ကန္တာရ ထဲက တစ္ဆေမြို့တော် ( Kolmanskop: Ghost town in Namib desert of Africa )

in #myanmar7 years ago

တစ္ဆေမြို့တော် လို့ လူအများတင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာမှာ ကျော်ကြားလှတဲ့ မြို့ပျက်တစ်ခု အကြောင်း

image5.jpg

ဒီမြို့အကြောင်းကို ဖတ်ရတဲ့အခါ စိတ်ဝင်စားစရာလည်းကောင်းသလို သံဝေဂလည်း ရရပါတယ်… ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အာဖရိက မှာ အချမ်းသာဆုံး နဲ့အတိုးတက်ဆုံး မြို့တော်များထဲက တစ်ခုဖြစ်ခဲ့တဲ့ ဒီ Kolmanskop မြို့ဟာ ခုဆိုရင်တော့ သဲကန္တာရထဲမှာ တိတ်ဆိတ်စွာ လှဲလျောင်းနေလို့ပဲဖြစ်ပါတယ်… အရင်ဆုံး ဒီမြို့ကို Kolmanskop လို့ဖြစ်လာရတဲ့အကြောင်းကလည်း အဆန်းသား… အာဖရိကန်လို Coleman's hill ဖြစ်ပြီး ဂျာမန်လို ကတော့ Kolmannskuppe လို့ခေါ်တယ်တဲ့… Johnny Coleman ဆိုတဲ့ နွားလှည်းမောင်းသမားတစ်ယောက်ဟာ သဲမုန်တိုင်းနဲ့ကြုံခဲ့ရပြီး နောင်တစ်ချိန် သူ့နာမည်ကိုအစွဲပြုမှည့်ခေါ်တော့မှာဖြစ်တဲ့ နေရာလေးမှာ အစာရေစာ ငတ်ပြီးသေဆုံးခဲ့ရတယ်… ကိုယ်တို့ မြန်မာတွေလိုသာ အယူသည်းရရင်တော့ မြို့နာမည်ရဲ့ ရာဇ၀င်ကိုက မကောင်းတဲ့နိမိတ်တွေပါနေတာပေါ့လေ…။ ဒါကတော့ ကျွန်ပ်တစ်ယောက်တည်းရဲ့ အမြင်ပါလေ။ နောက်ပိုင်းမှာ ဂျာမန်ကိုလိုနီတွေရဲ့ မီးရထားလမ်းရှိလာပြီး ဘူတာရုံငယ်လေးနဲ့ ၀န်ထမ်းအနည်းငယ်သာ နေထိုင်ရင်း သံလမ်းပေါ်က သဲတွေကို ရှင်းလင်းဖယ်ရှားရတဲ့ မီးရထားဝန်ထမ်းလေး တစ်ယောက်က သဲတွေကို ကော်ထုတ်ရင်းနဲ့ တောက်ပတဲ့ ကျောက်တုံးလေးတစ်တုံးကိုတွေ့ခဲ့တယ်။ အဲ့ဒီ့ကျောက်တုံးလေးကို သူ့ရဲ့ဖိုမင် (foreman)ကိုပေးခဲ့တယ် ၊ ဘူတာရုံကြီးကြပ် လုပ်သူ အဲ့ဒီ့ foreman က ၀န်ထမ်းလေး ယူလာပေးတဲ့ ကျောက်တုံးဟာ စိန်ဖြစ်တယ်ဆိုတာကို စစ်ဆေးသိရှိသွားတယ်.. စစ်ဆေးပေးခဲ့တဲ့သူကလည်း foreman နဲ့ နောက်ပိုင်း ပါတနာဖြစ်လာတဲ့သူတစ်ယောက်ပါတဲ့..။ သူတို့ ၂ ယောက်ဟာ လျှို့ဝှက်စွာနဲ့ပဲ စိန်တူးဖော်ရေးအတူတူလုပ်လာခဲ့ကြရင်း တစတစနဲ့ လူသိလာပြီး အရမ်းကို ဟိုးလေးတကျော်တွေဖြစ်လာတယ် ၊ မိုင်းတွင်းတွေလည်း ဟိုတစ်စ ဒီတစ်စ ပေါ်လာတာပေါ့..ဘယ်လောက်တောင်လဲဆိုရင် လသာတဲ့ညတွေမှာဆို အဲ့ဒီ့မြို့ကလူတွေဟာ လုံးဝမအိပ်တော့ဘဲနဲ့ သဲတွေကြားက လက်ခနဲ လက်ခနဲ ဖြစ်သွားတဲ့ စိန်ပွင့်လေးတွေကို လိုက်လံစုဆောင်းနေကြတာဟာ ပွဲတော်ကြီးလိုပဲတဲ့..။ ကိုယ်တွေသာဆိုလည်း ဒီလို လုပ်မိမှာပါလေ..။ အဲ့လိုအချိန်က ခန့်မန့်ခြေ ၁၉၀၀ ပြည့်နှစ်အစောပိုင်းတွေဖြစ်မယ်… စိန်တွေဆိုတာ သဲထဲမှာ ထိုင်နေရင်းကို တွေ့တဲ့အထိ ပေါများခဲ့တာဆိုပဲ။ မိုင်းတွင်းအတွက် လိုင်စင်တွေ ဘာတွေလည်း သိပ်မလိုသေးတော့ ဗရမ်းဗတာနဲ့ ဖြစ်ချင်သလို ဖြစ်နေကြမှာအမှန်ပဲ။
blood-diamonds-still-at-central-africa-mining-sectors-heart-image-www.www-globalcommodities.com_.jpg

