ပွဲကတော့ လှနေပီ (Original Story by @thatkozaw)
ဆရာတို့ ထန်ပါး သီချင်းကြားဖူးတယ်မဟုတ်လား
ကိုကြီးထန်းပါကတော့ဖြင့်
ကိုယ့်စတိုင်နဲ့ကိုယ် ဆိုတာလေ။
အဲ့လိုပဲ ကျနော့သူငယ်ချင်းထဲမှာ ကိုယ့်စတိုင်နဲ့ကိုယ်ရှိသော
ဆိုက်ကို ဆိုတဲ့သူငယ်ချင်းရှိတယ်။ နာမည်အရင်းက လှပါတယ်
အောင်ထိန် တဲ့လေ။(ထိန် တို့ အောင်တို့ ပါလျှင် နာမည်လှ၍ လူမလှတတ်ပါ။ဤကား စကားချပ်)
ဘယ်သူမှမခေါ်ကြဘူး။
ဆိုက် လို့ပဲချစ်စနိုးခေါ်ကြတာပေါ့။
ပိန်ပိန်ပါးပါး အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ စကားပြောရင် စိတ်ပါလက်ပါပြောတတ်သလို အပြောအတော်ကောင်းသူပေါ့။ နေရာတကာသူသိသူတတ် ဘယ်လိုကောင်းတာ ဘယ်လိုလုပ် ဆရာလုပ်တတ်သူ။ လေကြီးတတ်သူလို့ပြောရမလား ပိုပြောတတ်သူလို့ပြောရမလား စိတ်ကူးယဉ်ဆန်စွာပြောတတ်သည်။
သူပြောတာကို မကန့်ကွက်နဲ့ ဈေးမဆစ်လိုက်နဲ့ တဆိုက်ထဲဆိုက်လိုက်ပုံများ...
"မင်းဟာက ဖြစ်နိုင်ပါမလားမောင်ထိန်ရာ။ တော်ရုံပြောပါကွ။"
"ဆိုက် ရှိတယ်ဘကြီးရ။ ဆိုက်မသိရင် တော့ဘယ်လွယ်မလဲ။ ဆိုက် ရှိတဲ့သူအဖို့တော့ဖြစ်နိုင်တာမဟုတ်ဘူး ဖြစ်ကိုဖြစ်တာ။
ဆိုက်ကို နားလည်ဖို့ကလည်း brain ကောင်းမှဖြစ်တာ။ ဒါကြောင့် အလုပ်တခုလုပ်မယ်ဆိုသေချာတွေးရတယ်။ နှစ်ကြိမ်စဉ်းစား စနစ်တကျလုပ်၊ အားပြင်းတဲ့မျှားတစင်းလိုမဆုတ်မနှစ်လုပ်
ဒါမှ ဆိုက်ရှိပီး ပွဲကလှမှာ၊ ပွဲပီးမီးသေ ဒူးနန့်စားရုံပဲ မယုံဘကြီး ကျနော် ပြောတဲ့ဆိုက်နဲ့ အဲ့လုပ်ကွက်လုပ်ကြည့် ပွဲကလှနေရောပဲဖြစ်မှာ"
အဲ့ဒလို အဲ့ဒလို
မသိတဲ့သူဆိုရင်ကျလောက်အောင်ပြောတတ်တာပေါ့ဗျာ။
အဲ မသိလို့ ယောင်လို့တောင်သွားမစမ်းပါနဲ့လို့တော့ သတိပေးပါရစေ။
ပွဲတွေလှသွားမှာစိုးလို့ပဲ ဆိုချင်ပါတယ်။
အနည်းငယ်နားရှုပ်သွားမယ်ထင်တယ် ဟုတ်ကဲ့ ဆိုက်လုပ်လိုက်ရင် ပွဲက အတော်လှပါတယ်ဗျာ။
သူရဲ့ပွဲကတော့လှပီ ဆိုရင်ဖြင့် ကြောက်လှပါချည်းရဲ့လေ။
ပွဲလှပုံက ဒီလို.....
