ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar6 years ago (edited)

image
အပိုင်း ( ၅ )
အခန်း ( ၉ )

မင်းဇံရွာ၏ အခြေခံပညာအထက်တန်းကျောင်း
တွင်ဖြစ်သည်။

"အားလုံးပဲ မင်္ဂလာပါ"
"မင်္ဂလာပါဆရာ"

ကလေးများက ညီညီညာညာပင် မတ်တပ်ရပ်ကာ နွေဦးမောင်ကို ဦးညွှတ်နှုတ်ဆက်လိုက်၏။
အဖြူအစိမ်းများဖြင့် ညီညီညာညာတက်တက်
ကြွကြွ ဖြစ်နေကြသော ၉တန်းကျောင်း
သားကျောင်းသူလေးများကို ကြည့်ကာ
နွေဦးမောင်ပြုံးလိုက်သည်။စုစုပေါင်း အယောက် ၃၀ခန့် ရှိမည့်ပုံပေါ်ပြီး မျက်နှာလေးများက
ကလေးပီပီ အပြစ်ကင်းလှလေသည်။
"ကဲ ပထမဆုံးဆရာကိုယ့်ကိုကိုယ်
မိတ်ဆက်ပါ့မယ် ဆရာ့နာမည်ကတော့
နွေဦးမောင်ဖြစ်တယ်။ဆရာက ဒီမင်းဇံရွာလေး
ရဲ့ စာသင်ကျောင်းမှာ တာဝန်ကျတဲ့ဆရာတစ်ဦးပဲ။
သားတို့ သမီးတို့ ၉တန်းကို မြန်မာစာသင်ပြီး
ဆယ်တန်းကိုတော့ အင်္ဂလိပ်စာသင်မယ်။
ဒီမင်းဇံရွာကလေးဟာ ဆရာပထမဆုံး
တာဝန်ကျတဲ့နေရာလေးဖြစ်ပြီး သားတို့ 
သမီးတို့ ကို ကောင်းကောင်းမွန်မွန်သင်ပေးမယ် သားတို့ သမီးတို့ ကလဲ စာကြိုးစားရမယ်နော်"

"ဟုတ်ကဲ့ပါဆရာ"

"ကဲကဲထိုင်ကြထိုင်ကြ မြန်မာကဗျာစာအုပ်ကို
ထုတ်လိုက်"

အချိန်များကတရွေ့ရွေ့ကုန်ကာ မိမိအချိန်ပြီး၍
နွေဦးမောင်စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။
စာသင်ရသည်မှာ ကြည်နူးချမ်းမြေ့စရာ
ကောင်းလှသည်။မိမိဝါသနာကို အကောင်အထည်
ဖော်နိုင်၍လဲ စိတ်ချမ်းသာရပါသည်။
![image](
credit-facebook image
အား ....😅😅!
လက်မှထွက်လာသော သွေးများကိုကြည့်ကာ
ကြိုင်ငိုချင်သွားသည်။ခဲတံချွန်နေရင်း ဓားက
ပြတ်လွန်းကာ ကြိုင့်လက်ကိုရှသွားခြင်းပင်။
လက်ညိုးမှ တစက်စက်ကျလာသော သွေးများကို
ကြည့်ကာ ကြောင်နေမိသည်။ဘေးမှအလွမ်းက
တော့ ညကစာကြည့်များသည်ထင် ခုံပေါ်မှောက်ကာ အိပ်ပျော်နေ၏။

"ကြည့် ထင်တဲ့အတိုင်းပဲဖြစ်ပြီ"
နောက်ခုံတွင်ထိုင်နေသောညီညီက ဗျစ်တောက်
ဗျစ်တောက်ပြောကာ လွယ်အိတ်ထဲမှ
လက်ကိုင်ပ၀ါကိုထုတ်လိုက်၏။ကြိုင့်လက်မ
ှဒဏ်ရာကို လက်ကိုင်ပ၀ါဖြင့် ဖွဖွစည်းရင်း
ညီညီ့အသံထွက်လာပြန်သည်။

