ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

in #myanmar4 years ago (edited)

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၁၉ )

အခန်း ( ၃၇ )

တဖြည်းဖြည်းကိုယ်ဝန်ရင့်မာလာသည်နှင့်အမျှကြိုင်လည်းကျန်းမာရေးချို့တဲ့လာသည်။အခုဆိုလျှင် ကြိုင့်ကိုယ်ဝန်က ၈ လကျော်၍ ၉လထဲဝင်နေပေပြီ။မွေးဖွားမည့် ဂျူးဒိတ်ကို ရောက်လုပြီဖြစ်သည်။ပြတင်းတံခါးနားတွင်ရပ်လျက်အပြင်မှတဖွဲဖွဲကျနေသောမိုးရေစက်များကို ငေးကြည့်နေသည့်ကြိုင့်ပုံစံကြောင့်ညီညီသက်ပြင်းသဲ့သဲ့ချလိုက်သည်။ကြိုင့်အနီးသို့ လှမ်းလာခဲ့ရင်း ယူလာသော အနွေးထည်လေးကိုခြုံပေးလိုက်သည်။ကြိုင်သတိဝင်လာဟန်ဖြင့်မော့ကြည့်လျက်ကျေးဇူးတင်သည့်အရိပ်တစ်ချို့ဖြတ်ပြေးသွား၏။

"ရာသီဥတုအေးတယ်ကြိုင်အနွေးထည်လေးတော့ဝတ်ထားမှပေါ့။ကဲကဲငေးမနေနဲ့တော့အိပ်ရာထဲဝင်ပြီး နွေးနွေးထွေးထွေးနေ။ နင်တစ်နေ့တစ်ခြားပိန်လာတယ်ကြိုင်။ကိုယ့်ကျန်းမာရေးကို ဂရုစိုက်အုံး။ လေတွေတိုက်နေတဲ့ နေရာမှာတမေ့တမောရပ်ငေးနေတာမျိုးတွေ ဆင်ခြင်တော့။မကြာခင်ကလေးလေးကို မွေးဖွားရတော့မယ်။"

ညီညီခေါ်ဆောင်ရာ မိမိအခန်းထဲသို့  ကြိုင် ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။ညီညီကကြိုင့်ကို ကုတင်ပေါ်သို့လှဲစေရင်းစောင်အထပ်ထပ်ခြုံပေးကာပါးစပ်မှပွစိပွစိပြောနေလေသည်။

"ကဲကြိုင်တစ်မှေးလောက်မှေးလိုက်အုံး။ဟိုဘက်အခန်းမှာငါရှိမယ်လိုတာရှိရင်ခေါ်လိုက်နော်။"

ကြိုင်ခေါင်းညိမ့်ပြလိုက်မိသည်။ထို့နောက် ညီညီက ကုတင်ပေါ်မှထကာ အခန်းထဲမှ ထွက်ခွါရင်းတံခါးကိုစေ့ထားခဲ့လေသည်။ညီညီနှင့်ကြိုင်လက်ထပ်ပြီးနောက်ကြိုင့်ဆန္ဒအတိုင်းပင်ကံ့ကော်ခြံ၌ပြောင်းရွှေ့နေထိုင်ခဲ့သည်။လက်ထပ်ပြီးတစ်အိမ်တည်းမှာအတူနေမှ မိမိအပေါ် သံယောစဉ်ကြီးမားလှသော ညီညီ၏ မေတ္တာတရားကိုကြိုင်အံ့အားသင့်စွာ တွေ့ခဲ့ရလေသည်။မိမိကို မျက်နှာတစ်ချက် မညိုစေရအောင်အစစအရာရာဂရုစိုက်ခဲ့သည်။ယောကျာ်းကောင်းပီသစွာဖြင့်မိမိအပေါ်တွင်အခွင့်အရေးတစ်ခုမှမယူခဲ့ပေ။မင်္ဂလာဦးညကတည်းကအခန်းခွဲကာအိပ်ပေးခဲ့သည်။ကြိုင်က ကျေးဇူးတင်လွန်းစွာ ငိုမိတော့ ညီညီက မိမိပါးပေါ်မှ မျက်ရည်စများကို သုပ်ပေးရင်း သူ့အချစ်ကို ဖွင့်ဟခဲ့သည်။

