ခွင့်မလွှတ်ပါနဲ့အမေ

in #myanmar7 years ago

image

ကိုဖိုးထောင်စီးနင်းလိုက်ပါလာသောရထားက တအိအိနှင့်ခုတ်မောင်းနေသည်။လမ်းဘေးတစ်ဖက်တစ်ချက်တွင်ပေါက်နေသော ယူကလစ်ပင်တန်းများကြားမှ မနက်ခင်းနေရောင်က ကိုဖိုးထောင်မျက်နှာပေါ်သို့ ထိုးကျနေ၏။ယူကလစ်ပင်တန်းများ၏ဘေးဘက်တွင်တော့ တစ်မျှော်တစ်ခေါ်ကျယ်ပြန့် လှသည့်ယာပြင်ကြီးများ။နွေဦးရာသီဖြစ်၍ ယာပြင်ထဲတွင်ကောက်ရိုးမီးငွေ့ များက ကောင်းကင်ပေါ်သို့ တလူလူအူတက်နေသည်။ငယ်ငယ်ကတည်းက အမေနှင့်မြို့ သွားတိုင်းမြင်ခဲ့ရသောမြင်ကွင်းများက အနှစ်၂၀ကြာ ဒီမြေနှင့်ဝေးနေသူ သူ့ အဖို့ ဆန်းသစ်နေလေ၏။ဘေးတွင်ချထားသောအိတ်ကလေးထဲမှအမေ့ဖို့ လုံချည်နှင့်လက်ဆောင်ပစ္စည်းများကိုကြည့်ကာကိုဖိုးထောင်ပြုံးလိုက်လေသည်။သူအမေ့ကိုလွမ်းလှပြီ။အမေ့ဆီအလည်ပြန်မည်ပြန်မည်နှင့်မိသားစုကတစ်ဖက် စားဝတ်နေရေးကတစ်ဖက် ကလေးတစ်ပြုံတောင်နှင့်မို့ အမေ့ရွာလေးသို့ မပြန်ဖြစ်တာအနှစ်၂၀ကြာခဲ့ပြီ။ဒီတစ်ခါတော့ အလုပ်ကလည်းပိတ် ငွေလေးလည်းစုဆောင်းမိတာများပြီမို့ အမေ့ကို သေချာကန်တော့ရမည်။အမေသူ့ ကိုဘယ်လောက်တောင်လွမ်းနေလိုက်မလဲ။ ကိုဖိုးထောင်သိချင်မိသည် အမေသူ့ ကိုမြင်လျှင်အမလေးငါ့သားကြီးပြန်လာပဟဲ့ဆိုကာ ဖက်၍ငိုမလား ဒါမှမဟုတ် လွမ်းဆွတ်တမ်းတသောမျက်လုံးများနှင့်ကြောင်ကြည့်နေလေမည်လား။ကိုဖိုးထောင်၏မျက်လုံးများကပြုံးနေကာ လွန်ခဲ့သောနှစ်ကာလများက အမေနှင့်သူ၏အမှတ်တရများစွာကို မြင်ယောင်လာမိလေသည်။

