တုပ်ကွေးလမ်းညွန် အနီးကပ် micro

in #myanmar7 years ago

ကြာက်ရမလိုလို၊ တပ်ရမလိုလို၊ ထိုးရမလိုလိုတွေ ဟိုလိုလို ဒီလိုလိုတွေ ဖြစ်လာကြတော့ ဒါလေးရေးလိုက်တယ်။ လာရော့လဟယ် ...
.
ကာကွယ်ဆေး ထိုးလို့ရရင်ထိုး၊ ၀ယ်မရရင် မထိုးနဲ့။
.
သာမာန်လူက mask တပ်ချင်ရင်တပ်၊ မတပ်ချင်ရင်နေ။ WHO ရော၊ အမေရိကန် CDC ရော၊ နိုင်ငံတော်တော်များများပေါ်လစီက မဖြစ်မနေ တပ်ပါလို့ မပြော။ ဘာလို့လဲဆိုတော့ mask တပ်ခြင်းဟာ တုပ်ကွေး ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား တိတိပပ မရှိသေးလို့။ ဒါပေမယ့် တပ်ချင်ရင်တပ်။ ဘာမှ အပန်းမကြီးဘူး။ အနည်းဆုံးတော့ လက်နဲ့ နှာခေါင်းနဲ့ ပါးစပ်ကို မကိုင်မိတော့ဘူး။ ချောင်းဆိုးနှာချေရင် သိပ်မပြန့်တော့ဘူး။ ဒါဆို ကူးစက်ဖို့ အခွင့်အလမ်းနည်း။ ဒါကြောင့်တပ်ထားတဲ့သူကို မလှောင်ကြေး။
.
အဲ...ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးလုပ်သားတွေကတော့ သံသယဖြစ်ဖွယ်လူနာနဲ့တွေ့ရင် လုံးဝ mask တပ်သင့်။ နှာစေးချောင်းဆိုးဖြစ်နေသူတွေလည်း တပ်သင့်။
.
သာမာန်လူအနေနဲ့က အားရှိအောင်နေ၊ အားရှိအောင်စား၊ ရေများများသောက် (ရေပဲသောက်၊ အချိုရည်မသောက်နဲ့)၊ စီးကရက်ဖြတ်၊ အရက်ဘီယာလျှော့၊ ၀အောင်အိပ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်။ သောက်ချင်သပဆိုရင် စီဗစ်လို အားဆေးလေးဘာလေးသောက်။ လူထူထပ်ရာကို ရှောင်၊ မသွားမဖြစ်မှသွား။ လတ်လျားလတ်လျားလုပ်နေမယ့်အစား အခန်းအောင်းပြီး မအေးသောင်းပို့စ်အောက်မှာ ကဗျာသွားရေး။ (တကယ်တော့ မအေးသောင်းဟာ တုပ်ကွေးရောဂါဆိုးကြီးကို သူ့အကြည့်တစ်ချက်ဝင့်ရုံ၊ ဆံနွယ်တစ်ချက် ပင့်သပ်ရုံနဲ့တင် ကာကွယ်တားဆီးနိုင်တယ်။) အပြင်သွားတဲ့အခါ အမြေးပါးရှိတဲ့ အင်္ဂါတွေဖြစ်တဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ မကိုင်မိအောင် သတိထား။
.