"နင်ဆရာ့ကို အခုထိ မမေ့နိုင်သေးဘူးဆိုတာ ငါသိတယ်ကြိုင်။ငါနင့်ဆီကလိုချင်တာလူကိုမဟုတ်ဘူး။နင့်အချစ်ကိုပါ။ နင်မကြည်ဖြူရင် ငါနင့်ကို လက်ဖျားနဲ့တောင်မထိပါဘူးကြိုင်။နင်မွေးလာတဲ့ကလေးလေးကိုလည်းအဖေရင်းတစ်ယောက်လို ငါချစ်မှာပါ။နင်ဆရာ့ကို မေ့သွားပြီး ငါ့အပေါ်ချစ်လာတဲ့နေ့အထိငါစောင့်မယ်ကြိုင်။ဘယ်တော့မှချစ်မလာခဲ့ရင်တောင် ငါ့အပေါ် သံယောစဉ်ဖြစ်လာတဲ့နေ့ထိပေါ့။ငါစောင့်နိုင်ပါတယ်ကြိုင်။သေသည်ထိစောင့်ဆိုလည်း နင့်ဘေးကနေ ငါစောင့်နေပါ့မယ်။"

ထိုကဲ့သို့သောညီညီ့ခံစားချက်များကိုသိခွင့်ရချိန်က ကြိုင်အံ့အားသင့်စွာဖြင့်မည့်သည့်စကားမျှ ပြန်မပြောနိုင်ခဲ့။မိမိအပေါ်ညီညီ ချစ်နိုင်လေခြင်း ဟူသော အသိဖြင့် ခံစားခဲ့ရသည်။ထိုသို့ခံစားရသည်မှာလည်း မိမိနှလုံးသားကိုမိမိသေချာနားလည်နေ၍သာ ဖြစ်သည်။အသည်းနင့်အောင် ချစ်ခဲ့ရသောဆရာ့ကို ကြိုင့်နှလုံးသားက မေ့နိုင်ဖို့ဆိုသည်မှာ ဒီတစ်သက်တော့ ဖြစ်နိုင်မည်မထင်တော့ပါ။

တစ်ဖက်အခန်းမှ အသက်မှန်မှန်ရှုသံကြောင့် ကြိုင်အိပ်ပျော်သွားပြီမှန်းညီစေမင်းသိလိုက်သည်။ကြိုင်နှင့်အတူနေလာရင်း မိမိသိလာရသည်က ကြိုင်ဟာ အခုချိန်ထိ ဆရာ့ကို တမ်းတနေဆဲဆိုတာပင်ဖြစ်သည်။မိမိနှလုံးသားများနာကျင်ရသော်လည်းဒါကလက်မခံလို့မရသည့် အမှန်တရားတစ်ခုပင်။မိမိကိုယ်တိုင်ပင် အချစ်ကို နားလည်သူမို့ ကြိုင့်ရင်ထဲက ဒဏ်ရာကို ခံစားမိပါသည်။ခံစားနားလည်နေမိခြင်းနှင့်အတူ ကြိုင့်ကို သနားစာနာမိသော ကရုဏာစိတ်က လွန်ကဲလာမိသည်။

"ကြိုင်ရေ. ....ကြိုင်"

ညီညီ အိမ်ရှေ့မှအလွမ်းခေါ်သံကြောင့် ညီညီ ခြေဖော့လျှက်ခပ်သွက်သွက်ဆင်းလာခဲ့သည်။

လက်ညိုးကိုနှုတ်ခမ်းပေါ်တွင်ကန့်လန့်ဖြတ်တင်လိုက်ရင်းတိတ်တိတ်နေဟန်အမူအရာလုပ်ပြလိုက်သည်။လေသံကိုတိုးလိုက်ရင်း 

