အားလပ်ရက် (၈)

in #myanmar6 years ago

မင်္ဂလာပါ Steemit မှ မိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလို့ လိုအင်ဆန္ဒများအားလုံးပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။

ကျွန်တော့ရဲ့ မပြီးပြတ်သေးသော အားလပ်ရက်များအကြောင်းကို ဆက်လက်တင်ပြပါရစေ။

ကျွန်တော်တို့နှစ်ယောက်သည် ဓါတ်ပုံများရိုက်ရင်း နောက်မှလိုက်လာမည့် အဖွဲ့သားများကို စောင့်ဆိုင်းနေကြပါတော့သည်။အဖွဲ့သားများလည်း လုပ်လက်စအလုပ်များမပြီးပြတ်သေးပုံရပါသည်။အခုထက်ထိကိုပြန်မလာကြသေးပါ။ကျွန်တော်တို့စောင့်ဆိုင်းနေခဲ့သည်မှာလည်း အချိန်အတော်လည်းရှိနေခဲ့ပါပြီ။

IMG_20180224_175141.jpg

စိတ်ထဲမှာလည်း ညနေမှောင်သွားမှာကို စိုးရိမ်ကာနေခဲ့ပါသည်။စိုးရိမ်တယ်ဆိုတာက ကျွန်တော်တို့ကဒီရေလမ်းခရီးကို ကျွမ်းကျွင်သူတွေလည်း မဟုတ်ပြန်။နေ့လည်နေ့ခင်းက ပြသနာမရှိ ၊ အခုလိုညမှောင်သွားရင် အပြန်လမ်းက စိုးရိမ်စရာအခြေအနေပါ။စိတ်ထဲမှာတော့ သူတို့တွေပြန်လာမည့်ဘက်ကို ကြည့်ရင်းမြန်မြန်ပြန်လာကြပါစေဟု ဆုတောင်းကာနေခဲ့ပါတော့သည်။ညနေစောင်းအချိန်ဖြစ်သောကြောင့်ထင်တယ် ၊ ရွာသူရွာသားများလည်း တစ်ယောက်မှမတွေ့ရတော့ပါ။ဆိပ်ကမ်းတွင် ကျွန်တော်တို့နှစ်ယောက်က ဘုတ်ကလေးပေါ်မှာထိုင်ရင်း ဆက်လက်မျှော်နေခဲ့ကြပါတော့သည်။
ထိုအချိန်တွင် လူတစ်စုကမ်းနားဘက်သို့ဦးတည်ကာ လာနေကြပါသည်။အဝေးကဆိုတော့ ကျွန်တော်တို့လူတွေဟု ထင်ထားခဲ့သော်လည်း နည်းနည်းလူရုပ်ကြည်လင်လာသောအခါ ကျွန်တော်တို့လူတွေမဟုတ်မှန်းသိလိုက်ရပါသည်။ဆိပ်ကမ်းဘက်သို့လာနေသည်က လူလေးဦးပါ။တိတိကျကျပြောရရင်တော့ အမျိုးသားလေးဦးပေါ့။ကျွန်တော်တို့လည်း ကိုယ့်လူတွေမဟုတ်တော့ စိတ်ဝင်စားမှုမရှိတော့ကာ ဒီအတိုင်းဘဲစကားပြောနေကြကာ ဆက်လက်စောင့်ဆိုင်းနေကြပါတော့တယ်။ထိုအမျိုးသားလေးဦးသည်လည်း ဆိပ်ကမ်းနားသို့ အချိန်တိုအတွင်းရောက်ရှိလာကာ စကားအနည်းငယ်ပြောနေကြတာတော့တွေ့ရပြန်တယ်။ခဏနေတော့ သူတို့လေးယောက်က ရေစပ်နားသို့ဆင်းလာကာ လောင်းကလေးတစ်စီးအား ရေပက်နေကြပါတော့သည်။လောင်းကလေးက ကမ်းနားမှာဆိုက်ကပ်ထားတာ အချိန်အတော်လေးရှိနေပုံရပါတယ်။ရေတွေဝင်ကာ ရေအပြည့်နဲ့ ကမ်းစပ်နားတွင် နစ်မြှပ်နေတော့တယ်။သူတို့ရေပက်ပြီး လောင်းကလေးတွင်ရှိနေသော အောက်ကရေ၀င်နေသော အပေါက်ကလေးအား ကမ်းစပ်ကရွှံ့တစ်ဆုပ်နဲ့ လိုက်လံဖာထေးမှုများပြုလုပ်ကြပါသည်။သူတို့လည်း စိတ်ချရတဲ့ အနေအထားဖြစ်သွားဟန်တူတယ်။သူတို့လေးယောက်လုံး ပျော်ပျော်ရွှင်ရွှင်ပင် လောင်းကလေးစီးကာ စတင်ထွက်ခွာကြပါတော့သည်။သူတို့ကတော့ အေးဆေးဆိုပေမယ့် ကျွန်တော်ကတော့ မြင်ရတာတောင်ကြက်သီးထတယ်။လောင်းကလေးက ရေပေါ်မှာ လက်လေးလုံးခန့်သာ ပေါ်နေတာလေ။သူတို့က စီးနေကျမို့လားတော့ မသိဘူး စိုးရိမ်စိတ်ကလေး တစ်စက်တစ်လေပင်မတွေ့ရပါဘူး။ကျွန်တော်တို့ကြည့်နေစဉ်မှာဘဲ သူတို့လေးယောက် လှေလှော်ကာ စတင်ထွက်ခွာသွားကြပါတော့တယ်။