"ကြိုင်ရာ အစစအရာရာ သတိရှိစမ်းပါ
ငယ်ငယ်ကတည်းကလမ်းသွားရင်
ခလုတ်တိုက်ရတာနဲ့ ခဲတံချွန်ရင် ဓားပြတ်ရတာနဲ့ 
ခေါင်းနဲ့ခုံစောင်းနဲ့တိုက်မိရတာနဲ့ 
နင့်ကြောင့်ငါ့မှာဘယ်လောက်ဒုက္ခများရသလဲ။
နင့်ကြောင့် ငါ့လွယ်အိတ်ထဲမှာ စာအုပ်အပြင် လက်ကိုင်ပ၀ါကော ဆေးကော ငါ့ကိုတော်တော် ဒုက္ခများအောင်လုပ်တာပဲ"

ကြိုင်ကပြုံးလိုက်ရင်း

"ဘေးနားမှာငါဘာဖြစ်ဖြစ် ဂရုစိုက်ပေးမယ့်
နင်ရှိလို့ ငါနေချင်သလိုနေလို့ ရတာလေ"

"မပြောချင်ဘူးနော်ကြိုင် ငါကနင့်ဘေးမှာ
အမြဲဘယ်ရှိပါ့မလဲ ကိုယ့်ကိုကိုယ်လဲဂရုစိုက်အုံး
သွေးတိတ်သွားရင်ပြော ရေစဉ်မှာရေသွားဆေးပြီး ဆေးထည့်ရအောင်လို့ "
"အင်းပါ"
ခေါင်းကိုခပ်သွက်သွက်ငြိမ့်လိုက်ရင်း ကြိုင်ရှေ့သို့ပြန်လှည့်ထိုင်လိုက်၏။

ရှေ့တွင်ထိုင်နေသော သူငယ်ချင်းမလေးကို
ိုကြည့်ကာ ညီညီ ဆုတစ်ခုကို
တီးတိုးတောင်းလိုက်သည်။
`အမြဲတစေ မခွဲမခွါပဲ သူမနဲ့အတူရှိနေခွင့်ပေးပါ´
image
credit-facebook image
ညီစေမင်းဆိုတဲ့ ညီညီရယ် ကြိုင်ရယ်
အလွမ်းသက်ဆိုတဲ့ အလွမ်းရယ်က အရမ်းချစ်
ကြသည့် သူငယ်ချင်းသုံးဦးဆိုသော်လဲ
ညီညီနှလုံးသားတွင်တော့ မတူညီမှုများရှိနေ
ပါသည်။သူငယ်ချင်းမလေးနှစ်ယောက်စလုံးကို
ညီညီချစ်ပါသည်။သို့သော် ကြိုင့်ကိုမူကား
သူငယ်ချင်းလိုလည်းချစ်သလို ယောကျာ်းလေး
တစ်ယောက်က မိန်းကလေးတစ်ယောက်ကို
ချစ်သည့်အချစ်မျိုးဖြင့်လည်းချစ်ပါသည်။
မိမိစိတ်၏ပြောင်းလဲလာမှုကို ညီညီကိုယ်တိုင်
သိတာပင်မကြာသေးပေ။အစကတော့ ချစ်ခင်စွာ
ပေါင်းလာခဲ့သော သူငယ်ချင်းနှစ်ယောက်တွင်
ကြိုင့်ကိုပိုခင်မိတာဖြစ်မည်ဟုထင်ခဲ့သည်။
သို့သော် ထိုသို့မဟုတ်ပေ။ညီညီ သက်ပြင်း
တစ်ချက်ကို လေးတွဲစွာချလိုက်သည်။

"ဟင်ကြိုင် လက်ကဘာဖြစ်တာလဲ"

