မော်တော်ဆိုင်ကယ်နောက်ကစီးခြင်းနှင့်အန္တရယ်

in #myanmar6 years ago

ကျနော်တက္ကသိုလ်တက်တုန်းကရတာနာပုံမှာဖြစ်ပါတယ်။ကျနော်ကနယ်မြို့ကလာပီးကျောင်းတက် သူဖြစ်လေတော့ သွားရေးလာရေးအတွက် ဆိုင်ကယ်ဖြင့်သာ သွားလာရသည်ဖြစ်သောကြောင့် မိဘများမှ ဆိုင်ကယ်တစ်စီးအလန်းလေးဝယ်ပေးလိုက်သည်။ဆယ်တန်းအောင်ခါစ တက္ကသိုလ်ကျောင်း သားဘ၀၊ မိဘများ၏မမြင်ကွယ်ရာလည်းဖြစ်လေတော့ လွပ်လွပ်လပ်လပ်ဖြင့် စားချိန်မမှန် အိပ်ချိန်မမှန်လျှောက်လည်
သည်။သူငယ်ချင်းများနဲ့အတူ ကျူရှင်လစ်ကာ ထင်ရာလျှောက်သွားသည်။ဘယ်လိုပြော မလဲ မျောက်အုန်းသီး
ရတဲ့အတိုင်းဖြစ်နေတော့တာပါပဲ။ညနေခင်းဆိုင်ကယ်လျှောက်စီးရခြင်းသည် စိတ်လွတ်လပ်ပေါ့ပါးမှုတစ်ခုကို
ခံစားရမိသည်။တစ်ခါတစ်ရံ သူငယ်ချင်းများနှင့် ပြိုင်ဆိုင်ပီးဆိုင်ကယ် စီးကြသည်။ပျော်စရာကောင်းသည်။
အမှတ်တရများစွာလည်းရှိခဲ့သည်။


တစ်နေ့ သူငယ်ချင်းတစ်ယောက်က နယ်ကသူ၏မိဘများထံသို့ခဏပြန်မည်ဖြစ်သောကြောင့် တစ်ယောက်တည်းဖြစ်နေသဖြင့် သူတို့၏ရွာသို့လိုက်ရန် တောင်းဆိုသည်။သို့နှင့် သူငယ်ချင်းနှင့်အတူ လိုက်ပါသွားခဲ့သည်။ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်စီးပြီးပြန်လာခဲ့သည်။ကျနော်က နောက်ကစီးပီး သူငယ်ချင်းက ရှေ့မှစီးသည်။ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့သတိတော့ရတယ်။ဒါပေမဲ့ ဦးထုပ်နဲ့ဆိုတော့ ခေါင်းလည်းပူတယ်။ပီးတော့ စတိုင်းလည်းပျက်သွားမှာစိုးတာနဲ့ ဘာဦးထုပ်မဆောင်းဘဲ ဆိုင်ကယ် နောက်က စီးလိုက်လာခဲ့သည်။

သူငယ်ချင်း၏နယ်မြို့မှအလွန်မှစပီးကတ္တရာလမ်းမဟုတ်တော့ဘဲမြေသားအစားထိုး လမ်းသာဖြစ်တော့သည်။
တဖြည်းဖြည်းနဲ့ရွာသို့လှမ်းမြင်နေရပြီဖြစ်သည်။ရွာထိပ်အရောက်တွင် ကျနော်တို့ မောင်းနေသောဆိုင်ကယ်
ရှေ့မှ ရုတ်တရက်ဖြတ်ဝင်ပြေးလာပီး လမ်းဖြတ်ကူးသော နွားတစ်ကောင်ကြောင့် ဆိုင်ကယ်သည်နွားနဲ့
တိုက်မိရန်နီးကယ်သွားတော့သည်။ သူငယ်ချင်းသည်ဘရိတ်အားအကုန်းနင်းပီးဆိုင်ကယ်အရှိန်ကို
သတ်လိုက်သည်။အရှိန်ပြင်းပြင်းသွားနေသောဆိုင်ကယ်ကိုရုတ်တရက်ချက်ခြင်းရပ်တန့်လိုက်သလိုဖြစ်သွားသည့်အခါ ဆိုင်ကယ်နှင့်လူ တစ်ခြားစီလွင့်စင်ပီး လမ်းဘေး လယ်ကွက်ထဲသို့ ထိုးကျသွားသည်။မမျှော်လင့်ဘဲ
ရုတ်တရက်ဖြစ်လာသောကြောင့်ဘုရားတချိန်တောင်မရလိုက်ပါဘူး။ကံကောင်းသွားတယ်ပြောရမယ်။လဲကျသောနေရာက လယ်မြေ မြေစာပျော့ဖြစ်သောကြောင့် ရွှံ့နွံတွေပေကုန်တာကလွှဲ အသားနာ ထိခိုက်တာမျိုးတော့ ကြီးကြီးမားမား မရှိပါဘဲ အသက်အန္တရာယ်ဘေးက သီသီလေးလွဲခဲ့ တော်သေးသည်။ကတ္တရာလမ်းပေါ်၊ မြေအမာလမ်း ပေါ်တွင် ဖြစ်ခဲ့လျှင်တော့ဦးထုပ်လည်းဆောင်းမထားသဖြင့် ခေါင်းကွဲမလားဘဲ။ အကာအကွယ်ဟူ၍လည်းဘာမှမပါဘဲစတိုင်လုပ်ပီးလိုက်လာခဲ့တာ…..
ဒီလိုဖြစ်လာတော့….အမလေး….ဆက်မတွေးရဲ…..။

