ပါးချိုင့်လေးနှင့် ကောင်မလေး

in #myanmar7 years ago (edited)

image
တီ…တီ…တီ…
ဒုတိယမြောက် မြည်လာသည့် နှိုးစက်သံ ကြားရသည်။ နှိုးစက်ကို ပိတ်ရင်း အိပ်ယာက ထလိုက်သည်။ မျက်နာသစ် သွားတိုက်ပြီးသော် မိုးစင်စင်လင်း နေပြီ။ နားကြပ်ကို လက်ဆွဲအိတ်ထဲ ကပျာကသီ ပစ်ထည့်ပြီး အိမ်ရှေ့ လှေကားထစ်တွေ အတိုင်း ညီစူး ဆင်းလာခဲ့သည်။
နောက်ကျနေပြီ…။ မနက် (၈) နာရီ အလုပ်အင်တာဗျူး ဖြေဖို့ သွားရမှာ…။ ဟိုရောက်မှ ကိုးရိုးကားရား ဖြစ်နေရင် ရှက်စရာကြီး…။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေမိတော့သည်။ မနေ့ညက ဗီဒီယို ခွေ နှစ်ကား ဆက်တိုက်ကြည့်လိုက်မိတာကိုး။ ဒုတိယခွေက အိန္ဒိယကား ဖြစ်နေလို့ တော်တော်ကြာသွားသည်။ ဒါတောင်မှ အပြီးအထိ မကြည့်ဘဲ အိပ်ရာဝင်ခဲ့တာ။ ဟော…အခုတော့ နောက်ကျဖြစ်အောင်ကျလိုက်သေးသည်။
ညကဇာတ်ကားကြောင်း တွေးရင်း ညီစူး ဆိုင်ကယ်ကိုမောင်းကာ အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။
ညီစူးစိတ်ထဲတွင် နည်းနည်းလန့်ချင်သလိုလိုရှိသော်လည်း ခပ်တည်တည်နှင့်ပင် အင်တာဗျူး ဖြေမည့် အခန်းတွင်းသို့ ၀င်လိုက်သည်။ ရှေ့တည့်တည့်တွင် ထိုင်နေသော ထိပ်ပြောင်ပြောင်နှင့် လူကြီးက ညီစူးရဲ့ CB Form ဖြစ်ဟန်တူသည့် စာရွက်တွေကို ဖတ်ရင်း စပြီး…
“သား…ဘွဲ့ မရသေးဘူးနော်…”
“ဟုတ်ကဲ့…ကျနော် အဝေးသင် တတိယနှစ်ပါ”
“သား…မင်း ဆရာဇော်ဂျီရဲ့ ကဗျာတွေ ဖတ်ဖူးလား”
“ဟုတ်ကဲ့…ဖတ်ဖူးပါတယ်ခင်ဗျ”
ဆရာဇော်ဂျီရဲ့ ဘယ်ကဗျာကိုမေးမလို့ပါလိမ့်….
ညီစူးရဲ့ အတွေးမဆုံးမီမှာပင် ထင်မထားသည့် မေးခွန်းတခု ကြားလိုက်ရသည်က…
“အဲဒီ ဆရာဇော်ဂျီရဲ့ နာမည်ရင်းကိုသိရင် ပြောပြစမ်းကွာ”
“ဟိုက်…သေပြီ”
ဆရာဇော်ဂျီရဲ့ နာမည်ရင်း…တဲ့။ ညီစူး မျက်လုံးတွေ ပြာသွားသည်။ သူ…မသိ။
‘မှတ်ကြီးတို့၊ ချက်ကြီးတို့ တော့ မဖြစ်တန်ရာ…’
စဉ်းစားရင်း ခေါင်းရှုတ်လာသည်။ မသိဘူး ပြောမိရင်လဲ ခက်သားး…
တခုခုတော့ ဖြေရတော့မည်။
“ချီးပူးပါ…ဆရာ”
…………………(မဖြေတတ်လျှင် ရယ်စရာ တခုခုဖြေရသည်ဟု ညီစူး ကြားဖူးသည်။)
ညီစူး အင်တာဗျူး အခန်းတွင်းမှ ထွက်လာခဲ့သည်။ တခါတလေ…အလုပ်တခုရဖို့ ဆိုတာတော်တော်မလွယ်ပါလားဟု ညီစူးတွေးတောမိသည်။
‘အဖေကလည်း အဖေပါပဲ။ အလုပ် မရသေးတာကိုပဲ အရေးကြီးခွင်ကျယ် လုပ်နေသေး။ အခုခေတ်မှာ အလုပ်တခုရဖို့က လွယိတာမှတ်လို့… ဘွဲ့မရသေးရင် ပိုဆိုးသေး…။ လူတွေက ပြည့်သောအိုးကိုသာ ထပ်ဖြည့်ချင်ကြတာ…’
တခုခုကိုသာ ပြေးကန်ပစ်လိုက်ချင်သော…အတွေးများနှင့် ညီစူး…..စိတ်ပျက်ပျက်နဲ့ ဆိုင်ကယ်မောင်းပြီး အိမ်ပြန်ခဲ့သည်။အိမ်ရောက်သည်နှင့်…
“အမေ…အမေ့…ဘာဟင်းချက်လဲ သားဗိုက်ဆာတယ်”
မနက်က ဘာမှ မစားရသေးသောကြောင့် ဗိုက်အတော်ဆာနေသည်။ မီးဖိုခန်းထဲ မှ အမေ ထွက်လာပြီး…
“ငရံ့ဆီပြန် နဲ့ ကြက်သားကြော်…ပီးတော့ သီးရွက်စုံ ချဉ်ဟင်းလဲချက်လို့
သား…စားတော့မှာလား မေမေ ထမင်းခူးလိုက်တော့မယ်လေ”
ပြောပြောနဲ့ မီးဖိုခန်းထဲ ပြန်ဝင်သွားသည်။ အစောကြီးထပီး ချက်ထားပုံရသည်…ဟင်းတွေကို စုံနေတာပဲ။
ဗိုက်ဆာဆာနဲ့စားလိုက်တာ (၂) ပန်းကန်စာတောင် ကုန်သွားသည်။ စားသောက်ပီး ဗိုက်လေးသည်နှင့် ဧည့်ခန်းထဲ ထိုင်နေလိုက်၏။ ခနကြာတော့…အဖေပြန်လာသည်နှင့်တူသည်…အိမ်ရှေ့ကဆိုင်ကယ်သံကြားရ၏။
“ဟိတ်ကောင်…စားလိုက်အိပ်လိုက်ပဲ လုပ်မနေနဲ့ အလုပ်လေးဘာလေးလဲ လုပ်အုံး…
မိဘလုပ်စာ ထိုင်စားရတာ အတော်ချိုမြိန်တယ်ပေါ့လေ…အလကား ဆန်ကုန်မြေလေးတာပဲ အဖတ်တင်တယ်…”
“တော်ကလည်း…တော် ကျမ သားလေးကို အဲဒီလိုတော့မပြောပါနဲ့…ကျမ သားလေးက လိမ္မာပီးသားပါ။ တော်ပြောမှဖြင့် ကျမတို့ အခုပဲ တောင်းစားရတော့ မလိုလို…”(အ မေက အညာသူပီပီ အဖေနဲ့ ရပီးတည်းက အဖေ့ ကို အဲဒီလိုခေါ်လာတာ နှုတ်ကျိုးနေလေပီ…)
အဖေဘာမှ ပြန်မပြောပဲ အံကိုကြိတ်ကာ မျက်လုံးပြူးပြပြီး(မင်းကြပ်ကြပ် သတိထားနေ) ထမင်းစားခန်းထဲဝင်သွား၏။