"ကြိုင်အိပ်ပျော်နေတယ် အလွမ်း။" 

"အော် အေးအေး" 

အလွမ်းသက်က ဆောင်းလာသောထီးကို ညင်သာစွာပိတ်လိုက်ရင်း လက်မှ အထုပ်ကိုဆွဲကာ ညီညီနောက်မှနေ၍ကြိုင့်အခန်းထဲသို့လိုက်လာခဲ့သည်။ကြိုင့်ကုတင်ဘေးတွေ တင်ပါးလွှဲထိုင်လိုက်ရင်းသိသိသာသာနားထင်ရိုးများချိုင့်နေသော ကြိုင့်မျက်နှာလေးကို သနားကြင်နာစွာ ငုံ့မိုးကြည့်လိုက်မိသည်။

"ကြိုင် ပိန်လှချည်လားညီညီရယ်။" 

အလွမ်းသက်၏ မှတ်ချက်ချသံခပ်တိုးတိုးကို ညီညီ အသံတိတ် ခေါင်းငြိမ့်ပြလိုက်သည်။ 

"ဟုတ်တယ်အလွမ်း အခုတစ်လောမှ သိသိသာသာ ပိန်လာတယ်။ငါလည်း ဂရုစိုက်ပါတယ်။ ဒါပေမယ့် ကြိုင်က ကျန်းမာရေးထက် စိတ်ကြောင့်ပိန်နေတယ်လို့ထင်တယ်။သူအခုတစ်လောအရမ်းမှိုင်တယ်အရမ်းလည်းငေးတယ်။သူအဲဒီလို ဖြစ်နေ တော့ ငါလည်း ဘယ်စိတ်ကောင်းပါ့မလဲဟာ။" 

အလွမ်းက နားလည်စွာ တစ်ချက်ကြည့်ရင်း လက်ထဲမှ အထုပ်ကို ညီညီ့ဘက်တိုးပေးလိုက်သည်။ 

"ကလေးလေးဖို့  ငါကိုယ်တိုင် ချုပ်ထားတာ ကြိုင့်ဖို့လည်းအင်္ကျီတစ်ထည်ပါတယ်။ပြီးတော့ ကြိုင်သောက်ဖို့အားဆေးတွေရောပဲ။"

ညီညီအထုပ်ကိုလှမ်းယူကာစားပွဲပေါ်တင်လိုက်သည်။

"ကျေးဇူးပါပဲ အလွမ်းရာ နင်ငါတို့ကြောင့် ပင်ပန်းရပြီ။"

"မဟုတ်တာ ညီညီ ငါ့မှာ နင်တို့နှစ်ယောက်ပဲ ရှိပါတယ်။"

နဖူးပေါ်သို့ဝဲကျနေသော ကြိုင့်ဆံပင်များကို သပ်တင်ပေးနေသည့် ညီညီ့ကို ငေးကာ အလွမ်းငိုချင်လာသည်။ ထိုင်ရာမှထရပ်လိုက်ရင်း 

"ငါပြန်တော့မယ် ညီညီ ။မနက်ဖြန်ကစပြီး ငါ မကွေးဆေးရုံမှာ ဟောက်စ်ဆင်းရမယ်။ ကြိုင်နိုးရင် ငါနှုတ်ဆက်သွားတယ် ပြောပေးအုံး။" 

အလွမ်းကိုအိမ်ရှေ့ထိလိုက်ပို့ရင်းကြိုင့်အခန်းထဲပြန်ဝင်ကာ စောင်လပ်နေလား ပြန်စစ်၍ ညီညီအပြင်ထွက်လာခဲ့သည်။ညီညီ့ခြေလှမ်းများက ကံ့ကော်ခြံထဲမှ ခုံတန်းဆီသို့ ။