အရေးအကြီးဆုံးက လက်ဆေးဖို့။ ခဏခဏဆေး။ အထူးသဖြင့် အပြင်သွားရင် လက်ဆေးစင်တွေ့တိုင်းဆေး။ လက်ဆေးရင် ဆပ်ပြာနဲ့ ရေနဲ့ ဆေးတာအကောင်းဆုံး။ တစ်ခါဆေးရင် စက္ကန့် ၂၀ လောက်ကြာအောင်ဆေး။ နာရီကြည့်စရာမလို။ ဟတ်ပီဘတ်ဒေးကို ၂ ခါကြော့ပြီး စိတ်ထဲမှာဆို။ အဲဒါ စက္ကန့် ၂၀ ပဲ။ လက်ဖ၀ါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်ထိပ်၊ လက်သည်းကြား အားလုံး စင်အောင်ဆေး။ လက်ဆေးခြင်းဟာ mask တပ်ခြင်းထက် ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်။ ငါဟဲ့ ခေတ်မီလူသား mask တပ်ပြီးပြီကွဆိုပြီး လက်ဆေးခြင်းကို မပေါ့သင့်။ mask တပ်ခြင်းသည် သာမည၊ လက်ဆေးခြင်းသည် ပဓာန ဆိုတဲ့ဂါထာကို repeat ရွတ်။ ဆပ်ပြာနဲ့ ရေနဲ့ ဆေးဖို့ ခက်နေရင် hand gel နဲ့ဆေးဖို့ hand gel ဆောင်။ mask ၀ယ်မရလို့ စိတ်ဓာတ်မကျနဲ့။ mask မ၀ယ်ခင် အရင်ဝယ်ရမှာက ဆပ်ပြာရယ်၊ hand gel ရယ်၊ တစ်ရှုးရယ် (တစ်ရှုးက ချောင်းဆိုးနှာချေရင် အုပ်ဖို့နော်၊ hand gel နဲ့ ဆေးရင် တစ်ရှုးနဲ့ မသုတ်ရဘူး။ သူ့ဘာသာ အခြောက်ခံရတယ်။ ဒါမှ ပိုးသေတယ်)
.
ကလေးတွေကိုလည်း လက်ဆေးတဲ့အကျင့်ကို သင်။ အိမ်ထဲဝင်၊ ဖိနပ်ချွတ်ပြီးတာနဲ့ လက်ဆေးစင်ကို တန်းသွားခိုင်း။ လက်ဆေးပြီးမှ သောက်ရေခွက်တို့၊ စာအုပ်တို့၊ တီဗီရီမုတ်တို့ကို ပေးကိုင်။ အပြင်က ပြန်လာရင် ကလေးရော ကိုယ်ရော လက်ဆေး၊ အင်္ကျီလဲ။ အပြင်က ပြန်လာပြီးချင်း လက်ဆေးရင် အပူရှပ်တယ်ဆိုတာ မိုးလုံးပြည့်မုသာဝါဒ။ ဖြစ်နိုင်ရင် မျက်နှာပါသစ်။ ဟန်းဖုန်း၊ အိမ်သော့၊ ကားသော့၊ လက်ပတ်နာရီ ကို အရက်ပျံနဲ့ပွတ်။ ရေချိုး၊ ခေါင်းလျှော်ပါ လုပ်နိုင်ရင် အကောင်းဆုံး။
.
ဖျားပြီဟေ့ဆိုရင် အိပ်ယာ ခွဲအိပ်။ ချစ်ချစ်ကို အကြင်နာ ပေးတာတွေ ခုချက်ချင်းရပ်။ အလုပ်၊ ကျောင်းက ခွင့်ယူ။ အပြင်မထွက်နဲ့။ သင့်ရောဂါပိုး သူများဆီမပြန့်အောင် အိမ်တွင်းအောင်းရန် သင့်တွင်တာဝန်ရှိသည်ဟု မှန်ကြည့်ပြီး လက်ညှိုးထိုးပြော။ ပြောပြီးရင် အိမ်သားတွေ မကူးအောင် mask တပ်ထား။ တပ်ပြီးတဲ့ mask ကို ကျွတ်ကျွတ်အိပ်နဲ့ ထုတ်ပြီး အမှိုက်ပုံးထဲ တန်းပစ်။ တပ်ပြီးသား mask ကို ဟိုတင်ဒီတင် မလုပ်နဲ့။ ကိုင်မိသူ ကူးနိုင်တယ်။ (မတော်ကြွက်ဆွဲသွားလို့ ကြွက်တုပ်ကွေးဆိုတာကြီး ထပ်ဖြစ်လာမှာ မကြောက်ဘူးလား) ချောင်းဆိုး နှာချေရင် လက်နဲ့ အုပ်ပြီးဆိုး။ ချက်ချင်းလက်ထဆေး။ ထမဆေးနိုင်ရင် hand gel နဲ့ပွတ်။ အခန်းတံခါးလက်ကိုင်၊ စားပွဲမျက်နှာပြင်၊ စောင်ခေါင်းအုံး၊ ပန်းကန်ခွက်ယောက် တွေကို ဆေးကြောလျှော်ဖွတ်သန့်စင်။ ဟင် ဒါတွေကို တစ်သက်လုံးလုပ်ရမလား။ အန်ကယ်ကတော့ No ပါ။ စဖျားတဲ့ နေ့က ရေရင် ၅ ရက်မြောက်ပြီးရင် ခန္ဓာကိုယ်ကနေ ဗိုင်းရပ်စ်ပိုးက မထွက်တော့ဘူး။ အေးဆေး။ ပြတင်းတံခါးတွေဖွင့်ထား။ နေရောင်နဲ့ လေ၀င်လေထွက်ကောင်းပစေ။ ဘေးအိမ်က ခရက်ရှ် တွေကိုလည်း ရှိုးလို့ရတယ်။ အလှအပတွေဟာ ဘ၀ရဲ့ elixir.. အဖျားပြင်းတယ်၊ မသက်သာဘူးဆိုရင် ဆေးခန်းကို ပြေး။
.
