လုပ်ငန်းခွင်ထဲက ခင်ရာဆွေးမျိုးများနှင့် မြိန်ရာ ဟင်းကောင်း
ခင်ရာဆွေးမျိုး ၊ မြိန်ရာ ဟင်းကောင်း
ဆိုတဲ့အတိုင်းပဲ တစ်နေ့မှာ ၂၄ နာရီရှိတဲ့အထဲက ၈ နာရီခွဲ (မယ်ဂျစ်တို့ ရုံးချိန်က မနက်ကိုးနာရီကနေ ညနေ ငါးနာရီခွဲထိ) လောက် အတူတူတွေ့မြင် ပြောဆို ဆက်ဆံနေရတဲ့ လူတွေကတော့ အလုပ်ခွင်ထဲကလူတွေပါပဲ...။ ဒီတော့ သူတို့တွေသာ ကိုယ့်ဆွေမျိုး ၊ ကိုယ့်မောင်နှမတွေလိုဖြစ်နေတာလည်း မဆန်းပါဘူးလေ..။ ရုံးမှာ တစ်ယောက်ယောက်မလာရင်ကို အဲ့ဒီ့နေ့က ရင်ထဲ ဟာနေတော့တာ...။ နေ့လည်စာ စားချိန်ဆိုရင်လည်း ထမင်းဗူးပါတဲ့သူကော မပါလို့ ၀ယ်စားတဲ့သူတွေကော အတူတူစုစားကြတာဆိုတော့ ဟင်းကို အမျိုးအမည်စုံလို့ပါပဲလေ..။ ထမင်းစားချိန်ဆိုရင် မယ်ဂျစ်တို့ရုံးရဲ့ Pantry ထဲမှာ ဆူညံပွက်နေတာပါပဲ..။ ဘယ်သူတွေရှိရပါ့မလဲ...။ ကိုယ်တို့အုပ်စုလေ..။ ကိုယ်တို့အုပ်စု ဆိုပေမယ့်လည်း တစ်ဌာနလုံးပါပဲ..။ ရုံးခွဲဖြစ်တဲ့အတွက် ၀န်ထမ်းက များများစားစားတော့မရှိလှ။ အရောင်းဝန်ထမ်းများနဲ့ cashier များက အောက်ထပ် မြေညီထပ်မှာ .. မယ်ဂျစ်တို့ Operation ဌာနက အင်ဂျင်နီယာတွေက ဒုတိယအထပ်မှာ ရှိပြီး အကုန်လုံးက အပေါ်ဆုံးထပ်က pantry ကို သုံးကြရပါတယ်..။ သို့သော်လည်းပဲ sales call ထွက်ကြတဲ့ ကလေးတွေကများတော့ အပြင်မှာစားကြတဲ့သူတွေများတာမို့ အောက်ထပ်ကလူတွေက pantry ထဲမစားဖြစ်ကြဘူး။ ဒီတော့ အလိုလို pantry ခန်းသည် မယ်ဂျစ်တို့ အုပ်စု ပိုင်စိုးရာနေရာဖြစ်သွားရော..။
မိတ်ဆက်ပေးရဦးမယ်.... အုပ်စုမှာ ပင်တိုင်မန်ဘာ ကိုးယောက်ရှိတယ်...။ ကိုးယောက်ထဲမှာမှ ၂ ယောက်လောက်ပဲ အပြင်က ၀ယ်စားကြတာ...။ ကျန်တဲ့သူတွေအကုန်လုံးက ထမင်းချိုင့်ပါလေ့ရှိကြတယ်...။ ဒီတော့ ထမင်းစားချိန်ဆိုရင် သူ့ချိုင့် ကိုယ့်ချိုင့် ဘာဟင်းတွေလဲလို့ စပ်စုမေးမြန်း အော်ဟစ်နေကြတာနဲ့ ထမင်းဝိုင်းစလေ့ရှိတယ်...။ ကံကောင်းတာက မယ်ဂျစ်ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံး ဟင်းချက်ကောင်းကြတာဗျာ...။ ပခုက္ကူဘက်က အစ်မတစ်ယောက်ဆိုရင်လည်း အညာ ဟင်းအဆန်းလေးတွေ ချက်တယ်...။ ထွေလီကာလီလေးတွေလေ... ကြက်ဂွေးတောက် တို့ ငံပြာရည်ဆီသတ်တို့ အဲ့လိုမျိုးလေးတွေ ပါတတ်တယ်..။
