လပြည့်ည တစ်ည
လပြည့်ညတစ်ည....တန်ဆောင်မုန်းလပြည့်ညလေးတစ်ညသို့ ရောက်လာခဲ့ပြန်ပြီပေါ့။အိမ်ရှေ့က ကွပ်ပျစ်လေးမှာ ထိုင်ရင်း ကျွန်တော်တစ်ယောက်တည်း လပြည့်ညရဲ့ အေးချမ်းမှုကို အပြည့်အဝ ခံစားနေလိုက်မိတယ်။တန်ဆောင်မုန်းလပြည့်ညဆိုတာ ဆေးပေါင်းခတဲ့ ညလို့လည်း ရှေးလူကြီးက ပြောဖူးကြတယ်။ဒါတွေဟာ အမှန်တရားတစ်ခုလားဆိုတာတော့ ကျွန်တော်လည်း သေသေချာချာမသိဘူး။သို့ပေမဲ့ တန်ဆောင်မုန်းလပြည့်ညရောက်တိုင်း ကလေး လူကြီးမကျန် ဆေးပေါင်းခတဲ့ ညအနေနဲ့ မယ်ဇလီဖူးများကို ဆေးတစ်ခုအဖြစ် သုပ်စား ကြော်စားကြလေ့ရှိပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ ထိုညဟာ ကျွန်တော်တို့အတွက် သူခိုးကြီးညလို့ပဲ စွဲမှတ်ထားခဲ့တာပါ။
မှုန်ပျပျ လရောင်အောက် ကလေးငယ်လေးများဆော့ကစားနေကြပြီး လူကြီးများကတော့ ရေနွေးကြမ်းသောက် လက်ဘက်သုပ်တွေနဲ့ ဇိမ်ကျနေကြတာပေါ့။တန်ဆောင်မုန်းလဟာ ကြယ်တွေစုံတဲ့ လလေးလည်းဖြစ်ပါတယ်။ကောင်းကင်တစ်ခွင် မိုးကင်းစင်လို့ ကြယ်လေးတွေ တောက်ပ နေတာကိုကြည့်ပြီး ကျွန်တော်တစ်ယောက် ဘာကိုလွမ်းလို့ လွမ်းမိလည်းတောင်မသိတော့ပါဘူး။တန်ဆောင်မုန်းလတွင် ကထိန်ခင်းပွဲများ ကျင်းပကြသော လလည်း ဖြစ်သည်နှင့် ကထိန်ပွဲမှ ဆိုင်းသံများလည်း ညတိုင်း နေ့တိုင်းကြားနေရသေးသည်။
တန်ဆောင်မုန်းလပြည့်နေ့ ညရောက်တိုင်း ကျွန်တော့်ဘဝမှာ မေ့မရနိုင်တဲ့ အကြောင်းလေးတစ်ခု ကို အမြဲပြန်တွေးမိနေသေးတယ်။ကြာခဲ့ပြီပေါ့..ကျွန်တော်ဆယ်ကျော်သက်အရွယ် ကပေါ့။မှတ်မှတ်ရရ ၁၇နှစ် ဝင်ခါစအရွယ် အတွေးအခေါ် မရင့်ကျက်သေးတဲ့အရွယ်လောက်ကပေါ့။တန်ဆောင်မုန်းလပြည့်ညရောက်တိုင်း ကျွန်တော်တို့သူငယ်ချင်းတစ်စုအမြဲ သူခိုးကြီးည လုပ်လေ့ရှိတယ်။ဟိုပစ္စည်းဒီ ရွေ့ ဟိုပစ္စည်းဒီရွေ့နဲ့ ကျွန်တော်တို့အပျော်ရှာလေ့ရှိကြတယ်။ဒီ့ထက်ဆိုးတာက အများတကာ ကြက် တွေကို ခိုးစားတဲ့ ဓလေ့ကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ကြတယ်။သူခိုးကြီးညဆိုတဲ့ ဆောင်ပုဒ်နဲ့ညီအောင်ပေါ့။ထိုညဆို ဘယ်လောက်ခိုးစားခိုးစား မသိကြဘူးလို့ စီနီယာအကိုကြီးတွေ ကပြောပြထားလို့ပါ။တကယ်တမ်းတော့ ဖမ်းမိတာတွေလည်း ရှိကြပါတယ်။အဓိက ကတော့ ကိုယ်လုပ်တာ ပိရိဖို့ပဲ လိုပါတယ်။
ကျွန်တော်တို့တွေ ဒီလို လုပ်ရတာ အရမ်းပျော်တယ်။လူငယ်တွေဆိုတော့ ဘာမှမစဉ်းစားမိကြဘူးလေ။ပျော်ဖို့အတွက်ပဲ သိတာကို။ကျွန်တော့်မှာ သူငယ်ချင်း သုံးယောက်ရှိပါတယ်။သံချောင်း၊ငပွေးနဲ့ ညိုကြီးတို့ပဲဖြစ်ပါတယ်။သူတို့သုံးယောက်ကတော့ ဘယ်သွားသွား ဘယ်လာလာ ခေါ်ကြည့်လိုက် မလိုက်ဘူးဆိုတာ မရှိဘူး။အမြဲတမ်း အတွဲညီတယ်။အခုလည်းကြည့်လေ ဒီည ကျွန်တော့်ကို ဆုံနေကျ ရွှာအစွန်ကထိန်ပင်နားကိုလာခဲ့တဲ့။ကြက်ချက်စားကြမယ်ဆိုလားပဲ။ဒါမျိုးကျတော့ ကျွန်တော် ဘယ်တော့မှ လက်လွတ်မခံနိုင်ပါဘူး။အိမ်ကနေမရ ရတဲ့နည်းနဲ့ထွက်တယ်။အခုညလည်း အိမ်က အဖေ အမေတို့ရဲ့ အလစ်ကိုစောင့်ကြည့်ရဦးမှာပဲ။အမေကတော့ ကျွန်တော်လုပ်တာတွေသိပေမဲ့ အလွန်အကျူးမတားမြစ်ဖူးပါဘူး။အဖေကတော့ မရဘူးဗျ။နီးရာစပ်ရာနဲ့ တွယ်တာ။ဒီလိုညမျိုးညမှ ဦးလေးထွန်းခင်ကလည်း စကားကောင်းနေလိုက်တာ မပြီးနိုင်တော့ဘူး။ကျွန်တော်ကတော့ အိပ်ခန်းထဲမှာ ခေါင်းမြီးခြုံပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။
ဦးလေးထွန်းခင်နဲ့ အဖေအမေတို့ စကားကောင်းနေလိုက်တာ ည၉နာရီလောက်မှ စကားပြတ်သွားတော့တယ် ။အဖေအမေတို့လည်း အိပ်ခန်းထဲဝင်ပြီး အိပ်မောကျနေမှ အသာအယာ ထလစ်လာခဲ့ရတော့တယ်။ကျွန်တော်လည်း ခြေလှမ်းသွက်သွက်နဲ့သံချောင်းတို့ချိန်းထားတဲ့ နေရာကို ခြေကုန်သုတ်ပါတော့တယ်။ချိန်းထားတဲ့ ထိန်ပင်နားလည်းရောက်ရော ဟိုသုံးယောက်ကရောက်နှင့်နေပြီ။ထိန်ပင်နားလည်း
ရောက်ရောနောက်ကျလှချည်လား ငထွန်းရာ ငါတို့စောင့်နေတာကြာပြီကွ´သံချောင်း ဆီးပြီးပြောသံ။ကျွန်တော်လည်း သူတို့ကို -အိမ်ကအလစ်ကိုလည်းစောင့်နေရတာကွ အိမ်ကလည်း မင်းတို့သိတဲ့အတိုင်းပဲဟု ပြန်ပြောလိုက်သည်။ထို့နောက်သံချောင်းက သူ့မှာ ကြက်ခိုးရန်အစီအစဉ်ဆွဲထားကြောင်း မြန်မြန်လှုပ်ရှားရမည်ဖြစ်ကြောင်း ကျွန်တော်တို့ကို အသေးစိပ်ရှင်းပြသည်။အချိန်လည်း ညဆယ့်နှစ် နာရီ ထိုးတော့မည်ဖြစ်သည်။ခိုးရမည့်ကြက်က ဦးလေး ထွန်းခင်တို့အိမ်က ကြက် ။အတော်ပဲဟု စိတ်ထဲ တွေးလိုက်မိသည်။ဦးလေးက အတော်ကပ်စေးနှဲသည်။ထိုကြောင့် သူ့ကြက်ခိုးရမည်ဖြစ်သောကြောင့် အတော်လေး စိတ်ဝင်စားသွားသည်။
