အကောင်းမြင်စိတ်(Zin Lay)
သူငယ်ချင်းတစ်ယောက်နဲ့ လဖက်ရည်သောက်နေရင်း
ပလူကောင်တွေ ပျံလာတာကို ငေးမောကြည့်နေမိတယ်..
သူတို့တွေ မြေကြီးထဲကနေထွက်လာပြီး
မီးရောင်ကို တိုးကြတယ်..အလုအယက်ပေါ့..
မနက်ခင်းရောက်တော့ အတောင်တွေကျွတ်ပြီး
အိမ်မြှောင်တွေက စား လူတွေကနင်းနဲ့ အကုန်သေကုန်ရော..
ဒါကိုကြည့်ပြီး ကျွန်တော်က
"ကိုယ့်ဟာကိုယ် မြေကြီးထဲနေတာ အကောင်းပါ..
အတောင်လေးပေါက်လာပြီး မိုးပေါ်ထပျံတော့
အကုန်သေကုန်ရော.." လို့ ဆရာကြီးစတိုင်လ်နဲ့ ဝေဖန်လိုက်တယ်.
လဖက်ရည်ကို အေးအေးဆေးဆေးသောက်နေတဲ့ သူငယ်ချင်းက
"ငါကတော့ ပလူတွေကို သဘောကျတယ်..
ဘ၀တစ်လျောက်လုံးတွင်းအောင်းနေရတာ ပျင်းစရာကြီး..
မိုးပေါ်ပျံတယ်ဆိုတဲ့ စိန်ခေါ်မှုကို အသက်နဲ့ရင်းပြီး ကစားသွားတာ.
သတ္တ၀ါမှန်သမျှသေမျိုးချည်းပဲ..
ပလူတွေ သေရတာ တန်ပါတယ်ကွာ..မိုးပေါ်ပျံဖူးသွားတာပေါ့.."
အိုး...သိပ်ကောင်းတဲ့အတွေးတစ်ခုပဲ..
Positive Thinking တစ်ခု..ငါဘာလို့ အဲ့လိုမတွေးမိပါလိမ့်..
ကျွန်တော့်အိမ်က အနည်းငယ်ပိုက်ဆံရှိတော့
၁၉၉၈ ၀န်းကျင်က 4wheel Drive ကားတစ်စီးဝယ်စီးတယ်..
အဲ့ဒီခေတ်က 4Wheel Drive ကားတို့ Pajero ကားတို့ဆိုတာ
ဗိုလ်မှူး ဗိုလ်ချုပ်တွေစီးတာ..
သဘောကတော့ အဲ့ဒီကားတွေစီးရင် ဆရာကြီးပေါ့လေ..
ကျွန်တော့်ဦးလေး ဦးဆန်းဝင်းက အဲ့ဒီကားကိုယူမောင်းရင်
ကျွန်တော်လိုက်မစီးချင်ဘူး..သူက လမ်းတစ်လျောက်
ဇီးပင်တို့ မကျည်းရွက်နုနုလေးတို့ ခံတတ်ရွက်တို့
ဟိုအပင် ဒီအပင် စားစရာတွေ့ရင်
လမ်းဘေးကားရပ်ပြီး ဆင်းဆင်းခူးတယ်..
ကိုယ်က လူပျိုပေါက်ဆိုတော့ရှက်တယ်..
ကားအကောင်းစားကြီးရပ်ပြီး လမ်းဘေးက
အသီးအရွက်တွေခူးတယ်ဆိုတော့ Feel ကျဲတာပေါ့..
တစ်ရက်တော့ ကျွန်တော်က ဆူဆောင့်ပြီး ပြောတယ်..
"ဦးလေး အဲ့လိုတွေမလုပ်ပါနဲ့ဗျာ ကားအကောင်းစားကြီးစီးပြီး
လမ်းဘေးက အသီးအရွက်တွေခူးစားတယ်ဆိုတော့
သူများ ကဲ့ရဲ့လိမ့်မယ်"...ဆိုတော့
သူကပြန်ပြောတယ်..
"ဒါတွေက တို့မခူးလည်း ဘယ်သူမှမခူးဘူး..
ရင့်ပြီး အလကားဖြစ်ကုန်မယ့်ဟာတွေကွ..
ဒီတော့ လူတစ်ယောက်ယောက်ကတော့ တို့ကို
ကဲ့ရဲ့ချင် ကဲ့ရဲ့မှာပေါ့ကွာ..
နောက်ထပ်လူတစ်ယောက်ကတော့ ဒီလူတွေ ဒီလိုမျိုး
အလကားဖြစ်ကုန်မယ့် အရာတွေကို အသုံးချတတ်လို့
ဒီလိုကားအကောင်းစားမျိုးစီးနိုင်တာလို့ ချီးကျူးလိမ့်မယ်.."