အဲဒီနောက်တော့ ဆိုင်ကယ်စီးတိုင်း ဦးထုပ်ဆောင်းသည်။အခြားလိုအပ်သော အသက်အန္တရာယ် ကာကွယ်ပစ္စည်းများ တတ်နိုင်သမျှ စုံလင်အောင် ၀တ်ဆင်ပြီး လိုရာခရီးကို ဆိုင်ကယ်စီးကာ သွားလေ့ရှိတော့သည်။ဆိုင်ကယ်ဖြင့်သွားလာကြလျှင် ဦးထုပ်ဆောင်းခြင်းကဲ့သို့အကာကွယ်များရှိပါက မတော်တဆမှုတစ်ခုခုဖြစ်လာလျှင် အန္တရာယ်ကိုရှောင်ကွင်းနိုင်ခြင်းမရှိစေအုန်းတော့ အသက်အန္တရာယ်ကို အနည်းနှင့်အများတော့ ကာကွယ်နိုင်ပေသည်။သို့မဟုတ်ပါက အသက်ကိုပင် နှုတ်ယူနိုင်သည်။

နေ့စဉ်သွားလာလှုပ်ရှားနေကြသော လမ်းမများထက်တွင် မော်တော်ဆိုင်ကယ်စီးပီး ဦးထုပ် ဆောင်းထား ခြင်းမရှိသောမြင်ကွင်းများတွေ့ရလျှင်ဖြင့် သူတို့အတွက်စိုးရိမ်စိတ်ဖြင့် စိတ်ပူမိသည်။ တစ်ခါတစ်ရံ ဆိုင်ကယ်တစ်စီးတည်း သုံးယောက် လေးယောက်ခန့်စီးလာတတ်ကြသေးတယ်။ ဆိုင်ကယ်စီးရင် မတော်တဆထိခိုက်မှုတွေ အခန့်မသင့်ရင် မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့ နေရာမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ရှေ့ကမောင်းသူ၊ လက်ကိုင်ကို ကိုင်ပီးမောင်းလာသူကိုယ်တိုင် ဘယ်အချိန်၊ဘယ်နေရာမှာ ဘယ်လိုအန္တရာယ်ကြုံရမလဲဆိုတာ ခန့်မှန်းမသိရှိနိုင်တာမှို့ နောက်ကထိုင် လိုက်လာသူကတော့ ရှေ့ကလူ မောင်းတာကို မျက်စိမှိတ်ယုံကာလိုက်လာရခြင်းသာဖြစ်သည်။နောက်မှ စီးလိုက်လာသူအတွက်တော့ သတိမထားဘူးဆိုရင် မတော်တဆထိခိုက်တာကို ဘယ်လိုမှ ကြိုတင်သိ စရာအကြောင်းလည်းမရှိသလို ရှောင်းတိမ်းစရာအချိန်ဆိုတာလည်း မရှိပါဘူး။