တိုးဝှေ့သွားသော မိုးသက်လေကြောင့် ချမ်းစိမ့်စိမ့်ဖြစ်သွားကာ ခေါက်တင်ထားသော လက်ရှည်ကိုပြန်ချလိုက်သည်။မျက်ဝန်းများက ရီဝေစွာဖြင့်ကြိုင်ရှိနေရာအခန်းဆီသို့ငေးလျှက်။ 

မင်းဒဏ်ရာတွေဘယ်တော့များမှပျောက်မှာလည်းကြိုင်ရယ်။ဆုတောင်းတိုင်းမပြည့်တတ်သည့်နေရာလွဲမှားဆဲတစ်ဖက်သက်အချစ်များစွာတို့သည်လေပြေထဲတွင်တိုးဝှေ့လျှက်ကံ့ကော်ရွက်များကို လှုပ်ခတ်ကျီစယ်သွားလေတော့သည်။

အခန်း ( ၃၈ )

ဖန်ခွက်ထဲမှ လက်ကျန်အရက်ကို မော့ချလိုက်ကာ နွေဦးမောင် ဟက်ခနဲ ရယ်လိုက်သည်။ထို့နောက် ပုလင်းကို ကိုင်ကာ စောင်းချလိုက်တော့ ပုလင်းထဲတွင်လည်းမရှိတော့။တောက်တစ်ချက်ခေါက်လိုက်ရင်း ခပ်ယိုင်ယိုင်ထကာ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။အသင့်ရှိနေသော ရမ်တစ်ပြားကိုထုတ်လိုက်ရင်းထိုင်ခုံဆီသို့ပြန်လာသော ခြေလှမ်းများက သိပ်မမှန်ချင်။ထို့နောက် အရပ်ကို ငှဲ့ချကာ ခပ်ဖြည်းဖြည်း ဇိမ်ဆွဲ၍ သောက်နေမိသည်။

နွေဦးမောင်၏ အမူအရာကို အခန်းဝမှာ ရပ်၍ မမှိတ်မသုန် စိုက်ကြည့်နေသော ဒေစီလွင့်မျက်ဝန်းတွင်ဒေါသအရိပ်အငွေ့များသမ်းနေသည်။နှုတ်ခမ်းမွေးများမှာ မရိတ်မသင်ဘဲထားတာကြာပြီမို့ခပ်ရှည်ရှည်ဖြစ်နေပေပြီ။ နားထင်မှ အောက်သို့ ပေါက်နေသော ပါးပြိုင်းမွေးငုတ်စိများက နွေဦးမောင် မျက်နှာကိုပိုရင့်ရော်စေသည်။မညှပ်ဘဲထားကာဖြီးခြင်းလည်းမရှိဘဲဖြစ်သလိုပင့်တင်ထားသော ဆံပင်များက နဖူးပေါ်တွင် ဖရိုဖရဲ ၀ဲကျလျှက်။ ဂုတ်ထိ ရှည်နေပြီဖြစ်သော ဆံပင်ပုံစံက နွေဦးမောင်မျက်နှာတွင်တော့ လမ်းသရဲနှင့်တူမသွားဘဲတစ်မျိုးကြည့်ကောင်းနေသည်။ရှပ်လက်ရှည်ကိုတံတောင်ထိခေါက်တင်ထားတတ်သည့်အကျင့်ကမပျောက်သေးသော်လည်းသူ့ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသောကြက်သွေးရောင်လက်ရှည်တွင်တော့ခေါက်ထားသောတံတောင်များမှာညီညာခြင်းမရှိလှ။ပုဆိုးအနက်ကွက်ကို ၀တ်ဆင်ထားကာ မလိုက်ဖက်လှသော ကြက်သွေးရောင်ကနွေဦးမောင်ကိုယ်ပေါ်တွင်မရိုင်းဘဲကြည့်ကောင်းနေသည်။အရက်ရှိန်ကြောင့် ဖြူနုသောမျက်နှာက အနီဘက်ပြောင်းနေသည်။ဘယ်လိုပင် ပစ်စလက်ခတ်ပြီးစလွယ်မပြင်မဆင်နေသော်လည်းထိုယောကျာ်း၏ချောမောခြင်းများကပျောက်ပျက်မသွားသည်ကိုတော့ဒေစီလွင်လက်ခံမိသည်။မိမိမက်မောခဲ့သောတည်ကြည်ချောမာခြင်းများကိုယခုထက်တိုင်မပိုင်ဆိုင်ရသေးချိန်မှာတော့ ဒေစီလွင့်စိတ်များ ခက်ထန်လာမိသည်။ မင်းကျော်နှင့်သီဟစောစောလေးကတင် လာပြီး သူ့အခြေအနေကိုကြည့်ကာ ခေါင်းရမ်း၍ ပြန်သွားလေပြီ။

