အရွယ်နှင့်တရားဓမ္မ
အရွယ်နှင့်တရားဓမ္မ
ပထမအရွယ်....ပညာရှာ
ဒုတိယအရွယ်....ဥစ္စာရှာ
တတိယအရွယ်....တရားရှာ တဲ့။
တော်တော်များများဒီစကား၊အဆိုအမိန့်လေးကိုကြားဖူးကြမယ်ထင်ပါတယ်။
ဘယ်သူကစခဲ့လည်းတော့မသိပါဘူး။
တစ်ချို့ကလည်းဒါကို ဘုရားဟောလို့ထင်ကြပါတယ်။အမှန်က ဒီအဆိုအမိန့်ဟာဘုရားဟောမဟုတ်ပါဘူး။ဘုရားဟောနဲ့လည်းလုံးဝဆန့်ကျင်နေတဲ့အယူအဆတစ်ခုပါ။
ဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ဟာနိဗ္ဗာန်ပါ။အဲဒီပန်းတိုင်ကိုရောက်ဖို့အတွက်တစ်ခုတည်းသောနည်းလမ်း၊တစ်ကြောင်းတည်းသောလမ်းကတော့ မဂ္ဂင်လမ်းပါ။ဒါကြောင့်မို့တရားဓမ္မကို အချိန်ရရင်ရသလိုကျင့်ကြံဖို့က အရေးအကြီးဆုံးနေရာမှာ ပါဝင်ပါတယ်။အဲလိုမျိုး အရေးကြီးဆုံးဖြစ်တဲ့ တရားဓမ္မရှာဖွေမှုကို တတိယအရွယ်မှာ မှရှာကြပါလို့ ဆိုထားပါတယ်။ဒါကြောင့်မို့ ဒါဟာလုံးဝမှားယွင်းတဲ့ အယူအဆတစ်ခုပါ။
လူတစ်ယောက်ရဲ့အသက်၂၅နှစ်အထိကိုပထမအရွယ်အဖြစ်သတ်မှတ်ပါတယ်။
၂၅ နှစ်မှ ၅၀ အထိကို ဒုတိယအရွယ်အဖြစ်သတ်မှတ်ပါတယ်။၅၀ ကနေ အထက်ကို ကြတော့ တတိယအရွယ်အဖြစ်ယျေဘုယျသတ်မှတ်ထားပါတယ်။
လောကီလူသားတွေအတွက်စားဝတ်နေရေးဆိုတာကြီးက ကမ္ဘာဦးအစကတည်းကခုချိန်ထိ စိန်ခေါ်မှုကြီးတစ်ရပ်ပါပဲ။အဲဒီစားဝတ်နေရေးကိုအထိုက်အလျှောက်ပြေလည်ဖို့အတွက်ပညာတစ်ခုခုကိုသင်ယူရပါတယ်။အဲဒီလိုမျိုးသင်ယူမှုကိုပထမအရွယ်မှာလုပ်ကြပါတဲ့။
ပထမအရွယ်မှာပညာသင်ပြီးလို့ဒုတိယအရွယ်ရောက်လာတဲ့အခါကြတော့ စီးပွားဥစ္စာရှာကြပါတဲ့။မိမိတတ်မြောက်ထားတဲ့ ပညာပေါ်မူတည်ပြီးစီးပွားဥစ္စာများကိုရနိုင်သမျှ၊၊တတ်နိုင်သမျှရှာဖွေစုဆောင်းကြပါရပါမယ်။သို့မှသာ မိမိနောင်ရေးအတွက် စိတ်အေးကြရပါမယ်။
တတိယအရွယ်ကြတော့ ဘုရားရိပ်၊တရားရိပ်မှာ အေးအေးချမ်းချမ်းနဲ့ တရားအားထုတ်ကြရပါမယ်တဲ့။မိမိက ပထမအရွယ်မှာ ပညာရှာခဲ့တယ်။ဒုတိယအရွယ်မှာလည်း စီးပွားဥစ္စာကို ရှာခဲ့တယ်။အဲဒီအတွက်ကြောင့်မို့တတိယအရွယ်မှာနောက်ဆံတင်းစရာမလိုဘဲတရားဓမ္မကိုစိတ်အေးလက်အေးနဲ့အားထုတ်နိုင်ပါလိမ့်မယ်။အားထုတ်ကြပါလို့တိုက်တွန်းထားတဲ့အဆိုအမိန့်တစ်ခုပါ။
သာမန်ကြည့်လျှင်တော့အဲဒီအယူအဆကမှန်သလိုပါပဲ။ဒါပေမယ့် အဲဒီအဆုံးအမကို ခုတုံးလုပ်ပြီးလူတွေက တစ်မျိုးဖြစ်လာကြပါတယ်။တို့ က ငယ်ငယ်လေးပဲရှိသေးတာ။တရားအားထုတ်စရာမလိုပါဘူးကွာ။ငယ်တုန်းမှာပညာသင်ရင်ပြီးတာပဲမဟုတ်လား။ပျော်ပျော်ပါးပါး စားလိုက်သောက်လိုက်အေးဆေးပဲ။အသက်ကြီးတော့အဲဒီအလုပ်တွေလုပ်တာပေါ့။ငယ်ပါသေးတယ်လေခုက စသည်ဖြင့်ဆင်ခြေပေးစရာတွေဖြစ်လာပါတယ်။