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း စနစ်တကျဖြင့်မောင်းနှင်ရသော အမေရိကန်ကဲ့သို့ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုမှာတောင် 2007ခုနှစ်နှင့်2010ပြည့်နှစ်အကြား မော်တော်ဆိုင်ကယ် မတော်တဆမှုထိခိုက်မှုတွေ ဖြစ်ပီး ရှေ့ကမောင်းနှင်သူ 8သောင်းခန့်နှင့် နောက်မှစီးသူ 6သောင်းနီးပါးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သုတေသနစာတမ်းတစ်ခုတွင် ဖော်ပြထားသည်ကို တွေ့ရပါတယ်။

ဆိုင်ကယ်မတော်တဆမှုဖြစ်ပီဆိုရင် ဆိုင်ကယ်ပေါ်မှ ပစ်လဲကျကာ ဦးခေါင်းနဲ့ကြမ်းပြင် (မြေပြင်၊ကတ္တရာလမ်းပြင်) ဆောင့်ထိုးမကြတာကြောင့် ဦးခေါင်းထိခိုက်ခြင်း ဒဏ်ရာရခြင်းသည် ဆိုင်ကယ်မောင်းသူနှင့် နောက်မှစီးသူရော အဖြစ်များလေ့ရှိတာ မဆန်းပါဘူး။သို့ပေမဲ့ ရှေ့ကမောင်းသူ က ဘာဖြစ်တော့မယ်ဆိုတာကို ကြိုသိရမြင်ရလေတော့ အများအားဖြင့်တော့ ဦးခေါင်းနှင့်ဦးနှောက်ထိခိုက်မှုမဖြစ်အောင် အရှောင်အတိမ်းပြုလုပ်ရန်အတွက် နောက်မှစီးလိုက်လာသူထက်တော့ မြင်ကွင်းနှင့် အသိ အချိန်ပိုရမှာ သေချာပါတယ်။ နောက်ကစီးသူက မြေပြင်ပေါ်လဲကျသွားမှသာ သူထိခိုက်ဒဏ်ရာရပါပေ့လားဆိုတာ သိရတာဖြစ်ပါတယ်။ဒါကြောင့် နောက်မှစီးနင်းလိုက်ပါသူက ထိခိုက်ဒဏ်ရာရရှိမှုမှာ ရှေ့ကမောင်းသူထက် ပိုမိုပြင်းထန်လေ့ ရှိတတ်ပါတယ်။

ဆိုင်ကယ်နောက်မှာ ဆိုင်ကယ်ဦးထုပ် အကျအနဆောင်းပီး ထိုင်လိုက်လာတဲ့သူဟာ ရှေ့ကမောင်းသူထက်စာရင် မတော်တဆမှုဖြစ်သောအခါ ဦးခေါင်းထိခိုက်နိုင်တဲ့အန္တရာယ်မရှိတော့ဘူး လားမေးရင် ရှိနိုင်ပါသေးတယ်။ရှေ့ကမောင်းသူရော နောက်ကစီးသူရော နှစ်ဦးစလုံးဦးထုပ်ဆောင်းထားပီး ဆိုင်ကယ်နဲ့မတော်တဆထိခိုက်ကြရာတွင် ဒဏ်ရာရကြတဲ့အခါမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိနှုန်းကို နှိုင်းယှဉ်ပါက ရှေ့ကမောင်းသူ လူ ၁၀၀ လျှင် ၃၁ဦးမှာ ဦးခေါင်းထိ ခိုက်မှုရှိတတ်ပီး၊ နောက်မှစီးသူ ၁၀၀လျှင် ၃၆ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိတတ်ကြောင်း စစ်တမ်းများက ဆိုပါတယ်။