နောက်ထပ်မန်ဘာတစ်ယောက်က မိုးကုတ်သူ အစ်မ တစ်ယောက်။ သူကကြတော့ တရုတ်စာလေးတွေ ထည့်ထည့်လာတတ်တယ်။ ဟော့ပေါ့တို့ ၊ ၀က်သားကိုမျိုးစုံချက်တို့ပေါ့။ စားကောင်းတာပါပဲ။
နောက်တစ်ယောက် မြိုင်သူလေးကလည်း အနှစ်ဟင်းလေးတွေဆို လွှတ်ကောင်းတာကလား...။ ခရမ်းချဉ်သီးငပိချက်တို့ ၊ ပဲနှပ်တို့ ၊ အမဲခြောက်ချက်စပ်စပ်လေးတို့ ပါလာတတ်သေးတာ။ ပြီးတော့သူက အမျိုးဘုန်းကြီးရှိတော့ ဟင်းပေါင်းကလည်း မကြာခဏ စားရသေးတာလေ...။ ဘုန်းကြီးကျောင်းဟင်းပေါင်းဆိုတာ ဒီဘက်ခေတ်မှာ စားရဖို့ ခဲယဉ်းတယ်မလား..။သူမို့ ဟင်းပေါင်းပါလာပြီဆိုရင် ဇွန်းတွေဆိုတာ အဲ့ဟင်းခွက်လေးနားမှာ ယောက်ယပ်ကို ခတ်လို့ပါဆို..။
[ပုံထဲမှာ ဇွန်းနဲ့ခပ်လက်စ ခွက်လေးက ဟင်းပေါင်းပေါ့]
နောက်တစ်ယောက်ကတော့ မူကြိုကျောင်းက အာဟာရဇယားအတိုင်း လိုက်စားရရှာသူလေးပါ...။ သူကတော့ နာမည်ကြီး ချိတ်ထမီတွေ ၊ ချည်ထည်တွေ ထွက်တဲ့ အမရပူရ သားလေး ပါ..။ ဘာဖြစ်လို့ မူကြိုကျောင်းက အာဟာရဇယားအတိုင်း စားရလဲဆိုတော့ သူ့အိမ်က ထမင်းဟင်းချက်ပေးရတဲ့ သူ့အစ်မရဲ့သမီး မူကြိုကျောင်းသူလေးကို ထည့်ပေးတဲ့အတိုင်း သူ့ကို ထမင်းထုပ်ပေးတာကိုးး...။ ဒါ့ကြောင့်သူ့ဟင်းတွေက အလှည့်နဲ့ အလွတ်တောင်ရလို့ .... ဘာတဲ့... ငါးဖယ်ကြော်နဲ့ ကန်စွန်းရွက်ကြော် ... ပြီးရင် ကြက်သားနဲ့အာလူးချက် ၊ ခါကြက်ဥ (ဥနီ)သုပ် ၊ မုန်ညင်းဟင်းရည်နဲ့ ကြက်သားကြော် အဲ့လိုလာတာလေ..။ သူ့ချိုင့်ဖွင့်တော့မယ်ဆိုရင်လည်း ကျန်တဲ့သူတွေက "ငါးဖယ်လား" "ကြက်သားလား" နဲ့အော်ပြီး စကြရတာ ..။
နောက်တစ်ယောက်ကတော့ ထမင်းထုပ်မပါဘူး ၀ယ်လည်းမစားဘူး။ သူက သူ့အစ်မ ထုပ်လာပေးတဲ့ ထမင်းနဲ့စားတာလေ...။ သူ့တို့မောင်နှမ နှစ်ယောက်ကလည်း ကိုးယောက်ထဲပါတယ်...။ ကလေး ဇာတိ ချင်းတိုင်းရင်းသားလေးဖြစ်တာမို့ အရမ်းစားနိုင်တယ်..။ သူ့အတွက်ထမင်းက ၂ ချိုင့်တောင်..။ ထမင်းချိုင့်လေး ကိုင်တဲ့ပြီး ထိုင်ခုံမှာမထိုင်သေးဘဲ ဘယ်သူက ဘာဟင်းတွေပါလဲ အရင်ကြည့်.... ဟင်းတွေအကုန်ပုံပြီးမှ စားတာ အားရပါးရ..။ သူ့ကို ကျန်စုရှင်းလို့ နာမည်ပေးထားတယ်လေ..။