IMG_20180224_175325.jpg

ကျွန်တော်တို့လည်း သူတို့ထွက်သွားရာဘက်ကို စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့ပါတော့တယ်။ညနေစောင်းချိန်မှာ သူတို့လှေကလေးက တဖြည်းဖြည်းနဲ့ ရွှေ့လျားနေပါတော့တယ်။အော် - သူတို့က ဟိုဘက်ကမ်းကို ကူးမည့်သူတွေကိုး။သူတို့ဒီလှေကလေးနဲ့ ကူးသွားပုံကတော့ ညနေဆည်းဆာရဲ့ အလင်းရောင်အောက်မှာ ကြည့်မ၀သော သဘာဝပန်းချီကားတစ်ခုလို့တော့ မှတ်ချက်ချမိပါသေးတယ်။

IMG_20180224_175404.jpg

နေမင်းကလည်း တောင်ကုန်းထိပ်နဲ့ ထိနေပြီ။အချိန်သိပ်မကြာခင်မှာတော့ တောင်ရဲ့နောက်ဘက်ကို ငုပ်လျှိုးကာ ကွယ်ပျောက်ပါတော့မည်။နေရောင်ခြည်မပျောက်ခင် နေမင်းကလည်း သူရဲ့အလှတရားများကို အစွမ်းကုန်ပြသနေလျှက်ရှိနေခဲ့ပါပြီ။နေမင်းရဲ့တောက်ပသော ရွှေဝါရောင်လေးများက လှချင်တိုင်းကိုလှနေကြပါတော့တယ်။ကျွန်တော်တို့လည်း နေမင်းရဲ့ အလှတရားများကို ငေးကြည့်နေစဉ် နေမင်းက ကျွန်တော်တို့ကိုကျီစယ်ကာ တောင်နောက်ဘက်သို့ပုန်းကွယ်သွားပါတော့သည်။တော်တော်စိတ်ပုပ်သော နေမင်းပါလား ၊ နောက်ထပ်အချိန်ခဏလေးထပ်စောင့်ပြီးမှ ပုန်းကွယ်တာမဟုတ်ဘူး။ချက်ချင်းပင်အပြေးအလွှားတောင်ကုန်းနောက်သို့ ပြေးဝင်သွားရက်တယ်။
IMG_20180224_175902.jpg
နေရောင်ပျောက်သွားပြီဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်ရိပ်များစတင်နေရာယူဖို့ တာစူလျက်ပေါ့။အဝေးက ပုံရိပ်တွေက ပိုပြီးေ၀၀ါးလာချိန်ဖြစ်နေပါတော့တယ်။
ဟော - ရွာစပ်နားက ဆိပ်ကမ်းဘက်သို့ လက်တစ်စုလာကြပြန်ပါပြီ။ကျွန်တော်တို့အဖွဲ့မှ လူများတော့မဟုတ်နိုင်ပါ။ကျွန်တော်တို့မှာ ပြန်လာမှာက လူ(၂)ယောက်ဘဲ ပြန်လာမှာပါ။အခုကလာနေကြသည်က စုစုပေါင်း(၆)ယောက်လောက်လာနေကြသည်ကို မြင်ရတော့ စိတ်မောရပြန်ပြီပေါ့။အို - ထိုလူအုပ်စုအနားရောက်မှ သေချာပြန်ကြည့်မိတယ်။ကျွန်တော်တို့ထင်မထားခဲ့သော ကျွန်တော်တို့လူတွေဘဲ။ညနေမှောင်နေပြီမို့ထင်တယ် ၊ ရွာထဲကလူငယ်လေးတွေက လိုက်ပို့ကြတာဘဲ။ထိုအထဲကမှ တစ်ယောက်က ကျွန်တော်တို့နဲ့အတူ မြို့ကိုလိုက်မည့်ပုံဘဲ။သူလည်း ကျွန်တော်တို့လူတွေနဲ့အတူ ဘုတ်ကလေးပေါ်တက်လာကာ နေရာယူလိုက်ပါတော့တယ်။ကျွန်တော်တို့လည်း အခုမှနည်းနည်းလေး စိတ်ကပျော်သွားတယ်။လူစုံပြီဆိုတော့ စတင်ထွက်ခွာဖို့ ပြင်ဆင်ကြပါတော့တယ်။နေရောင်ကတော့ ဘယ်ဆီဘယ်ဝယ်ကိုများ ရောက်သွားပြီလဲတော့မသိ ကျွန်တော်တို့ကတော့ တော်တော်ကိုမှောင်သွားပါပြီ။အပြန်လမ်းအတွက် မီးလည်းမပါတော့ လက်နှိပ်ဓါတ်မီးကလေး တစ်ခုကို အားကိုးကာ စတင်ထွက်ခွာကြပါတော့တယ်။
စက်လှေမောင်းနေသော အစ်ကိုက လမ်းမှာတွေ့လာနိုင်သော ငါးဖမ်းသမားများ၏ လောင်းလှေကလေးများ ၊ ငါးဖမ်းပိုက်များထောင်ထားသော ပိုက်တိုင်များကို ရှေ့မှနေပြီး သေချာလေးကြည့်ပေးဖို့မှာတယ်။ကျွန်တော်တို့လည်း အလင်းရောင်ကောင်းစွာမရရှိနိုင်တော့သောကြောင့် ရှေ့ကိုပိုမိုအာရုံစိုက်ကာ ခရီးဆက်လာကြပါတော့တယ်။တစ်ချို့သော ပိုက်တိုင်များကိုမူ အဝေးမှကြည့်လျှင် လုံးဝမမြင်ရတော့ဘဲ အနားရောက်ခါနီးမှ မြင်ရလေ့ရှိသောကြောင့် မြင်ကွင်းများကို ပိုမိုဂရုစိုက်ဖို့တော့လိုတာပေါ့။ညနေမှောင်နေပြီဆိုတော့ သစ်ပင်ရိပ်များကလည်း မှောင်မှောင်မည်းမည်းအရိပ်ကြီးသာဖြစ်နေခဲ့တော့တယ်။စက်လှေစီးရသည်ကတော့ မျက်နှာပေါ်လေတဖြူးဖြူးတိုက်ကာ အေးအေးလေးနဲ့ဆိုတော့ တော်တော်ကိုခံစားလို့ကောင်းတဲ့အရသာတစ်မျိုးနဲ့ပေါ့။လေတိုက်တဲ့အရှိန်လေးတွေနဲ့ဆိုတော့ အ၀တ်အစားတွေတောင် ဖလပ်ဖလပ်နဲ့။ကျွန်တော်တို့လည်း ခရီးဆက်လာလို့ သိပ်မကြာခင်မှာဘဲ ချောင်းတွင်းပိုင်းခရီးကို ကုန်ဆုံးခါနီးလေပြီ။ချောင်းတွင်းပိုင်းဆုံးခါနီး မြစ်ဝကိုလည်းမရောက်ခင် စက်လှေက ပိုပြီးမာန်ကြွလာပုံရတယ်။ကခုန်ပြီး တဒုန်းဒုန်းနဲ့ ပြေးလာတော့တယ်။ကျွန်တော်လည်း သူ့ရဲ့ ခုန်ပေါက်ပြေးလွှားမှုတွေကြောင့် စိုးရိမ်စိတ်တွေတော့စတင်ဝင်လာခဲ့ရပါပြီ။သူ့ရဲ့ ခုန်ပေါက်ပြေးလွှားမှုတွေကြောင့်ဘဲ ကျွန်တော်တို့သိပ်မကြာခင်အချိန်လေးအတွင်းမှာ မြစ်ဝအနီးလေးကို ၀င်ရောက်လာနိုင်ခဲ့ပါတယ်။ပတ်ဝန်းကျင်ကလည်း ရှေ့ကရေယာဉ်တွေလာရင်လည်း မမြင်ရ။ငါးဖမ်းစက်လှေကလေးများလာရင်လည်း မမြင်ရဆိုတော့ ကြောက်စိတ်ကနည်းနည်းဖြစ်ပေါ်လာခဲ့ပြီ။စက်လှေက မာန်ဟုန်ပြင်းပြင်းလေးဖြင့်ပြေးရင်းတစ်ချက်ချက် တုန်ခါလာတယ်။