" ဒုတိယလူက တစ်နေ့မှာဒီလိုကားမျိုး ၀ယ်စီးနိုင်လိမ့်မယ် " လို့
ကျွန်တော့်ကိုပြန်ပြောတယ်..
ဒီစကားကို ကျွန်တော် ကြားခဲ့ရတာ အနှစ် ၂၀ ကျော်ပါပြီ..
ခုထိမမေ့ဘူး..Positive Thinking သဘောတရားကို
အဲ့ဒီတုန်းက နားမလည်ပေမဲ့ ရင်ထဲမှာ စတင်ထိတွေ့ခဲ့တယ်..
ဟိုးတစ်လောက အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက်ကို
မြို့ထဲက သူ့သူငယ်ချင်းအိမ်ကို လိုက်ပို့ပေးခဲ့တယ်..
သူကလေဖြတ်ထားတော့ လမ်းကောင်းကောင်းမလျောက်နိုင်ဘူး..
မြို့ထဲမှာ သူ့ကိုတွဲရင်း လမ်းလျောက်လာတဲ့အခါ
လမ်းပေါ် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးသူတွေ ၊
စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေ
လူကူးတံတားပေါ်က မကူးသူတွေ..
မျဉ်းကျားက မကူးသူတွေ..
မျဉ်းကျားမှာ ကားအရှိန်မလျော့သူတွေ..
တွေ့လာတော့ ကျွန်တော်က
"ဒီလိုလူမျိုးတွေ များနေလို့ တို့နိုင်ငံ မတိုးတတ်တာ.."
လို့ ဝေဖန်လိုက်တယ်...
ကျွန်တော့်စကားကို ကြားတော့ ဆရာကြီးက ပြုံးတယ်..
"သားရဲ့စကားက မှန်သင့်သလောက်မှန်ပါတယ်..
ဒါပေမဲ့ အဲ့ဒီစကားကို အန်ကယ်လ် တစ်မျိုးလေးပြန်ပြင် ပြောကြည့်မယ်..
ဒီလိုလူမျိုးတွေရှိနေလို့ တို့နိုင်ငံ မတိုးတတ်တာ ဆိုတဲ့အစား
တို့နိုင်ငံ မတိုးတတ်ခဲ့လို့ ဒီလိုလူမျိုးတွေ များနေတာ ဆိုရင်
ပိုပြီး အပြုသဘောဆောင်လို့ ပိုမကောင်းပေဘူးလား သားရေ..
အဲ့ဒီလိုပြောတဲ့အဓိပ္ပါယ်ရဲ့နောက်မှာ တို့နိုင်ငံတိုးတတ်အောင်
ဘယ်လိုကြိုးစားကြမလဲ ဆိုတာပါ ဆက်တွေးလာကြလိမ့်မယ်.."
ဆရာကြီးက ဆက်ပြောတယ်..
"ဒီလိုလူမျိုးတွေကြောင့် တို့နိုင်ငံမတိုးတတ်တာဆိုတဲ့စကားဟာ
ဒီလူတွေအပေါ် ဒေါသထွက်မိစေပြီး အကုသိုလ်ပွားစေတယ်..
တို့နိုင်ငံမတိုးတတ်ခဲ့လို ဒီလိုလူမျိုးတွေများလာရတာဆိုတဲ့
စကားက တို့နိုင်ငံတိုးတတ်အောင် ကြိုးစားရမယ်..
ဒါမှ ဒီလိုလူမျိုးတွေ နည်းသွားမှာ ..ဆိုတဲ့ ကုသိုလ်တရား
စာနာစိတ်ကို ပွားစေတယ်..ဒါကို Positive Thinking
အကောင်းမြင်စိတ်လို့ခေါ်တယ်..
ဒီစိတ်လေးကိုမွေးမြူထားရင် သားကိုယ်တိုင်ရော သားမိသားစုအပြင်
သားနဲ့ထိစပ်သူပတ်ဝန်းကျင်ပါ နှလုံးစိတ်ဝမ်း အေးချမ်းလိမ့်မယ် "
ကျွန်တော့် နှလုံးသားတစ်ခုလုံး လင်းသွားသလိုခံစားမိတယ်..
ကျွန်တော် အဲ့ဒီနေ့ကစပြီး အကောင်းမြင်စိတ်ကို
လေ့ကျင့်တယ်..မွေးမြူတယ်..
