ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်


အပိုင်း ( ၁၈ )

အခန်း ( ၃၅ )

အဝေးဆီမှကြက်တွန်သံသဲ့သဲ့ကိုကြားလိုက်ရသည်။တစ်ဖြည်းဖြည်းနက်လာသောညနှင့်အတူ မင်းဇံရွာကလေးသည်လည်း တိတ်ဆိတ်သွားလေသည်။ကြိုင့်ထံမှ ငိုရှိုက်သံ သဲ့သဲ့ နှင့်အတူ ခပ်တိုးတိုးစကားသံလေးတစ်ခု ထွက်ကျလာသည်။

"အမေ ဒါဆို သမီးက အိမ်ထောင်ပြုရင် ဒုက္ခရောက်နိုင်တဲ့သူပေါ့နော်။"

ဒေါ်ထားဆင့် ချစ်သမီးလေး၏ ပါးပေါ်မှ မျက်ရည်စများကိုဖွဖွသုပ်ပေးလိုက်ကာမိမိရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။အသေအချာမပြောလျှင် မဖြစ်တော့သည့် အခြေအနေမို့ကြိုင်ကလေး မွေးလာသည့် အချိန်မှစ၍ အတိတ်ဘ၀နှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ဖွင့်ဟလိုက်ရသော်ငြား မိမိရင်ထဲတွင် မကောင်းလှပါ။ကံကြမ္မာကို မယုံချင်သော်လည်း တိုက်ဆိုင်လာသော အဖြစ်အပျက်ပေါင်းများစွာက သက်သေသာဓကနှင့် တည်ရှိနေခဲ့သည်။

ဒေါ်ထားဆင့် သက်ပြင်းချလိုက်ရင်း 

"အိမ်ထောင်ပြုမှဆိုတာထက် သမီးဟာ ယောက်ျားတစ်ယောက်ကို ချစ်မိရင်ကို ဒုက္ခတွေရောက်လာလိမ့်မယ်သမီး။နွေဦးမောင်ကို ချစ်မိလို့  ခံစားရတဲ့ ဒုက္ခကို ကြည့်ပြီး သမီးလေး နားလည်လိမ့်မယ်လို့ ထင်တယ်။"

အို. .....

ကြိုင် အံ့အားသင့်စွာ အမေ့ကိုမော့ကြည့်လိုက်မိသည်။

"သမီးနဲ့ ဆရာ ချစ်နေတာကို အမေသိနေခဲ့တာလားဟင်။"

ဒေါ်ထားဆင့် ကြိုင့်ဆံပင်လေးများကို တယုတယ ပွတ်သပ်ပေးလိုက်သည်။ 

"သမီးတို့ချစ်သူဖြစ်တာကိုသိနေရုံတင်ဘယ်ကမလဲကွယ်သမီးဗိုက်ထဲကရင်သွေးလေးရဲ့အဖေဟာ မောင်နွေဦးမောင်ဆိုတာကိုပါအမေသိနေခဲ့တယ်။" 

"ဟင် အမေ ဘယ်လိုသိသွားတာလဲ။"

