“Artificial Intelligence (AI)”

in #policies7 years ago

“Artificial Intelligence (AI)”

လူသားတွေရဲ့ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ သိပ္ပံပညာ၊ ဆေးလောက တိုးတက်မှုဟာသတ္တဝါတွေထဲက အသိ ဥာဏ်အမြင့်ဆုံးဖြစ်တဲ့ လူသား တွေကြောင့်ဖြစ်ပြီး သက်ရှိဇီဝကို အခြေခံတဲ့အသိဥာဏ်ကိုအတိုးတက်ဆုံး အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။ အသက်မရှိပေမယ့် လူသားတွေရဲ့ အသိဥာဏ်လောက်ရလာအောင် ကြိုးစားတဲ့ နည်းပညာကို Artificial Intelligence ခေါ်ပါတယ်။ Artificial သဘာဝမဟုတ်တဲ့ တုပထားတဲ့ Intelligence အသိဥာဏ်ပါ။ ဇီဝစဉ်းစားမှုမရှိတဲ့ စက်ကရိယာ၊ ကွန်ပျူတာ တို့နဲ့ တီထွင်ထားတဲ့ အသိဥာဏ်လို့လည်း ခေါ်နိုင် ပါတယ်။ သိပ္ပံ ဘာသာရပ်တခုတည်းနဲ့ ဒီနည်းပညာကိုမတီထွင်နိုင်ပါဘူး။ ကွန်ပျူတာ နည်းပညာ၊ သင်္ချာနည်း ပညာ၊ စက်ရုပ်နည်းပညာရပ်တွေ ပါဝင်တဲ့ အင်ဂျင်နီယာ နည်းပညာတစ်ခုထဲနဲ့ AI စက်ရုပ်တွေကိုဆောက်လုပ် လို့မရပါဘူး။ နောက်ထပ်လိုအပ်တာတွေက စိတ်ပညာ၊ ဘာသာစကား တွေကိုလေ့လာတဲ့ linguistic၊ ဒဿနိက ဗေဒဘာသာရပ်ရဲ့တွေးခေါ်မှု အပိုင်းတွေပါ။ လူတွေတွေးခေါ်သလို စက်တွေတွေးလာအောင်၊ လူတွေရဲ့ စိတ်ထဲ က ဆုံးဖြတ်ချက်တွေအတိုင်းဆုံးဖြတ်နိုင်အောင် သင်ပေးလို့ရ မလား ဆိုတဲ့ အဇီဝအသိဥာဏ်ကို ဖန်တီးယူတာပါ။ ဒါ့အပြင် neuroscience လို့ခေါ်တဲ့ဦးနှောက်ကို ဖွဲ့စည်းထားတဲ့ Nuron ဆဲတွေကို လေ့လာတဲ့ ပညာက လည်း အဇီဝအသိဥာဏ် ဖန်တီးရေးမှာသိပ်ကို အရေးပါပါတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာသုံးနေတဲ့မောင်းသူမဲ့ကား တွေ၊ Drone တွေဟာ Artificial Intelligence ကိုသုံးထားတာဖြစ်ပါတယ်။ ကားလုပ်ငန်းမှာထောင်နဲ့ ချီထုတ် လုပ်နေတဲ့ကားတွေအတွက် ဂဟေ ဆော်တာ၊ စက်တွေဆင်တာ၊ အင်ဂျင်တင်တာတွေကအစ ရိုဘော့စက်ရုပ် တွေနဲ့လုပ်ပေးနေတာပါ။ ဆေးပညာမှာ ဥပမာကျောက်ကပ်အစားထိုး တာကိုကြည့်ရင်အစားထိုးမယ့် သူနဲ့ကိုက် ညီမယ့်သွေးအမျိုးအစား၊ ခြင်ဆီတူမတူ နာရီပိုင်းအတွင်းစစ်ဆေးရာမှာသုံးကြသလို၊ ဆေးအမျိုး အစားအသစ် တွေ ဖေါ်စပ်ရာမှာလည်း သုံးပါတယ်။ ဒါ့အပြင် နာမကျန်း ဖြစ်နေသူတွေ၊ သက်ကြီးရွယ်အိုတွေနေ့စဉ်သွားလာ လှုပ်ရှားရေးမှာ လိုအပ်တာကို အဆင်ပြေအောင် လုပ်ပေးနိုင်မယ့်သူနာပြုစက်ရုပ်တွေကို စသုံးနေပါပြီ။ ဒါကြောင့် ရာစုနှစ်မှာအတိုးတက်ဆုံးနည်းပညာဖြစ်လာတဲ့ AI အကြောင်းကို သက်ဆိုင်ရာ website တွေကနေလေ့လာပြီး ဖော်ပြပေး လိုက်ပါတယ် . . . . .