အကောင်းမြင်စိတ်ဟာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်
နောက်ဆုံးကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်နိုင်ငံအတွက်ပါ
အများကြီးလိုအပ်ကြောင်း နားလည်လာခဲ့တယ်..
ကျွန်တော်တို့တွေ အိပ်ယာနိုးနိုးခြင်း ဖုန်းဖွင့်ပြီး
Facebook ဖွင့်ကြည့်တာများတယ်..
နိုင်ငံရေး ပိုစ့်တွေ..
Myanmar Idol ပို့စ်တွေ..
ရာဇ၀တ်မှု ပိုစ့်တွေ..
ရန်ဖြစ်နေကြတဲ့ ပိုစ့်တွေ..
ငါနဲ့မတူ ငါ့ရန်သူ ပိုစ့်တွေ..
နံနက်ခင်းတိုင်း Facebook ကြည့်ပြီး ကျွန်တော်တို့ စိတ်နှလုံးတွေ
တစ်နေကုန် ညစ်ညမ်း နောက်ကျိသွားလိုက်ကြတာ..
ဒီလို စိတ်နောက်နောက်ြကီးနဲ့ မိသားစုကို ဆက်ဆံမိ ၊
အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေကိုဆက်ဆံမိ ၊
သူငယ်ချင်းတွေကို ဆက်ဆံမိ တဲ့အခါ
ကိုယ်နဲ့နီးစပ်သူတွေပါ စိတ်နှလုံး ထိုင်းမှိုင်းကုန်ကြရော..
Facebook ပေါ်မှာ အတိုင်းအတာတစ်ခုအထိ
ကျွန်တော်ရေးသမျှကို ဂရုတစိုက်ဖတ်သူများလာတဲ့အခါ
ကိုယ်ရေးသမျှ အကုသိုလ်မဖြစ်အောင် အတတ်နိုင်ဆုံးရှောင်မိတယ်.
ကျွန်တော့်စာကို NLD ကြံ့ခိုင်ရေး ဗုဒ္ဓဘာသာ အစ္စလာမ်
ခရစ်ယာန် ဟိန္ဒူ ဘာသာမဲ့ ဆင်းရဲ ချမ်းသာ လူကြီး လူငယ်
ကျားမ မရွေး ဖတ်လို့ရအောင် ရေးခဲ့တယ်..
တတ်နိုင်သလောက်လေး ကြယ်ငါးကောက်သူလို
ကိုယ့်စာဖတ်မိတဲ့သူတိုင်း အနည်းဆုံးတော့
အကုသိုလ်စိတ်ဖြစ်မသွားအောင် ကြိုးစားတယ်..
ကိုယ်တိုင်က အကောင်းမြင်စိတ်လေးမွေးပြီး လောကကြီးကို ကြည့်တဲ့အခါ
အမှန်တရားကို နီးနီးကပ်ကပ်မြင်ရတယ်..
ဘ၀မှာ နေပျော်လာတယ်..
ကုသိုလ် အကုသိုလ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်လာတယ်..
လူတိုင်းကို (သတ္တ၀ါတိုင်းကို) မေတ္တာထားနိုင်လာတယ်..
ကြည်လင်ချမ်းမြေ့တဲ့ စိတ်ဓာတ်ကောင်းတွေ ရလာတယ်..
အစားကောင်း အသောက်ကောင်းစားရတဲ့အခါ
ခင်မင်သူတွေကို သတိရသွားသလိုပါပဲ..
"အကောင်းမြင်စိတ်" လေးကို ကိုယ်တိုင်ကျင့်သုံးပြီး
ဘ၀မှာ ကြည်လင် ငြိမ်းချမ်းမှုရမိလေတော့ ဒီအရသာကို
ကျွန်တော့် မိတ်ဆွေတွေပါ ကျင့်သုံးခံစားစေချင်လို့
ဒီဆောင်းပါးလေးကို ရေးသားမျှဝေလိုက်ပါတယ်..
မိတ်ဆွေများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ..
................................................
@zinlay
promotion ဖို့ စည်းကမ်းကို သဘောတူသူသာလျှင်တင်ခွင့်ပြုထားတဲ့ promotion အတွက် ပါဝင်ထားပြီး copy ဖြစ်နေခြင်းဟာ စည်းကမ်းကို သက်သက်မဲ့ချိုးဖောက်ရာကျပါတယ်
ဗျာ ယခုကဲ့သို့နောက်တစ်ကြိမ်ဖြစ်ပါက ကျွှန်တော်တို့အား အပြစ်မမြင်စေလိုပါ ။ copy တွေဆက်တင်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး myanmar tag ဖြုတ်ပေးပါ
https://m.facebook.com/story.php?story_fbid=1314400398643343&id=100002201852590