"သမီးဆီကိုမိန်းကလေးတစ်ယောက်လာသွားတဲ့နေ့ကသစ်ပင်အကွယ်မှာအမေရှိနေခဲ့တယ်။မောင်နွေဦးမောင်နဲ့လက်ထပ်တော့မယ့်အကြောင်းတွေအားလုံးကိုလည်းအမေကြားခဲ့တယ်။သမီးလေးခံစားနေတာမကြည့်ရက်လို့အမေနောက်ပြန်လှည့်လာခဲ့တာ။ဒါကြောင့် သမီးမေ့လဲသွားတော့ အဲဒီနားမှာ အမေရှိမနေခဲ့တာပဲ။သမီးကိုယ်ဝန်ကို ညီညီက တာဝန်ယူလိမ့်မယ်လို့လည်းအမေတွေးထားပြီးသားပါ။တစ်ကယ်တော့ညီစေမင်းသမီးကိုချစ်နေခဲ့တာကြာပြီ။သမီးသတိမထားမိလို့ရှိလိမ့်မယ်။ သူသမီးကို ချစ်နေခဲ့တာ သမီးဘ၀ထဲကိုမောင်နွေဦးမောင်ရောက်မလာခင်ဟိုဘက်နှစ်တွေကတည်းကပဲ။သမီးအခုလိုအရှက် တကွဲအကျိုးနည်းဖြစ်ရမယ့် ကိစ္စမျိုးကို ညီစေမင်းဟာ ဘယ်တော့မှ အဖြစ်ခံမယ့်သူမဟုတ်ဘူးဆိုတာလဲအမေသိတယ်။ဒါ့ကြောင့်သမီးတို့လူငယ်ချင်းဆွေးနွေးတဲ့ကြားမှာ အမေလက်ရှောင် နေခဲ့တာ။"

"အမေ သမီးညီညီ့ကို မယူသင့်ဘူးနော်။ သူ့အပေါ်မှာမတရားသလိုခံစားရတယ်။သမီးကြောင့်ဖြစ်တဲ့ပြဿနာကိုသူ့အပေါ်ပုံချလိုက်မိသလိုပဲ။"

"ဒါပေမယ့် သမီးရယ် သမီးကိုယ်တိုင် သူ့ကိုညာပြီးယူတာမှမဟုတ်ပဲ။သူသိသိကြီးနဲ့ကို သမီးဘ၀အတွက် ကာကွယ်ဖို့ ရှေ့တိုးလာခဲ့တာ။ပြီးတော့ အခုလို ညီညီသမီးကို လက်ထပ်ဖို့ ကမ်းလှမ်းတော့ အမှန်အတိုင်းပြောရရင်အမေအရမ်းပျော်ခဲ့တာပေါ့။အမေဟာ ဒီပြဿနာတွေ မဖြစ်ခဲ့ခင် အရင်က စိတ်သဘေားထားဖြောင့်မတ်ပြီး အတ္တနဲ့ပရကိုမျှမျှတတတွေးခေါ်နိုင်သူဖြစ်ခဲ့တယ်။ဒါပေမယ့်သမီးနဲ့ ပတ်သက်ပြီး အမေ အတ္တကြီးခဲ့မိပြီ။ညီစေမင်းအပေါ် မတရားသလို ဖြစ်နေပေမယ့်တစ်ဖက်ကလည်း သမီးအရှက်အတွက်ကာကွယ်ပေးစေချင်ခဲ့တယ်။ဒါပေမယ့်အမေဘယ်လောက်ပဲအတ္တကြီးကြီး မယုတ်မာပါဘူးကွယ်။ညီညီ့ကို အမေခေါ်ပြီး သမီးဘ၀အကြောင်းကို ဖွင့်ဟခဲ့တယ်။"

"ဘယ်အကြောင်းကိုလဲ အမေ။"

" သမီးရဲ့အတိတ်ဘ၀နဲ့  အိမ်ထောင်ပြုရင် ဖြစ်လာနိုင်တဲ့အခြေအနေပေါ့သမီး။အဲဒါတွေ ညီညီ့ကို ပြောဖို့လိုလို့  ......."


"ဟင်…"

 ကြိုင့်မျက်လုံးများဝိုင်းစက်ပြူးကျယ်သွားကာ ဒေါ်ထားဆင့်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"အမေ သမီးအပေါ်ရောက်ရမယ့် ဒုက္ခတွေက 

သမီးခင်ပွန်းဖြစ်လာမယ့် ညီညီ့ကိုတော့ အဖျား

မခတ် နိုင်ပါဘူးနော်။ဟုတ်တယ်မလားဟင် အမေ ကျေးဇူးပြုပြီးညီညီ့အတွက်အန္တရာယ်ရှိမလာနိုင်ဘူးလို့ပြောပေးပါနော်။"