ဒိုးခပါပဲဗျာ။ ဘယ်လိုတွေတောင် ရေးလိုက်တာလဲ အယ်ကို။ ကာကွယ်ဆေးထိုးချင်ထိုး၊ မထိုးချင်လည်းနေ၊ mask လည်း တပ်ချင်တပ်။ မတပ်ချင်လည်းနေဆိုတော့..... ဘာတွေလားဗျာ။
.
ဒီလိုပါ ညေး။ ဘ၀ဆိုတာ probability ပါပဲ။ outbreak control ဆိုတာလည်း probability ပါပဲ။ ကူးစက်နိုင်ခြေတို့၊ သေဆုံးနိုင်ခြေတို့ ဆိုတဲ့ ရာခိုင်နှုန်း ကိန်းဂဏန်းတွေဟာလည်း probability ပါပဲ။ ဘယ်လောက်ဆိုးသွားနိုင်တယ်ဆိုတာ ဘယ်သူမှ မသိဘူးညေး။ ဖြစ်ချင်လည်း ဖြစ်မယ်။ ဘာမှ မဖြစ်ရင်လည်း ဘာမှ မဖြစ်ဘူးပဲ။ (ဒါတွေကို infectious disease modelling မှာ stochasticity လို့ ခေါ်တယ်ဆိုတာ ညေး နားလည်အောင် ရှင်းပြဖို့ ခက်တယ်ညေး)။ ပညာရှင်ဆိုတဲ့သူတွေကလည်း မှန်းပြီး ပြောနေရတာပဲ။ ဒါပေမယ့် သူတို့ပြောတာက blind guess မဟုတ်ဘူး ညေး။ educated guess ပေါ့ညေး။ ဒါကြောင့်မို့ သူတို့ရေးထားတဲ့ guideline တွေအတိုင်း ပြောရတာပါ ညေး။ ကိုယ့်ကို နားလည်ပေးပါ။ ကိုယ်တို့ ညေးတို့ကသာ သူတို့ပြောတဲ့ ဟာတွေ နားထောင်လိုက်နာရင်း ကိုယ့်ရှင်သန်မှု probability ကို ဆွဲတင်ဖို့ ကြိုးစားရတာပဲညေး။ ဖဲဘာသာစကားနဲ့ ပြောရင် ဒီတစ်လှည့် ဒေါင်းမယ်၊ မဒေါင်းမယ်ကတော့ ဘယ်သူ့မှ မသိဘူးညေး။ ဒါပေမယ့် ကိုယ့်ဘက်က သာအောင်တော့ ပစ်သင့်တဲ့ ဖဲကို ပစ်ပြီး၊ ဆွဲသင့်တဲ့ဖဲကို ဆွဲထားရမှာက ညေးတာဝန်ပဲညေး ရေ။ ကျန်တာကတော့ ဘုရားသခင် အလိုကျပဲ။ ညေး အောင်မြင်ပါစေ။
.
(စိတ်ပူနေကြလို့ စိတ်သက်သာရာရအောင် အသွက်လေး ရေးလိုက်မိတယ်။
.
H1N1 ကို ဘယ်လောက်ကြောက်သင့်လဲလို့ အတည်အခန့်ရေးထားတာက ဒီမှာ https://goo.gl/SNbcFe.

H1N1 အတွက် mask တပ်သင့်သလားလို့ အသေးစိတ်ရေးထားတာဒီမှာ
https://goo.gl/TwKLzk)
image
@tinmyoaung

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 63062.73
ETH 2687.13
USDT 1.00
SBD 2.54