ဆိုက် နှင့်ကျနော် အတူတကွတွင်းလုပ်စဉ်ကပေါ့။
မိုးကုတ်သားဘဝ တွင်းလုပ်ငန်းနဲ့မကင်းနိုင်သလို
တွင်းလုပ်လျှင်လည်း တနေ့မဟုတ်တနေ့ မိုင်းခွဲရလေသည်။
တွင်းတူးရာတွင်မိမိသွားလိုသော လမ်းကြောင်းတွင်ခဲပိတ်ဆို့နေပါက၊ သို့ ကျဉ်းမြောင်းနေပါက မိုင်းခွဲရသလို၊
ခဲပစ်စာသည် ကြီးမားလွန်းပါကလည်း မိုင်းခွဲကာ ဖယ်ရှားလေ့ရှိသည်။
တနေ့ထိုခဲပစ်စာသည် လမ်းပိတ်နေသောကြောင့် မိုင်းခွဲထုတ်မည်ဟု ဆုံးဖြတ်ကာ ကသက်နှင့် ဆိုက်တို့ ပြင်ဆင်ကြလေသည်။ ကြီးလွန်းသောခဲဖစ်သောကြောင့် တကြိမ်ထဲသုံးပေါက်ထွင်းကာ ယမ်းသွင်းဖောက်ခွဲရမည်ဖြစ်သည်။
"ဆိုက်ရေ ငါ နဲ့ ဖိုးအောင် တွင်းထဲဝင်လိုက်ဦးမယ် မင်းဟိုကျောက်တုံးကြီး ယမ်းခွဲဖို့လုပ်ထားဦး။ လေးပေါက်ထွင်းရမယ်ထင်တာပဲ။ ထမင်းစားခါနီး ခွဲပီးမှစားကြတာပေါ့ လုပ်ထားနှင့်ကွာ။"
"Ok ငသက်ရေ။ လွယ်တော့မလွယ်ဘူးကွ ဒီကောင်ကြီးက ဒါမယ့် ဆိုက်ကျကျခွဲရင်တော့ဖြင့် ပွဲကတော့လှမှာပဲ။ သုံးပေါက်နဲ့ကွဲအောင်ခွဲလို့ရတယ်။ ဆိုက် ရှိဖို့တော့လိုတယ်ကွ။ မလုပ်ခင်နှစ်ခါသေချာစဉ်းစား သေချာမှလုပ် ယမ်းမှုန်တလိပ်တောင်ပိုအောင်လုပ်ပြမယ်ကြည့်နေ။ အဓိက ဒါပဲ ဦးနှောက်ကို သုံးတတ်ဖို့လိုတယ်။ ဆိုက်သာကျပလေ့စေ ပွဲမလှမှာမပှုနဲ့။"
မောင် ဆိုက် ခေါင်းကိုလက်ညိုးထိုးပြရင်းပြောလေသည်။
မိုင်းခွဲသည်ဆိုရာမှာ ယမ်းမှုန်ကို သတင်းစာဖြင့်အတောင့်လေးဖြစ်အောင်လိပ်၊ ထိပ်ဖျားတွင် ဝါယာကြိုးစလေးနှစ်ခုကိုပှုးထားကာ ယမ်းထဲမြုပ်ထား၍ တဖက်ကိုမှု ယမ်းလိပ်အပြင်သို့ ထုတ်ထားရသည်။
ကျောက်သားကိုအပေါက်ဖြစ်အောင်ထွင်းကာ ယမ်းလိပ်ကိုသွင်း၍ ခဲမှုန်လေးများဖြင့် အသာအယာ ထည့်လိုက် ရိုက်ပိတ်လိုက်ဖြင့်
