အားလပ်ရက်(၆)

in #myanmar7 years ago

မင်္ဂလာပါ ခင်ဗျာ- Steemit မှ ညီအစ်ကို မိတ်ဆွေမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်သွားရောက်လည်ပတ်ဖြစ်သော အားလပ်ရက်အကြောင်းကို ဆက်လက်ဖော်ပြပါဦးမည်။ဆက်လက်ဖတ်ရှုအားပေးကြပါဦးလို့ တောင်းဆိုပါရစေ။

ကျွန်တော်တို့ ရွာထဲတွင်မြင်ရသမျှမြင်ကွင်းများကို ဓါတ်ပုံရိုက်ပြီးနောက် ဘယ်ကိုစတင်သွားရောက်ကြည့်ရှုကြမလဲ တိုင်ပင်ကြပြန်တယ်။ကျွန်တော်ကတော့ ရွာတွေရဲ့သဘာဝအတိုင်း ရေခပ်နေကြသော မြင်ကွင်းများနှင့် ရေကန်များကို ကြည့်ရှုချင်စိတ်ကရှိလေတော့ ထိုနေရာများကို အရင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ထိုနေရာက ဘယ်အရပ်ဘက်တွင်ရှိနေသည်ကို သိရှိဖို့ အရင်လုပ်ဆောင်ရပေတော့မည်။ဒီလိုနဲ့ကျွန်တော်တို့လည်း ဘေးဘီဝဲယာကို ကြည့်ရှုလိုက်တော့ အမျိုးသမီးတစ်ယောက်အားတွေ့ရှိတော့တယ်။ထိုအမျိုးသမီးကတော့ ကျွန်တော်တို့နဲ့ မနီးမဝေးသော နေရာလမ်းကြားလေးမှ ထွက်ပေါ်လာခြင်းပါ။ထွက်ပေါ်လာတယ်ဆိုလို့ ဘွားခနဲပေါ်လာခြင်းမျိုးမဟုတ်ပါ။တော်ကြာနေ့ခင်းကြောင်တောင် သရဲခြောက်တယ်ထင်နေမှာစိုးလို့ မဆီမဆိုင်ဝင်ပြောလိုက်တာပါနော်။ထိုအမျိုးသမီးက ကျွန်တော်တို့သတိမထားမိသော ရှေ့နားလေးကဈေးဆိုင်သို့ ဈေးလာဝယ်ခြင်းဖြစ်ဟန်တူပါတယ်။သူ့ရှေ့ကနေပြီး လာရောက်မေးနေသော ကျွန်တော်တို့ကိုလည်း ဘာလဲဆိုတဲ့သဘောနဲ့။သူ့ကို လာနောက်နေကြတယ်ထင်ပြီး သိပ်ဖြေချင်ပုံမရ။အော် ကျွန်တော်သဘောပေါက်ပါပြီ သူကရှက်နေတာဘဲဖြစ်မှာပါ။ရွာထဲမှာလည်း တစ်ခါမတွေ့ဖူးတော့ သူစိမ်းများဆိုတာကိုတော့ သူလည်းချက်ချင်းသိနေတာပေါ့။ဘာဘဲဖြစ်ဖြစ် သူ့ကိုဘဲ ကျွန်တော်တို့က မေးရပါတော့မယ်။လောလောဆယ် အနီးဆုံးမှာရှိနေတာက သူတစ်ယောက်ဘဲကို။ရွာသူရွာသားတွေ အသုံးပြုကြတဲ့ ကန်(ရေကန်)က ဘယ်နားမှာလဲပေါ့။အမယ်အခုမှသေချာကြည့်မိတယ် အမျိုးသမီးလေးက ချောချောလေးရယ်ဘဲ။သူကတော့ အခုမှ သူ့ကိုလာပြီးစနောက်နေကြတာမဟုတ်ဆိုတာ သိသွားပုံရပါတယ်။ကန်ရှိသောနေရာလေးကိုလည်း ကောင်းကောင်းမွန်မွန်းလေး လမ်းညွှန်ပေးခဲ့ပါတော့တယ်။ကျွန်တော်တို့လည်း သူ့ကိုကျေးဇူးတင်ကြောင်းပြောပြီး ကန်ရှိရာသို့ ထွက်ခွာလာကြပါတော့တယ်။
IMG_20180224_154202.jpg