သူ့အစ်မကလည်း ဟင်းချက်ကောင်းမှကောင်း။ မှိုစပ်ချဉ်ချက်တို့ ၊ ခရမ်းချဉ်သီး ပန်ထွေဖျော်တို့ ၊ မရမ်းသီးထောင်းတို့ ၊ လက်ဖက်နှပ် ချဉ်စပ်တို့ဆို မတရားစားကောင်းတာ..။
နောက်တစ်ယောက်က ကျောက်ဆည်သူလေး..။ သူကတော့ ၀ယ်စားသူပေါ့။ ၀ယ်တာကလည်း လိုက်ဖက်အောင် ၀ယ်တတ်သေးတာဗျ..။ ဒီနေ့ အစ်မတို့ ဘာဟင်းတွေပါလဲ အရင်မေးတယ်။ ပြီးရင် ဆိုင်ကနေ ကျန်တဲ့ဟင်းတွေနဲ့ လိုက်ဖက်တဲ့ဟင်းတို့ အသုပ်ပလုတ်တို့ ၀ယ်လာတယ်..။ စားကောင်းတာပဲ။
ဟီး ကျန်တဲ့ ၂ ယောက်ကတော့ မယ်ဂျစ်တို့ လင်မယားလေ။ အမယ် အီဖေကိုယ်က အနှစ်ဟင်းတွေသာ ကောင်းကောင်းမချက်တတ်တာပါ ။ မေမြို့သူမို့ ဟင်းသီးဟင်းရွက်ကို မျိုးစုံအောင်ချက်ပါတယ်နော်...။ မုန်ညှင်းစော တို့ ၊ မျှစ်ဆန်လှော် တာလပေါဟင်းရည်တို့ ၊ ကြက်သားတောက်တောက်ကြော်တို့ ၊ သခွားသီးရခိုင်သုပ်တို့ လို ပေါ့လေ..။
တစ်ယောက်တစ်မျိုး နဲ့ ဆိုတော့ အမယ်ကိုစုံလို့ အရသာကိုစုံလို့လေ..။ ဒါပေမယ့် တခါတလေ ဟင်းတိုက်တဲ့အခါမျိုးတွေဆို ကြက်သားစီးရီး ၊ ငါးစီးရီး နေ့တွေလည်း ရှိတတ်တယ်။ တိုင်ပင်ထားသည့်အလားပဲ တခါတလေ အာလူးဟင်းကို လေးငါးမျိုးပါဆို။ ထမင်းစားပြီးရင်လည်း အချိုပွဲအနေနဲ့ ကျောက်ဆည်သူ ယူလာတတ်တဲ့ သရက်သီးတို့ သီးသီးတို့ ၊ သြဇာသီးတို့ စားရလေ့ရှိသလို ၊ မြိုင်က ထန်းညက်ကို စတိုင်မျိုးစုံ စားရတယ်။ ထန်းညက်ကိုမှ မြေပဲဆုပ် ထန်းညက် ၊ နဖက်ထန်းညက် ၊ ဇီးထန်းညက် ၊ ထန်းညက်ဖြူနု (အညာဘုရားပွဲဈေးတွေမှာ ရောင်းသလို အနုဆုပ် ထန်းညက်လိုပဲ ဒါပေမယ့် မတူတာက ဖွဲနုမပါဘူး) ၊ အဲ့လို လေးတွေ ဒေသစာလေးတွေပေါ့။ တခါတလေလည်း မေမြို့က သရေစာ လေးတွေဖြစ်တဲ့ မလိုင်ကြွပ်တို့ ၊ စတော်ဘယ်ရီတို့ နဲ့ အစာပိတ်ကြတယ်လေ..။
မယ်ဂျစ်တို့ အုပ်စုရဲ့ ထမင်းဝိုင်းလေးမှာဆိုရင် အချင်းချင်းစနောက်သံတွေလည်း ရှိသလို ၊ အကြောင်းအရာတစ်ခုခုကို ငြင်းကြခုန်ကြ အဖြေရှာကြလည်း ရှိကြတယ်။ တခါတလေလည်း ကိုယ်တွေရဲ့ ပတ်ဝန်းကျင်က အကြောင်းတွေ ဖလှယ်ဖြစ်တယ်လေ။ ဥပမာ ကိုယ်တွေဆိုရင် အပင်တွေအကြောင်း ၊ စိုက်ပျိုးရေးအကြောင်း ကို ကျန်တဲ့သူတွေထက် နီးစပ်တော့ ပြောပြဖြစ်သလို