ရာသီဥတု သာယာ သည်။ ညီစူး ခြံထဲကို လမ်းလျောက် ထွက်လာခဲ့၏။ လေပြေလေညင်းလေ က တ၀ှီဝှီ တိုက်ခတ်နေသည်။
“ ဘိုင်အိုလောဂျီ အစ်ဒယ် စတာဒီး အစ် ဒယ်လစ်ဗီးတီးးးး”
ဘေးအိမ်က ကောင်မလေး စာကျက်နေသံကိုကြားရသည်။ လေညင်းလေးက ပျားရနံ့ကို သယ်ဆောင်လာသည်ဟု ထင်ရ…။ ညီစူး စိတ်ဝင်စားလာ၏။ အဲဒီကောင်မလေးက ဘယ်သူပါလိမ့်…။ ကောင်မလေးစာကျက် နေသည့် ပြတင်းပေါက်ကို လှမ်းကြည့်လိုက် သည်…
“ဟင်…ဖြိုးပြည့်စံ”
‘မင်းလေးတောင်…တော်တော်အရွယ်ရောက်နေပါရောလားးး
ကြည့်စမ်း…နှုတ်ခမ်းလေးတွေက တစုံတယောက်ကို စိတ်ဆိုးနေသည့် အလား(စာကျက်ရတာ သိပ်စိတ် မပါဘူးထင်ရဲ့) ချစ်ဖို့ကောင်းလှချေလားး…ကောင်မလေးရယ်…’(ဘေဘီ ကြက်တူရွေးလေးလို့ စိတ်ထဲက နေ နာမည်ပေးလိုက်မိသည်။) image
ဖြိုးပြည့်စံ ဆိုတာ ညီစူးတို့အိမ်နှင့် ခြံချင်းကပ်လျက် အိမ်က…(၉)တန်းကျောင်းသူလေးဖြစ်သည်။ မျက်နှာမှာ ပါးချိုင့် လေးနှင့် အမြဲ ပြုံးနေသယောင်…အရပ် အသင့်သင့်၊၀ါဝင်းသော အသားအရေလေးက သိပ်ကိုကျက်သရေရှိနေပြီး မြင်ရသူကို ဆွဲဆောင်နေသယောင်…
ညီစူး တိုးတိုးလေး သက်ပြင်းချမိသည်။ ခုနက အသက်အောင့်ထားမိနေတာ သတိထားမိလိုက်၏။