ကန်ကို မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်တော်မြင်ချင်ကြည့်ချင်လှသော မြင်ကွင်းများကို အရင်ရှာပြန်တော့တယ်။ကန်ရဲ့ဘေးနားတစ်ဖက်တွင် အုန်းပင်နဲ့ကွမ်းသီးပင်လေးများက စီစီရီရီ ၊ ငှက်ပျောပင်လေးများကလည်းရှိနေပြန်တော့ ကြည့်ရတာအရမ်းအေးချမ်းသော မြင်ကွင်းလေးတစ်ခုပေါ့။ထပ်ကြည့်လိုက်ပြန်တော့ ကလေးမလေးနှစ်ယောက်ကို ရေအိုးကိုယ်စီဖြင့် ရေခပ်နေကြပုံတို့ကို ထပ်မံတွေ့ရပြန်တယ်။ကန်ရေရဲ့အခြားတစ်ဖက်တွင်လည်း ရေချိုးရန် ပြင်ဆင်နေသော အမျိုးသမီးကြီးတစ်ဦးနှင့် ရေသယ်ရန်ပြင်ဆင်နေသော အမျိုးသားတစ်ဦးတို့ကို တွေ့ရပြန်ပါတယ်။အခြားတစ်ဘက်တွင်တော့ ကန်ဘောင်ဘေးတွင်နွားများကိုလည်း ထပ်မံတွေ့ရှိရပါတယ်။
IMG_20180224_154217.jpg
အမျိုးသမီးကြီးနှင့် နွားတို့ကိုတွေ့ရှိရခြင်းကြောင့် ထိုရေကန်သည် သုံးရေအတွက်သာဖြစ်ပြီး သောက်သုံးရေအတွက်မဖြစ်နိုင်ဆိုတာကို နည်းနည်းခန့်မှန်းကြည့်မိပါသည်။ဘာကြောင့်လဲဆိုသော တစ်ချို့ကျေးရွာများတွင် ရေကန်များကို ခြံစည်းရိုးများကာရံထားကြပါတယ်။တရိစ္ဆာန်များဝင်ရောက်မလာနိုင်အောင် တားမြစ်ထားကြလေ့ရှိပြီး ၊ ရေချိုးဖို့အတွက်လည်း သီးသန့်ကန်များထားလေ့ရှိကြ့ပါသည်။ဒီရွာတွင်တော့ ကန်အနီးအနားဝန်းကျင်တွင် နွားကိုမြင်တွေ့ရပုံထောက်လျှင် သောက်သုံးရေအတွက်ဖြစ်ပါလိမ့်မည်။နောက်တစ်ခုအမျိုးသမီးက ရေဆင်းခပ်ပုံမှာ ထမီရင်လျားပြီးဆင်းလာခဲ့ပါသည်။ထိုမြင်ကွင်းကြောင့်ထိုအမျိုးသမီးသည် ရေကန်နားအနီးတစ်ဝိုက်တွင် ရေပုံးလေးဖြင့်ရေကိုခပ်ကို ချိုးဟန်ပုံပေါ်ပါသည်။မြို့နဲ့ကျေးလက်တို့ရဲ့သဘာဝတွေက အတော်ကိုကွာခြားနေခဲ့ပါတယ်။မြို့ပေါ်များတွင်တော့ လူမြင်ကွင်းများတွင် ရေချိုးကြသည်များမှာ အမျိုးသားများသာ ချိုးလေ့ရှိကြပါတယ်။ပင်လယ်ကမ်းခြေများတွင် ရေဆင်းကူးကြသူများကိုတော့ မဆိုလိုပါ။ကျေးလက်တွေမှာတော့ သူတို့ရဲ့ဖြူစင်ရိုးသားသော စိတ်ကလေးများကြောင့် အခုလိုမျိုးရိုးသားစွာ ပြုမူကျင့်ကြံနေထိုင်ကြပုံရပါတယ်။မြို့ပေါ်များမှာဆိုလျှင်ဖြင့် အခုလိုမျိုးလူမြင်ကွင်းများတွင်သာ ရေချိုးကြမည်ဆိုလျှင်တော့ အွန်လိုင်းပေါ်တွင် ပလူပျံနေတော့မည်မှာ မလွဲဧကန်ဖြစ်ပါလိမ့်မည်။အခုတော့ သူတို့ရဲ့ ဓလေ့တစ်ခုအရ အေးဆေးစွာပင်ဖြစ်နေကြပါတော့တယ်။
