ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar5 years ago (edited)

image

ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၁၇ )

အခန်း ( ၃၃ )

လက်ထဲမှ စာအိတ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်းသီဟမေးကြောကြီးများထောင်ထလာသည်။အံတင်းတင်းကြိတ်ထားမိသဖြင့် သွားများမှာလည်းနာကျင်လာလေပြီ။မိမိမျက်လုံးရှေ့မှချိတ်ဆွဲထားသောကတ္တီပါကန့်လန့်ကာစမှ စာတန်းများကို မယုံနိုင်စွာ နောက်တစ်ကြိမ်မော့၍ဖတ်လိုက်မိသည်။

ထင်ရှားပြတ်သားသော မင်္ဂလာ သတို့သား သတို့သမီးနာမည်များကမိမိကိုလှောင်ပြောင်နေသည့်နှယ်။အိမ်အ၀င်တံခါးနှစ်ဖက်မှ တိုင်များကို တစ်ဖက်လျှင် တစ်စစီ ဆွဲ၍ချိတ်ထားခြင်းဖြစ်ကာ အတွင်းဘက်တွင်တော့ ကျယ်ဝန်းလှသော မဏ္ဍပ်ကြီးတစ်ခု။နဖူးပေါ်မှစီးကျလာသောချွေးများကို လက်ခုံဖြင့်သုပ်လိုက်ရင်း အတွင်းဘက်သို့မျက်လုံးဝေ့ကြည့်လိုက်သည်။

တွေ့ပါပြီ။တစ်ခါမြင်ဖူးရုံနှင့်ပင် မှတ်မိနိုင်ဖွယ်ဖြစ်သောရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး။တစ်နည်းဆိုရလျှင် မိမိအချစ်ဆုံး သူငယ်ချင်း၏သည်းဦးပန်း။မိမိလှမ်းကြည့်နေစဉ်မှာပင် ကြိုင်က ဘေးမှ မိန်းမပျိုတစ်သိုက်ကိုရယ်မော၍တစ်ခုခုပြောလိုက်လေသည်။ဘေးနားမှာအလုပ်လုပ်နေကြသော မိန်းမပျိုတစ်စုထံမှ ၀ါးခနဲညာချသံတစ်ခု ထွက်လာသည်။သီဟရင်ထဲတွင် ကျဉ်ခနဲဖြစ်သွားကာ ချစ်ရိပ်များလဲ့နေသော မောင့်မျက်လုံးများကို မြင်ယောင်လာပြန်သည်။မောင်တစ်ယောက်က ဟိုမှာ သေမလိုဖြစ်ပြီး သက်သာကာစ ဆေးရုံတက်နေသည့်အချိန် မောင့်ချစ်သူ ဒီမိန်းကလေးက ပျော်ရွှင်စွာဖြင့် မင်္ဂလာပွဲဆင်နွှဲတော့မည့် သတို့သမီးလောင်းတစ်ဦးတဲ့လား။သီဟ မုန်းတီးစွာဖြင့် စိုက်ကြည့်နေဆဲမှာပင် ထိုမိန်းကလေးမျက်နှာက ဒီဘက်သို့ တည့်တည့် လှည့်လာကာ မိမိကို မြင်သွားလေပြီ။မျက်နှာတစ်ချက်ပျက်သွားသည်ကို မြင်ဖြစ်အောင် မြင်လိုက်သည်။ထို့နောက် မိမိရှိရာဆီသို့တစ်လှမ်းချင်းလှမ်းလာလေ

သည်။သီဟ မျက်လုံးများ အေးစက်စက် အသွင်သို့ ပြောင်းသွားကာစာအိတ်ကိုပါလာသည့်လွယ်အိတ်အတွင်းသို့ထိုးထည့်လိုက်သည်။ဒီအချိန်မှာ ဒီစာအိတ်က မလိုအပ်တော့တာ သေချာနေသည်ပဲ။တော်တော်သွေးအေးသည့် မိန်းမ မျက်နှာပြောင်တိုက်စွာ မိမိကို ဘာပြောအုံးမည်မသိ။