“ဖြိုးရေ…ဖြိုး….ဖြိုးရေ…”
အိမ်ရှေ့က အော်ခေါ်နေတဲ့ သိရိခိုင်ရဲ့ အသံကိုကြားရသည်။
“သမီး…ဖြိုးရေ သိရိခိုင်ရောက်နေတယ်… ကျူရှင်သွားရမှာမလား”
“ရှင်…လာပါပြီ မေမေ”
လွယ်အိတ်ထဲကို စာအုပ်တွေ ပစ်ထည့်ရင်း ကပျာကယာထွက်လာခဲ့သည်။
“သိရိရေ…လာသွားရအောင်
မေမေ…သမီးသွားပီ”
“အေး…အေး ဂရုစိုက်သွား… ပျာတိပျာတာ မလုပ်နဲ့အူး ကြားလား”
“ဟုတ်ကဲ့ပါ မေမေရဲ့…”
ငယ်ငယ်တည်းက တူတူပေါင်းလာသည့် သိရိက သူမပေါ်ကောင်းပါသည်။ အစစ ရာရာလဲ သူတတ်နိုင်သလောက်ကူညီပေးသည်။ သိရိမှာ အပစ်ဆိုစရာဆိုလို့ ကြွားဝါချင်တာလေး တခုပါပဲ။ ဒါကလဲ ဖြိုးတွက် ကိစ္စမရှိပါ။ သိရိကြွားဝါသမျှ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးမြဲဖြစ်သည်။
ကျူရှင်နှင့် သိပ်မဝေး…ဖြိုးတို့ လမ်းလျှေက်ပီးထွက်လာခဲ့သည်။