ကိုဖိုးထောင်လူမှန်းသိတတ်စကတည်းက ကိုဖိုးထောင်အတွက် အမေဒေါ်ပုက အမေဆိုလည်းဟုတ်သည်။ အဖေဆိုလည်းဟုတ်သည်။ဘေးအိမ်ကအရီးငွေရင် ပြောစကားကတော့ ကိုဖိုးထောင်အဖေက ကိုဖိုးထောင်မီးတွင်းထဲတွင် ရေနစ်၍ဆုံးပါးခဲ့သည်တဲ့။မျက်နှာတောင်မမြင်ဖူးလိုက်သော ကိုဖိုးထောင်၏အဖေမှာတံငါသည်တစ်ယောက်ဖြစ်သည်။ ကိုဖိုးထောင်မွေးသည့်နေ့ က မုန်တိုင်းကျပြီး မိုးများကသည်းထန်စွာရွာသွန်းနေခဲ့သည်တဲ့။မိန်းမလုပ်သူနှင့် မွေးလာမည့်သားလေး ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် မိုးရွာနေပူမရှောင်အလုပ်ကြိုးစားခဲ့သည့် အဖေက ထိုနေ့ က မုန်တိုင်းရှိတာသိသော်လည်း ပိုက်ဖော်ရမည့်နေ့ မို့ မြစ်ပြင်သို့ ထွက်သွားခဲ့သည်တဲ့လေ။လှေမှောက်၍မြစ်ဆိပ်သို့ မျောလာသောကိုဖိုးထောင်အဖေအလောင်းကြောင့်သွေးနုသားနုကြီးနှင့် အမေပုခမြာဒုက္ခပင်လယ်တွင်ဝေခဲ့ရသည်။ မုဆိုးမဖြစ်သွားသောအမေပုကနောက်အိမ်ထောင်မပြုခဲ့။မိန်းမသားတန်မဲ့ 