တစ်ခါသာမြင်ဖူးသော ဆရာ့သူငယ်ချင်းကို တွေ့လိုက်ရချိန်တွင် ဖျတ်ခနဲ သတိရစိတ်နှင့်အတူ နာကျည်းမှုက ပိုနက်ရှိုင်းလာသည်။ထိုသူ၏ ရှေ့တွင်ရပ်လိုက်ကာ ကြိုဆိုပြုံးဖြင့် ပြုံးပြလိုက်သည်။မိမိက အိမ်ရှင်ပဲဒီလောက်တော့ဝတ္တရားကျေပွန်ရမည်မဟုတ်လား။တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြရင်း ဘယ်သူကမှ စ၍ စကားမဆိုမိကြ။အတန်ကြာမှ ကြိုင့်အသံက ဦးစွာထွက်လာသည်။

"အထဲကို ၀င်ထိုင်ပါအုံးလားရှင် အပူကြီးက လာခဲ့တာပဲ ၀င်နားပါအုံး။"

"သီဟလက်ကာပြလိုက်ရင်း ရပါတယ် ညီမ ။

ပြောစရာတစ်ခုရှိလို့ရောက်လာခဲ့တာပါ။"

ကြိုင် တစ်စွန်းတစ်စ မျှော်လင့်ချက်ဖြင့် ငေးစိုက်ကြည့်နေမိသည်။သီဟ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း 

"ဒီလိုပါ နွေဦးမောင်က အခုနှစ်စာသင်နှစ်စက စပြီးနယ်ပြောင်းတာဝန်ထမ်းဆောင်ရပါမယ်။အဲဒါသူ့ပစ္စည်းလေးတွေလာသိမ်းရင်း နှုတ်ဆက်သင့်တဲ့ သူတွေကို နှုတ်ဆက်ရအောင် သူ့ကိုယ်စားလာခဲ့တာပါ။"

မျှော်လင့်ချက်မဲ့သွားသော မျက်ဝန်းများကို ကြိုးစား၍ဖုံးကွယ်လိုက်ရင်း ကိုယ်စားဆိုသော စကားကို ပြန်တွေးနေမိသည်။

"ဆရာကိုယ်တိုင် ဘာလို့မလာတာလဲဟင်။"

လက်ကျန်သံယောစဉ်ဖြင့် ထွက်သွားသော စကားတစ်ခွန်းရယ်ပါ။မပိုင်ဆိုင်တော့တာ သေချာသွား

ရင်တောင် နောက်ဆုံးအနေနဲ့ မြင်ခွင့်လေးတော့ ရသွားချင်မိသည်။

"သူက အရမ်းအလုပ်များနေလို့ပါ။"

သီဟနှုတ်မှ အသံခပ်တိုးတိုး ထွက်ပေါ်လာသည်။

ဆေးရုံတက်နေရသည့်အကြောင်းနှင့်စာလွှာပေးပို့ လိုက်သည့် အကြောင်းကို ပြောမပြချင်တော့ပါ။

ဒါကပင်လျှင် အချစ်ရဆုံး သူငယ်ချင်းအတွက် မိမိလုပ်ပေးနိုင်သောအကောင်းဆုံးအရာဖြစ်သည်ဟူ၍လည်း မိမိကိုယ်မိမိအားပေးလိုက်သည်။

အော် ........

အာမေဋိတ်သံခပ်အက်အက် နောက်တွင် အဓိပ္ပါယ်များစွာ ပါဝင်နေသည်ကိုတော့ ကြိုင်တစ်ယောက်သာလျှင်အသိဆုံးရယ်ပါ။အေးလေသူကဒီအချိန်မှာမင်္ဂလာပွဲနဲ့အလုပ်များနေမယ့်သူပဲ မိမိလို လူတစ်ယောက်ကို လာနှုတ်ဆက်ဖို့ အရေး တွေးတောင်တွေးမိမယ်မထင်ပါ။

တစ်ယောက်ကို တစ်ယောက် ဘာဆက်ပြောရမလဲစဉ်းစားနေစဉ်မှာပင် မိမိတို့အနီးသို့ဥပဓိရုပ်ကောင်းကောင်းနှင့် မိန်းမကြီးတစ်ဦးရောက်လာသည်။

ရုပ်ရည်လှပပုံနှင့်မျက်နှာကျဆင်ပုံတို့ကြောင့်ကြိုင့်အမေပဲဆိုတာသီဟမှန်းဆမိပြီးသားပင်။

"သမီး ဘယ်သူလဲ အိမ်ထဲကို ခေါ်လေကွယ်။"

"ဆရာ့သူငယ်ချင်းပါအမေ ဆရာနယ်ပြောင်းတောမယ့်အကြောင်း လာပြောတာ။"