<AI ဆိုတာ ဘာလဲ>

Artificial Intelligence(AI)ဆိုတာ အလိုအလျှောက်သင်ယူလေ့လာနိုင် အောင် ရေးဆွဲထားတဲ့ကွန်ပျူတာ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ AI ကို Machine-learning Algorithm တွေသုံးပြီး deep learning စနစ်နဲ့ သင်ယူ နိုင်အောင်ရေးဆွဲထားတယ်လို့အကြမ်းသဘောပြောနိုင်ပါတယ်။ လူသားတွေမှာ ဦးနှောက်ရှိသလို(စဉ်းစာတွေး ခေါ်သင်ယူနိုင်သလို) AI ကလည်း ကွန်ပျူတာဘရိန်းလို့ပဲပြောရမှာပါ။ AI ကအလိုအလျောက် သင်ယူနိုင်တယ် လို့ဆိုပေမယ့် အချို့အရာတွေကို (ဥပမာစစ်တုရင် ထိုးခြင်း ဂိမ်းကစားခြင်းစတဲ့အရာတွေကို) လူသားတွေက လေ့ကျင့်ပေးရ ပါသေးတယ်။ ဒါပေမယ့် AI က လေ့ကျင့်သင်ကြားပြီးသွားရင်တော့ လူသားတွေလုပ်တာထက် အလွန်ကောင်းမွန်တဲ့ result တွေကိုထုတ် ပေးနိုင်ပါတယ်။ AI ရဲ့ အလုပ်လုပ်ပုံက အလွန်ရှုပ်ထွေးပြီး နားလည် ရခက်ပါတယ်။

<AI နည်းပညာကို ဘယ်နေရာမှာ သုံးနေကြလဲ>

ယနေ့ခေတ်မှာ AI ကို နယ်ပယ်တော်တော်များများ အထူးသဖြင့် နည်းပညာနယ်ပယ်တွေမှာ အသုံးပြုနေကြပါ တယ်။ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး AI အသုံးပြုမှုကတော့ Google ပဲဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ Google ကုမ္မဏီဟာ သူ့ရဲ့ဆော့ဝဲတွေအကုန်လုံးလိုလိုမှာ AI ကို အသုံးပြုထားပါတယ်။ ဥပမာ သင်ကပြိုင်ကားတွေ ကိုစိတ်ဝင်စားတဲ့ လူဆိုပါတော့။ သင်က Google search ကို သုံးပြီးပြိုင်ကားပုံတွေ ရှာဖွေကြည့်ရှုကာ သွားရည် ခဏခဏကျနေလေ့ရှိပါတယ်။ သင်ပြိုင်ကား တွေ အကြောင်းကို မကြာခဏရှာဖွေနေတဲ့အခါ သင့်ဖုန်းဒါမှမဟုတ် ကွန်ပျူတာရှိ Google က သင်ဟာ ပြိုင်ကားတွေကို စိတ်ဝင်စားကြောင်း အလိုအလျောက်မှတ်သားထားလိုက် ပြီဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ M4 လို့ခေါ်တဲ့ ပြိုင်ကားတစ်စင်းအကြောင်းရှာလိုက်ပြီဆိုရင် M4 A1 တင့်ကား၊ M4 ရိုင်ဖယ်သေနတ်၊ M4 ချောဆီအစရှိတဲ့ search result ပေါင်းသောင်းခြောက်ထောင်ထဲကနေပြီး သင်ပြိုင်ကားစိတ်ဝင်စားမှန်း သိတဲ့Googleက M4 ဆိုတဲ့ ပြိုင်ကားအကြောင်းကို ထိပ်ဆုံးမှာ ပြပေးပါ လိမ့်မယ်။ အဲဒီလိုနည်းနဲ့ Google ဟာကျွန်တော်တို့လိုချင်တဲ့အရာတွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်ရှာဖွေပေးနိုင် တာဖြစ်ပါတယ်။ Google search ကို အထောက်အကူပြုပေးထားတဲ့ AI စနစ်က ဟိုးအောက်ခြေက သာမန် AI အဆင့်လေးပဲ ရှိပါသေးတယ်။ အခု 2017 ထွက်စမတ်ဖုန်းတွေ မှာသုံးနေတဲ့ Face recognizing လို့ခေါ်တဲ့အလို အလျောက် မျက်နှာ မှတ်မိစနစ်များ (facebook နှင့် Google photos တွင် အသုံးပြုထား၊ ထောက်လှမ်းရေး အေဂျင်စီများတွင်လည်း ဓာတ်ပုံများမှအလိုရှိသောသူကို ရှာဖွေရာတွင်သုံးထား)ကျွန်တော်တို့အသံနဲ့အမိန့်ပေး ခိုင်းစေနိုင်တဲ့ အချို့ဆော့ဝဲများ(Siri နှင့် Bixby)၊ဆေးကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်း များ စသည်တို့ဟာ AI ရဲ့ အခြေခံအသုံးချမှုလေးတွေဖြစ်ပါတယ်။

