ပန်းပဲမောင်တင့်တယ်ရဲ့ဒေသ

in #myanmar8 years ago

ဟိုတလောက စာရေးသူတို့ မိသားစု မြစ်ကြီးနားဘက် အလည်အပတ်သွားကြရင်း လမ်းမှားပြီး တကောင်းမြို့ဟောင်းကို ရောက်ဖြစ်ခဲ့တယ်။ ရောက်လက်စနဲ့ တကောင်းပြတိုက်ကို ၀င်လေ့လာခွင့်ရခဲ့ပါတယ်။ ပြတိုက်မှူးကလည်း သဘောကောင်းစွာနဲ့ လေ့လာဖို့အတွက် ဓါတ်ပုံရိုက်ခွင့်ပေးခဲ့လို့ မှတ်တမ်းဓါတ်ပုံလေးတွေလည်း အများကြီးရိုက်လာရသလို ကိုယ့်မြန်မာတွေရဲ့ အဦးအစ ကာလကိုလည်း မြင်ယောင်ကြည့်ခွင့် ရခဲ့တယ်။
IMG_20180322_085900.jpg
ဒါကတော့ တကောင်းမြို့ဟောင်းရဲ့ မုဒ်ဦးကြီးပါ ။ တကောင်းမြို့လေးက ခုချိန်မှာတော့ မြို့ငယ်လေးသာသာ သာကျန်ရှိနေတာဖြစ်ပေမယ့် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားခဲ့တဲ့နယ်မြေဖြစ်လို့လားမသိဘူး သူ့မြို့လေးထဲဝင်ပြီဆိုကတည်းက စိတ်ထဲမယ် လွမ်းသလိုလို ဆွေးသလိုလိုကြီးရယ်။ ပြတိုက်ရဲ့ အပြင်ပုံကိုတော့ မရိုက်ဖြစ်ခဲ့လိုက်ဘူး ။ တကောင်းပြတိုက်က ဒီမုဒ်ဦးကြီးကနေ သိပ်မ၀င်ရဘူး လမ်းရဲ့ညာဘက်မှာ ခပ်မှိန်မှိန်လေး တိတ်တိတ်ဆိတ်ဆိတ်လေး တည်ရှိနေတာ။ ပုဂံပြတိုက်လိုတော့ မခမ်းနားရှာဘူး ။ ဒါပေမယ့် သူထိန်းသိမ်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေကတော့ တခေတ်တခါက ခမ်းနားခဲ့တဲ့ မြန်မာတို့ရဲ့အတိတ်ပုံရိပ်တွေပါပဲ။
ကျောက်ခေတ် ၊ သံခေတ် ၊ ကြေးခေတ် က အထောက်အထားတွေ အကုန်ရှိပါတယ် ။

IMG_20180322_091545_HDR.jpg
ကျောက်ကွင်းလေးတွေကို ၀ိုင်းနေအောင် ဘယ်လို များ လုပ်ခဲ့သလဲမသိဘူးနော် ။
IMG_20180322_091457_HDR.jpg
ဒါလေးတွေက ငြုပ်ဆုံ လိုမျိုးသုံးတဲ့ဟာလေးတွေများလား ။
IMG_20180322_091509_HDR.jpg

IMG_20180322_091827_HDR.jpg
ခေတ်ကာလကိုတော့ မဖော်ပြထားပေမယ့် သံခေတ်ပစ္စည်းတွေ ပြတဲ့ အခြမ်းဘက်မှာ ထားတာတော့တွေ့တယ်။

IMG_20180322_091816_HDR.jpg
မောင်တင့်တယ်ရဲ့ လက်ရာတွေလည်း ပါနိုင်တာပဲနော်။

IMG_20180322_092020.jpg
စဥ့်ဆေးတံလေးတွေကအစ သေသေချာချာ အနုစိတ်လုပ်ထားတာ။ ညာဘက်က ကြေးခေတ် ဆေးတံလေးတွေပါ။
IMG_20180322_092025.jpg
ရှေးမြန်မာကြီးတွေဟာ ဒီဆေးတံကြီးတွေခဲပြီး ဘယ်လို စိတ်ကူးစိတ်သန်းအသစ်တွေပေါ်ခဲ့ကြပါလိမ့်နော်..။ ခေတ်စကားနဲ့ပြောရရင် "ဒီဘဲကြီးတွေ သိပ်အထှာကျကြမှာ"
IMG_20180322_092057.jpg
ဒါလေးတွေက အရိုးအိုးလေးတွေ ၊ ပျူခေတ်က ရိုးရိုးအသည်သား အရပ်သားတွေရဲ့ အရိုးအိုးတွေဖြစ်မယ်ထင်တယ် ။ သူကြွယ်မျိုးတို့ မင်းမျိုးတို့ကတော့ ကျောက်အိုးနဲ့ ထည့်ကြတယ်လို့ မှတ်သားဖူးတယ်။
IMG_20180322_092234.jpg
ပုံတွေအများကြီးထဲမှာမှ စာရေးသူ စိတ်အ၀င်စားဆုံးပုံ တစ်ပုံ တွေ့ခဲ့တယ် ။ အဲ့ဒါက သံချက်တဲ့မီးဖိုပုံစံ မိုပြန်လုပ်ထားပြီးပြထားတာပါ ။ တကယ့်အစစ်က တကောင်းနားက ရွာမှာ ရှိတယ်တဲ့ ပြတိုက်မှူးကရှင်းပြတယ်။တချို့သံချက်ဖိုကြီးတွေကတော့ မြစ်ရေ တိုက်စားမှုနဲ့အတူ ပျောက်ကွယ်ကုန်ပြီတဲ့ ။ ငယ်ငယ်ကတည်းက နားရည်ဝလာတဲ့ ပန်းပဲမောင်တင့်တယ်ရဲ့ နေရာကို ကိုယ်တိုင် ရောက်လာပြီး သူတို့ခေတ်က ပစ္စည်းတွေကို မြင်ရတဲ့ ခံစားချက်က ပုံပြင်နဲ့အပြင်လောက တစ်သားတည်း ကျသွားသလိုပဲ ။ မင်းမဟာဂီရိ နတ်မောင်နှမ ဆိုပြီး စာရေးသူတို့ အိမ်တွေမှာ အိမ်တွင်းနတ် အဖြစ်ကိုးကွယ်လာကြတဲ့ လူသားဘ၀တုန်းက နေရာ ပေါ့။