"ဟင် မောင်နွေဦးမောင်က နယ်ပြောင်းတော့မယ်တဲ့လား ဆိုင်းမဆင့်ဘုံမဆင့်ကွယ်။သူကော မပါဘူးလား။ဘာဖြစ်လို့ လိုက်မလာတာလဲ။"

အန်တီကြီးကို အပြုံးဖြင့် တုန့်ပြန်၍ ရိုရိုကျိုးကျိုးပင် သီဟ အဖြေပေးလိုက်သည်။

"ဒီလိုပါ အန်တီ။အပြောင်းအရွှေ့က အခုနွေမှာကျလာပါတယ်။ကျောင်းဖွင့်တာနဲ့သူတာဝန်စထမ်းဆောင်ရတော့မှာပါ။သူကိုယ်တိုင်ဒီရွာကလေးကိုလာနှုတ်ဆက်ချင်ပေမယ့်လည်း အလုပ်တွေအရမ်းများနေပြီး ဘယ်လိုမှ မအားလပ်တော့လို့ပါ။"

"အေးကွယ်ဆရာလေးကိုမမြင်ရလို့စိတ်မကောင်း ဖြစ်မိတယ်။ကိုယ့်တူကိုယ့်သားလေးလို သံယောစဉ်တွယ်ခဲ့ရတာ။အခုလိုမျိုးသူ့တပည့်လေးနှစ်ယောက် မင်္ဂလာဆောင်မှာ ဆရာ့ကို လာစေချင်တာပေါ့။ဆရာ့ကိုပြောလိုက်ပါကွယ် ဆရာတပည့်လေးညီညီနဲ့ကြိုင်တို့လက်ထပ်သွားတဲ့အကြောင်းရယ် အခွင့်ကြုံရင် သားနဲ့ သမီးဆရာလေးကိုလာကန်တော့ပါလိမ့်မယ်ဆိုတာလေး။ပြီးတော့ အန်တီတို့ အမြဲတမ်းသတိရနေတယ်လို့ ဘယ်အချိန်မဆို သတိရတဲ့အချိန်တိုင်းအလည်လာခဲ့ပါလို့နော်။ခနနားအုံးလေသား"ဖိုးထောင်ကို ဆရာလေး ပစ္စည်းတွေ သိမ်းခိုင်းလိုက်မယ်။"

"ဟဲ့ ဖိုးထောင်ရေ"

"  ဗျာ ဒေါ်လေး ။"

"ဆရာလေးနွေဦးမောင်ရဲ့ ပစ္စည်းလေးတွေသွားသိမ်းလိုက်ပါအုံးကွယ်။နယ်ပြောင်းတော့မယ်တဲ့။"

"ဗျာဆရာလေးကတစ်ကယ်ပြောင်းတော့မှာလား"

ဝမ်းနည်းရိပ်ဖြင့် ဖိုးထောင်၏ အသံက အဖျားခတ်ကာတုန်ယင်သွားသည်။သီဟနားလည်ပါသည်။အရိုးခံ ရွာသူရွာသားလေးတွေဟာ မိမိတို့ဆီမှာတာဝန်ကျရှာသောဆရာဆရာမလေးများကို လေးစားစိတ်ဖြင့် ချစ်ခင်ကြသည်ပဲ။

"အန်တီကျွန်တော်လည်းတစ်ခါတည်းလိုက်သွားပါ့မယ်။ပိုမြန်အောင်ကူသိမ်းလိုက်ပါ့မယ်။နေပူနေမှာလည်း စိုးလို့ပါ။"

"ခနလေးနေပါအုံးသား အန်တီပေးစရာရှိတယ်။"

မိန်းမကြီးကအထဲသို့ဝင်သွားကာတစ်အောင့်အကြာတွင် ပြန်ထွက်လာလေသည်။ အထုပ်တစ်ထုပ်နှင့်အတူစာအိတ်ညိုတစ်လုံးကိုပါကိုင်လာသည်။