အပေါက်ကိုပြန်ပိတ်ဆို့ရလေသည်။ သို့မှသာ ထွင်းထားသောအပေါက်မှ ပြန်ပွင့်မထွက်ပဲ အတွင်းတွင်ပေါက်ကွဲကာ ခဲကိုကွဲစေသည်။ ထို့နောက် အစထုတ်ထားသော ဝါယာကြိုးနှင့် အသင်ယူဆောင်လာသော ဝါယာကြိုးအရှည်နှင့်ဆက်ပေးရသည်။ ခဲမထိနိုင်လောက်သော အကာအကွယ်တစ်ခုကိုယူပီးမှ ထိုဝါယာနှစ်ခုအား ဓာတ်ခဲဖိုမ တဖက်စီ ထိလိုက်သည်နှင့် ဝါယာရှောဖြစ်ကာ အတွင်းမှယမ်းမှုန့်များမီးတောက်လောင်ကျွမ်း၍ မိုင်းကွဲစေလေသည်။ ထိုကားလုပ်ငန်းစဉ်ဖြစ်သည်။ (မိုးကုတ်တွင်းလုပ်ငန်းလုပ်ပုံများအား နောက်အပိုင်းများတွင် အလျားသင့်သလို အသေးစိတ်ရေးသားသွားပါ့မည်။)
သို့သော် ထိုနေ့က ဆိုက်နှင့် ကျွန်တော် ပြင်ဆင်ပီး ဖောက်သော်လည်း ယမ်းလိပ်သည် နှစ်လုံးပေါက်ကာ တလုံးမပေါက်ကွဲပေ။
ဓာတ်ခဲလည်းအသစ်စက်စက်ဖြစ်သောကြောင့် ယမ်းမှုန့်သွင်း၍ အပေါက်ပြန်ပိတ်ရာ ဝါယာအားခိုက်မိ၍
ကြိုးပျက်သည်ဖြစ်ပေမည်။
"ကဲ ဆိုက်ရေ တခြမ်းကြီးတောင်ကျန်သေးတယ်။ မင်း ဝါယာစသွားထိတယ်နေမှာ မကွဲဘူးကွ ထမင်းအရင်စား ပီးမှ နောက်တပေါက်ထွင်းပီး ခွဲရအောင်။"
"နေစမ်းပါငသက်ရာ ယမ်းဖိုးကနည်းတာမဟုတ်ဘူး။ ခဏစောင့်လိုက် ဆိုက်နဲနဲလွဲသွားလို့ အဲ့ဒီယမ်းပြန်ထွင်းပေးမယ်။ အဲ့နေရာပဲကောင်းတယ်ပြန်မဖောက်နဲ့။"
"ဟေ့ကောင် ဆိုက် အန္တရယ်များတယ်ဟ။ မတော်မီးကူးသွားမှ ပွဲလှနေဦးမယ်။ ပြန်မထွင်းပါနဲ့ဟ။ နောက်တပေါက်ဖောက်ရအောင်ပါ။"
ယမ်းလိပ်ကို ခဲမှုန့် နှင့် အပေါက်ကြပ်ပိတ်ပီးမှ ပြန်ထွင်းယူပါက ခဲမှုန်လေးများသည် ရိုက်ပိတ်လိုက် ပြန်ခွာလိုက်ဖြစ်ကာ စို့နှင့်ထိချက်များပီး ပှုရာမှတဆင့် ပေါက်ကွဲတတ်လေသည်။
"သာမာန်တော့ဘယ်ရမလဲ ဆိုက်ရှိရင်တော့ အေးဆေးပါ။ မပှုပါနဲ့ ငသက်ရ ငါလုပ်ပြမယ်။ စိတ်ချ ဒီကောင် မင်းတို့ထမင်းစားပီးရင် ပွဲက လှနေမှာ သွားစားချေသွားစား။ ငါထွင်းလိုက်ဦးမယ်။ ဆိုက်ကျကျ ထွင်းဖို့တော့လိုတာပေါ့။ ဆိုက်မကျရင် ဘာမှအဆင်မပြေတာ။ "
"ပြောတာလည်းမင်းပဲ ပီးလုပ်ရင် အလွဲလွဲအချော်
ချော်နဲ့ မင်းဆိုက်က ကျကိုမကျနိုင်ဘူး။ သတိထားလုပ်ကွာ ငါတို့ထမင်းမစားသေးဘူး စောင့်နေမယ်။ လုပ်လုပ်"
"အေးပါဟ ခဏစောင့် ဆိုက်ကျကျလုပ်ရင် ခဏနဲ့ ပွဲလှမှာပါ။"
ပြောမရတာနဲ့ ကသက်တို့လည်း ထွင်းကွာဆိုပီး ခပ်မြင့်မြင့်တနေရာတတ်စောင့်နေလေသည်။