အများအားဖြင့် ဆိုင်ကယ် မှောက်ကြ၊လဲကြတဲ့အခါ နောက်ကထိုက်လိုက်လာလေ့ရှိတဲ့သူတွေက ကျွမ်းပစ်လိုက်သလို ဆိုင်ကယ်ပေါ်က ကန်ထွက် လွင့်စင်သွားလေ့ရှိပါတယ်။အရှိန်ပြင်းပြင်နဲ့မောင်းရင် ပိုပီးတော့ဆိုးဆိုးဝါးဖြစ်လေ့ရှိပါတယ်။အရှိန်ပြင်းထန်လှတဲ့ ဆိုင်ကယ်ရဲ့ရွေ့လျားနှုန်း(speed)ကြောင့် တုံ့ဆိုင်းရပ်တန့်လိုက်ချိန်တွင် မြင့်တက်နေအောင်အရှိန် မြှင့်ထားသော ဆိုင်ကယ်မောင်းနှင်မှုက နောက်မှစီးသူကိုလွင့်စင်မြောက်တက်သွားအောင်ပစ်ချလိုက်သလိုဖြစ်သွားတာပါ။ရှေ့ကမောင်းသူ ထက် နောက်ကထိုင်ခုံကလည်းပိုမြှင့်ထားတာမျိုးကြောင့်လည်း ပိုပီးဆောင့်တက်သွားလေ့ရှိတာပါ။ ရှေ့ကမောင်းသူကတော့ မြင်ကွင်းကို သူကိုယ်တိုင်မြင်ရ သိရသလို လက်ကိုင်ကပြုတ်ထွက်မသွားအောင် လက်နှစ်ဖက်ဖြင့် မြဲမြဲကိုင်ထားနိုင်တဲ့ အခွင့်လမ်းရှိတာကြောင့် နောက်ကလူလောက်တော့ အခြေနေမဆိုးပါဘူး။

ဒီထက်ပိုပီး စိုးရိမ်ဖွယ်ကောင်းတာကတော့ အရက်၊ဘီယာ၊မူးယစ်ဆေးဝါး စသဖြင့် သောက်စား ထားပြီး မောင်းကြ၊စီးကြခြင်း၊ တစ်ဦးနှင့်တစ်ဦးအပြိုင်စီးနင်းခြင်း၊ လူငယ်တွေ(သို့)လူငယ်စုံတွဲတွေ သဘာဝအရ စိတ်လွတ်ကိုယ်လွတ်မောင်းနှင်ကြခြင်း နောက်မှလိုက်ပါစီးခြင်း စသည်တို့ကြောင့် မဖြစ်သင့်ဘဲ မတော်တဆမှုများ မကြာခဏဖြစ်တတ်ကြသည်။ဘယ်လိုကြောင့်ဘဲဆိုင်ကယ်စီးစီး၊ ဦးထုပ်ဆောင်းထားသည်ဖြစ်စေ၊မဆောင်းထားသည်ဖြစ်စေ၊ မော်တော်ဆိုင်ကယ်ဖြင့် သွားလာလှုပ်ရှား တော့မည်ဆိုလျှင် သတိလက်လွတ်မဖြစ်စေဖို့အရေးကြီးပါတယ်။ဖြစ်နိုင်ရင် ဆိုင်ကယ်စီးတိုင်း ဦးထုပ် ဆောင်းထားခြင်းက အသက်အန္တရာယ် ပိုပီးကင်းဝေးစေမှာဖြစ်ပါတယ်။ဆိုင်ကယ်အား အရှိန်တအား ထိုးမတင်ဘဲ ရုတ်တရက်အန္တရာယ်နဲ့ကြုံပါက အန္တရာယ်ကိုရှောင်ကွင်းနိုင်သော ဆိုင်ကယ်ရဲ့အရှိန်၊ မိမိ၏ဆိုင်ကယ်ကိုမိမိကောင်းမွန်စွာ ထိန်းနိုင်သော အမြန်နှုန်း(speed)ဖြင့်သာ ဆင်ဆင်ခြင်ခြင် သတိဖြင့် မောင်းနှင်ကြဖို့လိုမှာ ဖြစ်ပါသည်။

မတော်ဆထိခိုက်မှုတစ်ခုသည် လူ့အသက်အန္တရာယ်ကို ပေးနိုင်တဲ့အပြင် မသန်စွမ်းဘ၀ကိုပါ ပေးနိုင်သောကြောင့် သတိဖြင့်သွားလာကြရန်၊ ဂရုစိုက်နေထိုင်ကြရန် စေတနာဖြင့် မေတ္တာစကား လက်ဆောင်ပါးလိုက်ရပါသည်။

Photp; Google Image
Some of character and stories are fictions
Writtern By ဗစ်တာ@victorzayyar

Sort:  

ရေးထားတာလေးကောင်းပါတယ်
အတွေ့အကြုံလေးနဲ့စေတနာလေးတွေပါမြင်တွေ့ရပါတယ်ရှင်

ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ် မမ

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 64927.90
ETH 3519.25
USDT 1.00
SBD 2.38