"အော် စောနက ခဲတံချွန်ရင်းလက်ရှသွားလို့ 
အလွမ်းရဲ့ အဲဒါညီညီ့ လက်ကိုင်ပ၀ါကို
ယူစည်းထားတာ"

"ဖြစ်ရလေကြိုင်ရယ် ငါ့ကိုချွန်ခိုင်းရောပေါ့
ရေဆေးပြီးပြီလား"

"ဟင့်အင်းမဆေးရသေးဘူး"
"သွားဆေးရအောင်လေ ညီညီဆေးပါတယ်
မလား ငါ့ကိုပေးလိုက် ကြိုင့်လက်ကို
သွားဆေးမလို့"

"ငါလုပ်ပေးလိုက်မယ်အလွမ်း"
"ရပါတယ် ပေးပါငါလုပ်မယ်"

ညီညီ့လက်ထဲမှ ဆေးကိုယူကာ အလွမ်းသက်
ခပ်မြန်မြန်ပင် ထိုင်ခုံမှထပြီး ကြိုင့်လက်ကို
ဆွဲခေါ်လာခဲ့၏။စိတ်လည်းနည်းနည်းတိုနေမိ
သည်။ညီညီလုပ်ပုံက တစ်စက်မှပုံမကျ။
တစ်ကယ်ဆို အလွမ်းတို့ အရွယ်ဆိုတာ
အရွယ်ရောက်နေပြီဖြစ်သောြ
မီးကောင်ပေါက်အရွယ်။ဒါကို ကျောင်းလို
လူပေါင်းများစွာရှေ့မှာ
ကြိုင့်လက်ကို ရေဆေးပေးမယ်ဆိုတာ
သင့်တော်လား မသင့်တော်လား မစဉ်းစား။

"သက်သာလားကြိုင်"
"အင်းရပြီအလွမ်း ကျေးဇူးဟာ"
အလွမ်းက လက်ကိုင်ပ၀ါကို လျှော်လိုက်ရင်း
"ညီညီ့လက်ကိုင်ပ၀ါက လှသားဟ
ကြိုင် ဒီလက်ကိုင်ပ၀ါကို ညီညီကနင့်ကို
ပေးတာလား"
"ဟင့်အင်း ငါသွေးထွက်နေလို့ခဏယူစည်းတာ"

"နင်ယူမှာလားကြိုင် ငါသဘောကျလို့ 
လက်ကိုင်ပ၀ါလေးကို"

"ဟင့်အင်း အဲ့အရောင်ကြီး ငါမကြိုက်ဘူးအလွမ်း
နင်ယူလိုက်လေ ညီညီကမနှမြောတတ်ပါဘူး"

ပန်းနုရောင် အခံပေါ်တွင် အပြာရောင်လိပ်ပြာ
လေးနှစ်ကောင်ပုံထိုးထားသော လက်ကိုင်ပ၀ါ
လေးကို အင်္ကျီကပ်ထဲသို့ တယုတယထည့်ကာ
အလွမ်းပြုံးလိုက်သည်။

`ဘုရားရေ အလွမ်းဆိုသော မိမိဘာ
ဖြစ်နေပါလိမ့် ညီညီ့လက်ကိုင်ပ၀ါလေးကိုရတာ အာ့လောက်ပျော်နေရလား ငယ်ငယ်ကလဲ
လက်ဆောင်တွေရခဲ့ဖူးတာပဲ မိမိ ညီညီ့
အပေါ်တွင် မရိုးမသားဖြစ်နေပြီလား
စိတ်ထိန်းစမ်း မိအလွမ်း နင်ဘာတေ
ွဖြစ်နေတာလဲ´

မိမိဘေးမှ စာသင်ခန်းဆီသို့ လျှောက်လှမ်းနေသည့် ပြစ်မျိုးမှဲ့ မထင်အောင်လှလွန်းသော ကြိုင့်ကိုငေးကြည့်လိုက်မိသည်။