ကြိုင်လက်ထပ်သွားပြီဟုသိလိုက်သည့်နေ့ကတည်းကအရက်သမားလုံးလုံးဖြစ်သွားကာထင်ရာစိုင်းနေခဲ့သည်။ကျောင်းတွေမဖွင့်ခင်တုန်းက အရက်ပုလင်းကို လက်မှာဆွဲကာ မြန်မာပြည်အနှံ့လျှောက်သွားနေခဲ့သည်။အသည်းကွဲနေတာပါလေဟု တွေးကာ သူငယ်ချင်းများနှင့် အန်တီခင်က သူ့ကိုလွှတ်ထားပေးခဲ့သည်။ကျောင်းဖွင့်လာတော့လည်းပုံစံပြောင်းသွားသည်ဟူ၍ မရှိခဲ့။

ခရီးထွက်တာတွေ ရပ်လိုက်သော်လည်း ကျောင်းကို မသွားတစ်ချက် သွားတစ်ချက်။ ကျန်သည့်အချိန်များတွင်ပုလင်းထောင်နေသည်က များသည်။ကျောင်းအုပ်ကသီဟအကိုဝမ်းကွဲဖြစ်နေလို့သာတော်တော့သည်။မဟုတ်လျှင်ခုလောက်ဆိုအလုပ်ပင်ပြုတ်နေလောက်ပေပြီ။အန်တီခင့်ကို အပူကပ်ကာ မိမိနှင့်မောင့်ကို လက်ထပ်ပေးဖို့ပူဆာခဲ့သော်လည်း မောင်က လက်မခံခဲ့။လက်ထပ်ပေးဖို့ပြောတိုင်း ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ အန်တီခင်ပင် မောင့်စိတ်ကြောင့် စိတ်ဆင်းရဲစွာဖြင့် စစ်ကိုင်းတောင်သို့သွားကာတရားအားထုတ်နေခဲ့သည်မှာ တစ်လကျော်ပေပြီ။ ဒေစီလွင် အခန်းထဲသို့တစ်လှမ်းခြင်းဝင်လာခဲ့သည်။ငှဲ့မည့်ဟန်ပြင်နေသော မောင့်ရှေ့မှ အရက်ပုလင်းကို ဆွဲယူလိုက်သည်။

"တော်တော့မောင်နင်သောက်တာများနေပြီ။

မိမိကိုမော့ကြည့်လိုက်သေမောင့်မျက်ဝန်းများမှာရီဝေစွာဖြင့်ဒေါသခိုးများသမ်းလျက်။

"ငါအရက်သောက်နေတဲ့ အခန်းထဲကို ဘာကိစ္စ၀င်လာတာလဲ မိလွင်။ငါ့ကို အရင်ခွင့်တောင်းလေ။ငါ့ခွင့်ပြုချက်မရှိဘဲ အခုလိုဝင်လာတာငါမကြိုက်ဘူး။နင်အခုထွက်သွား ငါ့ကို လာမနှောက်ယှက်နဲ့။"

