အောင်မြင်မှု၏နောက်ကွယ် Beyound the success !

in #myanmar6 years ago

မယ်ဂျစ်တစ်ယောက် နားကြပ်လေးတပ်ပြီး သီချင်းလေးနားထောင်ကာ ဒီတစ်ခေါက် ဘာအကြောင်းအရာရေးရင်ကောင်းမလဲ တွေးနေတုန်း မယ်ဂျစ်ရဲ့ အသဲကျော်လေး ဖြစ်တဲ့ အိမ့်ချစ်ရဲ့ သီချင်းလေးနားထဲရောက်လာပါတယ်။ သီချင်းရဲ့ ခေါင်းစဉ်လေးက “အောင်မြင်မှုရဲ့နောက်ကွယ်” တဲ့။ သီချင်းလေးနားထောင်ပြီးသွားတော့ အောင်မြင်မှုရဲ့နောက်ကွယ်မှာ ဘာတွေ ရှိလဲလို့ သိချင်လာမိပါတယ်။ အဲ့ဒီတော့ စေ့စေ့တွေး ရေးရေးပေါ်ဆိုသလိုပဲ ကိုယ့်မျက်စိရှေ့က နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ သူတွေရဲ့ အမူအကျင့်လေးတွေကို တွေးတောစေ့ငု ကြည့်မိပါတော့တယ်..။

529415694-612x612.jpg
Crd-img-src

နယ်ပယ်အသီးသီးဆိုပေမယ့်လည်း အနုပညာရှင်တွေကိုတော့ လူတိုင်းက သိနေကြတော့ ဥပမာပြရတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်အသဲကျော်လေး အိမ့်ချစ်ကို အရင်ဆုံး လေ့လာ ကြည့်မိပါတယ်။ အိမ့်ချစ် လို့ ပြောလိုက်တာနဲ့ သူ့သီချင်း တစ်ပုဒ်စီတိုင်းကို နှလုံးသားနှစ်ပြီး ဆိုတတ်တဲ့ မျက်နှာချိုချို အသံအောင်အောင် လေးနဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို မျက်လုံးထဲ ပြေးမြင်မိရလောက်အောင် သူ့မှာ ထူးခြားတဲ့ဆွဲဆောင်မှုတွေ ရှိနေတာပါပဲ။ သူ့ကို စသိတဲ့အချိန်တုန်း ကတည်းက သူ့မှာ ထူးခြားတဲ့ အသံရှိယုံတင်မကဘူး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် နဲ့ လူတွေကို လွှမ်းမိုးနိုင်တဲ့ အစွမ်းရှိတာကို သတိပြုမိပါတယ်။ ဒီလိုဖြစ်အောင်လည်း သူဟာ တော်တော်လေး ဘ၀ကို ကိုယ်တိုင် ခက်ခက်ခဲခဲ ရုန်းကန်လာရတယ်ဆိုတာ သူ့အင်တာဗျူးတွေ ၊ သူ့အကြောင်းတွေကို လိုက်ပြီး လေ့လာကြည့်ရင် တွေ့ရမှာပါ။ တော်ရုံ တန်ရုံ အခက်အခဲတောင်မဟုတ် Broken family မှာ ကြီးပြင်းရုန်းကန်လာရသလို ငွေရေးကြေးရေးကိစ္စကအစ အတော်လေးကြပ်တည်းခဲ့တဲ့ အခြေအနေကနေ ဒီလို အောင်မြင်ကျော်ကြားလာတာကို ကြည့်ခြင်းအားဖြင့် သူဟာ စိတ်ဓါတ် ခိုင်မာပြတ်သားတဲ့ လူဆိုတာ ထင်ရှားပါတယ်။ ငယ်ရွယ်ပေမယ့် ရင့်ကျက်တဲ့စိတ်ထားကြောင့် အခက်အခဲ မှန်သမျှ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တာဟာ နည်းတဲ့အရည်အချင်းမှမဟုတ်ဘဲလေ။ ငယ်ရွယ်ပြီး အောင်မြင်သူမို့ တခါတရံတော့ emotional ဖြစ်တဲ့အခါတွေလည်း ရှိတော့ ရှိမှာပေါ့လေ။