`ဟုတ်တယ် ညီညီက ကြိုက်ချင်းကြိုက်
ကြိုင့်ကိုပဲ ကြိုက်မှာပေါ့။မဟုတ်တာတွေမတွေး
စမ်းနဲ့။နင်ကကြိုင်နဲ့ယှဉ်ရင် အရန်သာသာပဲ´

လမ်းလျှောက်နေရင်းမှ အလွမ်း လမ်းဘေး
ပန်းခြံထဲမှပန်းတစ်ပွင့်ကို ဆတ်ခနဲလှမ်းခူးလိုက်
သည်။
`အို အလွမ်းခူးမိသွားသောပန်းက
ပန်းပွင့်အဖြစ်သို့ မရောက်ရရှာသေးသော
ပန်းငုံလေးဘ၀ရှိပါသေးလား
အလွမ်း၏ အချစ်ကကော ငွါးငွါးစွင့်စွင့်
ပွင့်လန်းခွင့် မရသေးခင် အငုံဘ၀မှာတင်
အခူးခံရမည်လား။သို့မဟုတ် ပိုးကိုက်သွား၍
လေခြွေသွား၍ ပျက်စီးစေတတ်သော
အကြောင်းအမျိုးမျိုးကြောင့် ပွင့်အာခွင့်မရှိတော့မည့် ခြောက်သွေ့သော ပန်းတစ်ပွင့်
အဖြစ် အဆုံးသတ်ရမည်လား မတွေးချင်တော့ပေ´

ပန်းခြံထဲတွင်တော့ ပန်းမျိုးစုံက လှပစွာပွင့်ဖူး
နေကြလေသည်။
image
credit-facebook image
အခန်း ( ၁၀ )

ရာသီများကအလီလီပြောင်းလဲ ခဲ့ပေပြီ။
နွေဦးမောင် ဤရွာကလေးမှာ တာဝန်ကျခဲ့တာ
နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ဒီနေ့က နွေဦးမောင်၉တန်းကတည်းက သင်ပေးခဲ့သော
ချစ်တပည့်လေးများ၏ ဆယ်တန်းအောင်စာရင်း
ထွက်မည့်နေ့ပင်။ ကလေးများထဲတွင် ထူးထူး
ခြားခြား ကြိုင်ရယ် ညီညီရယ် အလွမ်းရယ်က
စာကိုလိုချင်စိတ်ရှိသည်။ကြိုးစားသည်။
နွေဦးမောင်ဆီသို့လဲ မကြာခဏရောက်လာကာ စာမေးတတ်လေသည်။ဆယ်တန်းတစ်နှစ်လုံး
နွေဦးမောင်ဘေးတွင်ကပ်ကာ ပညာကို အပတ်
တကုတ်သင်ယူခဲ့၏။သုံးယောက်ထဲတွင်မှထပ်၍
ကြိုင်က စာအမေးဆုံးပင်။

နွေဦးမောင်နေသော ကံ့ကော်ခြံက
ကြိုင့်အိမ်ဖြစ်နေသည်ကတစ်ကြောင်း
ကြိုင်နေထိုင်သောအိမ်နှင့် တစ်အိမ်သာခြားပြီးကြားထဲတွင် အပေါက်များဖောက်ထားသော
ကြောင့် ပို၍သွားရလွယ်ကူသည်က တစ်ကြောင်းဖြစ်၍ထင် ကြိုင်ကခဏခဏအိမ်ကူးလာကာ
စာမေးတတ်သည်။မိမိမျက်စိရှေ့တွင်ပင် ကြီးပြင်းလာခဲ့သောကလေးများမို့ နွေဦးမောင်
သူတို့လေးတွေကို သံယောစဉ်ရှိလှပါသည်။
အောင်စာရင်းက ကျောင်းတော်ရာတွင် ကပ်မည်ဖြစ်ကာ ကလေးများနှင့် ဦးလေးထွန်းမြင့် မနက်ကတည်းက လှည်းနှင့်ကျောင်းတော်ရာသို့
သွားကြပြီ။နွေဦးမောင်လည်း ရင်ခုန်နေ
မိသည်။
သူတို့ သွားတာကြာလှပြီ အခုထိ ပြန်မလာကြ
သေး။နေကတဖြည်းဖြည်းနှင့်အရှိန်ပြင်းလာကာ ထန်းတစ်ဖျားသို့ ရောက်နေလေပြီ။