ငါးရှာဖားရှာ ပေါင်းနှုတ်ပဲကောက် ရရာအလုပ်ကိုလုပ်ရင်းကိုဖိုးထောင်ကိုပြုစုပျိုးထောင်ခဲ့သည်။မုဆိုးမသားပေမယ့်ကိုဖိုးထောင်မျက်နှာမငယ်ခဲ့ရ။သူများစားသလိုစားခဲ့ရသည်။သူများဝတ်သလိုဝတ်ခဲ့ရသည်။ကိုဖိုးထောင်အသက်နည်းနည်းကြီးလာတော့အရီးငွေရင်ကဆုံးမဖူးသည်။
``ဟဲ့ ဖိုးထောင် နင်လိမ္မာရမယ်နော် နင့်အမေ
မပုကမုဆိုးမဘ၀နဲ့ နင့်ကိုပင်ပန်းတကြီးရုန်းကန်ကျွေးမွေးခဲ့တာ။နင့်အဖေသေတော့ရုပ်လည်းချောတဲ့နင့်အမေကို လိုချင်သူတွေအများကြီး။ဒါပေမယ့်နင့်အမေက သူ့သား ပုထွေးနဲ့ နေရမှာစိုးလို့ တဲ့နင့်ကိုငဲ့လို့ တစ်ပင်မထူခဲ့တာ။နင်ကအားကိုးလောက်တဲ့သားလိမ္မာဖြစ်အောင်လုပ်နော်ကြားလား။အရီးငွေရင်ကလည်းစိတ်ချပါဗျ ဖိုးထောင်ပါ။အမေနဲ့ ဘယ်တော့မှမခွဲဘူး။အမေသေသည်ထိအမေ့ကိုကောင်းကောင်းမွန်မွန်လုပ်ကျွေးမှာ။´´
ကိုဖိုးထောင်၁၀တန်းအောင်တော့ရွာနှင့်မိုင်ပေါင်းများစွာဝေးသောရန်ကုန်သို့ အလုပ်သွားလုပ်ချင်ခဲ့သည်။အမေ့ကိုပြောတော့ အမေကကိုဖိုးထောင်နှင့်မခွဲလိုသော်လည်း ၁၀တန်းအောင်သောသူ့ သားကိုရွာမှတခြားလူတွေလိုပင်ပင်ပန်းပန်းအလုပ်များမလုပ်စေချင်ခဲ့။ရွာထဲမှရန်ကုန်ရောက်ဖူးသောလူများ၏ပြောစကားအရ ရန်ကုန်မြို့ ကြီးတွင် ၁၀တန်းအောင်ပြီးသားသူများအဖို့ အလုပ်ပေါသည်တဲ့ ။အလုပ်အကိုင်ကောင်းကောင်းရသည်ဆိုသောစကားကြောင့်အမေကမျက်ရည်များကြားမှ သားကိုရန်ကုန်လွှတ်ဖို့ ခေါင်းငြိမ့်ခဲ့သည်။သတိရမိသေးသည်။ရန်ကုန်သို့ သွားမည့်ညက ကိုဖိုးထောင်ကောအမေကော အိပ်မပျော်ခဲ့။အမေကကိုဖိုးထောင်ဖို့ အကြော်အလှော်များလုပ်ပေးသည်။
အ၀တ်အစားစောင်ခြင်ထောင်အားလုံးကိုထုတ်ပိုးပေးပြီး နေကောင်းအောင်နေဖို့ တဖွဖွမှာခဲ့လေသည်။အမေ့ချွေးခံအင်္ကျီကလေးထဲက အမေစုဆောင်းထားသောငွေလေး ၄၅၀ကို ထုတ်ပေးပြီး အစစအရာရာ ဂရုစိုက်ဖို့ နဲ့ အမေ့ဆီစာမှန်မှန်ရေးဖို့ မျက်ရည်များကြားမှ မှာခဲ့သည်။မနက်လင်းတော့ကိုဖိုးထောင်အမေ့ကိုကန်တော့သည်။အမေကဆုတွေတစ်လှေကြီးပေးကာရွာထိပ်ရထားလာရာလမ်းဆီသို့ အကြော်အလှော်ဗူးလေးကိုင်ရင်း လိုက်ပို့ ခဲ့လေသည်။ အဲ့ဒီတုန်းကပုံစံကို ကိုဖိုးထောင်အခုချိန်ထိမျက်လုံးထဲကမထွက်။ အမေက ဖျင်ထမိန်တိုတိုကို ဒူးထိဝတ်ထားပြီး ဖျင်အင်္ကျီအညိုရောင်အစုတ်ကလေးဝတ်ထားသည်။ပခုံးမှဖျင်သဘက်ကလေးဖြင့် မျက်ရည်များသုတ်ရင်း ရထားသံလမ်းဘေးတွင်ကျန်ခဲ့ရှာသော အမေ့ကိုလှည့်ကြည့်ကာ ကိုဖိုးထောင်ငိုချင်းချခဲ့ရသည်။ခွဲခွါခဲ့ရစဉ်ကကိုဖိုးထောင်အသက်က၂၀ အမေက၄၀ကျော်။ရန်ကုန်တွင်ရရာအလုပ်ကိုလုပ်ရင်း တစ်ဝမ်းတစ်ခါးအတွက်မနည်းရပ်တည်ခဲ့ရသည်။ ပထမဆုံးရသောလစာကလေးဖြင့် အမေ့ဖို့ ၃၀၀တန်လုံချည်လေးဝယ်ပေးကာ လှမ်းပို့ ခဲ့ဖူးသည်။အဲ့ဒီတုန်းကအရီးငွေရင်၏ စာထဲတွင် နင့်အမေကတော့အေ သူ့ သားကလုံချည်ဝယ်ပေးတယ်ဆိုပြီးတစ်ရွာလုံးကို ပတ်ကြွားနေတာတော် ဟူသော သတင်းကိုဖတ်ရတော့ကိုဖိုးထောင်ပြုံးမိသေးသည်။တစ်ကယ်တန်းရင်ဆိုင်ရတော့ ရန်ကုန်ဆိုတာ ရကုန်ပင်။ရသည့်လစာလေးနှင့် တစ်လစာက လောက်ငရုံသာရှိခဲ့သည်။
တဖြည်းဖြည်းနှင့်ကုန်ဈေးနှုန်းများကလည်း မြင့်တက်လာရာ အမေ့ဆီသို့ ငွေမပို့ နိုင်ခဲ့။