sucess-words.png
Crd-img-src

နောက်ထပ် သတိထားမိတဲ့သူကတော့ သွားမယ် ၊ စားမယ် အစီအစဉ်မှတဆင့် လူသိများလာတဲ့ ကိုကောင်းကြီးလို အများက ချစ်စနိုးခေါ်တဲ့ ကောင်းထက်ဇော်ပါ ။ သူ့မှာလည်း အောင်မြင်သူတွေ ဆီမှာ ရှိတတ်တဲ့ အရည်အချင်းတွေကို တွေ့ရပါတယ်။ ကောင်းထက်ဇော် လို့ ပြောလိုက်ရင် သူတင်ဆက်သမျှသော အစီအစဉ်တိုင်းလိုလိုဟာ တီထွင်ဆန်းသစ်မှု အပြည့် ဖျော်ဖြေနိုင်မှုအပြည့် နဲ့ ပရိတ်သတ်ကို အသုံးတော်ခံတဲ့ သူဆိုတာ လူတိုင်းက သတိထားမိနေကြပါတယ်။ သူ့ကို လေ့လာမိသလောက်တော့ သူသည် ဘယ်အရာကိုမဆို စေ့စပ်သေချာစွာ လုပ်တတ်တယ်။ စိတ်နှစ်ပြီးတော့ လုပ်တတ်တယ် ။ နောက်ပြီး ကိုယ်လုပ်မယ့် အလုပ်ရဲ့ အကြောင်းကို နောကြေအောင် လေ့လာတယ် ။ စားမယ် သွားမယ် အစီအစဉ်မှာပဲ ကြည့် အစားအသောက်တွေရဲ့ အကြောင်းကို ခရေစေ့တွင်းကျ သိနေပြီး ၊ ဘယ်ပစ္စည်းနဲ့ ဘယ်ပစ္စည်း ပေါင်းစပ်လိုက်ရင် ဘယ်လို အရသာ ထွက်သွားတယ်ဆိုတာမျိုး အထိ ပုံဖော်အောင်ပြောနိုင်ဖို့ဆိုတာ သူ့ရဲ့ လေ့လာအား ကောင်းလို့ပါ။ နောက်ပြီး မိသားစု ပြိုင်ပွဲ တို့ money drop အစီအစဉ်တို့မှာဆိုရင်လည်း စီစဉ်သူလည်း သူကိုယ်တိုင် ၊ တင်ဆက်သူလည်း သူကိုယ်တိုင် ဖြစ်လို့ သူ့ရဲ့ ဆန်းသစ်တီထွင် နိုင်မှုကို ချီးမကျူးဘဲ မနေနိုင်ပါဘူး ။ နောက်ပြီး ဂျပန်ကို လေ့လာရေးခရီးစဉ် တင်ဆက်တုန်းကလည်း ဂျပန်စကားကို အများကြီး မဟုတ်တောင် တော်တော်လေး လေ့လာထားတာကို မြင်ရလို့ သူသည် သူလုပ်ရမည့်အလုပ်မှာ ရှိသင့်သည့် အရည်အချင်းမှန်သမျှကို ဖြည့်ထားတတ်တဲ့ သူမျိုးမို့လို့ ယခုလို အောင်မြင်နေတာ မဆန်းတော့ဘူးလို့ ကျွန်မထင်ပါတယ်။ဟိုတလာဆီက သူနဲ့ အေးမြတ်သူတို့ရဲ့ အကစိန်ခေါ်တဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးလိုလိုပဲ ဖေ့စ်ဘွတ်ပေါ်မှာ ကြည့်ဖူးကြမှာပါ။ အဲ့ဒီမှာလည်း ကိုကောင်းကြီးက သူ့ရဲ့ ဘာပဲလုပ်လုပ် စနစ်တကျ သေသေချာချာ လုပ်တတ်တဲ့ အရည်အချင်းကို သက်သေထူလိုက်သလိုပါပဲ။ နောက်ထပ် အံ့သားသင့်ရတာ တစ်ခုက သူသည် ငယ်ငယ်က လူရှေ့ စကားထွက်ပြောရမှာကို အလွန်အင်မတန် ကြောက်တတ်ခဲ့တယ်ဆိုတာပါပဲ။ ခုလို စကားပြောကောင်း သူဖြစ်အောင် တော်တော်လေး လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။ အတုယူစရာပါပဲ။
shutterstock_189835505.jpg
Crd-img-src