"သား ဒီထဲမှာ ဆရာကြိုက်တဲ့ ကရေကရာ မုန့်တွေရယ် ဆရာလေး စားတတ်တဲ့ စားစရာတွေရယ်ထည့်ပေးလိုက်တယ်။အန်တီတို့မိသားစုက အမြဲအမှတ်ရနေကြောင်း ပြောပေးပါ။ဒါကတော့ ဆရာလေးကို ပြောချင်တဲ့အရာတွေရေးထားတဲ့ စာလေးပါ။ဒီစာလေးကိုလည်း ဒီနေ့ကစပြီး တစ်နှစ်ပြည့်တဲ့ နေ့မှ ဖတ်ပါလို့အန်တီကပြောပါတယ်လို့ပြောပေးပါကွယ်။ဆရာ့ရဲ့ ကတိသစ္စာကို ယုံကြည်စွာနဲ့ဒီကြားထဲမှာ စာကို ဖောက်ဖတ်လိမ့်မယ် မဟုတ်ဘူးဆိုတာကို အန်တီက ယုံကြည်ကြောင်းလည်း ထပ်လောင်းပြောကြားလိုက်ပါ။"

"ဟုတ်ကဲ့ပါ အန်တီ ။"

သီဟရိုရိုသေသေပင် ပစ္စည်းများကို လက်ခံယူပြီး ကျောခိုင်းခဲ့လေသည်။မိမိကို ရပ်ကြည့်ကာကျန်နေခဲ့သည့်သားအမိနှစ်ယောက်ကိုမျက်ဝန်းထောင့်မှဝိုးတ၀ါးမြင်လိုက်သည်။အပြင်ဘက်တွင်တော့ နေပူရှိန်က တဖြည်းဖြည်းမြင့်လာလေသည်။အကယ်၍သာ မိမိ ဖွင့်မပြောပဲ မျိုသိပ်လိုက်သော ပေးသင့်ပါလျှက် ကိုယ့်ဆုံးဖြတ်ချက်ကိုသာ 

မှန်သည်ထင်ကာ မပေးဖြစ်ခဲ့သော တစ်စုံတစ်ရာ တစ်စုံတစ်ခုတို့သည် နောင်တစ်ချိန်မှာ အရမ်းအရေးပါလာမည့် အရာများ သို့မဟုတ် ဘ၀ပေါင်းများစွာကို ပြောင်းလဲနိုင်သည့် အရာများဆိုသည်ကို သီဟတစ်ယောက် သိရှိခဲ့ပါလျှင် ..........

အခန်း ( ၃၄ )

ငယ်ငယ်ကတည်းကပေါင်းလာခဲ့သည်မို့ပျက်ယွင်းနေသော သီဟမျက်နှာကို နွေဦးမောင် အကဲခတ်မိပါသည်။သီဟပြန်လာတော့ ည၇နာရီထိုးနေပြီ။ မျက်နှာမသာမယာနှင့် မိမိဘေးတွင်ထိုင်ကာအမောဖြေနေသည်။နွေဦးမောင် ဖွင့်မမေးပါ။သိချင်စိတ်ကို ချိုးနှိမ်ကာ ဖွင့်ပြောလာမည့်အချိန်ကိုစောင့်သည်။ကြိုင် နေမကောင်း၍ပင်လား၊ သို့မဟုတ် အန်တီထားဆင့်နှင့်တည့်တည့်တိုးခဲ့၍ အဆင်မပြေဖြစ်ခဲ့သည်လား။မိမိကျောင်းပြောင်းရမည့်ကိစ္စကိုသီဟကသွားသတိပေးသောကြောင့် ကြိုင်ဝမ်းနည်းသည်ကို သီဟမြင်ခဲ့သည်လား ။လားပေါင်းများစွာဖြင့် နွေဦးမောင်၏ ရင်ထဲတွင် တစ်စတစ်စ ပူလောင်လာသည်။၁၅မိနစ်ခန့်ကြာပြီးနောက်တွင် သီဟလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

"မောင် ရော့ဒီမှာ ကြိုင့်အမေက မင်းဖတ်ဖို့ဆိုပြီးငါ့ကိုလူကြုံပါးလိုက်တဲ့စာ။ပြီးတော့ဒီစာကိုဒီနေ့ကစတစ်နှစ်ပြည့်တဲ့နေ့မှဖွင့်ဖတ်ဖို့ကတိတောင်းလိုက်တယ်။မင်းဟာယောကျာ်းပီသပြီးတည်ကြည်သူဖြစ်လို့ကတိသစ္စာတည်မယ့်သူလို့ယုံကြည်ပါယ်တဲ့။"

ကမ်းပေးလာသော အညိုရောင် စာအိတ်ရှည်တစ်ခုကိုနွေဦးမောင်တည်ငြိမ်စွာပင်ယူကာ ဖတ်လက်စ စာအုပ်ကြားထဲသို့ညှပ်လိုက်သည်။