အမေ့ကိုအလည်ခေါ်ချင်သော်လည်း ကိုဖိုးထောင်တောင် ၆ပေမပြည့်သောအခန်းကျဉ်းလေးထဲတွင်ဖြစ်သလိုနေခဲ့ရသည်။အမေ့ကို ပြောပြတော့ အမေက ကိုဖိုးထောင်ကိုအားပေးရှာသည်။ရပါတယ်သားရယ် အမေ့အတွက်မပူပါနဲ့ အမေတို့ ရွာဆိုတာ စားစရာပေါတယ်သား အမေ့ဆီကို ငွေမပို့ ပို့ ပါသားရယ် ငါ့သားကြီးကျန်းမာတယ်ဆိုရင် အဝေးကအမေ ၀မ်းသာပီတိဖြစ်နေရပါပြီ ။အမေ့စာကိုဖတ်ကာ ကိုဖိုးထောင် ၀မ်းနည်းမဆုံးပေ။ကိုယ်ငယ်ငယ်က မတောင့်မတမကြောင့်မကျအောင် ကျွေးမွေးခဲ့ပေမယ့်ကိုယ့်အလှည့်ကျတော့အမေ့တစ်ဝမ်းတောင် မထောက်ပံ့နိုင်သည့်ကိုယ့်အဖြစ်ကို ဒေါသထွက်မိသည်။

ကိုဖိုးထောင်ရန်ကုန်မှာပဲ အိမ်ထောင်ကျကာရွာပြန်ပြီးမင်္ဂလာမဆောင်နိုင်ခဲ့ ။အမေ့ကိုတော့ စာရေးခဲ့သည်။ခွင့်မရ၍ ရွာပြန်မလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း အမေ့ချွေးမကလှကြောင်းများ ပြောတော့ အမေက မမြင်ဖူးသည့်ချွေးမကိုချစ်သည်တဲ့။ ကိုယ့်သားကိုယ်တိုင်ရွေးထားသည်မို့ မကောင်းစရာအကြောင်းမရှိဟု ပြန်ပြောခဲ့သည်။ အိမ်ထောင်ကျပြီးကတည်းက အမေနှင့် စာအဆက်အသွယ်ကျဲလာခဲ့လေသည်။အမေ့ဆီကစာများကိုပုံမှန်ရသော်လည်း သားဦးလေးမွေးပြီးဇနီးလုပ်သူက အလုပ်မဆင်းနိုင်နှင့် မိသားစုစားဝတ်နေရေးကြပ်တည်းကာ အမေ့ဆီစာမပြန်နိုင်ခဲ့။နောက်ထပ်သမီးလေးနှစ်ယောက်မွေးတော့ စားအိုးကြီးလာကာ အကြွေးတင်တာနှင့်လုံးချာလိုက်နေခဲ့သည်။မှတ်မှတ်ရရ လွန်ခဲ့သော၁၀နှစ်က အမေ့ဆီသို့ နောက်ဆုံးစာပြန်ခဲ့သည်။ သားသမီး၃ယောက်ရှိကြောင်း အလုပ်တစ်အားများ၍ အမေ့ဆီသို့ ပြန်မလာနိုင်ခြင်းဖြစ်ကြောင်း အမေနှင့်မတွေ့ ရပေမယ့် စိတ်ထဲတော့အမေ့ကို အကြိမ်ကြိမ်ကန်တော့မိကြောင်း တစ်နေ့ တော့ဇနီးနှင့် အမေ့မြေး၃ယောက်ကို လက်ဆွဲကာ အမေ့ရွာကို ပြန်လာခဲ့မည်ဖြစ်ကြောင်းများ ရေးခဲ့လေသည်။အမေက၀မ်းမြောက်ဝမ်းသာကြိုနေမည်ဟုစာပြန်ခဲ့လေ၏။ယခုဆိုလျှင်ကိုဖိုးထောင်အသက်၄၀ပြည့်ခဲ့ပေပြီ။၁၀နှစ်တာကာလပတ်လုံးအမေ့ဆီစာမပြန်ဖြစ်ခဲ့ပေမယ့် ကိုဖိုးထောင်အမေ့ကိုအခါမလပ်သတိရခဲ့သည်။ တစ်လ၁၀၀နှုန်းဖြင့် ငွေကလေးကို မရရအောင်စုကာ အမေ့ဖို့ ဖယ်ထားလိုက်သည်။ မနေ့ ကတော့ ဇနီးကိုအကျိုးအကြောင်းပြောပြမိသည်။အမေနှင့်မတွေ့ ရတာကြာပြီဖြစ်ကြောင်း အမေ့ကိုသတိရကြောင်းပြောတော့ ဇနီးလုပ်သူက ရွာကိုအလည်ပြန်ပါတဲ့။ကလေးတွေအတွက်မပူပါနဲ့ တဲ့ ။အဆင်ပြေရင် အမေ့ကိုပါရန်ကုန်
ခေါ်ခဲ့ဖို့ ပြောတော့ကိုဖိုးထောင်ရင်ထဲဝမ်းသာလုံးပင်ဆို့ သွားမိသည်။ ဒီတစ်ခေါက်တော့ရွာမှာကြာကြာနေမည်။ပြီးလျှင် အမေ့ကိုရန်ကုန်လိုက်ခဲ့ဖို့ ခေါ်ခဲ့တော့မည်။ ရှေ့ တွင်ဖြစ်လာမည့်ပျော်စရာများကိုတွေးကာ ကိုဖိုးထောင်တစ်ယောက် ကြည်နူးနေမိလေသည်။