ကျွန်တော်တို့လည်း ကျွန်တော်တို့ထင်မြင်ချက်များကို ပြောကြားကြပြီးနောက် ထိုရေကန်မှပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။ထင်မြင်ချက်များကို ပြောခြင်းမှာလည်း ကျွန်တော်တို့နှစ်ယောက်တည်းသာ ပြောမိကြခြင်းပါ။
IMG_20180224_154458.jpg
ထိုမှတစ်ဆင့် ထွက်ခွာလာပြီးနောက် ရွာ၏ကျက်သရေဆောင် ကွမ်းချောင်းဘုန်းတော်ကြီးကျောင်းသို့ ထပ်မံသွားရောက်ခဲ့ကြပြန်ပါတယ်။ပထမဦးဆုံးမြင်ရသည်ကတော့ အလှူရှင်အမည်နှင့် ရွာကျောင်းနာမည်က မုခ်ဦးတွင်ထင်ရှားစွာပေါ့။ရွာကျောင်းရဲ့အမည်နာမကတော့ ရွှေရောင်တ၀င်းတ၀င်းနဲ့ဆိုကြပါတော့။
IMG_20180224_154510.jpg
ထိုမုခ်ဦးမှတဆင့် စောင်းတန်းအတိုင်းကျွန်တော်တို့နှစ်ယောက်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ၀င်ရောက်ခဲ့ကြပြန်ပါတယ်။ဘုန်းတော်ကြီးကျောင်းကတော့ သူတို့ရွာအနေအထားနဲ့ အတော်လေးကို တင့်တယ်လှတယ်ဟုလည်း ခံစားမိပြန်တယ်။
IMG_20180224_154624.jpg
ကျောင်းရဲ့မျက်စောင်းထိုးလေး ကုန်းကလေးပေါ်မှာတော့ အလွန်တင့်တယ် သပ္ပာယ်လှသော စေတီငယ်တစ်ဆူအား ဖူးတွေ့ရပြန်ပါတယ်။စေတီငယ်က အောက်ရစ်များကို ပန်းရောင်ဆေးများခြယ်သထားပြီး စေတီကိုယ်ထည်ကိုတော့ ရွှေသင်္ကန်းများကပ်လှူပူဇော်ထားကြသဖြင့် ကြည်ညိုဖွယ်ကောင်းလှပါပေတယ်။
IMG_20180224_154657.jpg
စေတီနဲ့ မလှမ်းမကမ်းတွင်တော့ ဘုရားကျောင်းဆောင်တစ်ခု ရှိနေခဲ့ပါတယ်။ဘုရားကျောင်းဆောင်ရဲ့ ရှေ့မျက်နှာကိုတော့ သံဖြူများဖြင့် ကာရံထားပြီး လူတစ်ကိုယ်စာသာ အ၀င်ပေါက်တစ်ခုသာ ပြုလုပ်ထားသည်ကိုတွေ့ရှိခဲ့ပါတယ်။ထိုသို့ဘာကြောင့်ကာရံထားသလဲဆိုသော အတွေးကိုက အထဲမှာ ဘုရားရှိမယ်ဆိုတာ သိသော်လည်း ပိုမိုဖူးမြော်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။
IMG_20180224_154714.jpg
အနီးကိုသွားပြီး အထဲကိုကြည့်လိုက်မှ ဘုရားတစ်ဆူပူဇော်ထားသည်ကို ဖူးမြော်ရခဲ့ပြန်ပါတယ်။ထိုတောင်ကုန်းလေးပေါ်က ကြည့်လျှင်တော့ ဘေးဝန်းကျင်တောင်အောက်တွင် အိမ်ခြေလေးများကို အစီအရီလေးတွေ့ရပြန်တော့ ရှုခင်းလေးက တစ်မျိုးလေးစိတ်ဝင်စားမှုပေးနေခဲ့ပါတယ်။ထိုမြင်ကွင်းများကို ခေတ္တငေးကြည့်ကာ ဈာန်ဝင်စားမှုကိုရပ်တန့်ပြီး ဘုန်းကြီးကျောင်းသို့ ပြန်လည်ဆင်းလျှောက်လာခဲ့ပြန်တယ်။