ဒေါ်ထားဆင့် ချက်ချင်း အဖြေမပေးနိုင်ပဲ တွေဝေနေမိသည်။

"အမေ အသေအချာ ကတိမပေးရဲဘူးသမီး။ အဲဒီဘက်လောကကိုရောသမီးလေးရဲ့ကံကြမ္မာကိုပါဘာတစ်ခုမှအမေအစိုးမရဘူး။ဘာတွေဖြစ်လာမယ်ဆိုတာလည်းကြိုမသိနိုင်တာမလို့ဘာမှကတိမပေးရဲပါဘူးကွယ်။"

ကြိုင့်မျက်ဝန်းမှ မျက်ရည်များ တလိမ့်ချင်း စီးဆင်းလာသည်။

"အဲဒီလိုဖြစ်လို့တော့လုံးဝမရဘူးလေအမေရယ်။အခုတောင် ညီညီက သမီးအပေါ် အများကြီး ပေးဆပ်ပြီးပါပြီ။ဒီထက်ပိုပြီး သူ့ကိုမနာကျင်စေချင်တော့ဘူး။"

"အမေလည်း သေချာမပြောနိုင်ပေမယ့် တွေးမိတာတစ်ခုတော့ရှိပါတယ်။သမီးဟာ မောင်နွေဦးမောင်ကိုချစ်ခဲ့မိလို့ဘ၀နဲ့ရင်းပြီး ပေးဆပ်လိုက်ရပြီ။သမီးဘ၀မှာ ဒီထက်ဆိုးတာ မရှိတော့ဘူး။ယောကျာ်းတစ်ယောက်ကို ချစ်ခဲ့မိခြင်းကြောင့် သမီးခံစားရတဲ့ နာကျင်မှုကလုံလောက်နိုင်ပါပြီ။ဒီထက်ပိုပြီး သမီးဘ၀လေးကိုသူတို့မရက်စက်ကြတော့လောက်ဘူးလို့ အမေထင်မိတာပါပဲကွယ်။" 

"ဒါကအမေ့ရဲ့ အထင်မဟုတ်လား အမေရယ်။ သမီးဘ၀ဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိနိုင်ဘူး။ဆိုးဆိုးဝါးဝါး ဖြစ်ဖို့ ရှိနေခဲ့ရင်တောင် အဲဒီအဆိုးကို သမီးတစ်ယောက်တည်းပဲ ခါးစည်းခံပါရစေ။ဘယ်သူ့ကိုမှဆွဲမထည့်ချင်တော့ဘူး။ဒီထက်ပိုပြီး သမီးကြောင့် အခြားသူတွေ အပြစ်မဲ့တဲ့ နှလုံးသားတွေ မနာကျင်စေပါနဲ့တော့အမေရယ်။သမီးလေ ညီညီ့ကို လက်မထပ်ချင်တော့ဘူး။အားလုံးနဲ့ ဝေးရာကို ထွက်သွားလိုက်ချင်ပြီ။"


ဒေါ်ထားဆင့် ကြိုင့်ပခုံးလေးကို ဖက်ထားလိုက်ရင်း "ဘယ်ဟုတ်မလဲသမီးရယ်။တစ်ခါတစ်လေကျ လောကကြီးမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုအနက် ဖြစ်သင့်တာ လုပ်သင့်တာကိုပဲ လုပ်ရတဲ့အခိုက်အတန့်တွေရှိတယ်။သမီးဗိုက်ထဲက ကလေးကိုဖခင်မဲ့ဘ၀နဲ့လောကကြီးထဲမျက်နှာငယ်စွာရှင်သန်စေချင်လို့လား။ခံစားချက်တွေ စာနာမှုတွေ နှလုံးသားတွေကို ခနဘေးဖယ်ထားရအောင်။