“ဟဲ့…ဖြိုးပြည့်စံ မနေ့က ဆရာပေးလိုက်တဲ့ အိမ်စာတွေ ရပီလား”(ကျက်ပီးပီလား)
လေသံမာမာနဲ့ မေးလိုက်သည်က အေးမြစံ…
ညီမ၀မ်းကွဲဆိုပေမယ့် အေးမြစံက ဖြိုးကို နေရာတကာ လိုက်ပြိုင်သည်။ အခုလည်း သူမ ကျက်ပီးပီမို့ ဖြိုးကို မေးနေခြင်းဖြစ်သည်။
“အေး…ရပီလေ ငါကမနက်ကမှကျက်လိုက်တာ…
ငါ့ရဲ့ အားနည်းချက်က စာကျက်ရင်ခဏလေးနဲ့ ရသွားတာပဲ”
အေးမြစံ အောင့်သက်သက် ဖြစ်သွားသည်။ အတော်ကြာအောင် ခေါင်းငုံ့နေပြီးမှ …
“အေးပါဟယ်…ငါက နင်မေ့နေမှာစိုးလို့ မေးတာပါ ”
အမြဲတမ်း လိုက်ပြိုင်နေသည့် အေးမြစံ၏အကျင့်ကို ဖြိုး ကောင်းကောင်းသိသည်။ အခုလည်း သူမရပီးတားမို့ မေးနေမှန်း အလိုလိုသိသည်။
ဆူညံသံများ တိတ်ဆိတ်သွားသည်...ဆရာရောက်လာသောကြောင့် အားလုံးငြိမ်သက်သွားခြင်းဖြစ်သည်။

ဝင်တော့မည့်ဆဲဆဲ နေရောင်ခြည်က ညနေခင်းရဲ့ အလှကို ဖော်ဆောင်နေသည်။ လေညှင်းလေက ညင်သာစွာတိုက်ခတ်နေသည်။ ကျူရှင်ဆင်းပြီဖြစ်၍ ဖြိုး နှင့် သိရိ တို့ အိမ်ပြန်ခဲ့ကြသည်။
သိရိက လမ်းတလျောက်လုံး စကားပြောလာရင်းက…
“ဟဲ့…ဖြိုး ဟိုကလမ်းလျောက်လာတာ ကိုကြီးညီစူးမလား…
တော်တော်ကြည့်ကောင်းတယ်နော်…ညည်းသဘောမကျဘူးလား”
“ဟဲ့…ဘာတွေပြောနေတာလဲ မိန်းခလေးဆိုတာလဲ သတိထားအုံး”
‘သိရိပြောမှ သေချာကြည့်မိလေသည်။ ဟုတ်ပါရဲ့…ဂျင်းဘောင်းဘီရှည်နဲ့ အသားရောင် အင်္ကျီလက်တိုဝတ်ထားတဲ့ ဘေးအိမ်က ဦးသန်းဆင့်ရဲ့သားပဲ…ခန္ဓာကိုယ် မပိန်မ၀၊ နှုတ်ခမ်းမွှေး ရဲရဲလေးနဲ့ ရုပ်ချောကြီး မဟုတ်ပေမယ့် ဆွဲဆောင်မှုက အပြည့်ပဲ…
အို…ငါဘာတွေ တွေးနေပါလိမ့်…
ဟော ဟိုမှာ ငါ့ကို ကြည့်နေပီ…ငါဘာလုပ်ရမလဲ ပြုံးပြရမှာလား…ခပ်တည်တည်နေလိုက်ရမှာလား’

ခေါင်းလေးငုံ့ပီး လမ်းလျောက်လာသည့် ဘေဘီ ကြက်တူရွေးလေးကို ညီစူးမြင်ရသည်။
‘ကြက်တူရွေးလေးရေ…လို့ခေါ်လိုက်ချင်ရဲ့ကွာ…’
“ညီမတို့ ကျူရှင်က ပြန်လာကြတာလား…”
ဘယ်ချိန်တည်းက ဖြေချင်နေမှန်းမသိတဲ့ သိရိက မျက်နှာကို အသားကုန်ဖြီးကာ…
“ဟုတ်တယ်…ကိုကြီး ကျူရှင်ကပြန်လာတာလေ
အကိုရော…ဘယ်သွားမလို့လဲ”
“မေမေက အကြွေးတောင်းခိုင်းလိုက်လို့ အဲဒါ…ဒီဖက်ထွက်လာတာ…”
အသံတုန်သလိုဖြစ်သွားကာ ညီစူး ချောင်းတချက် ဆိုးလိုက်ရသည်။ ပြောစရာစကားမရှိ ရှိတာရှာပီး…
“ဘယ်နှစ်တန်း..ရောက်ပီလဲ”
ကိုယ့်ကိုယ်ကြည့်ပီး မေးလာသည်ကို ဖြိုး ဘာမှမပြောပဲ ခေါင်းငုံ့၍သာနေသည်။ သိရိက ၀င်ဖြေလိုက်သည်…
“(၉)တန်း ပါ ကိုကြီး”
ဖြိုး ကြာကြာရပ်နေရမှာ ရှက်လာ၍ သိရိခါးကို တို့ပီးထွက်လာခဲ့လိုက်သည်။