နောက်ပိုင်းမှာတော့ ဂျာမန်ကိုလိုနီတွေဟာ မိုင်းတွင်း လိုင်စင်ကိစ္စတွေမှာ တင်းကြပ်တဲ့စည်းကမ်းတွေ ထုတ်ပြန်ပြီး ရွာငယ်သာသာမြို့လေးကို ဆေးရုံတွေ ၊ အကခန်းမတွေ ၊ ဓါတ်အားပေးစက်ရုံတွေ ၊ ကျောင်းတွေ ၊ ဘိုးလင်းကွင်းတွေ ၊ ကဇာတ်ရုံကြီးတွေ ၊ လောင်းကစားဝိုင်းတွေ ၊ ရေခဲစက်တွေ နဲ့ အပီအပြင် တည်ဆောက်ခဲ့တယ်လို့ သိရတယ်။ နောက်ပြီး ဒီမြို့လေးမှာ တည်ထားခဲ့တဲ့ X-ray station ဆိုတာကလည်း တောင်ကမ္ဘာခြမ်းရဲ့ ပထမဦးဆုံး တစ်ခုဖြစ်ခဲ့တယ် ။ ထိုခေတ် ထိုအခါအရတော့ ခေတ်နဲ့မလိုက်အောင် တိုးတက်ခေတ်မီခဲ့တဲ့ မြို့ကလေးဆိုပါတော့လေ..။ ဒါနဲ့ X-ray station က မိုင်းလုပ်သားတွေ စိန်ပွင့်တွေကို မြိုချပြီး ခိုးယူခြင်းရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာပါတဲ့..။
ဒီလို အရပ်လေးမျက်နှာ သဲအတိပြီးတဲ့ ကန္တာရထဲမှာ လတ်ဆတ်တဲ့အသားတွေကိုလည်း သားသတ်ရုံမှာရနိုင်သလို ပေါင်မုန့်ဖိုတွေလည်းရှိခဲ့တယ် ။ ပရိဘောဂလုပ်တဲ့ workshop တွေလည်း ရှိသလို ခလေးငယ်လေးတွေ ပျော်ရွှင်စွာကစားဖို့ public playground တွေနဲ့ ရေကူးကန်တွေလည်း ရှိခဲ့တယ်လို့ ဆိုတယ်။
ဒါပေမယ့်လည်း ဒီလို သက်တောင့်သက်သာရှိအောင်လုပ်နိုင်တဲ့အချက်တွေ ရှိသလို သဘာဝတရားက ပေးတဲ့အခက်အခဲတွေလည်းရှိတာပေါ့ ။ သဲကန္တာရဖြစ်သည့်အားလျှော်စွာ ရှူရှိုက်ရတဲ့လေဟာ သဲအတိပြီးဖြစ်တာရယ် ၊ ရံဖန်ရံခါ သဲမုန်တိုင်းတိုက်ရင် ရေချိုပြတ်လပ်လို့ အချိုရည်နဲ့ ရေချိုးရတဲ့ နေ့ရက်တွေလည်း မနည်းဘူးတဲ့ ဒီမြို့လေးက ရေချိုမထွက်တော့ ရေချိုကို ရထားနဲ့ တင်သွင်းရတာကိုး ၊ ဒါ့ကြောင့် မုန်တိုင်းတိုက်တဲ့ရက်တွေမှာ ရထားမထွက်နိုင် ၊ ထွက်သွားတဲ့ရထားလည်း ပြန်မဆိုက်နိင်ဖြစ်တဲ့အချိန်တွေဆိုရင် သူတို့အတွက် အကြီးမားဆုံးအခက်အခဲဖြစ်ခဲ့တာပေါ့။ လူဦးရေအရ အရွယ်ရောက်ပြီးတဲ့ ဂျာမန် အယောက် ၃၀၀ ရယ် ခလေး အယောက် ၄၀ ရယ် ဒေသခံ အာဖရိက နွယ်ဖွား စာချုပ်လုပ်သား ၈၀၀ ရယ် နေထိုင် စည်ကားခဲ့တယ် ။
ဒီလိုနဲ့ ပထမ ကမ္ဘာစစ်ကြီးလည်း စတင်လာပြီး စိန်လုပ်ကွက်တွေ မိုင်းတွင်းတွေမှာလည်း စိန်ထွက်ရှိမှုတွေ တစ်ဟုန်ထိုး ကျဆင်းလာခဲ့တယ် ။ သဲ တန်ချိန် ၁၀ တန်ကျော်လောက်မှာမှ စိန် ၁ ကာရက် (သို့မဟုတ်) ၂ ကာရက်လောက်သာ ရတော့တဲ့အထိ ရှားပါးလာတော့တယ်။ ဒါ့ကြောင့် စိန်ရှာဖွေတူးဖော်ရေးလုပ်ငန်းပိုင်ရှင်တွေဟာ တခြား အကျိုးအမြတ်ရနိုငိမယ့် နေရာတွေကို တဖြည်းဖြည်း ရွှေ့ပြောင်းသွားကြတယ် ။ ၁၉၅၄ လောက်လည်းရောက်ရော တချိန်က ကလေးတွေ နဲ့ မိုင်းလုပ်သားတွေ သူဌေးတွေနဲ့ ပြားပန်းခတ် စည်ကားခဲ့တဲ့ Kolmanskop မြို့လေးကို သဲကန္တာရထဲမှာပဲ စွန့်ပစ်ခဲ့ကြတာ ခုဆိုရင် နှစ် ပေါင်းမနည်းတော့ ။
ဒီဘက် ကျွန်ပ်တို့ခေတ်ရောက်တော့ ဒီမြို့လေးကို အာဖရိက အစိုးရက tourist attraction တစ်ခုအနေနဲ့ ပြန်လည် ဖော်ဆောင်ခဲ့လို့ သဲတွေအောက်မှာ အကောင်းအတိုင်းကျန်နေတဲ့ အိမ်ကြီးအိမ်ကောင်းတွေ အဆောက်အဦတွေဟာ စွန့်စားရတာကို ကြိုက်တဲ့ ခြောက်ခြားစရာနေရာတွေကို သဘောကျတတ်တဲ့ tourist တွေအတွက် လည်ပတ်စရာ နေရာတစ်ခုအဖြစ် ပြန်ထင်ရှားလာခဲ့ပါပြီ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမြို့လေးကတော့ “ဖြစ်” ၊ “တည်” ၊ “ပျက်” ဆိုတဲ့ မမြဲခြင်းတရားကို ကောင်းကောင်းကြီး မီးမောင်းထိုးပြနေသလိုပါပဲ ။ ဓါတ်ပုံတွေကို ကြည့်ရင် စိတ်ထဲ ပိုပြီး တစ်မျိုးခံစားရပါတယ် ၊ ဘယ်အရာမှ မမြဲပါလား ၊ဘယ်အရာမှ အာမခံချက်မရှိပါလား ဆိုပြီး တွေးမိတဲ့အပြင် စိတ်ထဲ မသက်မသာဖြစ်တဲ့ ခံစားချက်တွေပါ ရပါတယ် ။ Kolmanskop မြို့ရဲ့ မြင်ကွင်းပုံတွေကို ရှာဖွေပြီး တင်ပြလိုက်တယ်နော် ။