သမီးလေးအိပ်တော့နော် မနက်ဖြန် မင်္ဂလာပွဲမှာမျwက်ခွံကြီးမို့နေလိမ့်မယ်။မငိုနဲ့တော့ တိတ်ပါတော့ ကလေးရယ်။"

အမေက မငိုနဲ့ပြောမှ ကြိုင်ပို၍ငိုချင်လာမိသည်။

အလွမ်းနဲ့ ညီညီ့မျက်နှာကို မြင်ယောင်ကာ ပိုနာကျင်ရပြန်သည်။မိမိကသာသူငယ်ချင်းသုံးဦးကြားမှာ ဂြိုလ်မွှေခဲ့သူ။အချိန်တွေကို နောက်ပြန်ရစ်လို့ရရင် ကလေးလေးဘ၀ကို ပြန်သွားချင်မိသည်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကိုဖြတ်သန်းရင်းအရွယ်ရောက်လာတဲ့အခါ ညီညီနဲ့အလွမ်းကို လက်ထပ်ပေးသူ ကိုယ်သာ ဖြစ်လိုမိသည်။မိမိအတွက်တော့ ဒီညသည် ဒဏ်ရာများစွာနှင့် ကာလရှည်လွန်းသော ညတစ်ည သာတည်း။


အခန်း ( ၃၆ )


ညာဘက်ခြေထောက်မှတဆစ်ဆစ်ကိုက်ခဲလာခြင်းနှင့်အတူညာဘက်ဂျိုင်းတစ်ခုလုံးနာကျင်လာကာ လက်မောင်းတစ်ခုလုံးလည်း ကိုင်ရိုက်ထားသလို ဖြစ်နေသည်။သို့သော် နွေဦးမောင်ထိုနာကျင်မှုကိုဂရုမထား။ခြေလှမ်းကို ခပ်သွက်သွက်လှမ်း၍ ရှေ့သို့ ရောက်ရန်သာ အားခဲနေသည်။

ညဦးပိုင်းကတည်းက ကားမရ၍ ထိုင်စောင့်နေခဲ့ရသည်။ထို့နောက်မင်းဘူးစကုကားကို စီးလာသော်လည်း ကားက စကုတွင် ဂိတ်ဆုံးသွားလေသည်။

မနက် ၄နာရီထိုးကာနီးမှ စလင်းကုန်ကားတစ်စီးကို တွေ့၍ တားကာ တောင်းတောင်းပန်ပန် စီးလာခဲ့သည်။ ကျောင်းတော်ရာ ရောက်တော့လည်း 

ရင်မောရပြန်သည်။မင်းဇံသို့သွားသော မြင်းလှည်းများကတစ်စီးမှမရှိပေ။ဂျိုင်းထောက်ကို အားပြုရင်း မင်းဇံသို့ခြေကျင်ပင် လျှောက်လာခဲ့သည်။


မနက်မိုးမလင်းမီကတည်းကလျှောက်လာခဲ့သည်မို့ လူတစ်ကိုယ်လုံးကိုင်ရိုက်ထားသည့်နှယ်နာကျင်နေသည်။ခြေထောက်က လုံးလုံးမကောင်း သေးသည့်အချိန်တွင် ခရီးဝေးနှင်လိုက်ရသဖြင့် 

နာကျင်မှုက ပိုဆိုးလာသည်။လယ်ကန်တင်းတစ်ခုကို ကျော်အပြီးတွင် မင်းဇံရွာကလေးကို လှမ်းမြင်လိုက်ရလေသည်။လယ်ကွက် ၂၀လောက် ကျော်ပြီးလျှင်တော့ရွာအ၀င်လမ်းသို့ရောက်ပေတော့မည်။နွေဦးမောင် ၀မ်းသာသွားကာ ရှေ့သို့အားတက်သရော လှမ်းလိုက်သည်။


ဟာ. ....

ဝုန်း .....