<AI နည်းပညာရဲ့ တိုးတက်လာတော့မယ့် အစိတ်အပိုင်းများ>

<အယ်ဇိုင်းမားရောဂါထောက်လှမ်းပေးမယ့် AI>

အီတလီမှ University of Bari and Istituto Nazionale di Fisica Nucleare ရဲ့ သုတေသနပညာရှင်များက လူများတွင် အယ်ဇိုင်းမား ရောဂါဖြစ်ပွားနေမှုကို ဆရာဝန်များထက် ဆယ်နှစ်စော၍သိနိုင်တဲ့ AI ခေါ် ဥာဏ်ရည် တု နည်းပညာကို တီထွင်လိုက်ပါတယ်။ အရင်တုန်းကလည်း အမ်စတာဒမ်ရှိ VU University Medical Centre မှ သုတေသန ပညာရှင်များက MRI Scans များကို အသုံးပြု၍ အယ်ဇိုင်းမားရောဂါကို ကြိုတင်ထောက်လှမ်းခဲ့ ကြပါတယ်။ Cedars-Sinai Medical Center, University of Southern California (USC), University of California, Los Angeles (UCLA)တို့ကလည်း ခေတ်ပေါ်နည်းပညာများအသုံးပြု၍ အယ်ဇိုင်းမားရောဂါကို ကြို တင်တွက်ချက်ဖို့ ကြိုးစားနေကြပါတယ်။ လက်ရှိမှာတော့ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လူပေါင်း ၅.၅ သန်း ဟာ အယ်ဇိုင်းမားရောဂါခံစားနေရပါတယ်။ အယ်ဇိုင်းမားရောဂါခေါ် အာရုံကြောရောဂါဟာ စိတ်ရောလူကို ပါဒုက္ခပေးတဲ့ရောဂါဖြစ်ပါတယ်။ စိတ်ကျန်းမာရေးလည်း ထိခိုက်လာသလိုလမ်းလျှောက်ခြင်း၊ အစာစားခြင်း တို့လို လူရဲ့အခြေခံအလုပ်များကို အကျိုးသက်ရောက်စေပါတယ်။ AI က MRI Brain Scans ကို အသုံးပြု၍ တွက် ချက်ပေးနိုင်တဲ့အတွက် ခွဲစိတ်စရာလည်းမလိုပါဘူး။ အယ်ဇိုင်းမားရောဂါကိုစောစီးစွာသိရှိရင် ပိုမိုထိရောက်စွာ ဟန့်တားနိုင်မှာဖြစ်ပြီး ရောဂါဆိုးရွားလာမှုဟာ အလွန်နှေးကွေးမှာဖြစ်ပါတယ်။“ကျွန်တော်တို့ဟာ Alzheimer’s Disease Neuroimaging Initiative မှ ဦးနှောက် MRI Scans ပေါင်း ၆၇ ခုကို ရယူခဲ့ကြပါတယ်။ အဲဒီအထဲမှာ အယ်ဇိုင်းမားရောဂါခံစားနေရသူများ လည်း ပါဝင်ပါတယ်။ အဲဒီဒေတာများကို AI မှာထည့်သွင်း၍ သင်ကြားပေး လိုက်ခြင်းအားဖြင့် AI က အယ်ဇိုင်းမားရောဂါရှိသူများကို ၈၆ ရာခိုင်နှုန်း တိကျမှုဖြင့် ဖော်ထုတ်ပေးနိုင်ပါတယ်” လို့ ပညာရှင်များက ပြောပါတယ်။