1.jpg
မြို့အမည် ဆိုင်းဘုတ်

800px-Kolmannskuppe_Eisfabrik.jpg
ရေခဲစက်ရုံ

800px-Kolmannskuppe_Haus_des_Lehrers.jpg
Teacher's House

Minenverwalter_Kolmannskuppe.jpg
မိုင်းမန်နေဂျာရဲ့အိမ်

Kolmanskop.jpg
စွန့်ပစ်ခဲ့တဲ့ နေအိမ်တွေထဲက အချို့

800px-Kolmanskop_sand.jpg
နံရံပေါ်က ဆေးရောင်တွေတောင် အကုန်မပျက်သေး

2.jpg
ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ခလေးငယ်လေးတွေ <3

tour.jpg
tourists

ဒီ article ကိုဖတ်ပြီး တစ်ခုခုရသွားတယ်ဆိုရင်ကို ကျေနပ်ပါတယ် ။

Written By : @suhtetaung
Photo Credit : www.Google.com

Sort:  

ရှာရှာဖွေ ရေးနိုင်ပါပေတယ်ဗျ။

တစ်နေ့တစ်နေ့ အဲ့လိုတွေပဲ လိုက်လိုက်ဖတ်ဖြစ်နေတာလည်းပါတယ် :D

Coin Marketplace

STEEM 0.29
TRX 0.26
JST 0.039
BTC 94958.92
ETH 3396.60
USDT 1.00
SBD 3.40