတဲ့ ရဲနှစ်ယောက်ကို သူတို့အလုပ်အပေါ် ဘယ်လိုသဘောထားလဲ မေးကြည့်မယ်ဆိုပါတော့၊ “ဒီလိုပါပဲ၊ ကျွန်တော်တို့လည်း အထက်က ခိုင်းလို့ လုပ်နေရတာ၊ ဓါတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ ဖြေတဲ့ရဲနဲ့ “ကျွန်တော်တို့အလုပ်က သိပ်ကိုအရေးကြီးတယ်၊ တိုင်းပြည်အခွန်တွေ မနစ်နာဖို့၊ မူးယစ်ဆေးဝါးတွေကြောင့် လူငယ်တွေ ဒုက္ခမရောက်ဖို့ ကျွန်တော်တို့အလုပ်မှာပဲ အာရုံစိုက်ထားပါတယ်” လို့ဖြေတဲ့ရဲ၊ အဲဒီနှစ်ယောက်မှာ ဘယ်သူရဲ့စွမ်းဆောင်ရည် (Performance) က ပိုသာမလဲဆိုတာ မေးစရာတောင် မလိုပါဘူး။ လူတစ်ယောက်အောင်မြင်ဖို့အတွက် အင်မတန်အရေးပါတဲ့ စိတ်အားထက်သန်မှု (Motivation) ဆိုတာကို အလုပ်အပေါ်မှာ သူဘယ်လိုခံယူချက်ထားသလဲ ဆိုတဲ့ Attitude က အဓိက အဆုံးအဖြတ်ပေးနေတာပဲ ဖြစ်ပါတယ်။ image

ရှေ့တစ်နှစ်က ရီးယဲအသင်းအတွက် သမိုင်းဝင်အောင်မြင်မှု ရယူပေးခဲ့တဲ့ နည်းပြ အန်ဆယ်လော့တီကို ဒီနှစ်မှာ အောင်မြင်မှုမရတာကြောင့် ထုတ်ပယ်ပစ်လိုက်တဲ့ သတင်းက ဒီနေ့ခေတ်ရဲ့ အခြေအနေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ မင်း အရင်က ဘာတွေလုပ်ပေးခဲ့လဲ ဆိုတာ မစဉ်းစားတော့ဘူး။ မင်းအခု ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုပဲ ကြည့်တော့တဲ့ခေတ် ဖြစ်လာပါပြီ။ ဒါကြောင့် ငါအောင်မြင်နေပြီပဲ ဆိုပြီး ရပ်နေလို့မရတော့ဘူး။ မိန်းမောနေလို့မရတော့ဘူး။ အမြဲတမ်း ရှေ့ကိုပဲ ဦးတည်ပြီး သွားနေကြရတယ်။ ဒါက လက်ရှိခေတ်ရဲ့ အပြောင်းအလဲတစ်ခုလို့ဆိုရင် မမှားပါဘူး။ ကျွန်တော်တို့မှတ်ထားရမှာက “Change or Be changed” ပြောင်းမလား၊ အပြောင်းခံမလားဆိုတာပါပဲ။ image