<AI ပါတဲ့ ဦးထုပ်>

တရုတ်မှ ကောလိပ်ကျောင်းသားငါးဦးက မျက်မမြင်များ၊ အမြင်အာရုံ မကောင်းသူများအတွက် သူတို့ရဲ့ နေ့စဉ် လူနေမှုဘ၀များကို အကူအညီ ပေးမယ့် စမတ်ဦးထုပ်တစ်လုံးကို တီထွင်လိုက်ပါတယ်။ ဦးထုပ်ကို Eye See လို့ အမည်ပေးထားပြီး လမ်းမှအတားအဆီးများကိုအာရုံခံနိုင်တဲ့ လေဆာရောင်ခြည်တပ်ဆင်ထားပါတယ်။ ဦးထုပ် ကပုံနှိပ်စာသားများ ကိုဖတ်ပြနိုင်ပြီးသင်နဲ့တွေ့ဆုံတဲ့လူများရဲ့ ပုံပန်းသွင်ပြင်ကိုလည်း ပြောပြနိုင် ပါတယ်။ ဦးထုပ် မှာကင်မရာ ၁ လုံးနဲ့ လေဆာရေဒါတပ်ဆင် ထားပြီး ၁၀ ပေ သို့မဟုတ် ၃ မီတာအကွာမှ အရာဝတ္ထုများကို အာရုံခံနိုင်ပါတယ်။ ၀တ်ဆင်သူဟာ အတားအဆီးနဲ့တိုက်မိတော့မယ် ဆိုရင် အသံဖြင့်သတိပေးနိုင်ပါတယ်။ သူ့ ရဲ့ရေဒါဟာ မောင်းသူမဲ့ကား များမှ ရေဒါနဲ့ ဆင်တူပြီး ၃၆၀ ဒီဂရီကို အာရုံခံနိုင်ပါတယ်။ သူ့ရဲ့ ကင်မရာက လမ်း ညွှန်ဆိုင်းဘုတ်များ၊ စာအုပ်များမှ ပုံနှိပ်စာသားများ ကိုဖတ်ပြပေးနိုင်ပါတယ်။ တီထွင်သူများက သူ့မှာပါတဲ့ ဥာဏ်ရည်တု နည်းပညာက Image Recognition ကို အသုံးပြု၍ လူများရဲ့ပုံပန်း သဏ္ဌာန်နဲ့ သူတို့ဝတ်ဆင်ထားတဲ့ အ၀တ်အစား အရောင်များကို ဖော်ပြနိုင် တယ်လို့ ပြောပါတယ်။ တီထွင်သူ ကောလိပ်ကျောင်သားများဟာ City College of Kunming University of Science and Technology မှ ဖြစ်ပြီး သူတို့က ဦးထုပ်ဟာ မျက်မ မြင်များရဲ့ နေ့စဉ်လူနေမှုဘ၀ကို ပိုမိုလွယ်ကူစေမယ်လို့ ယုံကြည်ထားကြပါတယ်။