"ဆရာ ဆရာ"
အိမ်ရှေ့မှ ကြိုင့်အသံကြောင့် နွေဦးမောင်
အိမ်အပေါ်ထပ်မှကမန်းကတမ်းဆင်းလိုက်၏။
အိမ်ဝိုင်းထဲသို့ ကြိုင်တို့သုံးယောက်က မြူးထူးစွာ
ပြေးဝင်လာကြလေသည်။

"ဆရာ ကြိုင်တို့ ၃ယောက်လုံးဂုဏ်ထူးပါတယ်"
"ဟင် ဟုတ်လား"
နွေဦးမောင် ပျော်ရွှင်စွာမေးလိုက်၏။
"ဟုတ်တယ်ဆရာ ညီညီက ၂ဘာသာ
အလွမ်းနဲ့ ကြိုင်က ၄ဘာသာဆရာ"
"ဟား.…ငါ့တပည့်တွေ တော်လိုက်တာ"
"ဆရာတော်လို့ ကြိုင်တို့ တော်တာပါနော်
ဆရာအသေအချာဂရုစိုက်ပြီး အပင်ပန်းခံ
သင်ပေးခဲ့လို"့ပါ"
"ဟုတ်ပါတယ်ဆရာ ကြိုင်ပြောတာမှန်တယ်
အလွမ်းတို့ဂုဏ်ထူးပါတယ်ဆိုတာ
ဆရာ့ကြောင့်ပါ"
"တခြားကလေးတွေကောညီညီ"
"ဟုတ်ဆရာ အယောက်၃၀ထဲက ၂၅ယောက်
အောင်ပါတယ်ဆရာ။မိခက်ရယ် မိနှင်းရယ်
ဖိုးကျော်ရယ် အောင်အောင်ရယ် သူရိန်ရယ်ပဲ
ကျတယ် ဆရာ"
"အေး ကျတဲ့ကလေးတွေအတွက်
စိတ်မကောင်းဘူး စိတ်ဓာတ်ကျနေမှာပဲ။
သူတို့ကို စိတ်ခွန်အားမြှင့်ပေးပြီး နောက်နှစ်
ပိုကြိုးစားဖို့ ပြောရမယ်"

ကြိုင်တို့ အမှတ်စာရင်းတွေ ထုတ်လို့ရခဲ့ပေပြီ။
ညီညီက အမှတ်ပေါင်း ၄၁၅၊အလွမ်းက ၄၉၀၊
ကြိုင်က ၅၂၁ မှတ်ရ၏။ ဦးကျော်ခေါင်
ဒေါ်ထားဆင့်နှင့်အတူ ဦးလေးထွန်းမြင့်မှာလည်း ကြိုင့်အတွက် စိတ်အေးဂုဏ်ယူရသည်။

"မောင်နွေဦးမောင်ကိုကျေးဇူးတင်ပါတယ်ကွယ်"