ဒီနေ့ခေတ်ကို Result orientated ခေတ်လို့ ပြောကြပါတယ်။ ဘာလုပ်လုပ် ရလဒ်ထွက်အောင် လုပ်ကြရမယ်။ အချိန်မီ လမ်းကြီး ခင်းပြီးသွားရင် ပြီးရော ဆိုပြီး အရည်အသွေးကို ဂရုမစိုက်ပြန်ရင်လည်း ဘာဖြစ်တတ်လဲဆိုတာကို ရန်ကုန် မန္တလေးအမြန်လမ်းမကြီးက သက်သေထူထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာတွေ ပြောလေ့ရှိသလို လုပ်တော့လုပ်နေတာပဲ၊ မရတာတော့ ဘယ်တတ်နိုင်ပါ့မလဲ ဆိုတဲ့ ပုံစံမျိုးနဲ့တော့ ဒီခေတ်မှာ အလုပ်မဖြစ်တော့တာ အသေအချာပါပဲ။ အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်မှာ နေရာတိုင်း အားနည်းပါတယ်၊ လွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးမှာ ချည်နဲ့နေတယ်။ ဒီလိုအနေအထားမျိုးကနေ ခေတ်မီတဲ့နိုင်ငံတစ်ခု တည်ဆောက်ချင်ပါတယ် ဆိုရင်တော့ ငါတို့ဘာလုပ်လုပ် ရလဒ်ထွက်အောင် လုပ်မယ်ဆိုတဲ့ mindset မျိုးနဲ့ အလုပ်လုပ်ကြဖို့ လိုလာပါပြီ။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားပြောကြည့်တော့ သူ့အလုပ်တွေ မအောင်မြင်ရတာ ဒေသအခြေအနေက ဘာဖြစ်လို့၊ သူအလုပ်ဝင်တာကလည်း ၆လလောက်ပဲ ရှိသေးလို့ စသဖြင့် အကြောင်းပြချက်တွေ အများကြီးထွက်လာပါတယ်။ ၀င်စ ၃လကလည်း ၃လပဲရှိသေးလို့ လို့ပြောခဲ့ဖူးတာကြောင့် တစ်နှစ်ရှိလာရင်လည်း တစ်နှစ်ပဲရှိသေးလို့ လို့ပြောဦးမယ်ထင်ပါတယ်။ တကယ်တော့ သူ့လုပ်ငန်းတွေမအောင်မြင်တာ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ အကြောင်းပြချက်ပဲ ပေးချင်နေတဲ့ သူ့ရဲ့ခံယူချက်ကြောင့် ဖြစ်ပါတယ်။ အဖြစ်အပျက်တစ်ခုမှာ အကြောင်းပြချက်ပဲ ပေးချင်နေတဲ့အခါ လုပ်ကြည့်လိုက်လို့ မအောင်မြင်ဘူးဆိုတာနဲ့ လက်လျှော့ပြီး လှည့်ပြန်လာတတ်တယ်။ ပြီးရင် ပြန်ပြောမယ်၊ ဒါကြောင့် မအောင်မြင်တာပါ ဆိုပြီး။ တကယ်တော့ သူအလုပ်တွေလုပ်နေတာ အောင်မြင်ဖို့မှ မဟုတ်ဘဲ၊ ပြစရာအကြောင်းပြချက် ရှာနေတာပဲကို။
image
ဟစ်တလာရဲ့ အဆိုအမိန့်ကို ကိုးကားရင်တော့ မိုက်တဲ့လူလို့ အထင်ခံရနိုင်တယ်၊ ဟစ်တလာဟာ ကောင်းတဲ့လူတစ်ယောက်တော့ မဟုတ်ပေမဲ့ သူဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့နေရာမှာတော့ စံတင်လောက်ပါတယ်။ သူ့စကားလေးတစ်ခုက အကောင်းဘက်က ယူတတ်ရင် မှတ်သားစရာပါ။

“If you win, you need not have to explain, if you lose, you should not be there to explain”

“မင်းနိုင်နေတဲ့အချိန်မှာ အကြောင်းပြချက် ပေးစရာမလိုဘူး၊ အေး၊ မင်းရှုံးနိမ့်သွားရင်လည်း အကြောင်းပြချက်ပေးဖို့အတွက်ဆိုပြီး မင်းရှိမနေသင့်တော့ဘူး”

ရှုံးနိမ့်မှုတစ်ခုနဲ့ ကြုံတဲ့အခါ လက်လျှော့ပြီး လှည့်ပြန်မလာနဲ့၊ အဲဒါဆို ပေးစရာ “အကြောင်းပြချက်”ပဲ ရလာလိမ့်မယ်။ ဘာလို့မအောင်မြင်ရသလဲဆိုတဲ့ “အကြောင်းရင်း”ကိုရှာ၊ ပြီးရင် ရအောင်လုပ်။

စိတ်ပျက်ပြီး လှည့်ပြန်လာတော့မယ် ကြံတိုင်းမှာ ကိုယ့်ကိုကိုယ်မေးပါ၊ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာပြီလား။ မသေချာမချင်း ကိုယ့်မှာ အောင်မြင်ဖို့အခွင့်အလမ်း ရှိပါသေးတယ်။ ဘ၀ဆိုတာ တာတိုပြေးပွဲမဟုတ်ပါဘူး။ မာရသွန်ပွဲပါ။ စာမေးပွဲအမှတ်ကောင်းရုံ၊ ဥာဏ်ကောင်းရုံနဲ့ ဒီမာရသွန်ပြေးပွဲကြီးမှာ မအောင်မြင်နိုင်တာ သေချာပါတယ်။ အဲဒီလိုပြိုင်ပွဲရှည်ကြီးမှာ ထိပ်ဆုံးက ပန်းဝင်နိုင်ဖို့ အဓိကအရေးကြီးလာတာက စိတ်ဓါတ်ပဲ ဖြစ်ပါတယ်။ image