ရုတ်တရက်မို့  ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းလိုက်နိုင်ခဲ့။ကန်တင်းရိုးပေါ်မှ ခြေချော်ကျသွားကာ မြောင်းထဲသို့ ပြုတ်ကျသွားသည်။အကျတွင် ညာလက်ဖြင့် အားပြုထောက်လိုက်သော်လည်း တစ်စောင်းအတိုင်း ဗွက်ထဲကျသွားကာ အောက်ပိုင်းတစ်ခုလုံးစိုရွှဲသွားသည်။အပေါ်ပိုင်းတစ်ခြမ်းလုံးလည်းရွှံ့များပေကျံသွားသည်မို့နွေဦးမောင်ဗွက်ထဲမှကုန်းရုန်းထလိုက်သည်။

ဆံပင်ထဲဝင်နေသော ရွှံ့များကို ခါချလိုက်ရင်း ဘေးနားမှ ကနခိုရွက်များကို ခူးကာ မျက်နှာကို သုပ်လိုက်သည်။ဝတ်လာသောအပြာနုရောင်လက်ရှည်တစ်ခြမ်းလုံးတွင် ရွှံ့နွံများဖြင့် မြင်မကောင်းအောင်ပေကျံလျက်။ပုဆိုးအပြာကွက်တွင်လည်းဗွက်ရေများစိုရွှဲနေသည်။အရေးထဲ ဂျိုင်းထောက်က ရွှံ့ထဲနစ်နေ၍ မနည်း ဆွဲထုတ်လိုက်ရသည်။

ဖိနပ်တစ်ဖက်ကတော့ ချော်ကျကတည်းက ဘယ်ရောက်သွားမှန်းမသိ။ကျန်နေသည့် တစ်ခြားတစ်ဖက်ကိုပါ ထားပစ်ခဲ့သည်။မိမိပုံစံကို မည်သူမျှ မှတ်မိလိမ့်မည် မဟုတ်ပါ။ ရွှံဗွက်များပေကျံနေသည့် လူတစ်ယောက်က လွန်စွာ ချောမော၍ အသန့်ကြိုက်လှသော ဆရာလေးနွေဦးမောင်ဟု မည်သူမှ ချက်ချင်းမှတ်မိမည်မဟုတ်ချေ။သို့သော် မိမိအတွက်ကျန်တာမရေးမကြီး။ချစ်သူဆီသို့အမြန်ရောက်နိုင်ရန်သာ အရေးကြီးသည်။

ကြိုင်နှင့်တွေ့ကာမှမိမိဖြတ်သန်းခဲ့ရသည့်ဒုက္ခများနှင့်မြောင်းထဲချော်ကျခဲ့သည့်အဖြစ်များကိုဟာသလုပ်၍ပြန်ပြောပြရအုံးမည်။ပြုံးပျော်လာမည့်ကြိုင့်မျက်နှာလေးကို မြင်ယောင်ကာနွေဦးမောင် ခြေလှမ်းများကို ပိုသွက်လိုက်သည်။


"မင်္ဂလာရက်မြတ်လက်ထပ်ပွဲလည်းပြီးမြောက်ခဲ့လေပြီသတို့သားသတို့သမီးတို့လိုက်လျောညီထွေနေနဲ့လမြနဲ့ရွှေနှစ်ပါးဂဟေဆက်လို့  စုလျားရစ်ပတ်နှောင်ဖွဲ့ ပေ ......"


အသံချဲ့စက်မှထွက်ပေါ်လာသော မင်္ဂလာအသိမ်းသီချင်းနှင့်အတူ မိမိရှေ့မှမြင်ကွင်းကြောင့် 

နွေဦးမောင်ကမ္ဘာတစ်ခုလုံးကျွမ်းထိုးမှောက်ခုံဖြစ်သွားလေသည်။မယုံကြည်နိုင်စွာဖြင့်မျက်လုံးကိုပွတ်၍ပြန်ကြည့်မိသည်။မိမိအမြင်မမှားပါ။ခမ်းနားလှကာ လူများစည်ကားနေသော မဏ္ဍပ်အ၀တွင်ကြိုင်ကအဖြူရောင်သတို့သမီးဝတ်စုံလေးကို ၀တ်ထားကာ နတ်သမီးလေးတစ်ပါးနှယ်လှပနေ