IMG_20180224_154835.jpgဘုန်းကြီးကျောင်းရှေ့တွင်တော့ ရွာသူရွာသားများ ရေခပ်ပြီး ပြန်လာပုံများကို ထပ်မံတွေ့ရှိရပြန်ပါတယ်။အော် အခုမှဘဲ နည်းနည်းသဘောပေါက်ပါပြီ။ကျွန်တော်တို့ ပထမဦးဆုံးတွေ့ခဲ့ရသော ကန်က သုံးရေဆိုလျှင် ယခုလာရောက်ခပ်ယူနေကြသောကန်မှာ သောက်ရေကန်ဖြစ်လိမ့်မည်။ကျွန်တော်လည်း ရေကန်တွေဆို စိတ်ဝင်စားလာပြန်တယ်။ကြည့်ချင်မြင်ချင်စိတ်များက ဘယ်လိုမှ ထိန်းမရနိုင်တော့ သွားကြည့်ခဲ့ကြပြန်ပါပြီ။အိုး- အခုတစ်ခေါက်ရေကန်ကတော့ ကြည်စိမ်းနေပြီး အရင်ကန်ထက် ပိုမိုအေးချမ်းမှုကို ပေးနေပြန်ပါပြီ။

IMG_20180224_154947.jpgကန်ရဲ့အနေအထားက တောင်ခြေတစ်ဘက်ကို အမာခံထားကာ ဘေးပတ်ပတ်လည် ဆယ်ယူဖို့ကာ ပြုလုပ်ထားပုံရပါသည်။ညနေစောင်းအချိန်မှ ထင်ရိပ်နေသော ရေပြင်ပေါ်မှ သစ်ပင်ရိပ်များက ပန်းချီကားတစ်ချပ်လိုဖြစ်နေခဲ့ပြန်ပါတယ်။
IMG_20180224_155008.jpg
ကန်ပေါ်ကို မိုးနေသော အုန်းပင်များမှာလည်း ကန်နဲ့လိုက်ဖက်လွန်းနေခဲ့ပါတော့တယ်။တော်တော်ကိုအေးချမ်းတဲ့ မြင်ကွင်းလေးတွေကြောင့် ခဏလေးတော့ ငေးကြည့်ခဲ့ပြန်ပါတယ်။ကျွန်တော်တို့ရှေ့ရဲ့ ဟိုဘက်နားလေးမှာတော့ ရေခပ်နေသူတစ်ဦးကို ထပ်မံတွေ့ရှိပြန်တော့ ကျွန်တော့ရဲ့အကြံအရ ဓါတ်ပုံရိုက်ခဲ့ပြန်တာပေါ့။ဖြစ်နိုင်ရင်တော့ ဒီရွာလေးမှာ တစ်ညလောက်တော့အနားယူကာ အေးဆေးလေးတော့ လည်ပတ်ချင်ပါသေးတယ်။ရွာထဲမှာအိပ်ဖြစ်ရင်တော့ ဒီထက်မက သူတို့ရဲ့ ဓလေ့စရိုက်များကို ပိုမိုလေ့လာခွင့်ရခဲ့လိမ့်မယ်။သို့ပေမယ့်လည်းကျွန်တော်တို့က ရက်ချင်းပြန်လာခဲ့တာဆိုတော့ ရသမျှအချိန်လေးမှာ မြင်သလောက်လေးကိုဘဲ လေ့လာခွင့်ရခဲ့တာပေါ့ဗျာ။ကျွန်တော်တို့လည်း မြင်သလောက်လေးများကိုကြည့်ပြီး မြန်မြန်ပြန်ဖို့ပြင်ဆင်ရပြန်တော့တယ်။အခုပြန်မယ့်ခရီးစဉ်လေးမှာ ကျွန်တော်တို့က အရင်နားခဲ့သော တဲသို့ ဆိုင်ကယ်နဲ့ပြန်ပြီး ကျန်ရှိနေသောဆိပ်ကမ်းခရီးကိုတော့ လမ်းလျှောက်ပြန်ရဦးမယ်။လမ်းလျှောက်ရမယ့်အချိန်ကတော့ အနည်းဆုံး(၄၅)မိနစ်ခန့်ကြာဦးမှာဖြစ်သည့်အတွက် ကျွန်တော်တို့ညနေမမှောင်ခင် ဆိပ်ကမ်းရှိသောရွာလေးကိုတော့ အချိန်မှီရောက်မှဖြစ်လိမ့်မည်။ထို့ကြောင့်ကျွန်တော်လည်း အပြန်ခရီးအတွက် ဆက်လျှောက်ရဦးမယ်ဆိုတော့ နောက်ထပ်တွေ့ရှိမည့် တောတောင်မြင်ကွင်းများကို ထပ်မံဝေမမျှပါဦးမည်။
အခုတော့ ခေတ္တနိဂုံးချုပ်ပါရစေဦးဗျာ။
စာဖတ်သူပရိသတ်များအားလုံး ကျန်းမာချမ်းသာလို့ လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်းရင်း-