ယက်ကန်းအထည်တွေအကြောင်း ကိုတော့ အမရပူရ က သူငယ်ချင်းက ရှင်းပြတတ်တယ်။ ကလေးသားလေးကလည်း အားကျမခံ သူတို့ကလေးမြို့ တစ်မြို့လုံး ရေကြီးသွားတုန်းက သူ volunteer လုပ်ခဲ့ရပုံတွေ ၊ မြေပဲစိုက်ထားတဲ့ သူ့အမေရဲ့ စိုက်ခင်းအကြောင်းတွေ ဆီကြိတ်တဲ့အခါ ဆီစက်ကို ဘယ်လို တောင်းဆိုမှုတွေ လုပ်ရတယ်ဆိုတဲ့အကြောင်းတွေပေါ့။ ထန်းညက်လုပ်ပုံလုပ်နည်းတွေလည်း ကြားရတာပါပဲ ။ မိုးကုတ်အကြောင်း ကျောက်အကြောင်းတွေလည်း ပါသေးတာပဲ ။ တကယ်ကို ခန္ဓာကိုယ်အတွက် အာဟာရ ရသ စုံတာတင်မက ဗဟုသုတ ရသပါ စုံစေတဲ့ လုပ်ငန်းခွင်ထဲက အိုအေစစ် လေးလို့ ပြောရရင် မမှားပါဘူး။
[https://news.bitcoin.com/steemit-awards-1-3-m-users/]
ဒါကြောင့်လေ မတူညီခြင်းရဲ့အလှ ဆိုတာ ဒါကိုပြောတာဖြစ်မယ်လို့ တွေးမိသေးတယ်။ ဟုတ်တယ်လေ ဒေသမတူသူတွေ တနေရာတည်းမှာလာစုနေကြတော့ သူတို့ရဲ့ အသိအမြင်တွေကအစ မတူကြဘူး ။ မတူတာကို လက်ခံပြီး ကိုယ်မသိသေးတဲ့အရာတွေပါ သိလာရတဲ့အတွက် မတူညီခြင်းကနေ အကျိုးကျေးဇူးတွေ ရတယ်မဟုတ်လား။ အဲ့လိုပဲ စတီးမစ် မှာလည်း မတူညီတဲ့ ပတ်ဝန်းကျင်က လူတွေ ၊ မတူညီတဲ့ ပညာရပ်နယ်ပယ်ကလူတွေ ဟာ စတီးမစ်ကို အကြောင်းပြုပြီး တွေ့ဆုံလာကြရ ၊ ခင်မင်လာကြရ ၊ တစ်ယောက်အကြောင်း တစ်ယောက် ဝေမျှလာကြတာဟာ ရသာစုံလင်လှတဲ့ ထမင်းဝိုင်းကြီး တစ်ခုလိုပဲ နွေးထွေးတယ်၊ ပြည့်စုံတယ်။ တခါတရံမှာ အငြင်းပွားကြရတာတွေလည်း ရှိသလို ၊ တခါတရံ စနောက်ကြ ပျော်ကြရွှင်ကြရတာတွေလည်း ရှိတယ်။ ရှေ့ဆက်ပြီးလည်း စည်းစည်းလုံးလုံးရှိပြီး မတူညီမှုကို လက်ခံတဲ့ လူ့အဖွဲ့အစည်းတိုင်း ကို လေးစားချစ်ခင်နေမှာကတော့ အသေအချာပါပဲ။
ချစ်တဲ့
MSC-264
ဖတ်ရင်းနဲ့မျက်လုံးနှစ်လုံးဖုန်းနားတော်တော်ကပ်နေပြီ(တကယ်ပြောတာပါ😀)စာရေးတာဆွဲဆောင်ကောင်းချက်၊ပီပြင်လှပါတယ်👍
ကျေနပ်တယ်လို့ ဟိဟိ။ ကိုယ့်ရဲ့ စာရေးဖို့ vitamin လေးတွေပါလို့ ။
မမတို့ ကျောင်းတက်တုံးကလဲ အဆောင်သူတွေ တစ်ယောက်တစ်မျိုးနဲ့ စုစားကြတော့ ထမင်းစားမြိန်တယ်လေ😊😊
ဟုတ်တယ်နော်... အကြောင်းအမျိုးမျိုးကြောင့် လူမစုံတော့ရင်ကို ထမင်းစားရတာ ဟာတာတာကြီးဖြစ်နေရော...