နောက်ထပ် အောင်မြင်သူတစ်ယောက် အနေနဲ့ စိုင်းစိုင်းခမ်းလှိုင် ပါပဲ။ သူ ဘာကြောင့်အောင်မြင်လဲဆိုရင် သူ့ရဲ့ စန်းတစ်ခုတည်းကြောင့်တော့ မဟုတ်လောက် ။ သူ့ရဲ့ အဓိက အောင်မြင်တဲ့ အကြောင်းအရင်းကတော့ EQ ကောင်းလို့ လို့ထင်ပါတယ်။ ချစ်သူခင်သူ အားပေးသူ ပေါသလောက် မလိုသူလည်း ပေါတဲ့သူဟာ အလွန်လည်း အဆဲခံရတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပေမယ့် သူသည် ဘယ်သောအခါမှ အပြုံးမပျက်တတ်။ ဆဲတဲ့သူတွေ အယောက်တစ်ရာရှိပါစေ ကျန်တဲ့ သူ့ပရိတ်သတ် တစ်ယောက်အတွက် သူသည်းခံပါတယ်တဲ့ ။ အပြောနဲ့ အလုပ်လည်း တကယ်ညီပါတယ်။ သူ့စိတ်ထားကလည်း အတုယူရမယ့် စိတ်ထားပါပဲ။ နောက်ပြီး စကားပြောကောင်းသလို သူ့အလုပ်ကို သူချစ်တဲ့ အရည်အချင်းကိုလည်း စိုင်းစိုင်းကပိုင်ဆိုင်ထားပါသေးတယ်။
personality620.jpg
src

ဒီတော့ အောင်မြင်သူတွေ အတော်များများမှာ တွေ့ရတတ်တဲ့အရည်အချင်းတွေကို လေ့လာသုံးသပ် ကြည့်တဲ့အခါမှာ တူညီတဲ့အချက်က ကိုယ့်အလုပ်ကို ကိုယ်ချစ်ကြတယ်။ စကားပြောကောင်းတယ် တစ်နည်း လူမှုဆက်ဆံရေးဘာသာမှာ ဂုဏ်ထူးထွက်ကြတယ်။ ဘယ်အလုပ်ပဲ လုပ်လုပ် စိတ်နှစ်ပြီး အကောင်းဆုံးလုပ်တယ်။ ၀ါသနာပါရာကို မအောင်မြင်မခြင်း နှစ်ရှည်လများ တစိုက်မတ်မတ် လုပ်တတ်တဲ့ ဇွဲရှိကြတယ်။ ဒီနေရာမှာ အလျင်းသင့်လို့ မယ်ဂျစ် အလွန်နှစ်သက်တဲ့ ပုံလေးတစ်ပုံကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပုံလေးထဲမှာ ကျောက်ရှာဖွေကြတဲ့ တွင်းတူးကြသူခြင်းအတူတူ ဇွဲရှိသူသာ အောင်မြင်ပြီး ဇွဲမရှိသူအတွက်တော့ ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုသကဲ့သို့ ကြိုးစားအားထုတ်မှုဟာ အချည်းအနှီးဖြစ်ရတတ်တာကို တွေ့ရပါတယ်။
KOKO-Quotes-Thomas-Edison-KOKOTV2.png
Crd-img-src

လူတိုင်း လူတိုင်းကတော့ အောင်မြင်ချင်ကြသူတွေချည်းပါပဲ။ ဒါပေမယ့် အောင်မြင်မှုဆိုသည်မှာလည်း နေရင်းထိုင်ရင်း ရောက်လာတတ်တာ မဟုတ်လို့ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုနဲ့ သင့်လျော်တဲ့ အရည်အချင်း ရှိနေတဲ့ သူဆီကိုသာ ရောက်လာတတ်တာပါ။ ဒါကြောင့် မယ်ဂျစ်ရဲ့ ဘော်ဒါ အပေါင်း သူတော်ကောင်းတို့လည်း လုပ်ငန်းဆောင်တာတိုင်း အကြံအစည်တိုင်း အောင်မြင် အောင် ဆောင်ရွက်နိုင်တဲ့သူတွေ ဖြစ်ကြပါစေ လို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။