image

ဘော် ဘော် .......
ရထားဥသြသံကြောင့်ကိုဖိုးထောင်ခေါင်းထောင်ကြည့်လိုက်သည်။ အော်ကိုဖိုးထောင်တို့ ရွာ အမေ့ရွာ သာယာကုန်းသို့ ရောက်ခဲ့ပေပြီ။ရွာထိပ်ဆီမှ အိမ်သို့ သွားရာလမ်းတွင် ကိုဖိုးထောင်ခြေလှမ်းများတက်ကြွနေခဲ့သည်။ အမေနှင့်တွေ့ ရတော့မည်လေ။
ဟင် အိမ်ထဲမှာ လူတွေစုစုနှင့်ပါလား။အဝေးမှလှမ်းမြင်ရသော အမေ့အိမ်ဝိုင်းလေးထဲတွင် လူတော်တော်များများစုကာ အသံများလည်းအုပ်အုပ်နှင့်လေအသဲ့တွင်ကြားနေရ၏။အမေတစ်ယောက် အလှူတွေဘာတွေလုပ်နေသည်လား။ ကိုဖိုးထောင် ဇဝေဇ၀ါဖြင့် ခပ်သုပ်သုပ်လျှောက်လာခဲ့သည်။ဟင်
ကိုဖိုးထောင်မျက်လုံးထဲတွင်ပျာခနဲဖြစ်သွား၏။အမေက အိမ်ရှေ့ မြေကွက်လပ်အလယ်မှ ကုတင်ပေါ်တွင်လဲလျောင်းနေသည်။ဘေးမှလူများကငိုယိုနေကြ၏။ မဟုတ်ဘူးမဟုတ်ဘူး ဒါဘာဖြစ်နေကြတာလဲ မဟုတ်ဘူး။ကိုဖိုးထောင်လက်ထဲမှ အိတ်များလွတ်ကျသွားသည်။ ခြေလှမ်းများကအမေ့ဆီသို့ ကတုန်ကယင် ပြေးလာမိလေသည်။ကိုဖိုးထောင်မျက်ဝန်းမှမျက်ရည်များ စီးကျလာလေ၏။

