Poem life
အပြောကောင်းသူက
သဘောကောင်းသူကို
အပြစ်ဆိုကောင်းဆိုမယ် ။
အနာမဲ့သူက
ဒဏ်ရာနဲ့လူကို
ဟားကောင်းဟားမယ် ။
ရယ်မောနေသူက
မျက်ရည်နဲ့လူကို
အပြစ်တင်ကောင်းတယ်မယ် ။
ခရီးဆက်သူက
ပန်းတိုင်ထက်ကလူကို
မလိုတမာ ဖြစ်ကောင်းဖြစ်မယ် ။
မြင်လွှာတစ်စုံစီပေမဲ့
အကြည့်တွေမတူတဲ့ အခါ
သူမြင်ရာ
ကိုယ်မြင်ရာမှာ
ထင်တာတွေနဲ့ ခွဲခြားပြီး
တစ်ဦးနဲ့တစ်ဦး ကွဲပြားသွားကြတော့တာပါပဲ
အလဲထိုးခံရတယ်
အရှုံးမပေးတတ်လေတော့
ကြိုးကွင်းပါထပ်စွပ်တယ်
အပြုံးမပျက်လိုက်နဲ့
အဲ့ဒါ လောကဓံတဲ့
ချိန်ကိုက်ထားပြီးသား
ဒဏ်ရာကိုမှ
ပျက်လုံးနဲ့ ကုမယ်တဲ့
ကိုယ့်ဟာ
ဘာကောင်ဖြစ်သွားရမှန်းတောင်မသိ
ယစ်မူးရီဝေရခြင်းတွေ
ဒဏ်ရာရမှ ဟစ်အော်အားပေးခံရခြင်းတွေနဲ့
လူတွေကပဲ ထူးဆန်းကြကုန်တာလား
ကိုယ်ကပဲ
ထူးဆန်းကျန်ခဲ့တာလား..
အမှန်နဲ့အမှားကို
ဘာကြောင့် လူတိုင်းကို ရှာဖွေခိုင်းဖို့ ဆုံးဖြတ်ခဲ့ကြတာလဲ..
ဘယ်သူကလဲ..
ဘာကြောင့်လဲ...
ကိုယ်ခံယူတဲ့
ကိုယ့်သီအိုရီတွေနဲ့
ကိုယ့်အမှန်တရားနဲ့
ကိုယ့်လက်ခံနိုင်မှုတွေနဲ့
ဒါပေမဲ့
လူတိုင်းကပဲ မှားတတ်ကြပြန်တယ်တဲ့
လူ..
အချိန်တစ်ခုရဲ့ အကန့်အသတ်ထဲမှာပဲ
ကိုယ်ယုံကြည်ရာကို
ရှာဖွေကြရင်း...
ကိုယ်တို့မှာ
လက်တစ်ကမ်းစာအမှန်တရားနဲ့
ဝေးသလား...ဝေးရဲ့.......
ပန်းပွင့် ခွဲတမ်း ....
ပန်းတစ်ပွင့်ကြွေလို့
လိပ်ပြာတစ်ကောင်ရဲ့ရင်ကွဲမှတ်တမ်းကို
ခွဲတမ်းချတဲ့ညမှာပဲ
ဝတ်မှုန်တွေ သေဆုံးကုန်ကြသတဲ့
ပန်းပွင့်တို့စီးချင်းက
လိပ်ပြာရွေးပွဲမဟုတ်ဘူး
သည်းသည်းမဲမဲမိုးက
အငြိုးအတေးကြီးသူ
မြေလွှာကတော့
သက်ဆိုင်ရာတို့
နင်းဖြတ်ရာမြေ
ဦးညွှတ်ရာမြေ
အားလုးံအတွက်
ဂရုဏာကြီးမားသူ သက်သက် ။
လိပ်ပြာတစ်ကောင်ရဲ့
ရင်ကွဲမှတ်တမ်းမှာ
ပန်းတစ်ပွင့်ရဲ့အရောင်အဆင်းနဲ့
လေပြည်သိမ်းပိုက်တဲ့ ရနံ့တို့မပါဘူး
ဝတ်မှုန်
ရနံ့
ပွင့်ချပ်
လိပ်ပြာပိတုန်း
လေပြည်နဲ့မိုး
မြေပြင်
ပန်းတစ်ပွင့် ခမျာ
ခွဲတမ်းချခံလိုက်ရတာတော့
သေသပ်လှပလိုက်တာ
.....
ပျောက်ဆုံးနေသော တံခါးချပ်များ .....
နေဝန်းသည်
အနောက်ဖက်
ကောင်းကင်တံခါးဆီသို့
ဝင်ရောက်သွားသည် ။
ကြယ်အသင့် လအမြင့်
ပြတင်းကိုယ်စီ ဖွင့်ကြတော့မည် ။
လ....
ရှိရှိ မရှိရှိ
ညက ညပင် ဖြစ်သည် ။
နေနဲ့ ရှင်သန်သမျှ လနဲ့သေဆုံးကြရသော
နေ့ရက်တို့ ထဲတွင်
ယနေ့လည်း ပါသည် ။
ယစ်မူးရင်း
တိမ်းပါးရင်း
အခါနှောင်းလင့်
ရာသီတွေလည်း ပြောင်းခဲ့ပြီ ။
လူသားနှင့် ရတနာ
တန်ဖိုးတွေ တန်ကြေးတွေကြားမှာ
တကယ်ရှာဖွေဖို့ လိုအပ်သောအရာတွေ
သိမ်ငယ် ပုန်းခိုနေကြရော့မည် ။
ပါဝါကိုသိုဝှက်ထားတဲ့
လက်သည်းနက်တို့
ဒီခေတ် ဒီခါ ဒီကမ္ဘာတွင်
တက်မက်မှု အရှိန်မြင့်လာသည်နှင့်အမျှ
တော်ဝင်လောက
အမှောင်ချခံလိုက်ရတော့ပါမည်လား ......?
*** တာထွက်အလွှဲများ ***
တခြားသူတစ်ယောက်ရဲ့
ချစ်ခြင်းမုန်းခြင်းကို
ကိုယ်တို့
ဝင်ဆုံးဖြတ်ပေးခွင့်မရှိဘူး...
တရားတဲ့ချစ်ခြင်းနဲ့
မေတ္တာတွေအပေါ်မှာ
မုဒိသာနဲ့ ပက်ဖြန်းလို့
လန်းဆန်းခွင့်နဲ့တင်
ကိုယ်တို့ ပြည့်ဝတဲ့
နှလုံးသားပိုင်ရှင်ကို မြင်နိုင်ပါတယ်....
ကိုယ်တို့ ခိုလှုံရာ အတ္တတွေရဲ့
အနားသားလေးမှာ
ရပ်တန့်မနေသင့်ဘူး
အဆိပ်လူးမြှားတစ်ချို့ရဲ့
စူးနစ်တဲ့ဝေဒနာအပေါ်
ဖြေဆေးကရှိနှင့်နေတယ် တဲ့...
ဒါပေမဲ့
ကိုယ်တို့
တွယ်ငင်ရာကနေပဲ
စတင် လို့ မှား.....။ ။