စီးပွားရေးရှာတဲ့အရွယ်ကိုရောက်နေတဲ့သူတွေကလည်းစီးပွားဆိုတာငယ်တုန်းရှာရတာ။တရားစခန်းတွေဝင်၊တရားအားထုတ်တယ်ဆိုတာ ကြီးမှလုပ်ရတဲ့ဟာတွေ။တို့နဲ့မဆိုင်သေးပါဘူး။ကြီးတော့လုပ်တာပေါ့။ခုနေ စီးပွားရေးပဲ မဲရှာရမယ်။တို့ကတော့ သောက်လိုက်စားလိုက် ပျော်ပျော်ပါးပါး ပဲနေမယ်ဆိုပြီးဖြစ်ကုန်ကြတယ်။
တရားရှာပါမယ်ဆိုတဲ့တတိယအရွယ်လည်းရောက်ရော လူက ဟိုနားကနာ၊သည်နားကနာနဲ့ဖြစ်ကုန်ပြီ။စိတ်အလိုကိုခန္ဓာကိုယ်ကြီးကမလိုက်နိုင်တော့ဘူး။မလုပ်နိုင်ပါဘူးကွာ။ဒူးကနာတယ်။ခါးကနာတယ်နဲ့ဖြစ်ကုန်ပြီ။နောက်ပြီးတော့ မှတ်ဉာဏ်ကလည်းမကောင်းတော့ဘူး။ကံမွဲ၊ဉာဏ်မွဲဖြစ်ကုန်ပြီ။နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာက ကံထက်၊ဉာဏ်ထက်မှ ခရီးကရောက်နိုင်တာဆိုတော့ ဒီအရွယ်ကြမှစမယ်ဆိုရင်သိပ်ပြီးတော့အဆင်ကမပြေနိုင်တော့ဘူး။ဘာပဲဖြစ်ဖြစ် ငယ်ငယ်ကမလုပ်ဖြစ်ခဲ့ဖူးဆိုရင်တော့ ခုအရွယ်မှာ လုပ်ကိုလုပ်ရပါတော့မယ်။အချိန်ဆွဲဖို့ကသိပ်မရှိတော့ဘူးလေ။
ဒါကပထမအရွယ်၊ဒုတိယအရွယ်၊တတိယအရွယ်စသည်ဖြင့် သက်တမ်းစေ့နေရတဲ့သူတွေကိုပြောတာပါ။တကယ်လို့များ ပထမအရွယ်မှာ ပညာရှာတယ်။ဒုတိယအရွယ်မရောက်ခင်သေသွားခဲ့မယ်ဆိုလျှင်၊ဒုတိယအရွယ်မှာ စီးပွားရှာတယ်၊တတိယအရွယ်မရောက်ခင် သေဆုံးသွားကြမယ်ဆိုလျှင် ထိုသူများသည်တတိယအရွယ်မှာမှလုပ်မယ်ဆိုတဲ့ တရားဓမ္မ ရှာဖွေမှု ဆိုတဲ့ အရေးအကြီးဆုံးသောအရာကိုလုပ်ရတော့မှာမဟုတ်ပါဘူး။ဗုဒ္ဓဘာသာတို့ရဲ့ အနှစ်သာရဖြစ်တဲ့ မဂ္ဂင်အကျင့်ကို လုံးဝ ထိတွေ့ခွင့်ရတော့မှာမဟုတ်ပါဘူး။အိပ်၊စား၊ကာမ ဤသုံးဝ အစရှိတဲ့ တိရစ္ဆာန် အကျင့်တွေနဲ့ပဲ ဘဝကို နိဂုံးချုပ်ဖို့ပဲရှိပါတော့တယ်။ဒါကြောင့်မို့
ပထမအရွယ်ပညာရှာ၊ပညာရှာရင်းတရားရှာ
ဒုတိယအရွယ်ဥစ္စာရှာ၊ဥစ္စာရှင်းတရားရှာ
တတိယအရွယ်တရားရှာ၊တရားနဲ့သာပျော်မွေ့ပါ
ဆိုပြီး ပြောင်းလည်းကျင့်သုံးကြမယ်ဆိုလျှင် ကြိုက်တဲ့အချိန်သေ၊မိမိအတွက်အရှုံးမရှိနိုင်တော့ပါဘူး။