@suhtetaung
MSC-264

Sort:  

အတုယူစရာတွေပေါ့ သမီး

ဟုတ်အန်တီ သူတို့တွေဆီမှာ အတုယူရမယ့် အချက်ကိုယ်စီပိုင်ဆိုင်ကြတယ်နော်။ အမြဲအားပေးတဲ့ အန်တီရေ ကျေးဇူးတင်ပါတယ်နော်။

ဇွဲရှိရှိနဲ့ တစ်‌စိုက်‌မတ်‌မတ်‌လုပ်‌ရင်‌ ဘယ်‌အရာမဆို ‌အောင်‌ မြင်‌ပါတယ်‌။ထို့အတူ တို့‌တွေလည်း steemitကို အားမ‌လျော့ဘဲ တစ်‌စိုက်‌မတ်‌မတ်‌ လုပ်‌ကြရ‌အောင်‌။

ဟုတ်အစ်ကို ညီမလည်း တခြား steemit လိုမျိုး ဆိုဒ်တွေ အများကြီးရှိပေမယ့် steemit သုံးရတာကိုပဲ အားရတယ် ၊ ကျန်တာတွေကိုတော့ လုပ်ဖူးတယ်ရှိအောင် လျှောက်စမ်းကြည့်တာလောက်ပဲ ရှိတယ်။ တစိုက်မတ်မတ်လုပ်ဖို့အတွက်ကြ စတီးမစ်လို စနစ်ကျတဲ့ စည်းကမ်းတွေ plan တွေ အခိုင်အမာရှိတဲ့ ဆိုဒ်မျိုးမှ အဆင်ပြေတာလေ နော့။

စိတ်​ခွန်​အားရ​စေတဲ့ စာ​လေး​တွေပါဗျာ ☺

တခါတလေ လွယ်လွယ်နဲ့ အောင်မြင်ချင်တဲ့အခါမျိုး ၊ အားမထုတ်ဘဲ အောင်မြင်ချင်တဲ့ စိတ်မျိုး ဖြစ်လာခဲ့ရင် ကိုယ့်ကိုကိုယ် ဆုံးမရအောင်လို့လေ ။

ကြိုးစားမှုတိုင်းမှာ မအောင်မြင်တောင်
အောင်မြင်မှုတစ်ခုခုကတော့ ကိုယ့်ကိုဆီးကြိုနေမှာပါ

ဟုတ်တယ် မောင်လေး မအောင်မြင်ခဲ့ရင်တောင် ကိုယ်အကောင်းဆုံးလုပ်ခဲ့နိုင်ရင် ဖြေသာတယ်လေ နော့ ။

ဟုတ်​တယ်​​နော့...​အောင်​မြင်​မှုကလွယ်​လွယ်​နဲ့မရနိုင်​တာ...သူတို့​တွေကို​လေးစားအားကျမိပါတယ်​...

💓 ဒို့တွေလည်း ကြိုးစားကြစို့ နော..

အိမ့်ချစ် အိမ့်ချစ်

ကြိုက်တယ်လား တို့ရဲ့ ချောကလက် မှိုတက် ညိုပြာညက်ကလေးကို 😉😉

အသားမဲတာ ဘာဖြစ်လဲ
ရည်းစားတွေ မှိုလိုတွဲ ....

အောင်​မြင်​မှူရရှိတဲ့သူတိုင်း အတိုင်းအတာတခုခု​တော့မ​ပေးဆပ်​နိုင်​ဘဲမရနိုင်​ပါ စိတ်​​ရှေရမယ်​ သီးခံရမယ်​ဇွဲရှိရမယ်

ဟုတ်တယ်နော့ ။

ခုလိုဆောင်းပါမျိုးအရမ်းကြိုက်တယ်

ကျေးဇူးတင်ပါတယ်နော့။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63498.69
ETH 2645.91
USDT 1.00
SBD 2.80