IMG_20180322_093001.jpg
ဒါက ပုံစံတူ ပြန်လုပ်ထားတာ။
IMG_20180322_093009.jpg
ဒါက တကယ့်အစစ်ရှိတဲ့နေရာကပုံ ။ အချိန်မရလိုက်လို့ သွားမကြည့်ခဲ့ရဘူး ။
ဒါက သံခေတ်အကြောင်း တစေ့တစောင်း။
IMG_20180322_093050.jpg
ဒီမှာလည်း ဖတ်ရှုနိုင်တယ် ။ တည်နေရာလည်းပါတယ်။
IMG_20180322_093053.jpg
ပြတိုက်ထဲက ထွက်လာပေမယ့် စိတ်ကတော့ တ၀ဲလည်လည်ဖြစ်ပြီး စာရေးသူမှာ အတွေးတွေနဲ့ မျောနေမိခဲ့ပါသေးတယ်။
လူတိုင်းသိကြတဲ့အတိုင်း လူသန်ကြီး မောင်တင့်တယ်နဲ့သူ့နှမ ဟာ နန်းလုမှာစိုးတဲ့ ဘုရင်တစ်ပါးကြောင့် ရက်ရက်စက်စက် သတ်ခံခဲ့ကြရတာမို့ သတ်ဦးဆံပိုင်ဘုရင်စနစ်ဆိုတာကြီးကိုလည်း ရွံ့ကြောက်ကြီးဖြစ်ရတဲ့ခံစားချက် ၊ ဟိုးးရှေးခေတ်တည်းက လူတွေဟာ ဘ၀ကို ရုန်းကန်ပြီး ကိုယ့်သမိုင်းကို မရိုင်းအောင် ထိမ်းသိမ်းခဲ့ကြပုံတွေ မြင်တော့ အားတက်ရတဲ့ ခံစားချက် ၊ ဘယ်အလုပ်ကိုဖြစ်ဖြစ် စနစ်တကျ သေသေသပ်သပ် စိတ်ရှည်လက်ရှည် လုပ်ခဲ့ကြတဲ့ ဘိုးဘေးတွေရဲ့ အမူအကျင့်တွေကိုလည်း အားကျအတုယူမိတဲ့ ခံစားချက် တွေနဲ့ တနင့်တပိုး တွေးတောပြီး ပြန်လာရတဲ့ တကောင်းပါပဲ။

ပုံတွေကတော့ အများကြီးပဲ ကျန်သေးတာ ။ ဒါပေမယ့်လည်း ငသိုင်းများတော့ ဟင်းဟုန် တယ်ဆိုသလို ဖြစ်သွားမှာစိုးလို့ ရယ် ခုတောင် ဟုန်နေပြီလားမသိဘူး ။ မရောက်ဖူးသေးတဲ့သူတွေလည်း သွားလေ့လာကြပါလို့ ။သွားမယ်ဆိုရင် တကောင်းခေတ်ရဲ့သမိုင်းကို သေသေချာချာဖတ်ပြီးမှ သွားရင်တော့ အကောင်းဆုံးပါပဲ ။ စာရေးသူကတော့ တကောင်းခေတ်အကြောင်းဆိုရင် ပန်းပဲမောင်တင့်တယ်ပုံပြင်ကလွဲလို့ ဘာမှ မသိပါဘူး ။ ဒါပေမယ့် ခရီးကအပြန် ကြမှ "သမိုင်းထဲက ပုဂံ ပုဂံထဲက သမိုင်း" ဆိုတဲ့ စာအုပ်လေးဖတ်ပြီး တကောင်းကို ပြန်သွားချင်စိတ်တွေ တဖွားဖွားပေါ်ပါတယ်။ နောက်တစ်ခေါက် ထပ်သွားဖြစ်ခဲ့ရင် သံချက်ဖိုကြီးဆီကို အရောက်သွားဖြစ်အောင်ကို သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

Written by @suhtetaung
2.5.2018
4:00pm

Sort:  

ရာဇဝင်လေးကြားဖူးတာကြာပြီ ညီမရေ အခုထိတော့မရောက်ဖူးသေးဘူး

မန္တလေးနဲ့တော့ နီးတယ် ပြောရမယ် မ ရေ ။ မန်းကနေ မနက် ၅ နာရီခွဲလောက်ထွက်ရင် တကောင်းကို ၈ နာရီကျော်ကျော်လောက် ဆို ရောက်ပြီ ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 64052.73
ETH 1840.51
USDT 1.00
SBD 0.38