တရားဓမ္မရှာဖွေတယ်ဆိုတာ ကြီးတယ်ငယ်တယ်နဲ့မဆိုင်ပါဘူး။အသက်ကြီးမှလုပ်ရမယ်ဆိုတာလည်းလုံးဝမဟုတ်ပါဘူး။အသက်အရွယ်ငယ်တုန်းမှာလုပ်နိုင်ရင်ပိုကောင်းပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ငယ်တဲ့သူတွေက အရမ်းတက်ကြွ ကြပါတယ်။မှတ်ဉာဏ်ကလည်း အသက်အရွယ်အိုမင်းတဲ့သူတွေထက် အများကြီးသာပါတယ်။ဘုရားရှင်လက်ထက်မှာ အသက်၇နှစ်အရွယ် လေးတွေနဲ့ သောတာပန် အစရှိသဖြင့် ရဟန္တာ အဆုံးဖြစ်ကြတဲ့သူတွေအများကြီးရှိပါတယ်။ဒါကြောင့်မို့တရားအလုပ်လုပ်နေတဲ့ ကလေးလေးတွေကို ပေါ့ပေါ့တန်တန်မဆက်ဆံမိဖို့လိုပါတယ်။
လူ့ဘဝဟာတိုတိုလေးပါ။ဘယ်ချိန်သေမလည်းဆိုတာဘယ်သူမှကြိုပြီးမသိနိုင်ကြပါဘူး။ဒါကြောင့်မို့ မိမိတို့ရရှိတဲ့ အချိန်လေးတွေကို အကျိုးရှိရှိအသုံးချဖို့လိုပါတယ်။ခဏတာ ဆုံတွေ့ကြတဲ့အခိုက်လေးမှာ တစ်ဦးနဲ့တစ်ဦး၊တစ်ယောက်နဲ့တစ်ယောက် အမုန်းတွေ၊အာဃာနတွေနဲ့ နေမယ့်အစား၊မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို အတတ်နိုင်ဆုံးလိုက်နာကျင့်သုံးကြရင်ဖြင့်မိမိ သူတပါးနှစ်ဦးသား ကောင်းဖို့ရာပဲရှိပါတယ်။
ပစ္စုပ္ပန်၊သံသရာ နှစ်ဖြာသောကောင်းကျိုးကိုလည်းခံစားကြရပါလိမ့်မယ်။
အတတ်နိုင်ဆုံးလိုက်နာကျင့်သုံးကြပါလို့လည်းတိုက်တွန်းလိုပါတယ်။
Photo from my facebook
အားလုံးကျန်းမာချမ်းသာကြပါစေ
ရဲသီဟကျော်
@yethihakyaw
Msc-093
12.3.2018,Mon
လူဘဝ ဆိုတာ တိုတိုလေးပါ တရားမရှာလိုက်ရပဲပြီးဆုံးသွားမှ ကြောက်မိတယ်
အမှန်တကယ်ကြောက်မိပါတယ်။
မှန်ပါတယ်။အရွယ်တိုင်းမှာ တရားရှာသင့်ပါတယ်။
လုပ်ဆောင်နိုင်ရင်အရမ်းကောင်းပါတယ်။
Truth ပါဗျာ ....တရားမရှိရင် မျက်ကန်းလိုပါပဲ
အမှန်ပဲ ဗျ။
အချိန်တိုင်းတရားသတိလေးနဲ့နေနိုင်ရင်အကောင်းဆုံးပါပဲ
ရေးထားတာကောင်းပါတယ်ရှင့်
အကောင်းဆုံးပေါ့ဗျာ။ကျေးဇူးတင်ပါတယ်ခုလိုကြားရတဲ့အတွက်။
တရားရှာကိုယ်မှာတွေ့တဲ့
မှန်ပါတယ်bro။ကိုယ်မှာတွေ့ဖို့အတွက်ကလည်း တရားရှာမှ ရပါမယ်။
တတိယအရွယ်မရောက်ခင် ကံကုန်သွားရင် လူဖြစ်ရကျိုးမနပ်လိုက်ရပဲနေမှာ အမှန်ပဲ
အဲလိုဆိုအရမ်းနစ်နာပါတယ်။
ပညာရှာတာကတော့ အရွယ်သုံးပါလုံးရှာသင့်ပါတယ်ဗျာ
မှန်ပါတယ် bro။ ဒီနေရာမှာ ပညာဆိုတာ လောကီ ပညာကို ဆိုလိုတာပါ။ လောကုတ္တရာ ပညာကို ပစ်ထားပြီး အချိန်မတိုင်ခင်ကြွေလွင့်ခဲ့ရင် ဆုံးရှုံးရမှာကိုပြောတာပါ။
အရွယ်တိုင်းမှာတရားရှာလိုပြန်ပြောင်းမယ်မျာ
အဲလိုဆို အရမ်းကောင်းမှာပါ။
အိမ်း တရားလေးဘာလေးလုပ်အူးမှ
ရွာလာခဲ့ပါလား၊သင်္ကြန်တရားစခန်းနှစ်စဉ်ရှိတယ်။
အသိတရားပေးသွားတဲ့postပါ။Good writing.
ခုလိုစကားမျိုးကြားရတဲ့အတွက်အရမ်းဝမ်းသာပါတယ်။