ကောင်ကင်၌ တိမ်များကင်းစင်သည်။ လင်းနို့များ မြူးထူးစွာပျံသန်းနေသည့် အသံကို ကြားရသည်။ အချိန်က (၉)နာရီကျော်နေပီ ညီစူးအိပ်လို့မရသေးး။ တစုံတယောက်ကို သတိရနေခြင်းဖြစ်သည်။
‘သတိရခြင်း ဆိုတာ ခေါ်စရာမလိုပဲ သူ့အလိုလိုရောက်လာတဲ့ လေတမျိုး’ ဟု ညီစူး ကောက်ချက်ချမိသည်။
“လေထဲက အောက်ဆီဂျင်ကိုသာ ရှုရှိုက်ပြီး ကာဗွန်တွေ ပြန်ထုတ်လို့ ရသလိုမျိုး သတိရခြင်းတွေထဲက အချစ်တွေကိုသာ ရှူးသွင်းခွင့်ရပြီး လွမ်းဆွတ်ခြင်းတွေ ပြန်နှင်ထုတ်လို့ ရရင် သိပ်ကောင်းမှာပဲ” ဟု ကတ်သီးကတ်သပ် တွေးမိသည်…

နီဖျော့ဖျော့ အလင်းရောင်သည် အရှေ့ အရပ်မှ ထွက်လာတော့မည်။ မနက်(၆)နာရီထိုးပြီ။
“ဖြိုး…သမီး ထတော့လေ စာကျက်တော့”
“ဟာ…မေမေကလည်း အစောကြီး ရှိသေးတာ… မထချင်သေးဘူး”
“မစောတော့ဘူး…သမီးဖေဖေတောင် အလုပ်သွားပီ”
“ဟုတ်ကဲ့ပါ…မေမေရယ် သမီးထပါပီ”
ထပီတာပြောတာ ဖြိုးခုထိစောင်ခြုံထဲက မထွက်ရသေး။ အိပ်ယာထပီး စာအုပ်ကောက်ကိုင်တော့ (၇)နာရီတောင်ထိုးနေပြီ။

စာကလေးတွေဆော့ကစားနေတဲ့ အသံလိုလို၊ ကြက်တူရွေးလေး သီချင်းဆိုနေတဲ့ အသံလိုလို နားထဲမှာ ကြားနေရသည်။ နိုးတ၀က် မနိုးတ၀က်ဖြစ်နေသည့် ညီစူး အာရုံစိုက်၍ နားထောင်မိသည်။ ‘ဟုတ်ပါတယ်’ ကြက်တူရွေးလေး အသံပါ။ ညီစူး အိပ်ယာက ထ၍ အသံကြားရာဆီသို့ ထွက်လာခဲ့သည်။ ‘ဟော…တွေပြီ’ ကြက်တူရွေးလေး စာကျက်နေသည်။ အသက်ကိုအောင့်ထားပီး အသံမကြားရအောင် ကြိုးစားနင်းပေမယ့် အမှိုက်များက မိမိအလိုမလိုက်ပါ…
“ဟင်…ကိုညီစူးပါလား…
အစောကြီး…ခြံထဲဆင်းပီး ဘာလုပ်နေပါလိမ့်…”
စာကျက်သံရပ်သွား၍ ညီစူး မာလကာပင်ကို ကွယ်၍ ပုန်းလိုက်သည်။
“ဟော…ဟိုမှာ မကြီးမငယ်နဲ့ မာလကာပင်ပေါ်တက်မလို့နဲ့တူတယ်
စောစောစီးစီး မာလကာသီးစားချင်ရတယ်လို့...ညှစ်မှထွက်ရလေ..
အယ်…ဟုတ်ပေါင် ဖြစ်မှဖြစ်ရလေ ကိုညီစူးးရယ်…”
မာလကာပင်ကိုကွယ်ပီး ပြတင်းပေါက်ဆီကို ကုတ်ချောင်းချောင်းကြည့်နေတာ ဖြိုး ရိပ်မိသွားသည်။
“သူ…ဘာလို့ ငါ့ကိုကြည့်နေပါလိမ့်…
အို…သူနဲ့ငါ ဘာဆိုင်တာမှတ်လို့…ဘာလို့ ကြည့်ကြည့်ပါ ကိုယ့်စာကိုပဲ ကျက်မယ်”