ကမ်းပေးလာသော အညိုရောင် စာအိတ်ရှည်တစ်ခုကိုနွေဦးမောင်တည်ငြိမ်စွာပင်ယူကာ ဖတ်လက်စ စာအုပ်ကြားထဲသို့ညှပ်လိုက်သည်။

"ပြီးတော့ ဒါကတော့ မင်းအတွက် အဲ့အန်တီထည့်ပေးလိုက်တဲ့စားစရာတွေ။မင်းကြိုက်တဲ့အစားအစာတစ်ချို့ထုပ်ပိုးထားတယ်ပြောတယ်။ဒီအထုပ်ကတော့ မင်းပစ္စည်းတွေပဲ အကုန်လုံးကို စုစည်းပြီး သိမ်းလာခဲ့တယ်။"

ထိုနေရာအရောက်တွင်နွေဦးမောင်နားမလည်စွာဖြင့်သီဟကိုမျက်လုံးလှန်ကြည့်လိုက်သည်။သီဟကလည်း ထိုအကြည့်ကို သိတာပေါ့။

"မင်းကကျောင်းပြောင်းရတော့မှာပဲမောင် မင်းအဆင်ပြေအောင် ငါတစ်ခါတည်း ယူလာခဲ့တာ။"

"မင်းယူလာတာကိုတော့ ကျေးဇူးပဲသီဟ ဒါပေမယ့် ငါဘယ်လိုဖြစ်ဖြစ် မင်းဇံကို သွားရအုံးမှာပဲလေ။နှုတ်ဆက်ရမယ် ပြီးတော့ ပြောင်းသွားတယ်ဆိုပေမယ့် ငါခဏခဏအဲ့ကိုရောက်နေမှာ။ပစ္စည်းတစ်ချို့ ကို ပြန်ထားရမှာပေါ့။"

နွေဦးမောင်စကားကြောင့် သီဟရင်ထဲတွင် နင့်သွားသည်။သူငယ်ချင်းချင်းမို့ ကြိုင့်ကို မောင်ဘယ်လောက်ချစ်သည်ကို ကြည့်ရုံနှင့်ပင် မြင်နိုင်သည်။ ပြောမထွက်သော စကားတို့ကို ပြောဖို့လိုအပ်လာချေပြီ။

"မောင်ငါဟာငယ်ငယ်ကတည်းကမှန်သောစကားကိုသာဆိုတတ်ပြီး ဘယ်တော့မှ မင်းကို မလိမ်ခဲ့ဘူးဆိုတာ မင်းသိလား။"

"ငါသိတယ်သီဟမင်းဘာကိုပြောချင်တာလဲ။ကွေ့ဝိုက်မနေပဲတည့်တည့်ပဲပြောစေချင်တယ်။ကြိုင် ငါ့ကိုဘာမှာလိုက်သေးလဲ။"

"သူမင်းကို ဘာမှ မမှာလိုက်ဘူး ပြီးတော့ မင်းပေးခိုင်းတဲ့စာ သူ့ကို ငါမပေးခဲ့ဘူး။"

သီဟက ပြောပြောဆိုဆိုဖြင့် လွယ်အိတ်ထဲမှ စာကို နွေဦးမောင်လက်ထဲ ထည့်ပေးလိုက်သည်။

"မင်းရဲ့ကြိုင်က လက်ထပ်တော့မယ် မောင်။"

"ဘာ. ......"

မိမိ အသံက အနည်းငယ်ကျယ်လောင်သွားသည်မို့ ဘေးကုတင်မှလူနာများက လှမ်းအကဲခတ်လေသည်။

"ဟုတ်တယ်မောင် မင်းတပည့်ပဲလိုပြောတယ်။

ညီညီတဲ့ မင်းသိမယ်ထင်တယ်။မဏ္ဍပ်ကြီးကို မြင်ခဲ့တယ်။ကြိုင့်အမေရဲ့ နှုတ်က ထွက်လာတဲ့ 

အကြောင်းနဲ့လည်းအတည်ပြုခဲ့တယ်။မင်းရဲ့ ကြိုင်ဟာ ညီညီဆိုတဲ့ တစ်ယောက်နဲ့  မနက်ဖြန် လက်ထပ်တော့မယ်။"

"မင်း မင်း မဟုတ်တာတွေ မပြောနဲ့။ ငါမယုံဘူး။"