စတီဖင်ကိုဗေးက 90/10 principle ဆိုပြီး ပြောပါတယ်။ ကျွန်တော်တို့ကြုံတွေ့ရသမျှ အဖြစ်အပျက်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့ရဲ့ လုပ်ရပ်ပေါ်မှာပဲ မူတည်ပါတယ် တဲ့။ လမ်းသွားရင်း မော်တော်ကားမပျက်ဖို့ ထိန်းချုပ်လို့ မရပါဘူး၊ ဒါပေမဲ့ ပျက်သွားခဲ့ရင် စိတ်တိုပြီး အပြစ်တွေပြောနေမှာလား၊ ပိုထွက်လာတဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချမှာလားဆိုတာကိုတော့ ရွေးချယ်လို့ ရပါတယ်။ ဘ၀မှာ ဘယ်သူမှ လုပ်တိုင်းဖြစ်မနေပါဘူး။ ရှုံးနိမ့်မှုတွေ၊ မျှော်လင့်မထားတဲ့အရာတစ်ခုကြောင့် ကိုယ်မျှော်လင့်ထားသမျှ ပျက်ဆီးခဲ့ရတာတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ရှောင်လွှဲလို့ မရသလို၊ ထိန်းချူပ်လို့လည်း မရပါဘူး။ ကျွန်တော်တို့ ရွေးချယ်လို့ရတာက အဲဒီကနေ အကြောင်းပြချက်လေး ပိုက်ပြီး လှည့်ပြန်လာမှာလား၊ အကြောင်းရင်းကို တွေ့အောင်ရှာပြီး ပန်းတိုင်မရောက်ရောက်အောင် ရှေ့ဆက်သွားမှာလား ဆိုတာပါပဲ။

တကယ်တော့ လောကမှာ မရှုံးနိမ့်ဖူးတဲ့သူရယ်လို့ မရှိပါဘူး၊ အရှုံးမပေးဖူးတဲ့သူပဲ ရှိပါတယ်။

အဆင်မပြေတာတခုခုနဲ့ကြုံတဲ့အခါ လက်လျှော့ပြီး လှည့်ပြန်မလာပါနဲ့၊ အကြောင်းရင်းကို ရှာ၊ ပြီးရင် ရအောင်လုပ်။ ဒီနေ့ခေတ်မှာ အကြောင်းပြချက်တွေကို အချိန်ကုန်ခံပြီး ဘယ်သူမှ နားထောင်မပေးကြတော့ပါဘူး။ ရလဒ်တွေကိုပဲ ကြည့်တဲ့ခေတ် ဖြစ်နေပါပြီ။

ဘာပဲလုပ်လုပ် ရလဒ်ထွက်ဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၇.၁၂.၂၀၁၅

About me
DrPhioThiha
စာဖတ်သူများအားလုံးပဲ မင်္ဂလာပါ။ ခုလို ကျွန်တော်ရေးတဲ့စာတွေကို ဖတ်ပေး၊ အားပေးကြတဲ့အတွက် တအားကိုပဲ ကျေးဇူးတင်ရပါတယ်။ ကျွန်တော်က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရန်ကုန် ဆေးတက္ကသိုလ် (၁) ကနေ ဆေးပညာဘွဲ့ ရခဲ့ပါတယ်။ အဲဒီနှစ် ဇူလိုင်လကုန်မှာ Marie Stopes International လို့ ခေါ်တဲ့ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတစ်ခုမှာ အလုပ်ရခဲ့ရာကနေ လိင်နဲ့မျိုးဆက်ပွါး ကျန်းမာရေးလုပ်ငန်း နယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့တယ်။ ငယ်ငယ်က စာရေးဖို့မပြောနဲ့၊ စာစီစာကုံးတောင် အလွတ်ကျက်ဖြေခဲ့ရတဲ့ ကျွန်တော့်ကို ခုလို စာရေးသူတစ်ယောက် ဖြစ်လာစေခဲ့တဲ့နေရာမှာ အဲဒီ အလုပ်နဲ့ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။

Read More

Sort:  

Post တင်တာ ကိစ္စမရှိ မ့တွေရေးရန်လဲလိုအပ်သေးပါတယ်

များများ မန့်ပေးပါ အဲဒါမှ့ spammer မထိမှာ

မန့်ပေးပါ spam ထိတော့မယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 68123.51
ETH 3488.60
USDT 1.00
SBD 2.72