အမလေး အရီးလေးရဲ့ အရီးလေးသားဖိုးထောင်ပြန်လာပြီလေ ထကြည့်ပါအုံး´´ အော်ဟစ်ငိုယိုလိုက်သော အမ၀မ်းကွဲအသံကြောင့် ကိုဖိုးထောင်အမေ့ဘေးတွင်ဒူးထောက်ထိုင်ချလိုက်သည်။အမေ ထပါအမေရဲ့။သားပြန်လာပြီလေ။ အမေချစ်တဲ့အမေ့သားကြီးပြန်လာပြီလေအမေရဲ့။ ဒီလိုပုံကြီးနဲ့ တော့ သားကို မကြိုပါနဲ့ နော်´´
ကိုဖိုးထောင်မျက်ရည်များဖြင့် အမေ့ကို ဖက်ထားမိသည်။ အမေအတော်ကြီးအိုစာသွားပါလား။လွန်ခဲ့သောနှစ်၂၀က လှပခဲ့သော အမေ့ရုပ်ရည်မရှိတော့။ဆံပင်များကကြိုးကျားဖြူနေကာ နားထင်နှစ်ဖက်တွင် ချိုင့်နေသည်။ပါးရည်များရှုံ့ တွနေကာ မျက်နှာတပြင်လုံးကအရိုးပြိုင်းပြိုင်းထလျက်။ ကိုဖိုးထောင် အရိုးပေါ်နေသော အမေ့လက်ကလေးကို ဆုပ်ကိုင်ကာ ငိုချပစ်လိုက်သည်။ အမေ သားပါအမေရယ် သားကိုထကြည့်ပါအုံး။အနှစ်၂၀ကျော်အမေမတွေ့ ခဲ့ရတဲ့ အမေ့သားလေ။
``အမလေးအရီးလေးရဲ့။အရီးလေးအရမ်းချစ်ခဲ့ရတဲ့သားလေ။အရီးလေးပြောခဲ့တယ်မလား။ငါ့သားကြီး
ပြန်လာတော့မှာဆို။ငါ့သားကြီးက မိန်းမနဲ့ငါ့မြေး
လေးတွေကိုလက်ဆွဲပြီး ငါ့ဆီပြန်လာတော့မှာဆို။ဒါကြောင့်ငါကရွာထိပ်ကုက္ကိုပင်ကနေနေ့စဉ်စောင့်
နေခဲ့တာဆို အမလေးအရီးလေးရဲ့ အခု အရီးလေးသား ပြန်လာပြီလေ။အရီးလေးပြောသလို မိန်းမနဲ့ မြေးလေးတွေမပါပေမယ့် အရီးလေးချစ်တဲ့သားမလို့ ထကြည့်ပါအရီးလေးရဲ့။နေ့ စဉ်နေ့ စဉ်ပဲကောက်လိုက်ပြီး ငါ့မြေးတွေစားဖို့ ပဲစံလှော်ထားတာဆို။ အခုပုလင်းထဲကပဲစံတွေ ဘယ်သူစားမှာလဲအရီးလေးရဲ့။ ငါ့သားကြီးပြန်လာတော့မှာဆိုပြီး ရွာထိပ်ကို နေ့ စဉ်သွားစောင့်တယ်။မစောင့်ပါနဲ့ အရီးလေးရယ် ပြန်လာရင်ထွေးမြတို့ လာခေါ်ပါ့မယ်ဆိုတာကို နားမထောင် ငါ့သားကို ငါကိုယ်တိုင်ကြိုချင်လို့ ပါဟဲ့ဆိုပြီး ခုတော့ ဟင်! ကုက္ကိုကိုင်းကျိုးကျပြီး ဘယ်ဘက်ပခုံးကိုထိ အနာဒဏ်တည် တာကစလို့ မအိပ်နိုင် မစားနိုင်နဲ့ လုံးပါးပါးခဲ့ပြီမလား အီး အီးအီး´´
အမလုပ်သူထွေးမြ၏အော်ဟစ်ငိုယိုသံအဆုံး အိမ်ဝိုင်းထဲတွင် ငိုသံများဆူညံသွားသည်။