လေသည်။ကြိုင့် ဦးခေါင်းလေးက အဖြူရောင် သတို့သားဝတ်စုံဖြင့် ခန့်ညားနေသော ညီညီ့ပခုံးတွင်မှီနေကာ ညီညီ့လက်များက ကြိုင့်ပခုံးထက်တွင်ဖက်၍ ဓာတ်ပုံအရိုက်ခံနေကြခြင်းဖြစ်သည်။ နွေဦးမောင်ခေါင်းထဲတွင်မိုက်ခနဲဖြစ်သွားကာခန္ဓာကိုယ်ကယိုင်သွားသည်မို့အနီးရှိပုဏ္ဍရိပ်စည်းရိုးကို အားအင်ချည့်နဲ့စွာ မှီချလိုက်သည်။

ဘာတွေဖြစ်ကုန်ကြပြီလဲ။ ကိုယ့်မှာဘာအပြစ်ရှိလို့  မင်းအခုလို သစ်စိမ်းချိုးချိုးပြီးထားရက်ခဲ့တာလဲကြိုင်ရယ်။မင်းကိုယ့်ကို မချစ်ခဲ့ဘူးလား။

အစကတည်းက ကိုယ့်ကို မချစ်ခဲ့ဘဲ ညီညီ့ကိုသာ လက်ထပ်ဖို့ ရည်ရွယ်ခဲ့တာလို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ရင် ကိုယ်ဆိုတဲ့ နွေဦးမောင်က အသာတကြည် နောက်ဆုတ်ပေးခဲ့မယ့် လူမျိုးပါကြိုင်။

အခုတော့ မျှော်လင့်ချက်တွေပေးခဲ့ပြီး ကတိတွေ အထပ်ထပ် ထားခဲ့ပြီး အနာဂတ် အချစ်အိမ်ကလေးကိုပုံဖော်ဖို့စိတ်ကူးနဲ့ရူးနေမိသူကိုမှမင်းလုပ်ရက်လေသလားကြိုင်ရယ်။ဟင့်အင်း မဟုတ်သေးပါဘူး။ကိုယ့်ကို ချစ်ခဲ့တယ်မလားကြိုင်။တစ်အားကြီးမဟုတ်တောင် နည်းနည်းလေးတော့ ချစ်ခဲ့ဖူးတယ်မလား။နွေဦးမောင် ခေါင်းတစ်ခုလုံးချာချာလည်လာသည်။ဝမ်းနည်းခြင်း၊မယုံကြည်နိုင်ခြင်း၊ နားမလည်နိုင်ခြင်းများက နှလုံးသားကို တစ်စစီချေမွှနေလေသည်။နွေဦးမောင် ကြိုင့်ပခုံးကိုဆွဲလှုပ်ကာကြိုင့်မျက်ဝန်းများထဲသို့ စေ့စေ့ကြည့်၍ မေးပစ်ချင်လာသည်။စိတ်ကူးနှင့် ရှေ့သို့ တစ်လှမ်းတိုးခိုက်တွင် ဖျတ်ခနဲပြုံးလိုက်သော ကြိုင့်အပြုံးကိုမြင်လိုက်ရလေသည်။ဓာတ်ပုံဆရာက ဘာပြောလိုက်သည်မသိ ညီညီက တစ်ဟားဟား ရယ်၍ ကြိုင်ကတော့ ဖျတ်ခနဲ ပြုံးလိုက်သည်။နွေဦးမောင် ခြေလှမ်းများ ရပ်တန့်သွားကာ ရင်ထဲတွင် နင့်ခနဲ ဖြစ်သွား၏။ကြိုင် ပျော်နေသည် ထင်သည်။မိမိချစ်ရတဲ့ကြိုင်ပျော်နေသည်ပဲ။နွေဦးမောင်ကိုယ့်ကိုကိုယ်ပြန်မေးလိုက်မိသည်။ငါဖျက်ဆီးသင့်ရဲ့လား။ကိုယ့်အချစ်ရဆုံးသူတစ်ယောက်ရဲ့ မင်္ဂလာရက်မြတ်ကို ဖျက်ဆီးသင့်ရဲ့လား။မင်းကြိုင့်ကို 