"ဘာရယ်မောင်ငါကနင့်ဆီကခွင့်တောင်းရအုံးမယ်ပေါ့။အန်တီခင့် ခွင့်ပြုချက်ရပြီးသား ဒီအိမ်ကိုငါဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်လို့ရတယ်။အခုနင်မှားနေတာတွေ့လို့ငါဝင်ပြောရတာပဲ။နင်ဘာမဟုတ်တဲ့မိန်းမတစ်ယောက်ကြောင့်နင့်ဘ၀ကိုရေစုန်မျောခံမလို့လား။ဟိုကဖြင့်သူ့အိမ်ထောင်နဲ့သူ ပျော်နေပြီ။နင့်မှာသာ အသည်းကွဲသမားကြီးဖြစ်လို့။"

"နင်တော်တော့ဒေစီလွင်ငါ့ချစ်သူမကောင်းကြောင်းကိုနင်ပြောစရာမလိုဘူး။အေးငါ့ကိုလည်း နင်စွက်ဖက်စရာမလိုဘူး။"

ဒေါသကြောင့်နွေဦးမောင်မေးကြောကြီးများ ထောင်လာသည်။ ပုလင်းကို ဆွဲကာ မော့ချပစ်လိုက်သည်။

ဒေါသခိုးဝေနေတာတောင်အလှပျက်မသွားသည့်မျက်နှာ စူးရှခက်ထန်နေသော မျက်လုံးများ ဖြောင့်စင်းသည့် နှာတံ ။ မိမိမြတ်နိုးပါလျှက် မပိုင်ဆိုင်ရသည့် နီရဲကာ ပိရိသေသပ်သည့် နှုတ်ခမ်းတစ်စုံကို ငေးကာ ဒေစီလွင် လောဘကြီးလာမိသည်။မောင်ဟာ ဘာဖြစ်လို့မိမိလိုလူကို မချစ်နိုင်ရတာလဲ။ မောင်ကရော ဘာသားနဲ့ထုထားတာ

မလို့မိမိကိုရင်မခုန်ညွတ်ယိမ်းမလာရတာလဲ။ဒေစီလွင့်ရင်ထဲတွင် အလိုမကျစွာ ကောက်ကျစ်မှုများ ၀င်လာသည်။မျက်နှာကို ပြင်လိုက်ရင်း လှပစွာပြုံးလိုက်ကာ အသံချိုချိုလေးဖြင့် စကားစလိုက်သည်။

"မောင် ငါနင့်ကို အရမ်းချစ်တယ်သိလား။"

စားပွဲခုံပေါ်တွင်တင်ထားသော မောင့်လက်ကို မိမိလက်ဖြင့် အုပ်ကိုင်လိုက်သည်။ 

"ငါလေနင့်ကိုငယ်ငယ်ကတည်းကချစ်ခဲ့ရတာမောင်။နင်ငါ့ကိုနည်းနည်းလေးတောင်မချစ်နိုင်ဘူးလားဟင်။" 

ဒေစီလွင် မိမိမျက်နှာကို မောင့်ရှေ့သို့ တိုးလိုက်သည်။ 

"ငါ့ကို သေချာကြည့်ပါမောင်ငါဟာလည်း အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ပါ။"

မိမိရှေ့တွင်နီးကပ်စွာရှိနေသောမျက်နှာလေးကို စူးစိုက်ကြည့်နေမိသည်။ 

"ကြိုင်လား ဘယ်သူလဲ။" 

အရက်ရှိန်ကြောင့် မျက်နှာက ကြိုင်ဖြစ်သွားလိုက် ဒေစီလွင် ဖြစ်သွားလိုက်။ ငေးမောရီဝေနေသောမောင့်မျက်ဝန်းများကို ကြည့်၍ ဒေစီလွင် သဘောကျစွာ ပြုံးလိုက်သည်။မောင့်ရင်ခွင်ထဲသို့တိုးဝင်လိုက်ကာ မက်မောစွာ ဖက်ထားလိုက်တော့ မောင့်ခန္ဒာကိုယ်က တစ်ချက်တုန်သွားသည်။ 