ထို့နောက်မှာတော့ကျွန်တော်တို့ လေးယောက် အစီအစဉ်ကို အကောင် အထည်ဖော်ရန်စတင်လှုပ်ရှားပါတော့တယ်။ကျွနိတော်တို့လေးယောက် အမှောင်ရိပ်ခိုပြီး ဦးလေး အိမ်သို့ ရောက်လာခဲ့ပါတယ်။ဦးလေးထွန်းခင်အိမ်ရှေ့မှာ တမာပင်လေး တစ်ပင်ရှိပါတယ်။အဲ့အပင်ပေါ်မှာ ကြက်တွေအိပ်နေလိုက်တာ လကသာနေတော့ အထင်းသားတွေ့နေရတာပေါ့။အောက်ကနေဆွဲရင်လည်းမမီ တုတ်နဲ့ထိုးရင်လည်းမဖြစ်။ကြက်တွေကလည်းအကောင်ကြီးကြီး ဖမ်းချင်စရာ။ဒီလိုနဲ့ တမာပင်ပေါ်တက်ဖို့လူရွေးပါတော့တယ်။ညိုကြီးကတော့ ဒါမျိုးတွေကျွမ်းတယ်ဗျ။ဘာအသံမှတောင် မထွက်စေရဘူး။ပွဲတိုင်း ပွဲတိုင်းသူချည်းပဲနွဲနေတာ။အခုတစ်ခါလည်းသူတက်ဖမ်းမယ် အောက်ကစောင့်နေပေါ့။အဲ့အချိန်မှာ ကျွန်တော်ဝင်တားလိုက်တယ်။ညိုကြီးကို မဖမ်းခိုင်းဘဲ ကျွန်တော်ကိုယ်တိုင် တက်ဖမ်းမယ်လို့ပြောလိုက်တယ်။ငပွေးနဲ့ သံချောင်းကလည်း ကျွန်တော့်ကို မဖြစ်ဘူး ငထွန်းနော်ချည်းပဲ ထပ်နေတာ ကျွန်တော်ကလည်း ဦးလေးကြက်ဆိုတော့ ဖမ်းချင်စိတ်နဲ့ အတင်းတက်ဖမ်းမယ်ချည်းပဲလုပ်တာပေါ့။နောက်ဆုံးတော့ သူတို့သုံးယောက်ခွင့်ပြုလိုက်ရပါတော့တယ်။တမာပင်ကလည်း သိပ်မမြင့်ပါဘူး။ကျွန်တော့် တစ်ရပ်ပိုပိုလောက်ပေါ့။အချိန်သိပ်မရှိတော့ ကျွန်တော်လည်းခပ်သွက် သွက် တွယ်တက်လိုက်တယ်။ခွကြားတစ်ခုလည်းရောက်ရော အပေါ်ကိုမော့ကြည့်လိုက်တော့ ကြက်ဖလေးရော ကြက်မလေးတွေရောစီလို့။ဒါပေမဲ့ အဖျားကိုင်းတွေမှာ အိပ်နေကြတာဗျ။ကျွန်တော်လည်း ခဏတွေဝေသွားတယ် ။အဖျားကိုင်းနားဘယ်လိုသွားရမလဲ စဉ်းစားနေတာပေါ့။အောက်က သံချောင်းကလည်း `ငထွန်း အဲ့အဖျားကိုင်းနားထိရောက်အောင်သွားလေကွာ´လို့ပဲတွန်းအားပေးနေတာ....။ကျွန်တော့် တမာကိုင်းကို ကားယားခွပြီး ကြက်ဆီ တရွေ့ရွေ့ သွားနေတာပေါ့။ကြက်နားလည်းရောက်ရော အကောင်ကြီးမယ်ထင်တဲ့ကြက်ကို ခပ်ဖွဖွလေး ပွေ့လိုက်တယ် ပြီးတော့ လည်ပင်းကိုဆွဲညှစ်ထားလိုက်တယ်။ကျွန်တော်ကြက်လည်ပင်းကို ဆွဲညှစ်လိုက်တဲ့အချိန်မှာတော့ အမိအရမညှစ်မိတဲ့အတွက် ကြက်က ဖလပ် ဖလပ်နဲ့အတောင်ပံခတ်တာပေါ့။ကျွန်တော့်တစ်ကိုယ်လုံးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အချိန် ရုတ်ရက်ဆိုသလို တမာကိုင်းကျိုးကျပါရော့ဗျာ။
