အားလပ်ရက်(၄)

in #myanmar6 years ago (edited)

မင်္ဂလာပါ Steemit မှ ညီအစ်ကိုမောင်နှမများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
++++++++++++++++++++++++++++++++++++++++++
ကျွန်တော်တို့လည်း ချောင်းတွင်းပိုင်းကို ရောက်သွားသဖြင့် စိတ်ကလည်း နည်းနည်းပူပင်မှုတွေလျော့သွားကာ ခရီးဆက်လာခဲ့ကြရာ ဆိပ်ကမ်းလေးများကို စတင်မြင်ရပါတော့တယ်။ရေပြင်မှာလည်း လှိုင်းကြက်ခွပ်ကလေးများသာ ရှိတော့သဖြင့် အရှိုန်နှုန်းကလည်း နည်းနည်းလေးထပ်တိုးကာ ခရီးဆက်လာခဲ့ကြပါတယ်။အခုလိုမျိုးချောင်းတွင်းပိုင်းကိုရောက်တော့ Speed Boat ကလည်း လူးလိမ့်ခြင်းမရှိတော့တဲ့အခါ ကျွန်တော်လည်း ဖုန်းကလေးပြန်လည်ထုတ်ယူကာ ဓါတ်ပုံရိုက်နေခဲ့ပါတော့တယ်။
image
စစချင်းမြင်တွေ့ရတဲ့ ဆိပ်ကမ်းလေးကို ကျွန်တော်စတင်မြင်ရချိန်မှာ ရိုးရှင်းတဲ့သဘာဝမြင်ကွင်းလေးတစ်ခုလိုမြင်မိတော့ သဘောတွေကျနေခဲ့တာပေါ့။မြို့ရဲ့အရိပ်အာဝါသတွေ လွှမ်းခြုံမှုတွေမရှိတဲ့ ဒီလိုမျိုးမြင်ကွင်းတွေကို မြင်ရတော့စိတ်ထဲအေးချမ်းကာ ပျော်နေခဲ့တာတော့အမှန်ပါဘဲ။တရိပ်ရိပ်ပြေးနေတဲ့ သစ်ပင်တွေကလည်း ကျွန်တော်တို့ကို လှမ်းကြည့်ပြီးကြိုဆိုနေသလားလို့တောင် စိတ်ထဲထင်မိပါတယ်။အဲလိုမျိုးလေး ကြိုဆိုနေတယ်လို့ စိတ်ထဲမြင်ယောင်ချိန်မှာတော့ သဘာဝကပေးတဲ့နွေးထွေးမှုတွေက ရင်ထဲကိုအလိုလိုဝင်ရောက်လာခဲ့ပါတယ်။စိတ်ထဲမှာလည်း အူးမြူးကာရွှင်လန်းနေပါတော့တယ်။တရိပ်ရိပ်ဖြင့်ကျန်ကာနေခဲ့သော သစ်ပင်လေးများရဲ့မြင်ကွင်းက ပန်းချီဆရာတစ်ယောက်ကများ စုတ်တံကြီးဖြင့် ရေးဆွဲခြယ်သထားသလို။သစ်ပင်တွေရဲ့အရောင်အသွေးတွေကလည်း စိမ်းဝါလေးတွေဆိုတော့ ကြည့်ပြီးရင်းကြည့်ချင်ရင်း ဖြစ်နေခဲ့ရတာပေါ့။
image
ချောင်းထဲတွင်တော့ ၀မ်းစာအတွက် ရုန်းကန်လှုပ်ရှား ငါးဖမ်းနေကြသော ဒေသခံအချို့ကို စက်လှေကလေးများဖြင့် မြင်ရသည်မှာ ကြည့်မ၀သော သဘာဝပန်းချီကားချပ်လေးတွေပေါ့ဗျာ။ကျွန်တော်တို့နောက်ထပ် (၁၅)မိနစ်ခန့် ဆက်လက်စီးနင်းလာခဲ့ရာ ဆိုက်ကပ်ရမည့်ဆိပ်ကမ်းကလေးနားသို့ ရောက်ရှိလာပါတော့တယ်။
image