ဘယ်လို အချစ်မျိုးနဲ့ချစ်ခဲ့တာလဲ နွေဦးမောင်။ မင်းအတွက်မင်း ကြည့်ပြီးလား မင်းပျော်ဖို့တစ်ခုတည်းလား မင်းအတ္တအတွက် မင်းမခံစားနိုင်လို့ သူ့ကိုပိုင်ဆိုင်ချင်ခဲ့တာလား။နွေဦးမောင် ခေါင်းကိုခါယမ်းပစ်လိုက်ရင်းယောကျာ်းတန်မဲ့ မျက်ရည်ဝဲလာမိသည်။ကိုယ်လေ ကြိုင့်ကို အရမ်းချစ်တယ် ကြိုင်။ ကိုယ်ကြိုင့်ကို ဘယ်လောက်ချစ်သလဲဆိုရင် ကိုယ့်အသဲနှလုံးကို နင်းချေပြီး ကြိုင့်ဘ၀ကို လျှောက်လှမ်းမယ်ဆိုရင်တောင် ရင်ခွဲပြီးရဲရဲကြီးပေးအပ်လိုက်ပါ့မယ်။မင်းပျော်ပါစေ ချစ်သူရယ်။ မင်းပျော်ရွှင်ရမယ်ဆိုရင် ကိုယ်လည်း အဆင် ပြေပါတယ်။ နွေဦးမောင် ချာခနဲ လှည့်၍ လာရာလမ်းသို့ လျှောက်လှမ်းခဲ့စဉ်တွင် မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်က လမ်းမထက်သို့ခုန်ဆင်းသွားလေသည်။သူရှိခဲ့ရာ ဘက်သို့မျက်နှာမူမိလိုက်ရင်း ခပ်ဝေးဝေးဆီသို့ ရောက်နေပြီဖြစ်ကာ ထွက်ခွါသွားသော သူ့ကျောပြင် ကိုလှမ်းကြည့်၍ ဝေခွဲမရစွာ ဇဝေဇ၀ါဖြစ်သွားသော ကြိုင့်မျက်ဝန်းလေးများကိုတော့ နွေဦးမောင် မမြင်နိုင်ခဲ့တော့ပေ။


လှမ်းနေသည်။ ဘယ်ဆီဘယ်ဝယ်မှန်းမသိသော ခြေလှမ်းများဖြင့် နွေဦးမောင် လှမ်းနေမိပါသည်။

မျက်ဝန်းမှ ဝေ့သီနေသော မျက်ရည်စက်များကို သိမ်းရန်သတိမရမကြာမီမိုးရွာချတော့မည့်ဟန် ပြင်နေသည့် ကောင်းကင်ကို အမှုမထား ကမ္ဘာလောကကြီးတစ်ခုလုံးကို မမြင်သည့်ဟန်ဖြင့် နွေဦးမောင်၏ ခြေလှမ်းများက ဦးတည်ရာမဲ့စွာ 

လျှောက်လှမ်းလျှက်။ သိပ်ချစ်တယ်ကြိုင်။ကိုယ့်ကို ထားခဲ့လေခြင်းလို့တွေးပြီးမနာကျည်းရက်လောက်အောင်ချစ်တယ်။မင်းပျော်နေတယ်မလား။မေတ္တာတရားက သစ်ပင်ဆန်တယ် ကြိုင်ရဲ့။စစ်မှန်တဲ့ အချစ်ဆိုတာ အဲဒီ့လူကို ပိုင်ဆိုင်ရမှ မဟုတ်ပါဘူးသူပျော်ရွှင်ဖို့ဆုတောင်းပေးနေရတာမျိုးပဲ မဟုတ်ပါလား အချစ်ရယ်။