ကိုဖိုးထောင် ချုံးပွဲချကာ အော်ဟစ်ငိုယိုလိုက်လေ၏။အမေ့ရဲ့ သားကိုစောင့်ရင်း သားကြောင့်သေခဲ့ရတယ်။သားမိုက်ကြောင့်သေခဲ့ရတယ်။ သားတစ်ယောက်လုံးကို ၀လင်အောင်ကျွေးမွေးနိုင်ခဲ့ပေမယ့်ဟောဒီ့အမေ့ရှေ့ ရောက်နေတဲ့ အမိုက်ကောင်ကြီးက အမေ့ကို ထမင်းတစ်နပ်တောင် ရှာမကျွေးနိုင်ခဲ့ဘူးအမေရဲ့ အမေမွေးခဲ့တဲ့ အမေ့ကျေးဇူးတွေနဲ့ မတန်တဲ့ သားမိုက်ပါအမေ။ကျေးဇူးကန်းတဲ့သားမိုက်ပါ။ အမေ့ဆီပြန်လာသင့်ပေမယ့် မလာခဲ့ဘူး။ဒီရွာကလေးထဲကနေ နေ့ စဉ်သားမိုက်ကြီးကို အမေဘယ်လောက်တောင်စောင့်မျှော်နေခဲ့လိုက်မလဲ။ အနှစ်၂၀ကျော်လုံး အမေဘယ်လိုစားနေလဲ အမေဘယ်လိုဝတ်နေလဲလို့ စိတ်မ၀င်စား ကိုယ့်သားသမီးတွေ စားဖို့ ဝတ်ဖို့ လောက်ပဲလုံးပန်းနေခဲ့တဲ့ အမိုက်ကောင်ကြီးပါအမေ။

ငါ့အမေထမင်းဝရဲ့လားလို့ မတွေး ငါ့အမေအဆင်ပြေပါ့မလားလို့ တစ်စက်မှအာရုံမထားဘဲ ကိုယ့်ဘ၀ကိုလှပဖို့ ပဲ လုံးပန်းနေတဲ့ တစ်ကိုယ်ကောင်းဆန်သူ သားမိုက်ကြီးပါအမေရဲ့ ။သားအမေ့ကို ပျော်ရွှင်စွာထားဖို့ ပြန်လာခဲ့တာပါအမေ။သားအလာကောင်းပေမယ့်အခါနှောင်းခဲ့ပေပြီအမေရယ် အီး. .........

``ဒူဝေေ၀´´ ကြေးစည်သံကရိုက်ခတ်လာသည်။ အမေ့ကို အဝေးကိုခေါ်သွားဖို့ သူတို့ ပြင်ဆင်ကြပေ
ပြီ။ အမေ လွင်တီးခေါင်ခြောက်ကမ်းပါးကြားမှာ
တိတ်ဆတ်စွာလဲလျောင်းရတော့မှာပါလား။ကိုဖိုးထောင် မျက်ရည်များကြားမှ အမေ့ကို ဦးငါးကြိမ်ချကာ နင့်နင့်သည်းသည်းဆုတောင်းလိုက်သည်။နောက်ဘ၀ဆိုတာရှိခဲ့ရင် သားလိမ္မာသမီးအလိမ္မာတွေမွေးပြီး ဘ၀ကိုပျော်ရွှင်စွာနေပါအမေ။ဟောဒီအမေ့ရှေ့ ကသားလိုသားမိုက်မျိုးနဲ့ ဘ၀ဆက်တိုင်းမတွေ့ ပါစေနဲ့ အမေ။ ပြီးတော့ သားကိုခွင့်မလွှတ်ပါနဲ့ အမေရယ် သားကိုခွင့်မလွှတ်ပါနဲ့ ။
ယာပြင်အတွင်းမှ မီးခိုးငွေ့ များက ကောင်းကင်သို့ တလူလူတက်နေလေသည်။ ခပ်လှမ်းလှမ်းတမာပင်တန်းဆီမှ ဥသြငှက်တစ်ကောင်က လွမ်းမောစရာကောင်းအောင် ကူနေလေတော့သည်။

image

            ပြီးပါပြီ

steemit အဖွဲ့သူအဖွဲ့သားများအား အစဉ်လေးစားလျက်…
Photo credit - google image
Author - Soe Tha Khin
MSC - 172