ဆိပ်ကမ်းကို တက်တက်ချင်း စတင်မြင်တွေ့ရသည်မှာ ဘုတ်ပေါ်မှ ကျောက်စရစ်အိတ်များကို ကမ်းပေါ်သို့ ပြောင်းရွှေ့နေကြသော ဒေသခံနေ့စားအလုပ်သမားများကို အရင်တွေ့ရှိရပါတော့တယ်။သူတို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြသည်မှာ ပင်ပန်းသော်လည်း သူတို့သဘာဝနဲ့သူတို့ ပျော်ရွှင်နေကြပုံပါဘဲဗျာ။ကျွန်တော်တို့လည်း စက်လှေဆိုက်ကပ်ဖို့ နေရာရွေးကာ ဒီရေပြန်ကျမည့်အချိန်ကို ထိုအလုပ်သမားများအားမေးမြန်းကာ ကမ်းပေါ်သို့တက်ရောက်လာခဲ့ကြပါတော့တယ်။ဒီရေတက်မည့်အချိန်ကို မေးတယ်ဆိုတာက အကယ်၍များကျွန်တော်တို့ပြန်လာချိန်တွင် ဒီရေကျသွားခဲ့လျှင် ကျွန်တော်တို့ထိုရွာတွင် တစ်ညအိပ်စက်ရပါလိမ့်မယ်။ကျွန်တော်တို့က ညမအိပ်ချင် ၊ အချိန်မှီအိမ်ကိုပြန်ချင်တာပေါ့။အလုပ်သမားတွေကတော့ ပြောကြပါတယ် ၊ စိတ်ချပါ ဒီရေက ညနေ (၇)နာရီဝန်းကျင်လောက်မှ ကျလိမ့်မယ် ၊ အေးဆေးသွားကြပါ မစိုးရိမ်ပါနဲ့တဲ့။ကျွန်တော်တို့လည်း သူတို့ပြောစကားကြားရတော့ ၀မ်းသာအားရနဲ့ ခရီးဆက်ဖို့ပြင်ကြပါတော့တယ်။ကျွန်တော်တို့က စက်လှေကို ဒီမှာထားခဲ့ပြီး နောက်တစ်ရွာကို ဆက်သွားရဦးမှာဗျ။ကျွန်တော်တို့လည်း ဘုတ်ဆိပ်ကနေပြီး မြေသားလမ်းအတိုင်း လမ်းလျှောက်ပြီး ထွက်ခွာခဲ့ကြပါတော့တယ်။ကျွန်တော်တို့ လမ်းလျှောက်ပြီးခဏလေးမှာဘဲ ကလေးငယ် (၃)ယောက် လမ်းလျှောက်လာတာတွေ့ရပါတော့တယ်။
image
သူတို့လေးတွေကို ကြည့်ရတာ နေပူပူမှာ ဦးထုပ်မပါဘဲ သွားလာနေကြသည်မှာ တစ်မျိုးလေးဗျ။တစ်ယောက်ဆိုလျှင် ဖိနပ်တောင်မပါဘူးဗျ ၊ တော်တော်နေသားကျနေပြီတူတယ်။ဒီလောက်ပူတဲ့နေရောင်အောက်မှာ ဦးထုပ်မပါ ၊ ဖိနပ်မပါဘဲ သူတို့မို့သွားလာနိုင်ကြတာ။သူတို့သူငယ်ချင်းက (၃) ယောက်က တစ်ယောက်ကိုတစ်ယောက် တော်တော်ချစ်ကြပုံပါဘဲ။တစ်ယောက်နဲ့တစ်ယောက် လက်ကလေးတွေချိတ်လို့ ၊ နောက်တစ်ယောက်က နောက်တစ်ယောက်ကို ပခုံးလေးဖက်ပြီး လမ်းလျှောက်နေကြပုံမှာ ကျွန်တော်တို့အတွက်တော့ တော်တော်ကိုအံ့သြခဲ့ရပါတယ်။သူတို့ကိုကြည့်ပြီး ကျွန်တော်ပူလွန်းလို့ပါ။သူတို့အတွက်တော့ ဒါတွေက နေ့စဉ်ဖြတ်သန်းနေကြဆိုတော့ အေးဆေးပေါ့။ဒါတွေကလည်း ကျေးလက်ဒေသတွေရဲ့ ပုံရိပ်တစ်ခုလို့ဘဲ ပြောရမှာပေါ့ဗျ။ကျွန်တော်တို့လည်း ဆက်လျှောက်လာခဲ့ရာ အဆောက်အဦးများကို စတင်မြင်ရပါတော့တယ်။ကျွန်တော်ကလိုက်သာလိုက်လာခဲ့တာ အခုရောက်နေတာ ဘယ်ရွာဆိုတာကို ကျွန်တော် မသိဘူးဗျ။ရွာအ၀င်ဘုတ်ဆိပ်မှာလည်း ဆိုင်းဘုတ်လေးတစ်ခုတစ်လေမျှမတွေ့ခဲ့တော့ ပိုဆိုးတာပေါ့။ကျွန်တော်လည်း ရွာနာမည်ကို တော်တော်သိချင်လာခဲ့ပါပြီ။ကျွန်တော်လည်း သိချင်ဇောဖြင့် ဘယ်ပတ်ဝန်းကျင်မှာများတွေ့မလားလို့ ကြည့်မိပြန်တော့လည်း မတွေ့ပြန်ဘူး။ကျွန်တော်တွေ့မြင်ရသည်က ဒီရေတက်ချိန်က ကျွင်းကျန်ခဲ့သော ဆားငံငွေ့များကြောင့် နီကျင်နေသောမြေသားများနဲ့ မှိုဟင်းပုတ်လေးများသာ တွေ့ခဲ့ရပါတော့တယ်။ကျွန်တော်လည်း အားမလျော့သေးပါ ဆက်လက်ရှာဖွေရင်းလမ်းလျှောက်လာခဲ့ရာ ဆောက်လက်စ အဆောက်အဦးလေးများကို တွေ့ရပြန်တယ်။အဆောက်အဦးတွေက နည်းနည်းတော့ကြီးတယ်ဗျ။ဘာများလဲဟု ကျွန်တော်စိတ်ဝင်စားသွားပြန်ရော ၊ ဟောတွေ့ပါပြီ။
image
ကျွန်တော်သိချင်လာပါသည်ဆိုသော ရွာနာမည်ပါသောဆိုင်ဘုတ်အသစ်ခု။လုပ်ထားတာတောင် မကြာသေးပါဘူး။ဖတ်ကြည့်လိုက်တော့ တိုက်နယ်ဆေးရုံ ၊ မင်းဂံကျေးရွာဆိုတော့ ၊ အော် ဒါက မင်းဂံရွာကိုး။ဆေးရုံဝင်းထဲ ကြည့်လိုက်ပြန်တော့ ဆောက်လုပ်ရေးများလုပ်နေကြသော အလုပ်သမားများကိုထပ်မံတွေ့ရပါတော့တယ်။ကျွန်တော်စဉ်းစားလိုက်ပြန်ပြီ စောစောကတွေ့ခဲ့သော ကျောက်စရစ်ပြောင်းနေသူများသည် ဒီအဆောက်အဦးပြုလုပ်ဖို့အတွက် ပြောင်းရွှေ့နေကြခြင်းကိုး။ကျွန်တော်ကတော့ တွေ့သမျှကို ဓါတ်ပုံရိုက်ကာ Steemit မှ မိတ်ဆွေများကို ချပြဖို့ဘဲ အာရုံကပ်နေခဲ့ပါတော့တယ်။ကျွန်တော်တို့ နည်းနည်းလေးထပ်လျှောက်လာတော့ ရွာထဲကိုစ၀င်မိပါတော့တယ်။
image
ရွာထဲရောက်သည်နဲ့ ကျွန်တော့စိတ်ကို ဖမ်းစားလိုက်တာက လမ်းမီးတိုင်ဗျ။ဟောဗျာ ဒီရွာမှာလမ်းမီးတိုင်ရှိတယ် ၊ အံ့သြမိတယ်ဗျ။ကားလမ်းနံဘေးက ရွာတွေတောင် လျှပ်စစ်မီးမရသေးသောရွာတွေအများကြီး။ဒီမှာလမ်းမီးတိုင်ရှိတယ်ဆိုတော့ ပိုစိတ်ဝင်စားသွားတာပေါ့။လမ်းမီးတိုင်ကို အသေအချာကြည့်မိလိုက်တော့ ဆိုလာစနစ်နဲ့လုပ်ထားတဲ့ လမ်းမီးတိုင်ဗျ။အော် ကျွန်တော်ဒီလိုမျိုးစနစ်နဲ့လမ်းမီးတိုင်ကို ဒါပထမဆုံးအကြိမ်တွေ့ဖူးတာဗျ။ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်တစ်ခါမှဒီလိုလမ်းမီးတိုင်မျိုးကို မတွေ့မြင်ခဲ့ဖူးဘူးပါဘူး။ဆက်လျှောက်လာတော့ ရွာသူရွာသားများလှန်းထားသော စပါးနဲ့ ငရုပ်သီးများကို ထပ်တွေ့ပြန်ပါတယ်။မြို့ပေါ်မှာတော့ ဒါမျိုးတွေမမြင်ရဘူးပေါ့။ဒါတွေကို ကျေးရွာတွေမှာသာ မြင်တွေ့ရတဲ့အရာတွေထင်တယ်ဗျ။ကျွန်တော်တို့လည်း ရွာထဲကို ရောက်သည်နှင့် ခေတ္တခဏနားပြီး လဘက်ရည်ဆိုင်ဝင်ထိုင်ကြပြန်တယ်။လဘက်ရည်ဆိုင်မှာတော့ မြို့တွေမှာလိုစားပွဲထိုးများနဲ့ မှာသောက်ရခြင်းမျိုးမဟုတ်ပါ။ဓါတ်ဗူးထဲတွင် ရေနွေးထည့်ထားပြီး ကော်ဖီမစ်ထုပ်လေးများကို ခြင်းကလေးဖြင့်ထည့်ထားသဖြင့် ကိုယ်တိုင်ယူကာ ဖျော်သောက်ရခြင်းပါ။ကျွန်တော်တို့လည်း ကိုယ်သောက်ချင်သော ကော်ဖီထုပ်လေးများကိုယူကာ တစ်ယောက်တစ်ခွက်သောက်ခဲ့ကြတာပေါ့။ကျွန်တော်တို့နောက်ထပ်ခရီးဆက်ဖို့မေးလိုက်တော့ လမ်းတော်တော်လျှောက်ရဦးမယ် ပြောကြတယ်။ဒါနဲ့ကျွန်တော်တို့လည်း လိုက်ပို့ဖို့ဆိုင်ကယ်ငှားလို့ရသလားမေးကြည့်တော့ ရတယ်တဲ့။တော်သေးတာပေါ့ ဆိုင်ကယ်ငှားလို့ရတော့ လမ်းလျှောက်ရတာ ပိုသက်သာတာပေါ့။ကျွန်တော်တို့ ကော်ဖီသောက်ပြီးနောက် ငွေရှင်းကာ ဆိုင်ကယ်ဖြင့်ဆက်လက်ခရီးထွက်လာခဲ့ကြပြန်ပါတယ်။ဆိုင်ကယ်လမ်းကလည်း မြို့ပေါ်လမ်းတွေလို ကတ္တရာလမ်း ၊ ကွန်ကရစ်လမ်းများမဟုတ်ဘဲ မြေသားလမ်းများသာဖြစ်နေတော့ စီးရတာတော့ သိပ်မချောမွေ့လှခဲ့ပါ။သို့ပေမယ့်လည်း ကျောက်ချောလမ်းများလိုတော့ မကြမ်းတမ်းခဲ့ပါ။ကျွန်တော်တို့မြေသားလမ်းအတိုင်း လာခဲ့ကြရာ တောင်ကုန်းတွေကို အထိုက်အလျောက်ဖြတ်ရခဲ့ပါတယ်။လယ်ကွင်းတွေကိုလည်း ဖြတ်ပြီးမောင်းနှင်လာခဲ့ရပါတယ်။ကျွန်တော်တို့ သွားလာခဲ့ရာလမ်းတွေက တစ်ရွာနဲ့တစ်ရွာကို စက်ယန္တရားကြီးများဖြင့် တောင်များလယ်ကွင်းများကို ကုတ်ခြစ်ဖောက်လုပ်ထားသော လမ်းကလေးအတိုင်းသွားလာခဲ့ရခြင်းဖြစ်ပါတယ်။ယခုကျွန်တော်သွားရောက်ခဲ့သော ဤအားလပ်ရက်ခရီးစဉ်ဟာ ဒီမြေသားလမ်းများဖောက်လုပ်နေခြင်းပြီးစီးမှုအခြေအနေကိုလာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါတယ်။ကျွန်တော်ကတော့ အဖော်အဖြစ်လိုက်လာခဲ့တာပေါ့။ဒီလိုနဲ့ကျွန်တော်တို့လည်း ခရီးဆက်လာခဲ့ရာ လမ်းခရီးတစ်ဝက်၌ခေတ္တနားကြပါတော့တယ်……………………..
ဆက်ရန်
စာဖတ်သူမိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ဆုတောင်းရင်း