<ဥာဏ်ရည်တု နည်းပညာထည့်သွင်းလာတော့မယ့် Chip များ>

Korea Advanced Institutue of Technology မှပါမောက္ခဖြစ်သူ Yoo Hoi-jun က ၂၀၁၈ ခုနှစ်ထုတ် စွမ်း ဆောင်ရည်မြင့် ဖုန်းများအားလုံးမှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip များပါမယ်လို့ The Korea Herald ကို ပြောပါတယ်။ Samsung က AI Chips ကို မကြာခင်စတင်ထုတ်လုပ် မှာဖြစ်ပြီး လာမယ့်နှစ်အနည်းငယ် အတွင်းမှာ စီးပွားဖြစ်ရောင်းချဖို့ ရည်မှန်းထားပါတယ်။ Huawei က ဥာဏ်ရည်တုနည်းပညာပါတဲ့ Kirin 970 Chip ကို မိတ်ဆက်ထားပြီးဖြစ်ပြီး Apple iPhone X မှာလည်း ဥာဏ်ရည်တုနည်းပညာပါတဲ့ A11 Bionic Chip ထည့် သွင်းထားပါတယ်။ Samsung က AI ကို သုတေသနပြုလုပ်ဖို့အတွက် ကနေဒါမှာ စက်ရုံ အသစ်တစ်ခုကို တည် ဆောက်ထားပါတယ်။ ဒစ်ဂျစ်တယ်ကိုယ်ရေး လက်ထောက် Bixby ဟာ AI Processor ကြောင့် အလွန် အစွမ်း ထက်လာနိုင်ပါတယ်။

<စာသင်ခန်းတွေနဲ့ AI နည်းပညာ>

အွန်လိုင်းမှာ ကျောင်းဆရာကိုယ်စား စာသင်ကြားပေးမယ့် AI ဟာ နောက်ဆုံးအဆင့်မှာ စာမေးပွဲစစ်တာအထိ ပြုလုပ်လာနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီ AI ဟာ ပရိုဂရမ်တစ်ခု အနေနဲ့ အလုပ်လုပ်မှာဖြစ်ပြီး စာသင်သားနဲ့ ကျောင်းသင်ခန်အစာအကြားမှာ ဒိုင်လူကြီးကဲ့သို့ တိတိ ကျကျ ဆောင်ရွက်ပေးဖို့အတွက် အခုအချိန်မှာတော့ Third Person အနေ နဲ့ကြီးကြပ်သူတစ်ဦး ရှိနေပေးရဆဲပဲဖြစ်ပေမယ့်နောက်ပိုင်းမှာတော့ အဲဒီကြီးကြပ်သူတွေပါ လိုအပ်တော့မှာမဟုတ်ပါဘူး။ လန်ဒန်မြောက်ပိုင်း မှာရှိတဲ့ စာသင်ကျောင်းတွေထဲကနေ အသက် ၅ နှစ်ကနေ ၁၅ နှစ် အကြားရှိတဲ့ကျောင်းသားလူငယ်များစွာကို ဆာဗေးပြုလုပ်ပြီး AI ညဏ်ရည်တုနည်းပညာနဲ့ အွန်လိုင်း တွက်ချက်မှု ပုစ္ဆာတွေကို စမ်းသပ် ဖြေဆိုစေခဲ့ရာ ရာခိုင်နှုန်းပြည့်နီးပါး အောင်မြင်မှုရရှိခဲ့တယ်လို့ အွန်လိုင်းတွက် ချက်မှုပိုင်းဆိုင်ရာပညာရေးဝန်ဆောင်မှုပေးနေတဲ့ အဲဒီကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စမ်းသပ် လေ့လာ မှုကို ဖြေဆိုပေးခဲ့ကြတဲ့ ကလေးငယ်တွေရဲ့ အဆိုအရတော့ သူတို့ကို (AI)ကို ကလေးငယ်တွေ ဟာ ကြောက်ရွံ့မှု ရှိနေကြဆဲပဲ ဖြစ်ပြီး တစ်စုံတစ်ရာအန္တရာယ်ပေးမှာကို ထိတ်လန့်လျက်ရှိကြဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။ AI ဟာ ကျောင်းဆရာစစ်စစ်တစ်ဦးမှာရှိတဲ့ ကိုယ်ချင်းစာ တရားနဲ့ နွေးထွေးမှုတွေရှိမနေဘဲပုစ္ဆာ တွေကို မေးမြန်းစဉ်မှာ ကလေး ငယ်တိုင်းဟာပရိုဂရမ်ကပေးအပ်တဲ့ မေးခွန်းတွေကိုစိုးရိမ်စိတ်နဲ့လက်ခံခဲ့ ရတယ် လို့ ဆိုပါတယ်။