ထိုသို့တုန်ခါမှုနဲ့အတူ ကျွန်တော်လည်း ပိုမိုကြောက်လာမိပြီ။မြစ်ကိုတောင်မရောက်သေးဘူး စက်လှေကဒီလောက်ဖြစ်နေရင် ရှေ့ဆက်ရမယ့်ခရီးက မလွယ်တော့ပြီ။သို့ပေမယ့် ခရီးကတော့ဆက်ဦးမှာဆိုတော့ လက်ရှိအချိန်မှာ အားကိုးမိသည်က ဘုရားမှလွှဲပြီး ဘာမှမရှိတော့။ဒီအချိန်မှ ဘုရား ၊ တရားကို ပိုမိုအားကိုးလာပြီ။စိတ်ထဲမှာရသမျှဘုရားစာတွေလည်း စတင်ရွတ်ဆိုမိပြီ။တစ်ချက်တစ်ချက်ပိုမိုကြမ်းလာသော လှိုင်းလုံးတွေကြား အားတင်းကာ ကျွန်တော်တို့ မြစ်ပြင်ကျယ်ကို စတင်ဖြတ်ကြပါတော့တယ်။မြစ်ပြင်ကိုစတင်ဝင်ပြီဆိုကတည်း စက်လှေကတစ်ချက်ချက် ဦးတည်ရာလမ်းကြောင်းတွေပါ လွဲချင်လာတယ်။ကျွန်တော်တို့အလာတုန်းက နည်းနည်းလှုပ်ရှားဟန်ပြနေခဲ့သော မြစ်ပြင်ကျယ်က ညအမှောင်ထဲမှာ မာန်ဟီကာပိုမိုစိတ်ဆိုးနေသယောင်။ခက်တော့ခက်ပါပြီကျွန်တော်တို့ ဟိုဘက်မှာတော့ မြို့ပေါ်ကိုလှမ်းမြင်နေရပြီ။သို့ပေမယ့် မြစ်ပြင်ကိုဖြတ်သန်းမည့်အချိန်က နည်းနည်းကြာနိုင်တယ်။လှိုင်းလုံးတွေကြား စက်လှေရဲ့ ခုန်ပေါက်ပြေးလွှားမှုက ပိုမိုကြမ်းတမ်းလာတယ်။ရှေ့မှာမြင်တွေ့ရတဲ့ မြင်ကွင်းများက ပိုမိုခြောက်ခြားစရာကောင်းလာပါတယ်။လှိုင်းလုံးတွေကို အသေအချာကြည့်မိမှ စက်လှေထက်တောင် လှိုင်းလုံးတွေက ပိုမိုကြီးလာသယောင်။စက်လှေမောင်းနေသော အစ်ကိုကလည်း အရင်ထက်ပိုမိုသတိထားကာ မောင်းနှင်နေပေမယ့် တစ်ချက်တစ်ချက်လမ်းကြောင်းပြောင်းဖို့ဘဲ ရည်ရွယ်နေသော စက်လှေကိုဂရုစိုက်ကာထိန်းနေရတော့တယ်။တစ်ချက်တစ်ချက်လှိုင်းရဲ့ ပြင်းထန်တဲ့ရိုက်အားကြောင့် စက်လှေပေါ်ကိုဝင်ရောက်ဖျန်းပက်နေသော ရေတွေကြောင့်တစ်ကိုယ်လုံးလည်း ရွှဲခါနီးနေပြီ။လှိုင်းလုံးရဲ့ရိုက်ချက်ဒါဏ်တွေကို အံတုကာခရီးဆက်နေပေမယ့် စိတ်ကတော့ ငိုများငိုရမလို။အခုမှ လိုက်လာမိသောကိုယ့်အဖြစ်ကို နောင်တကလည်းရမိနေပြီ။ရေလမ်းခရီးကိုသွားပြီး Lifejacket မယူလာမိသော အဖြစ်ကိုလည်း အပြစ်တင်မိပြီ။ထိုသို့အတွေးပေါင်းများစွာကို တွေးပြီးမြစ်ပြင်ကို မျက်လုံးတစ်ချက်ဝှေ့ကြည့်မိတဲ့အခါမှာတော့ ပြေးဝင်လာသောလှိုင်းလုံးက ကြောက်ခမန်းလိလိ။စက်လှေကလည်း ထိုလှိုင်းလုံးထိပ်ကို အရှိန်ဖြင့်ပြေးတက်ရင်းအံတုကာ ဖြတ်ကျော်ပြီး လှိုင်းအောက်ကိုပြန်ဆင်းချိန် တရစပ်ကပ်လိုက်လာသော နောက်ထပ်လှိုင်းတစ်လုံး။လုံးဝထင်မှတ်မထားသော အခြေအနေ လှိုင်းလုံးကိုစက်လှေငယ်တစ်ခါလုံးကို မြစ်အောက်သို့လိပ်ခေါက်ကာစတင်ယူဆောင်မည့် အခြေအနေ။ကျွန်တော်သတိထားမိသည်က လှိုင်းလုံးအောက်ကို စက်လှေဦးခေါင်းလည်း နစ်ဝင်သွားပြီ။
ထိုသို့နစ်ဝင်သွားချိန် ၀င်ရောက်လာသောမြစ်ရေတွေက ကျွန်တော်တို့ကို ဖြတ်ရိုက်ကာ စက်လှေအတွင်း အလုအယက်နေရာယူလျက်။စက်လှေမောင်းသောအစ်ကိုကလည်း ဘာမှမတတ်နိုင်တော့ဘဲ အရှိန်ကလေး ပြန်လျော့လိုက်ချိန် ကံကောင်းချင်တော့ စက်လှေကလေးက လှိုင်းကြားမှာ ဦးလေးတစ်ချက်မော့ရှာတယ်။ထိုသို့ဦးမော့လာချိန်နဲ့ စက်လှေပြေးချိန်က လှိုင်းတွေကြားက ကျွန်တော်တို့အတွက် ဘုရားပေးသော ကံကောင်းခြင်းရလဒ်တစ်ခု။ကြောက်စိတ်ကတော့ ငယ်ထိပ်မှာ ဗလောင်ဆူနေပြီ။လှိုင်းလုံးတွေကြား စက်လှေကို အရှိန်နည်းနည်းလျော့ကာ ပိုမိုသတိထားကာ ဖြည်းဖြည်းချင်းသာ မောင်းနှင်ကာခရီးဆက်လာကြတော့တယ်။အရှိန်လေးလျော့လိုက်သောကြောင့် လှိုင်းလုံးတွေရဲ့ကြားမှာ စက်လှေကလေးက လူးလိမ့်ကာဘဲခရီးဆက်နေကြတော့တယ်။ဒီလိုနဲ့လှိုင်းဒဏ်တွေကိုခံစားရင်း အချိန်သိပ်မကြာခင်မှာဘဲ ကျွန်တော်တို့ မြစ်ပြင်ကို ကျော်ဖြတ်ရတဲ့ အခက်အခဲတွေကြားက လွတ်မြောက်လာကြပါတော့တယ်။အခုတော့ မြို့ဘက်အခြမ်းကချောင်းတွင်းပိုင်းကို ကျွန်တော်ဝင်ရောက်ပြီဆိုတော့ စိုးရိမ်စိတ်တွေကလည်း ပျောက်သင့်သလောက်ပျောက်သွားခဲ့ရပါပြီ။ကျွန်တော်တို့လည်း ညမီးရဲ့အလင်းရောင်အောက်မှာ မြင်နေရသော မြို့ဆိပ်ကမ်းမြင်ကွင်းကြောင့် စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် စက်လှေကလေးကို သတ်မှတ်ထားနေသော နေရာတွင်ရပ်နားကာ ကမ်းပေါ်တက်ရောက်ကာ အိမ်ပြန်ခဲ့ကြပါတော့တယ်။
IMG_20180224_193558.jpg
ကျွန်တော့ရဲ့အားလပ်ရက်ခရီးစဉ်အကြောင်းကိုလည်း ဤရေလမ်းခရီးဖြင့်သာ အဆုံးသတ်လိုက်ပါရစေတော့ဟု တောင်းဆိုရင်း-

စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Photos : Images by me
Writter @theinzawlin
MSC - 128

Sort:  

အားလပ်ရက်ခရီးစဉ်အကြောင်းရေးထားတာတော်တော်လေးကိုစိတ်စင်စားပီးဖက်လို့ကောင်းပါတယ်ဒါပေမယ့်ပုံလေးတွေဒီထက်အရောင်တောက်ရင်ကာပိုပီးလှသွားမှာဗျ

ပုံလေးတွေ ကာလာမတောက်ခြင်းမှာ ဖုန်းကင်မရာကြောင့်ဖြစ်ပါတယ် ကိုသာအေး

ပုံလေးတွေ လှတယ်ရော နောက်ထက် ဘယ်တွေ ထက်သွားအုံးမလဲ မျှော်လင့်ရင်း စောင့်နေမယ်လေ တကယ်ရေးရင် ဖြစ်တယ်နော် ကိုသိန်း😁

နောက်ထပ်သွားစရာနေရာတွေ ထပ်စဉ်းစားရဦးမယ် မမရယ်

အားလပ်​ရက်​မဟုပ်​​ပေမဲ့
ရှေလထဲ အညာဖက်​ခရီးထွက်​မယ်​ဗျာ

ထွက်ဗျာ ကိုရှိုင်း စိတ်လန်းတယ်

အားတဲ့သူ လည်​ကြဗျာ...😁😁

အားတယ်လို့တော့ မဟုတ်ပါဘူးဗျာ ရုံးပိတ်ရက်တွေဆို ဒီလိုဘဲလျှောက်သွားတာပါဘဲ

အားလပ်​ရက်​ခရီးစဉ်​အ​ကြောင်း​ရေးထားတာဖတ်​လို့​ကောင်းပြီးပုံ​တွေလည်းကြည့်​ရလို့​ကောင်းပါတယ်​...

ကျေးဇူးပါ အစ်မ

ခရီးသွားမှတ်​တမ်း☺

ဒိုင်ယာရီတွေ မရေးဖြစ်တော့ ဒီမှာဘဲ လာချရေးရတာပါဗျာ

အားလပ်​ရက်​ ​လေး စိတ်​ချမ်းသာစရာ​ကောင်းလွန်းတယ်

အားလပ်ရက်တွေမှာ ဒီလိုလေးသွားနေရမှ စိတ်ကကြည်တယ် အစ်မရယ် မဟုတ်လို့ကတော့ တစ်နေကုန် ပျင်းနေမှာဗျ

အားလပ်ရက်ရှည်ဘယ်တော့များမှရမှာလဲ

မြန်မြန်ရရှိနိုင်ပါစေဗျာ အားလပ်ရက်လေးတွေ

ရေလမ်းခရီးကို စိုးရိမ်စိတ်လေးကလည်းရှိနေတော့ ရေးသွားတာ ကိုယ်ပါရေလမ်းခရီးကိုသွားနေရသလို ဖြစ်သွားတယ်ဗျာ။စိတ်ဝင်စားအောင်ရေးသွားတာ ချီးကျူးပါတယ်ခင်ဗျာ။

အစ်ကိုရယ် အဲနေ့က အပြန်လမ်းမှာတော်တော်ကြောက်သွားတယ်ဗျ

snapseed app သုံးပြီး ပုံ​လေး​တွေ ပြင်​လိုက်​ အစ်​ကို အရမ်းလှသွားမှာ..😉😉.။

ဟိ😁😁ဒါမျိုးဆို သူ သိပ်တတ်တာပါလားဟမ်..သူ့ဆီက သင် ကိုသိန်းရေ တကယ် snapseed နဲ့ သဘာဝပုံတွေ ပြင်လိုက်ရင် အရမ်းလှတယ်

snapseed app က ကျွန်တော့ဖုန်းမှာ သုံးမရဘူးဗျ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63036.79
ETH 3067.42
USDT 1.00
SBD 3.82