အန်တီထားဆင့်စကားကြောင့် နွေဦးမောင်
သောက်လက်စ ရေနွေးခွက်ကိုချကာ
ပြန်ပြောလိုက်၏။

"ကျွန်တော့်ကြောင့်ချည်း မဟုတ်ပါဘူးအန်တီ
ကလေးတွေကလဲ ကြိုးစားကြလို့ ပါ"
နွေဦးမောင်က ကံ့ကော်ခြံဘက်တွင
်နေသော်လည်း မကြာခဏဆိုသလို
ဦးကျော်ခေါင်ဖြစ်စေ ဒေါ်ထားဆင့်ဖြစ်စေ
ဦးလေးထွန်းမြင့်ဖြစ်စေ နွေဦးမောင်နေသည့်အိမ်ဘက်သို့ လာကာ လိုအပ်သည်များ
လာလုပ်ပေးတတ်သည်။
နွေဦးမောင်က ကိုယ့်ဘာသာချက်စားမည်ဟု
ပြောသော်လည်း လက်မခံခဲ့ပေ။
ထမင်းစားချိန်တိုင်းလာခေါ်သောကြောင့်
အားနာရကာ လာမခေါ်ဖို့ပြောပြီး အလိုက်တသိ သွားခဲ့သည်။ရေနွေးကြမ်း လက်ဖက်ရည်အမြည်းကိုတော့ ကံ့ကော်ခြံဘက်သို့ပို့ထားကာ ခဏခဏ အလည်လာတတ်လေသည်။

အန်တီထားဆင့်မှာ စကားပြောရည်မွန်ကာ
လူမှုဆက်ဆံရေးကောင်းလှသည်။
ဦးကျော်ခေါင်တို့တစ်အိမ်သားလုံးမှာ နွေဦးမောင်အပေါ် လေးစားချစ်ခင်ကြသောကြောင့်
နွေဦးမောင် ဤအိမ်တွင်နေရသည်ကို စိတ်ချမ်း
သာမိသည်။

"ဟင်ကြည့်အုံး မေမေကဒီရောက်နေတာကိုး"

တံခါးဝမှာ ကြိုင်က ခပ်သွက်သွက်ပင်ဝင်လာကာ
ဒေါ်ထားဆင့်ဘေးတွင် ၀င်ထိုင်လိုက်၏။

"သမီး အမေ့ကိုလာခေါ်တာလား"
"ဟင့်အင်း မဟုတ်ဘူးအမေ ကံ့ကော်ပန်း
လာကောက်တာ ဆရာ့အိမ်က ဘုရားစဉ်မှာ
ဘုရားပန်းကပ်ဖို့"

ဒေါ်ထားဆင့်မျက်နှာတွင် အရိပ်တစ်ချို့ 
ဖြတ်ပြေးသွားကာ

"ကဲကဲဒါဆို ကပ်ချည်သမီး အိမ်ပြန်ရအောင်လို့ 
သမီးဦးလေးက သမီးကိုလက်ဆောင်ပေးမလို့တဲ့"
"၀ါး တစ်ကယ်လားမေမေ ဒါဆို ခဏစောင့်နော်"

အိမ်ပေါ်သို့ ခပ်သွက်သွက်ပင်တက်သွားသော
ကြိုင့်ကိုကြည့်ကာ ဒေါ်ထားဆင့်ရင်လေးသွား
သည်။သမီးလေးကို သွန်သင်ဆုံးမရမည်။သမီးက အလိုလိုက်ထားသည်မို့ ကလေးစိတ်မကုန်သေး။ တဇွတ်ထိုးဆန်ပြီး ဆိုးချင်သည်လေ။
image
credit-facebook image
ခြံဝင်းအတွင်းမှ ဒါန်းပေါ်တွင် သားမိနှစ်ယောက် ယှဉ်တွဲထိုင်ရင်း ဒေါ်ထားဆင့် သမီးခေါင်းလေးကို အမြတ်တနိုး ပွတ်လိုက်သည်။တစ်နေ့တစ်ခြား
ကြီးပြင်းလာသောကြိုင်က မထားဆင့် ငယ်ငယ်ကထက်ပင် လှပါသည်။အသားဖြူဝင်းနေကာ
ဆံပင်ပျော့ပျော့စင်းစင်းများက မည်းနက်နေပြီး
ကျောလယ်ထိရှည်နေပြီ။မျက်ခုံးတန်းတန်း
နက်နက်လေးများက သွယ်နေပြီး နှာတံက
စင်းကျနေကာ နှင်းဆီပန်းသဖွယ်နှုတ်ခမ်းများက သန္တာရောင်တောက်နေ၏။မည်းနက်နေသော
မျက်လုံးများက တောက်ပရွှန်းလဲ့ကာ ရယ်လိုက်
လျှင် ပါးခြိုင့်လေးတစ်ဖက်က နစ်ဝင်သွားတတ်
သည်။ညာဘက်ပါးက မှဲ့ နက်ကလေးမှာ
မြင်သာသော်လည်း ထိုမှဲ့ လေးကြောင့်ပင်
ကြိုင်ကပိုလှနေသည်ဟု ပြောကြသည်။