<အနာဂတ်စက်ရုပ်များ>

AI ရဲ့ အဓိက အသုံးပြုမှုတစ်ခုကတော့ အားလုံးသိကြတဲ့အတိုင်း စက်ရုပ် တွေမှာပါ။ နောက်ပိုင်းစက်ရုပ်တွေ ဟာ ဟိုးအရင်က စက်ရုပ်တွေ လို သတ်မှတ်ထားတဲ့အတိုင်းပဲ အလုပ်တစ်ခုခုကိုပဲ လုပ်နေတာမျိုး မဟုတ် တော့ ပါဘူး။ နောက်ပိုင်းစက်ရုပ်တွေဟာ ကျွန်တော်တို့မျက်နှာပေါ်က စိတ်ခံစားမှုများတွေကိုသိရှိနိုင်ပြီး ကျွန်တော်တို့ ကို ရယ်ပြတာ၊ ပြုံးပြတာ၊ ကျွန်တော်တို့ အိမ်သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်တာ၊ စားသောက် ဆိုင်မှာ စားပွဲထိုးလုပ်ပေးနိုင်တာ၊ ဧည့်ကြိုလုပ်ပေးနိုင်တာ၊ စက်ရုပ်နဲ့ ခွဲစိတ်ကုသမှုများမှာဆရာဝန်ကြီးပါးစပ်က အမိန့်ပေးတဲ့အတိုင်း လေဆာနဲ့ခွဲခြင်း၊ ခွဲစိတ်ကိရိယာများပေးခြင်းတို့ကိုစသည်တို့ကို လုပ်ဆောင်နိုင်လာပါတယ်။ အဲတာကို မိတ်ဆွေများသတင်းတွေထဲမှာ ဖတ်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။ အဲ့ဒါတွေက Artificial Intelligence ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပါပဲ။ Google ကုမ္မဏီရဲ့လက်အောက်က Boston Dynamics ကုမ္မဏီဟာ Big Dog ဆိုတဲ့ခွေးစက်ရုပ်ကို တီထွင်မှုကြောင့် နာမည်ကြီးပါတယ်။ Big Dog ဟာ သာမန်ယာဉ်တွေ မသွားနိုင်တဲ့ ကြမ်း တမ်းတဲ့မြေမျက်နှာပြင်မျိုးမှာ သွားလာနိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ Boston Dynamics ဟာ Altas ဆိုတဲ့ လှေကားထစ်တွေတက်နိုင်ဆင်းနိုင်၊ အတားအဆီးများကို အလိုအလျှောက်ရှောင်ရှားနိုင်တဲ့ လူတူစက်ရုပ်အပါအဝင် AI အထောက် အကူပြု စက်ရုပ်လေးငါးမျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အထက်ပါစက်ရုပ် တွေကို အမေရိကန်အစိုးရက စစ်ဘက်ဆိုင်ရာမှာအသုံးချနိုင်ဖို့အတွက် ဖန်တီးစေခဲ့တာဖြစ်ပါတယ်။

<AI ရဲ့ အဓိကအစိတ်အပိုင်းများ>

AI ဟာ Computer Science ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။AI ဖန်တီးရန်အတွက် Program ရေးသားရာတွင် ကျွမ်းကျင်သော Programmer တွေ၊ Hardware ဆိုင်ရာကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူပညာရှင်များပေါင်းစပ်၍ တည်ဆောက်ယူ ရပါတယ်။ AI ဟာ သိပ္ပံနည်းပညာ Field တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် AI ကို အောက်ဖော်ပြပါ အဓိကအစိတ်အပိုင်းများအဖြစ်ထပ်မံခွဲခြား ထားပါ တယ်။

(1)Expert System၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Expert များ၏ အတွေးအခေါ် အတွေ့အကြုံဗဟုသုတ များကို Computer ပညာရှင် များ၏ အကူအညီဖြင့် Program များရေးသားခြင်းနှင့် Hardware ဆိုင်ရာနည်း ပညာများပေါင်းစပ်ရန် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဤ Expert များ၏နေရာတွင် အစားထိုးရန်မဟုတ် ပါ။ Expert များ၏ အတွေ့အကြုံဗဟုသုတများကို လူ့ပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ အသုံးချနိုင်ရန် ဖြစ်ပါတယ်။