ကျွန်တော်ရော ကြက်ရော အောက်ကိုပြုတ်ကျသွားပါတယ်။ကတော့် ကတော့်ဆိုတဲ့ အသံတွေနဲ့အတူ ကျွန်တော့်ဦးခေါင်း မြေကြီးနဲ့ မိတ်ဆက်သွားပါတော့တယ်။ကျွန်တော့်မျက်လုံးထဲမှာတော့ ဓာတ်မီးရောင်လေးပဲ မြင်မိပြီး မေ့လဲသွားပါတော့တယ်။
ကျွန်တော်သတိရလာတော့ မျက်နှာကြက် ဖြူဖြူကြီးကိုပဲ အရင်ဆုံး မြင်ရပါတယ်။ပြီးတော့ အဖေ့ရဲ့ ဆူငေါက်သံ အမေ့ငိုသံတွေနဲ့ ရောနေပါတော့တယ်။သံချောင်းတို့အဖွဲ့နဲ့ဦးလေးထွန်းခင်တို့ လင်မယားလည်းပါ ပါတယ်။ဦးလေးကတော့ အဖေ့ကို မဆူဖို့ မငေါက်ဖို့ ဖျောင်းဖျနေပါတော့တယ်။ကျွန်တော်လည်း ခေါင်းမှာပတ်ထားနဲ့ပတ်တီးဖြူဖြူလေးကိုစမ်းရင်းနောင်တတွေရနေမိပါတော့တယ်။အပျော်ခဏအတွက်နဲ့ ကျွန်တော့် အသက်လဲရတော့မလို့ပေါ့။ခေါင်းကလည်း တဆစ်ဆစ်နဲ့ကိုက်တုန်း နာနေတုန်း။
နောက်တစ်နေ့ ဆေးရုံလည်းဆင်းရော ကျွန်တော့်စိတ်ထဲ ဆုံးဖြတ်တစ်ခုကို ချလိုက်ပါတော့တယ်။ထိုဆုံးဖြတ်ချက်ကတော့ နောက်နောင် တန်ဆောင်မုန်းလပြည့်နေ့ည ဆိုတာရှိလာခဲ့မှာပါ။ထိုအချိန်ရောက်တိုင်း ယခုလို လုပ်ရပ်မျိုး မလုပ်တော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပာတော့တယ်။ကျွန်တော့်သူငယ်ချင်းတွေလည်း နောက်နောင် ယခုလိုမျိုးမလုပ်တော့ပါဘူးလို့ အဖေ့ကိုကတိပေးသွားကြပါတယ်။
ဟေ့ကောင် ငထွန်း ဟေ့ကောင် ငထွန်း ဘာတွေစဉ်းစား နေတာလဲကွ ကျွန်တော့်အတွေးစများ ရပ်သွားလေတော့သည်။ဘေးမှ သံချောင်းတို့အဖွဲ့ရောက်လာခဲ့ခြင်းဖြစ်သည်။သူတို့တွေလည်း အတိတ်က အကြောင်းများ သတိရလို့ထင်ပါတယ်။ကျွန်တော့်ဆီ ရောက်လာခြင်းဖြစ်မည်ထင်။ကျွန်တော်ကတော့ တန်ဆောင်လပြည့်ညရောက်တိုင်း အတိတ်ကအကြောင်း တွေးမိပြီး ခေါင်းထဲမှာ တဆစ်ဆစ်နာကျင်ဆဲ..။ ထို့ကြောင့်နောင်လာနောင်သားညီငယ်များလည်း ကျွန်တော်တို့ အဖြစ်လေးကို သင်ခန်းစာယူတတ်ကြပါစေ။ဆင်ခြင်တတ်ကြပါစေ။ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့ ကြယ်လေးတွေတောက်ပဆဲ လမင်းကြီးကလင်းထိန်ဆဲ...။
Written by @thihazaw(MSC.076)
Credit images-facebook search
အခိုးမတော်တစ်ချက်ပေါ့နော်
ဟုတ်ပါတယ်ဗျ
အဲဒီသူခိုး ခိုးကြတာ ဘယ်အချိန်ကတည်းက ဖြစ်လာတယ်မသိပါဘူး အစတုန်းကတော့အပျော်ရှာတာ အခုကတော့ တကယ်ဆော်တာ
ဟုတ်တယ်ဗျ အဟုတ်ဆော်နေကြတာ
Nice Story
Thank for post
Ok thank you
Very Good.
ကျေးဇူးပါ အကို