ဝိုင်းစုစားရတာ ပျော်စရာကြီး။ဟင်းတွေလဲစုံ ရင်းနှီးမှု့လဲ ပိုရ။
ဟုတ်တယ်ဆို... ကိုယ့်ဟင်းမကောင်းရင်တောင် သူများချက်တဲ့ဟင်းတွေနဲ့ ဟန်တွေကို ကျလို့လေ.. ဟိဟိ
ရေးသားက အားကျရပါသည်။
အားပေးစကားအတွက် ကျေးဇူးတင်ရပါသည်။
ကျွန်တော်လည်းဝန်ထမ်းဆိုတော့ညီမေ ပြာတာပိုသဘောပေါက်မိပါတယ်။ အလုပ်ထဲ မှာတွေ့ရတဲ့ အချိန်ပိုများတယ်လေ။ရှိတုန်းချစ်ချစ်ခင်ခင်နေပါမရှိတော့မှ တ မနေနဲ့လို့ မြဲေ ပြာ ဖြစ်တယ်။
ဟုတ်တယ်နော်... အလုပ်ထဲက ခင်မင်ရင်းနှီးတဲ့သူတစ်ယောက်ယောက် မပြောနဲ့ မျက်မှန်းတမ်းမိယုံလူတစ်ယောက်ယောက် အလုပ်ထွက်ပြီဆိုရင်တောင် စိတ်ထဲ နေလို့မကောင်းဘူး ။ ညီမကိုယ်တိုင်ကလည်း သံယောဇဉ်ကြီးလွန်းတာလည်းပါတော့ ပိုဆိုးတယ်။
မိတ်ဆွေ သူငယ်ချင်းဆိုတာ ဆွေမျိုးတွေပဲလို့ လက်ခံလာကြတစ်နေ့တော့ လူ့အဖွဲ့အစည်းကြီးလည်း တိုးတက်လာမယ်လို့ ထင်ရတာပဲ
ဟုတ် ထင်ရတာပဲလေ နော့်။ တော်ကြာ ဆွေမျိုးပေါက်ဖော်အချင်းချင်း အမွေကိစ္စနဲ့ သွေးကွဲမှာလည်း ကြောက်ရသေးတယ်။ 😄😄
ဟင်းတွေပြပြီးသွားရည်ကျအောင်လုပ်နေတယ်ပေါ့
ဒီနေ့ အိမ်မှာဟင်းမကောင်းတော့ ဒီPostလေးဖတ်ရင်းပဲ ထမင်းစားတော့မယ်😁😁😁
အယ်... စိတ်တောင်မကောင်းဘူးဆို။
သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ထမင်းစားကြ ကိုယ်သိတဲ့ အကြောင်း သူသိတဲ့အကြောင်း ပြောကြနဲ့ စကားတွေဖောင့်ဖွဲ့ကြတာ ပျော်စရာကောင်းပြီး ဗဟုသုတလည်းရပါတယ်။ကောင်းလှပါတယ်အစ်မ
ကျေးဇူးပါ ကိုသန့်စင်ရေ... ၀န်ထမ်းဘ၀ဆိုတော့ ဒါလေးတွေပဲ ပျော်စရာရှိတာလေ နော့။
Yummy
Bon Appetite !
လူလူချင်းပေးဆပ်ကြရင်း တူညီခြင်းအလှတွေ ဖြစ်လာကြရတာပဲလေဗျာ
ဟုတ်ပါ့တော်...