"သမီး သမီးကို အမေပြောစရာရှိလို့"
"ဟုတ်မေမေ"
ကြိုင်က အမေ့ဘက်သို့ တည့်တည့်လှည့်လိုက်
သည်။

"သမီးရဲ့ ဆရာ့အိမ်ကိုလေ အဖော်မပါဘဲ
စွတ်ခနဲ စွတ်ခနဲ မသွားရဘူးနော်"
"ဟင် ဘာဖြစ်လို့ လဲအမေ အရင်လဲ
သွားနေကြပဲဟာ သမီးဆရာ့အိမ်သွားရတာကို
နှစ်သက်တယ်။သမီးချစ်တဲ့ကံ့ကော်ပင်တွေလည်း ရှိတယ်လေ"
"အရင်က သမီးက ကလေးရှိသေးတယ်လေ
ခုလူကြီးဖြစ်နေပြီ သမီးကြောင့် ဆရာလဲ
အနေခက်မယ်လေ"
"ဟင်းဟင်း😂 အမေကလဲ ဘာများလဲလို့ 
ဆရာ့အတွက်မပူနဲ့ အမေ ။ဆရာက သမီးကို
သူ့ တပည့်လေးလိုပဲ သဘောထားတာ။
ပြီးတော့ ဆရာကလူကောင်းပါ။သမီးအပေါ်
မရိုးမသားတဲ့စိတ် မရိုးမသားတဲ့ အမူအရာ
ဘယ်တုန်းကမှမလုပ်ဘူးအမေ
အသက်ခြင်းသိပ်မကွာလို့ အမေက
စိတ်ပူနေတာမလား။ အသက်က ၆နှစ် ၇နှစ်
လောက်တော့ ကွာပါတယ်နော်။
ဆရာက ချောတော့အတော်ချောသား အမေရဲ့
အမေပူချင်ရင် သမီးဖို့ပဲပူ။
သမီးကသာ ဆရာ့ကိုချစ်နေတာ အမေ
ဆရာက သမီးအပေါ်ရိုးသားတယ်😂"

"မြတ်စွာဘုရား"
ဒေါ်ထားဆင့် မျက်လုံးပြူးကာ ဘုရားတလိုက်
သည်။
"😂😂😂ကြည့်အုံး အမေလန့် သွားလိုက်တာ သမီးကစတာပါအမေရယ် သမီးအဲဒါတွေ
စိတ်မ၀င်စားသေးပါဘူး"

မိမိရင်ခွင်ထဲတိုးဝင်လာသော သမီးခေါင်းလေးကို သပ်ကာ ဒေါ်ထားဆင့်ရင်တွင် အေးမြလာရမည့်အစား ပူလောင်လာသည်။ ခြံထဲတွင်လည်း
နေက ခပ်ပြင်းပြင်းပူနေလေတော့သည်။
image
credit-facebook image
ဖတိရှုပေးခဲ့ကြပါသောညီအစ်ကိုမောင်နှမများအား
အထူးကျေးဇူးတင်လျက်

အခန်း၆ကိုလည်းဆက်လက်စောင့်မျှော်ဖတ်ရှုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
image

Author-Soe Tha Khin
MSC-172

Sort:  