ခဏကြာသော်
"ဟေ့ကောင် ဆိုက် ငါတလှည့် ထွင်းပေးရမလား
ဖိုးအောင် လှမ်းအော်သည်။ ငါတလှည့် ထွင်းပေးရမလား။"
"ရတယ် ဖိုးအောင် ဆိုက်ကျနေပီ ခဏပဲ မင်းမလုပ်တတ်ဘူးရယ်။ ပီးတော့မှာပါ။ နည်းနည်းတော့ပှုနေပီ ကိစ္စမရှိဘူး သူ့ဆိုက်ရှိတယ် ဒါမျိုးက။
ခဏဆိုပွဲက လှပီရယ်။"
ဆိုက်ပြန်အော်လေသည်။
"ဟေ့ကောင် ပှုနေရင်မထွင်းနဲ့တော့လေ ထားလိုက်တော့။"
"အေးဆေးပါ ဆိုက်ကျရင်ဖြစ်ပါတယ်။ ခဏပါ။
ခပ်တည်တည်နဲ့ ဆိုက် ယမ်းထွင်းရင်းလှမ်းအော်ပြောလိုက်သည်။"
"ဟေ့ကောင်မလုပ်နဲ့တော့ လာတော့ဟ လာတော့။ အန္တရယ်များတယ် အသက်ဥာဏ်စောင့်တယ်ဟ။"
ဆိုက်ကကို ဂရုမစိုက်
"ဟေ့ဟေ့ အေးဆေးပါဟ။ ဒီမှာ ပွဲကတော့လှနေပီ။ မီးခိုးလေးတောင်ထွက်နေပီဟ။ ပြသာနာမရှိဘူး ဆိုက်ရှိတယ်လေ ဆိုက်ကျရင် မီးခိုးထွက်လည်း ရအောင်လုပ်လို့ရတယ်။"
ကျနော်လန့်သွားသည်။
"ဗုဒ္ဓေါ မြတ်စွာဘုရား ဟေ့ကောင် ပွဲလှမနေနဲ့ လာတော့ဟ လာတော့ မလုပ်နဲ့တော့။"
ကျနော်ပြောလဲပြော အကာအကွယ်လည်းယူလိုက်သည်။
"ဆိုက်ရှိတယ် လေ ဆိုက်ရှိတယ်။ မီးခိုးထွက်နေလည်း ပြသာနာမရှိဘူး။ ပွဲကတော့လှနေပီ။ ဆိုက်တို့က ဒါမျိုးမှ ကြိုက်....."
စကားပင်မဆုံးသေး
ဒိန်းးးးးးးး
ဆိုတဲ့ အသံကြီး ကြားလိုက်ရလေတော့သည်။
"သွားပီ ဆိုက်သေပီလားမသိ။ အတော်ပွဲလှချင်တဲ့ကောင် ဆိုက်ကျတဲ့ကောင် သွားရှာပီ။ အပိုင်းပိုင်းဖြစ်ပီလားမသိ။"
ဖိုးအောင် စိတ်တိုတိုနဲ့ပြောလေသည်။
ကျွန်တော်လည်းအသံကြားပီးသည်နှင့် စိတ်ပှုပီး အောက်ဆင်းပြေးကြည့်လေသည်။ ဘုရားသိကြားမလို့ ဆိုက်မသေပါစေနဲ့ဗျာ။
မြင်လိုက်ရတဲ့မြင်ကွင်းက စိတ်မချမ်းသာစရာ သွေးသံရဲရဲနှင့် ဆိုက်ပက်လက်လေးလဲနေသည်။
"ဟေ့ကောင်ဆိုက် ဆိုက် ဘာဖြစ်သွားသေးလဲ။ ဘာဖြစ်သွာသေးလဲ။"
အော် လည်းအော် ပြေးလည်းပြေး ပြေးသွားလိုက်သည်။ လှုတော့လှုပ်နေသည် မသေသေးပေ။
သွေးတွေ ကျောက်စတွေကြောင့် ဘယ်နားထိခိုက်လည်း မသိရသေး။