‘ဟော ကြက်တူရွေးသံ ပြန်ပီကြားရပြီ…ဘေဘီ ဖြိုးလေးရေ (ဖြိုးလေးလို့ပဲ ပြောင်းခေါ်တော့မယ်နော်) ကြက်တူရွေးဆိုတာမျိုးက အတောင်စုံပေါက်လာရင် အဝေးကိုပျံသွားတတ်တယ်တဲ့…ကိုယ့်စိတ်ကို ပျူစားပီးသွားမှ ဘယ်ကိုမှ ထွက်မသွားပါနဲ့လား…’

အိမ်ထဲတွင် ညီစူးကလွဲ၍ မည်သူမျှမရှိ။ တိတ်ဆိတ်ငြိမ်သက်နေ၏။ အခန်းထဲ၌ အဖြူရောင်စာရွက်ပေါ်မှာ ပြင်သစ်ဘောပင်လေးနဲ့ စာရေးနေသည်က…ညီစူးဖြစ်သည်။
စာရွက်ပေါ်မှာ…ရေးထားတာက….
“ညီမလေး…
(ဆက် ပါအုံးမည်…)
အားလုံး​​သော Steemit ညီအကို မောင်နှမများး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေခင်မျာ......

Photos credit; Google Image
Author : Thant Zin Oo (Magway)
MSC- 184
image

Sort:  

ဖန်တီး ထားတဲ့ ဇာတ်လမ်းလေး ကောင်းတယ် ဗျာ။ အားပေးနေပါတယ်။

ချီးကျူးပေးလို့ ကျေးဇူးပါခင်မျာ...
အကိုတို့ကို အားကျ အတုယူလျက် ပါ...

အဆက်ကလေးကိုမျှော်နေပါဦးမယ်ဗျာ

thanks you bro

ဇာတ်လမ်း ဖန်တီးမှုကောင်းတယ်ဗျာ

အခုလို ချီးကျုးပေးတာ
ဝမ်းသာလိုက်တာ Broရာ...

စောင့်နေပါတယ်

ကျေးဇူးပါ ခင်မျ

နောက်လာမိုင်းအပိုင်းကိုဆက်ဖတ်ဖို့ စောင့်နေမယ်bro

ဟုတ်ကဲ့ ကျေးဇူးပါခင်မျ

နောက်တစ်ပိုင်းစောင့်မျှော်နေပါတယ်ဗျ

ဟုတ် ကျေးဇူးပါပဲ Bro

Waiting next episode

Okie, Thanks you for your attention.

ဆက်ရေးပါဦး ညီ

ဟုတ် အကို့
ကျေးဇူးပါနော်

ဆက်​​ရေးပါ ဗျ

ဟုတ် ကဲ့
ကျေးဇူးပါ ခင်မျာ

ဖြိုးပြည့်စံ ဆိုတာ ဓာတ်ပုံထဲက ကောင်မလေးထက် ပိုလှလားဟေ့

အခုလို ဖတ်ရှုပေးလို့ ကျေးဇူးပါခင်မျ...
ဖြိုးပြည့်စံက ကျနော့်အရေးသားတွေထက်အပြင်မှာပိုလှပါတယ်၊ ပုံထဲကကောင်မလေးထက်ပိုလှတယ်ပြော ရင်ယုံမလားသိဘူးဗျာ ...

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59934.86
ETH 2666.82
USDT 1.00
SBD 2.45