ကောင်ကင်တစ်ခွင်လုံး မည်းမှောင်လာကာမိုးစက်များက တဖွဲဖွဲကျနေရာမှ သည်း၍သည်း၍ လာလေ တော့သည်။မိုးနှင့်အပြိုင် ငိုကြွေးနေသော လူရွယ်တစ်ယောက်ကိုတော့ မည်သူမျှ သတိမထားမိလိုက်ပါချေ။

ဆက်လက်ဖော်ပြပါဦးမည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

Author-Soethakhin

MSC-172


Sort:  

အ​ရေးအသား​ကော ​ရေးအား​ကော လုံးဝကို မကျသွားဘူး ​ကောင်းပြီးရင်း ​ကောင်း​နေတာပါပဲဗျာ

ကျေးဇူးပါဗျ ကိုလင်းရေ

Damn what language is that?

Why, man ?

Just curious. Looks like hyroglyphics to me

ရက်စက်ပါတယ်ကြိုင်ရယ်
အဲ...ကောင်းလွန်းပါတယ် စာရေးဆရာရယ်
တစ်ခန်းနဲ့တစ်ခန်း ဆွဲမှုကောင်းကောင်းနဲ့ကိုရေးသားနိုင်တယ်။တော်တယ်ဗျာ။

ဟုတ်ကဲ့ပါကိုမိုးရေကျေးဇူးပါဗျာ

ဆုံမှတ်​​တွေလွဲ​နေခဲ့တာ​ပေါ့

ဟုတ်ပါတယ်ဗျာ

နှစ်ဦးသား တွေ့လိုက်ရရင် ဘယ်လိုဖြစ်လေဦးမလဲ

ကောင်းသောဆုံတွေ့ခြင်းဖြစ်အောင်ကြိုးစားပါ့မယ်ဗျ

တွေ့ပြီးဖြေရှင်းချက်တွေ ပြောကြဦးမှာလားဗျာ ဇာတ်လမ်းကဆွဲခေါ်နိုင်တယ်နော်

ဇာတ်သိမ်းပေါ့မှာဆိုးလို့ ဆွဲဆန့်နေတာပါဗျာ

ဒီလို ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးဖတ်မိတော့
စိတ်တောင်မခိုင်ချင်တော့ဘူးဗျာ

အာ့လိုကိုခံစစားပြစ်တာလားဗျာ

အရင်​ပိုင်းမဖက်​ရလို့ ပြန်​ဖက်​ဦးမယ်​အကို​ရေ

ဟုတ်ကဲ့ပါbroရေ

ဇာတ်လမ်းလေးက လွမ်းမော ကြေကွဲစရာပါလား

စာရေးသူကိုယ်တိုင်က အလွမ်းဓါတ်ခံရှိလို့ပါဗျ

ဇာတ်ရှိန်ကတော့ တက်ပြီးရင်းတက်ရင်းပါပဲဗျာ။

ဟုတ်ကဲ့ပါကိုထွေးရေ စာရေးသူကိုယ်တိုင်ကအရှိန်တက်နေတာ

ဒီထက်ကြေကွဲစရာ ရှိဦးမယ်လို့ ထင်နေပါပြီ

ဟုတ်ပါတယ်ကိုစောရေ ဒီထက်ပိုပြီးကြွေကွဲရဦးမယ်ဗျ

ဇာတ်ကောင်တွေကိုကြေကွဲခိုင်းလိုက်တာ
ရင်ထဲစူးနစ်သွားတယ်

Coin Marketplace

STEEM 0.17
TRX 0.05
JST 0.022
BTC 16481.96
ETH 1220.66
USDT 1.00
SBD 2.13