အနားရောက်ကာရှိသေး ဆိုက်က အရင် ဦးအောင် ပြောလေသည်။
"ငသက်ရေ ပွဲကတော့လှပီပဲ။ လက်တဖက်တော့မရှိတော့ဘူးဟေ့။ ဒါတောင် ငါ ဆိုက်ရှိလို့ နို့မို့ အသေပဲဟေ့။ "
လို့ ဆိုလေသည်။
တော်ပါတော့ ဆိုက်ရယ် လက်ကောက်ဝတ်ကနေ လက်တဖက် တိတိကြီးပြတ်နေတာတောင် ဆိုက်ကျနေတုန်းပဲမင်းကတော့ကွာ။
ဆိုက်များ မရှိရင် ဘယ့်နှယ်များနေမယ်မသိဘူး။
ထို့ကြောင့် သူ၏နာမည် ဆိုက် ဟုတွင်လေသည်။
အဲဒီလို ငါ့မြင်း ငါစိုင်းတွေ အများကြီးပါဗျာ
အံ့မခန်း ကိုဆိုက်ပဲ။လက်တစ်ဖတ်ပြတ်နေတာတောင် ဆိုက်ရှိနိုင်သေးတယ်။
ဆိုက်ကျမှဖြစ်မယ်လေ ဟဲဟဲ
ကသက် ပြောတဲ့ ဇာတ်ကောင်နဲ့ G3က လူတစ်ယောက်နဲ့ ပုံစံတူနေသလိုဘဲ
အယ့် ကျနော်မပြောဘူးနော် မမစုပဲပြောတာ
ဘူလေးလဲသိချင်တာ
G3 မှာလည်း အုန်းကောင်းတဲ့ လူရှိတယ်လေ အုန်းကောင်းတဲ့ လူမျိုးမှ ဒါမျို လုပ်တတ်တာ အကွက်မြင်တာဆိုပြီး ခုတော့ ပျောက်ချက်သားကောင်းနေရဲ့ @arkarphyo ကိုပြောတာပါ ဟားဟား
အာကာက ပွဲလှနေပါပီ ဟဲဟဲ
MSC လည်း ဆိုဒ်ကျကျ ပွဲလှနေပါလား
ဟုတ်ပ ပွဲလှနေပီ
ကျောက်သမားများ အန္တရာယ်များလှပါတယ်
ကျနော် သုံးနှစ်လောက်ပဲလုပ်ဖြစ်တယ် ဦစထွေးရေ နောက်လုပ်ချင်စိတ်ကိုမရှိတော့တာ
ကိုသက်ရာ ဒီလောက်ရေးတတ်နေတာ ဗျာ ။တစ်ယောက်ထဲ ရယ်နေရတယ် ။ လုပ်စမ်းပါဦးဗျာ နောက်ဆက်ရေးပေးပါဦး။တော်ပါပေတယ်။MSCမှာ အရေးအသားကောင်းသူတွေရှိတာ သက်သေ ပြလို့ရပြီ။Very good.
ကိုမဟော်လို အရေးသားကောင်းတဲ့သူက ခီးမွန်းတော့ ဘယ်နေရမလဲကိုမသိတော့ဘူး
ရယ်ရမှာလား ငိုရမှာလား ကိုသက်ရေ
အရာရာ သူ့ဆိုက်နဲ့သူကျမှ သူ့ဆိုက်နဲ့သူမကျရင်
ကိုးလိုးကန့်လန့်အတော်နိုင်တာ ဟီးးး
အာ့ဆို မယ်ကြည်ပုဆိုးဝယ်ဝတ်လေ
ပွဲကတော့လှနေပြီ တော်ပြီ ဆိုက်တော့မကျချင်တော့ဘူး ☺ ☺
လှရမယ်လေ ဒါပဲ ဒါလိုတာ
ဆိုက်က ပွဲကတော့ လှရှာပြီလေ ကသက်ပြောပြတုန်းက တစ်မျိုးကောင်းသလို ပြန်ဖတ်ရတော့ တစ်မျိုးကောင်း ။
တကယ့်အဖြစ်အပျက်က ရေးတော့အဆင်မပြေတော့ အဆင်ပြေအောင် လုပ်ရေးရတာပဲငဒိုရယ်။