(2)Natural Language Processing (NLP) Computer အသုံးပြု သူများ၏ တတ်ကျွမ်းနားလည်သော ဘာသာ စကားဖြင့် Keyboard မှအမိန့်ပေး၍ Computer အားခိုင်းစေခြင်း Computer နှင့် အပြန် အလှန်ဆက်သွယ် ဆောင်ရွက်ခြင်းကို စွမ်းဆောင်နိုင်သည့် နည်းပညာဖြစ်ပါသည်။ ၎င်းနည်းပညာကို Natural Language Understanding နဲ့ Natural Language Generation ဆိုပြီး နယ်ပယ် (၂) ခု အဖြစ် ခွဲခြားနိုင်ပါတယ်။

(3) Speed(voice) Understanding(SU) Computer အားအသံဖြင့် အမိန့်ပေးလုပ်ဆောင်စေခြင်း၊ အပြန် အလှန်ဆက်သွယ်ခြင်း နည်းပညာ ဖြစ်ပါတယ်။

(4) Robotic and Sensory System အာရုံခံမူနည်းပညာနှင့် စက်ရုပ် နည်းပညာများကို ပေါင်းစပ်အသုံးပြုသည့် နည်းပညာဖြစ်ပါတယ်။ အောက်မှာတော့ သူ့တို့ရဲ့အကြောင်းကို အသေးစိတ်တစ်ချက်ချင်း ပြန်ရှင်းပြထားပါ တယ်။

စက်ရုပ်တွင် Electrical နှင့် Electronic ဆိုင်ရာပစ္ဓည်းများ Mechanical ဆိုင်ရာပစ္ဓည်းများ ပေါင်းစပ်ပါဝင် တည်ဆောက်ထားသော Electro Mechanical Device ဖြစ်ပါသည်၊ ၎င်း Robot အား Program များထည့် သွင်း၍ သတ်မှတ်ထားသည့် ဘောင်အတွင်း၌ အမျိုးမျိုးလုပ်ဆောင်နိုင်ပါ သည်။

အမြင်ကိုအာရုံခံခြင်း၊ ကြားခံနယ်၏ပြောင်းလဲမူကို အာရုံခံခြင်းအသံကို အာရုံခံခြင်းစသည့်စနစ်များအဖြစ် အမျိုး မျိုးရှိပါတယ်။ Intelligence Robot များသည် ပတ်ဝန်းကျင်အခြေအနေများအား အာရုံခံ၍သူ့အလို အလျောက် လုပ်ဆောင်ခြင်းဖြင့် Information ဆိုင်ရာအဖြေကိုရရှိအောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒီအချက်ကတော့ Automatic Machine တွေနဲ့ ကွဲပြားခြားနားချက်ဖြစ်ပါတယ်။

Machine Sensor တစ်ခုမှရရှိသော အချက်အလက်များကို Digitized လုပ်ထားခြင်းဖြစ်သည်။ အမြင်ဆိုင်ရာ သတင်း အချက်အလက်များကို Computer တွင်ထည့်သွင်းထားသော ဗဟုသုတအခြေခံသည့် Program များ (KnowLedge Base)ဖြင့် ပေါင်းစပ်ထားသည့် နည်းပညာပင်ဖြစ် သည်။

<Intelligence Computer Aided Instruction (ICAI)>

လူများကို နည်းပညာတစ်ခု နှင့်ပတ်သက်၍ နည်းပြဆရာတစ်ယောက်လို သင်ပြနိုင်သည့် နည်းပညာဖြစ်သည်။ ICAI Program များမှာ အသုံးပြုသူနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ဖြေကြားနိုင်သည့် အဆင့်သို့ ရောက် ရှိနေခြင်းမှာ AI ဆိုင်ရာနည်းပညာများနှင့် ဗဟုသုတ ဆိုင်ရာ အခြေခံပေါင်းစပ်၍ တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါသည်။
image

Mobile Guide

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 59476.67
ETH 2299.07
USDT 1.00
SBD 2.48