Photos:Images by me
Writter @theinzawlin
MSC - 128

Sort:  

အပိုင်းလေးနဲ့ဖတ်ရတာ အရမ်းကြိုက်တယ်။ပုံလေးတွေနဲ့ဝေဝေဆာဆာထည့်ထားတာ ကောင်းတယ်ကွယ်

အခုလိုမျိုးအားပေးတဲ့အတွက် ကျေးဇူးပါဗျ

ရေကန်လေးနဲ့ အုန်းပင်လေးနဲ့ ..
ပနံရ တယ်နော် .. သာယာတယ် ..

ဟုတ်တယ် အန်တီရယ် ကျွန်တော်တော့ တော်တော်သဘောကျတယ်

ကောင်းတယ်​ဗျာ
အားလပ်​ရက်​က​လေးစိတ်​ချမ်းသာကို​ယ်​ချမ်းသာ

အားလပ်ရက်တွေမှာ အတတ်နိုင်ဆုံးတော့ ရှာကြံသွားနေတာပါဘဲ အစ်ကိုရယ်

သာယာပါပေ့ ကိုသိန်းရေ..မမလဲ ရေဆို သဘောကျတယ့ရယ်😁

သ​ဘောကျရုံဘဲလား..မမ။ရေမြင်​ရင်​ ဆင်းကူးမယ်​ပုံ..ခ်​ခ်​။

ဝက် ၀င်စားတာလေ အရင်ဘ၀က ဟိဟိ
ပြေးဘီ

အမ်😖😖နိတို့နျောက်တော့ နာပီမတ်😠😠

ဝေဝေဆာဆာကို နောက်နေကြပါလားဗျာ

အကယ်၍ နွေတွင်းဆိုရင် သူတို့ဆီကရေကန်တွေ ခမ်းမယ်ထင်တယ်

ဟုတ်တယ်ဗျ ရေရှားဖို့ဘက်ကိုများတယ်ဗျ

မရောက်ဖူးတဲ့ နေရာတွေ ရောက်ရလို့ ကျေးဇူးပါ

ဟုတ်ကဲ့နောက်လည်း အများကြီးလိုက်ပို့ပေးပါဦးမယ်ဗျ

တောရဲ့သဘာဝ အလှလေးတွေ တစ်ခုချင်းစီ ဖော်ပြပေးထားတာ အရမ်းကောင်းပါတယ်။ရေကန်နေရာလေးကအလှဆုံးဖြစ်မယ်ထင်တယ်။

ဟုတ်ပါတယ် အစ်ကိုရယ် အဲနေရာတွေက အရိပ်လည်းရတယ်ဗျ အေးနေတာဘဲ

အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့ ……

အငြိမ်းချမ်းဆုံးနေရာကတော့ တောတောင်တွေဘဲရှိမှာပေါ့ဗျ

သာယာလိုက်​တာ...​ရေကန်​နှင့်​သစ်​ပင်​​တွေနှင့်​......

အစ်မရယ် အေးချမ်းတယ်ဗျ အဲနေရာလေးတွေက

သာယာလိုက်တာနော်။ပုံလေးတွေကလည်း အလန်းလေးတွေဘဲ

နောက်လာမည့် ပို့စ်တွေမှာ ဒီထက်ပိုလန်းမယ်ထင်ပါတယ်ဗျ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63177.41
ETH 2439.37
USDT 1.00
SBD 2.58