မောင်ရယ် ငါဟာ နင့်ရဲ့ ကြိုက်ထက် အဆပေါင်းများစွာလှပါတယ်။နင်သေချာကြည့်ရင်အမှန်ကိုမြင်ရမှာပါ။မိမိကိုငုံ့ကြည့်လာသော မောင့်မျက်ဝန်းများကို ငေးကာ အကြည့်က မောင့်နှုတ်ခမ်းပါးများတွင် စိုက်သွားသည်။ဒီနှုတ်ခမ်းတွေလွင့်ကိုအပိုင်ပေးပါ။အတွေးနှင့်အတူခေါင်းကိုအမော့တွင်မိမိခန္ဒာကိုယ်တစ်ခုလုံးလေထဲသို့မြောက်သွားကာအခန်းထောင့်သို့ဖရိုဖရဲ ပစ်ကျသွားသည်။

"၀ုန်းးးး"

"မင်းငါ့ကိုဘယ်တော့မှလာဖြားယောင်းဖို့ မကြိုးစားနဲ့ဒေစီလွင်။ငါ့အချစ်ငါ့အသဲနှလုံး ငါ့ခန္ဒာကိုယ် တစ်ခုလုံးက ငါချစ်ရတဲ့ ကြိုင့်ဖို့ကွ။ ငါ့ကို သွေးဆူလွယ်တဲ့ ယောကျာ်းတစ်ယောက်လို့မင်းထင်နေရင် အဲ့နေရာမှာဆယ်ခါပြန်လဲသေလိုက်။နွေဦးမောင်ဆိုတဲ့ငါ့လိုယောကျာ်းကိုဒီအကွက်တွေနဲ့လာမချုပ်နဲ့။တစ်ခြားယောကျာ်းတွေကို ရရင်ရမယ်ငါ့ကိုတော့မရဘူးဆိုတာမင်းမြဲမြဲမှတ်ထား။သွားမင်းခုချက်ချင်း ငါ့အခန်းထဲက ထွက်သွား။မဟုတ်ရင်ငါမင်းကိုသတ်မိလိမ့်မယ်။"

နွေဦးမောင်၏မျက်နှာမှာဒေါသကြောင့် နီရဲခက်ထန်နေသည်။ မိမိကို ကိုင်ပေါက်ပစ်လိုက်

သဖြင့် ဒေစီလွင့် ခါးစပ်တွင် အဆမတန် နာကျင်လျှက်။မျက်ရည်များတပေါက်ပေါက်ကျလာသည်။ခါးနာလို့ကျသော မျက်ရည်များ မဟုတ်သည်ကိုတော့ မိမိသာသိပါသည်။ 

"ခလွမ်း"

မိမိဘေးနံရံကိုဖန်ခွက်ဖြင့်ပစ်ပေါက်လိုက်သဖြင့် ဒေစီလွင် ကြောက်လန့်တကြား အခန်းထဲမှ ပြေးထွက်လာမိသည်။ခြံထဲမှ ခုံတန်းလျားပေါ်တွင် အရုပ်ကြိုးပျက် ထိုင်ချပစ်လိုက်ရင်းတစ်သိမ့်သိမ့်ရှိုက်ကာငိုမိသည်။အနောက်ဘက်တွင် နေလုံးနီနီက မေးတင်လျှက် တဖြည်းဖြည်း ငုံ့သျှိုးနေသည်။