Photos:Images By me
Writter @theinzawlin
MSC - 128

Sort:  

ဆိုလာမီးတိုင်လေး သဘောကျတယ် .. ခလေး ၃ ယောက်လည်း ချစ်စရာလေးဘဲ .. တိုက်နယ်ဆေးရုံလည်း သပ်သပ်ရပ်ရပ် လေး

ဟုတ်ကဲ့ပါ အန်တီ ကျေးဇူးပါဗျ

လမ်းတော့ ကြမ်းမယ်တူတေ ဆက်အားပေးပါ့မယ်ကွယ် 😁

ဆက်လက် ဖတ်ရှုအားပေးပါဦးနော် မမ

ဆိုလာမီးတိုင်လေးကိုသဘောကျမိတယ်။ ကျေးရွာအကြောင်းလေးဖတ်ရတာ ကိုယ်တိုင်ရောက်သွားသလိုပဲ

အခုလိုမျိုးအားပေးတဲ့အတွက် ကျေးဇူးပါဗျ

သာယာလိုက်​တာ...လမ်းမီးတိုင်​​တွေလည်းအမိုက်​စားဘဲ....😀

လမ်းမီးတိုင်လေး မိုက်တာကတော့ တကယ်ပါဗျာ

လုပ်အားပေး လို့ရင်တောင် ကူချင်သေးနဲ့ အားပေးနေပါတယ် အကိုရေ

လုပ်အားတော့ ပေးချင်ပါတယ်ဗျ နေပူလွန်းတော့လည်း မခံနိုင်ပါဘူး အစ်ကိုရယ်

ခရီးသွားပို့စရေးရတာ ရေးတဲ့သူလည်းကောင်းဖက်တဲ့သူလညးကောင်းနှစဦးနှဖက်အဆင်ကိုပြေနေတာဘျှဲာ

ကိုသာအေးရဲ့မန့်ကြောင့် ဝမ်းသာပီတိဖြစ်ရပြီပေါ့ဗျာ

Price is what you pay. Value is what you get.

I don't understand,what do you mean?

ကျေးလက်​အရသာကို​ပေါ်လွင်​​စေတယ်
ဆက်​​ရေးပါအုံး အား​ပေးလျှက်​ပါ

ရေးပါဦးမယ် အစ်မရယ် ရွာထဲမှာလျှောက်ကြည့်ဖြစ်ခဲ့တာလေးတွေကို

‌ရေးလမ်းက ‌ရေမကူးတတ်‌‌တော့ေ‌ကြာက်‌တယ်‌။

ကြောက်စရာတော့ မလိုပါဘူးအစ်ကိုရယ် သွားဖြစ်ရင်တော့ LIFEJACKET လေးတော့ ဆောင်ထားပါဗျ

Show ပွဲသွားကြည့်တာ အိပ်ရေးဝပြီလား ကွယ်

အိပ်ရေးမဝလို့ ရုံးသွားခါနီး ဆေးသောက်လိုက်ရတယ် ဆရာရယ်

အိပ်ရေးဝအောင်အိပ် နောက်အပါတ်သင်တန်းမှန်မှန်တက်ပေးနော်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 61402.08
ETH 3386.94
USDT 1.00
SBD 2.49