အဲ့လို တပည့်တာရလို့ကတော့
ဟိုးပြေးလည်းမဟုတ်
ဒီပြေးလည်းမရနဲ့ ခက်ရချီရဲ့ 😁😁

အဲ့လိုသာဆိုရင် ဘာလုပ်ရင်ကောင်းမလဲ😂😂

ဟဲ ပြေါပြလို့အဆင်မပြေ
😁😁
လူပျိုဘဝစွန့်ပြီး သွားတောင်းပြိုက်မှာပေါ့ ဘဒို 😁😁

အာ့ဆိုလဲ လုပ်မယ်ဗျာ ကြာသလားလို့

ဇာတ်လမ်းထဲမှာ လူကိုမျောပါသွားတာပဲဗျာ အဲဒီလိုမျိုး ရေးတတ်ချင်လိုက်တာ

ရေးရတာတောင်အားရှိသွားပြီဗျာ
ငယ်တည်းကအားနေရင်ဝတ္ထုဖတ်ရတာကဝါသနာဆိုတော့ ခုလိုနည်းနည်းပါပါးရေးနိုင်တာပါဗျာ
ဆက်လက်လည်းကျိုးစားနေပါတယ်

၉ တန်းကို မြန်မာစာ သင်ပြီး
၁၀ တန်းကို English သင်တယ်ဆိုတော့
တော်တော်တော်တဲ့ ဆရာပဲ။
တကယ်တော့ မြန်မာ့ပညာရေးမှာ ဆရာ မလုံလောက်၍
ဘာသာရပ်တွေ တွဲကိုင်နေရတာ ရှိပါတယ်လေ။

အစ်ကိုမှတ်ချက်ပေးသလိုပါဘဲဗျာ

စဖတ်တုန်းက သုံးပွင့်ဆိုင်ဖြစ်မယ်ထင်တာ ခုတော့ ပိုရှုပ်လာတော့မယ်ထင်တယ် ဇာတ်လမ်းလေးကကောင်းတယ်ဗျာ စောင့်ဖတ်ရဦးမှာပေါ့

နည်းနည်းရှုပ်ကြည့်ဦးမယ်ဗျာ
စိတ်ရှည်သီးခံပေးတော်မူပါဗျ

အမှက်တွေကလည်း နည်းလိုက်တာ
ကျွန်တော်ဆို ၆ဘာသာကို အမှက်၇၀၀နဲ့ဆယ်တန်းကျခဲ့တာ😁😁😁
စတာနော် bro

ဟုတ်ပါပီကိုမိုးရေ

ပုံလေးတွေနဲ့ပုံဖော်ထားတာ အရမ်းကို
အထာကျတယ်ဗျာ
ဆက်လက်အားပေးပါအူးမည်

ဟုတ်ကဲ့ပါဗျာ
ဆက်ဆက်မျှော်နေပေးပါဦး

ဇာတ်လမ်းကို စိတ်ဝင်စားနေတော့အခန်းဆက်တွေ စောင့်နေရတော့မှာပေါ့။

စောင့်မျှော်ဖတ်ရှုပေးမှုကိုကျေးဇူးတင်ပါတယ်ဗျာ

မိန်းကလေးတွေများ ကျောင်းတက်ကတည်းကမလွယ်ပါဘူး။ ခုလည်းမလွယ်ပါဘူး။ အသက်ကြီးလာလေ ပိုမလွယ်လေပါပဲ

နောက်ဆိုရင်မွေးလာကတည်းကမလွယ်တော့မှာ😂😂

အ​တော့သိဘူး ဟိဟိ

ခုမသိပေမယ့်ရှေ့လျှောက်သိလာမယ်ထင်တယ်

ဖတ်လို့အရမ်းကောင်းပါတယ် ဆက်လက် အားပေးနေလျက်ပါ

ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျ

အဲလိုတပည့်မျိုးရလို့ကတော့ ဆရာပြေးပေါက်မှားမယ့်ကိန်း ဗျ

ရှိတတ်ကြပါတယ်ဗျ
အာ့လိုမျိုးတွေ

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 63891.49
ETH 2753.67
USDT 1.00
SBD 2.66