ဒါဟာ မိမိဘ၀ရဲ့ နေ၀င်ချိန်လား။အချစ်ဆိုတာကို မိမိဘယ်လိုမှ နားမလည်နိုင်တော့ပါ။ ကြိုင်လက်ထပ်သွားလျှင်သို့မဟုတ်မောင်နှင့်ကြိုင်သာကွဲကွာသွားလျှင်မောင့်ကိုမိမိပိုင်ဆိုင်လာလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်း မဟုတ်ဘူးလား။ လိုချင်တာကို အမြဲရခဲ့သော မိမိဟာ အချစ်မှာ ကျရှုံးသွားခဲ့လေပြီလား။ မောင်တို့နှစ်ယောက်ရဲ့ အချစ်ဟာ ဘယ်လိုအချစ်မျိုးလဲ။ တစ်ယောက်ကိုတစ်ယောက်မပိုင်ဆိုင်ရတာတောင် မေ့မရစွာချစ်နေကြတဲ့မိမိနားမလည်နိုင်သည့် အချစ်မျိုးလား။ ဒေစီလွင့် မျက်ဝန်းမှ မျက်ရည်စများ တသွင်သွင် စီးကျနေတော့သည်။

ထိုနေ့က အနောက်မိုးကုတ်စက်ဝိုင်းတွင် ဆည်းဆာသည် အလွန်တစ်ရာပင်လှပနေခဲ့၏။ မိမိဘ၀တွင်နေထွက်ချိန်သာရှိ၍နေ၀င်ချိန်မရှိစေရဟုကြွေးကြော်ခဲ့သော ဒေစီလွင်သည် ထိုနေ့ကနေ၀င်ချိန်ကိုလွမ်းမောရီဝေအသက်မဲ့စွာဖြင့်ငေးကြည့်နေခဲ့လေတော့ သည်။

ဆက်လက်ဖော်ပြပါဦးမည်။

steemit အဖွဲ့သူအဖွဲ့သားများအား

အစဉ်လေးစားလျက်

Author-Soe Tha Khin

MSC-172

Sort:  

ဘာတွေဖြစ်ကြဦးမှာလဲဗျာ တစ်ယောက်ကတော့ ကွဲပြီ

နည်းနည်းလေးပဲစောင့်ပေးပါဗျ သိမ်းပေးတော့မယ်

ဆွဲဆောင်မှုကတော့ရှိနေတုန်းပဲဗျာ
မျှော်ပြီးရင်မျှော်တော့ပဲ။
ဘယ်တော့ဇာတ်သိမ်းမယ်တော့မသိဘူး
ဇာတ်ရှိန်မြှင့်ပြီး ဆွဲခေါ်ရေးသားလာနိုင်တာကတော့အရမ်းမိုက်တယ်ဗျာ

မကြာတော့ဘူးကိုမိုးရေ သိမ်းတော့မယ်

အချစ်နဲ့သစွာ တွဲပေးနိုင်မလား
မျော်နေပါ့မယ်ဗျ

ဖြစ်စေရပါ့မယ်ဗျာ

အလွမ်းဇာတ်က ရှည်ပါဘိကော...
မခံစားနိုင်တော့ဘူး...

အောင့်အီးသီးခံတော်မူပါလော့

ဇာတ်လမ်းကတော့ အကွဲတွေနဲ့ လွမ်းနေရပါပြီ

ဒီထက်ပိုပြီးလွမ်းရပါဦးမယ်

အပိုင်း19 အခန်3း7 ​တောင်​ရှိပြီပဲ ဝတ္ထူထုတ်​မယ်​ဆိုရင်​​တောင်​ ​တော်​​တော်​ထုတ်​လို့ရ​နေပြီ အပိုင်းများလာ​လေ ဖက်​ရတာပို​ကောင်းလာ​လေပဲဗျာ

ဟုတ်ကဲ့ပါကိုလင်းရေ ကျေးဇူးပါဗျ

ဇာတ်ရှိန်တော့ တက်နေပြီနော်

ဟုတ်တယ်ကိုစောရေ ဇာတ်ရှိန်တပ်နေပြီ

နောက်ဆိုရင်အရက်သောက်နေတာအရှိန်ပျက်အောင်
ခွင့်မတောင်းဘဲဝင်မလာပါနှင့်

ဟုတ်တယ်ဗျို့

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.023
BTC 16617.88
ETH 1221.80
USDT 1.00
SBD 2.08