Sort:  

ဇာတ်သိမ်းလေးက ဝမ်းနည်းဖွယ်၊
ဖတ်ရတာကောင်းတယ်Broရေ ။အိမ်က အမေကိုတောင် သတိရမိတယ် ။

သတိရတဲ့အခါတိုင်းအမေ့ကိုရှိခိုးဦးခိုက်ပါဗျာ

ငှက်က ကျီးကန်းနဲ့တူသလိုလို

ဥသြနဲ့ကျီးကန်းနဲ့ကမကွာခြားပါဘူးဗျာ

ဟုတ်လားဗျ မသိသေးဘူးရယ် မှတ်သားထားပါ့မယ်ဗျ

ဒေါင်းပါဘဒိုရ 😂😂
အနောက်မှာ ဒေါင်းမွေးတတ်လိုက်ရင် 😁

ဟုတ်ကဲ့ပါဗျာ ဒေါင်းဆိုလည်းဒေါင်းပဲပေါ့

အ​မေဆိုတဲ့နာမည်​တစ်​လုံးရဖို့အတွက်​ အသက်​ကိုပါစ​တေးထား​တဲ့​​မေတ္တာ​တွေဟာ ကမ္ဘာမှာဝယ်​ယူလို့မရတဲ့ အန္တဂုဏ်​ရှင်​​တွေ​ပေါ့ဗျာ ရင်​ထဲထိ​စေတယ်​ဗျာ..good

ဟုတ်ကဲ့ပါဗျာ
ကျေးဇူးတင်ပါတယ်

အရေးအသားကိုတော့ လေးစားပြီလေ အားပေးနေပါ့မယ်bro

အားပေးတော့
နောက်ထပ်ရေးဖို့အားရှိတာပေါ့ဗျာ

အလွမ်းအဆွေးရသကို ခံစားရစေပါတယ်ဗျာ ဖြစ်ရပ်မှန်မဟုတ်ပါစေနဲ့လို့ ဆုတောင်းပါတယ် လူတိုင်းကို ဒီလိုမျိုး မကြုံစေချင်ပါဘူး သင်ခန်းစာယူစရာ ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ချင်တာပါ

ဟုတ်ကဲ့ပါဗျာ
သင်ခန်းစာယူစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်စေချင်ပါတယ်

အရမ်းကို ထိရောက်ပြီး
ကောင်းမွန်တဲ့ အရေးအသားပါဗျာ
.
ဘဝအတွက် ဆင်ခြင်ဖို့ ဥပမာကောင်းတစ်ခုပါပဲဗျာ👍👍👍👏👏👏

ဟုတ်ကဲ့ပါကိုမိုးရေ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ

ကိုယ်လည်းလေး မိဘသေမှ နောင်တရ ဆိုတာမျိုး မဖြစ်အောင် ကျင့်ကြံရဦးမယ်

ဟုတ်ကဲ့ပါကျွန်တော်လည်းကျင့်ကြံနေရဆဲပါ

အတိတ်က အရိပ်ကို ပြန်သတိရမိပါတယ်ဗျား

ဟုတ်ကဲ့ပါ

အရမ်းကိုခံစားရပါတယ်broရေ လူတိုင်းရင်ထဲထိအောင်ခံစားရမယ်လို ထင်ပါတယ် အမေဆိုတာအားလုံးနဲ့သက်ဆိုင့်တယ်လေ.

ဟုတ်ကဲ့ပါအစ်ကိုရေ

ခံစားချက်​တစ်​ခု ကျန်​ခဲ့တယ်​bro

ရေးရကျိုးနပ်သွားတယ်အစ်ကိုရေ

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 55030.03
ETH 2337.21
USDT 1.00
SBD 2.32