နွေဦးမောင် ရင်ထဲတွင် ဂယောင်ချောက်ချားဖြစ်လာသည်။မဖြစ်နိုင်ပါဘူး။ကြိုင်ဟာဒီလိုလုပ်မယ့်မိန်းကလေးမှမဟုတ်တာ။မိမိတို့နှစ်ယောက်ကတိသစ္စာထားခဲ့ကြသည်။တစ်သက်တာ ထာဝရ ပေါင်းဖက်သွားကြဖို့။

"သီဟမင်းငါ့ကိုမဟုတ်တာတွေမပြောနဲ့နော် ဒါနောက်စရာမဟုတ်ဘူး။"

နွေဦးမောင် မျက်နှာတစ်ပြင်လုံး နီလာလေသည်။သီဟကအံတင်းတင်းကြိတ်လိုက်ရင်း 

"ငါက ဘာကိုညာရမှာလဲမောင်။မင်းမယုံရင် မင်းကိုယ်တိုင်သွားကြည့်လို့ရတယ်။မင်းချစ်သူဆိုတဲ့မိန်းမကမိန်းမကောင်းမဟုတ်ဘူး။လျှာနှစ်ခွနဲ့ မြွေဟောက်မကွ ......"

"ခွပ်. ..."

သီဟစကားမဆုံးလိုက်ချေ။နွေဦးမောင်၏ ဒေါသတကြီးလက်သီးချက်ကသီဟမျက်နှာပေါ်သို့ကျသွားကာသီဟဖင်ထိုင်လျှက်နောက်ပြန်လဲကျသွားသည်။

"မင်းသူ့ကိုအဲ့လိုပြောစရာအကြောင်းမရှိဘူး။ငါ့ချစ်သူက မင်းအဲ့လိုပြောလို့ရတဲ့ မိန်းမအမျိုးအစားမဟုတ်ဘူးကွ။"

ပါးစပ်ထဲမှ စီးကျလာသော သွေးများကို လက်ခုံဖြင့် သုပ်လိုက်ရင်း သီဟ မျက်လုံးများရီဝေနေသည်။

သူငယ်ချင်းနှစ်ယောက် ဘယ်တုန်းကမှ အခုလောက် သဘောထားကွဲလွဲစွာ ထိုးကြကြိတ်ကြသည်အထိမဖြစ်ဖူးချေ။ပါးချိတ်တစ်ခုလုံး ရောင်ရမ်းနာကျင်နေသော်လည်း ထိုအနာက ရင်ထဲက အနာကို မမီ။နွေဦးမောင် ကျောပိုးလွယ်အိတ်ကို ကောက်လွယ်ကာ ထလိုက်သည်။ခြေထောက်က နာကျင်စွာ ယိုင်ခနဲ တစ်ချက်ဖြစ်သွား၏။သီဟ ထိုင်ရာမှဖျတ်ခနဲထကာ နွေဦးမောင်ကို တွဲလိုက်သည်။မောင်က မိမိလက်ကို အသာဖယ်ချလိုက်ရင်း ကုတင်ဘေးမှဂျိုင်းထောက်ကို ဆွဲယူအားပြုလိုက်သည်။

"မင်းလိုက်စရာမလိုဘူး သီဟ မင်းဒီမှာ စောင့်နေရင်း မေမေ လာရင် ပြောလိုက်ပါ။မင်းသိလာခဲ့တဲ့အရာဟာ အမှန်တရားမဟုတ်ဘူးဆိုတာကို ငါယူလာပြီး သက်သေပြမယ်။"

မိမိကို ကျောခိုင်းထွက်သွားသောသူငယ်ချင်း၏ ကျောပြင်ကိုကြည့်ကာသီဟကုတင်ပေါ်သို့စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။မနေနိုင်သည့်အတွေးထဲတွင် ဒီအချိန်ကားမှ ရှိပါအုံးမလားဟူသော စိုးရိမ်ပူပန်မှုက၀င်လာသည်။မောင်ဘယ်သွားမည်ဆိုတာကို မိမိသိနေသည်ပဲလေ။

အိပ်မက်ထဲတွင်လမ်းလျှောက်နေသည့်ဟန်မျက်လုံးများနှင့်မောင်သည်မိမိကိုမြင်ပုံမပေါ်ဟန်ဖြင့် ကျော်သွားလေသည်။သီဟနှင့်မောင် အချေအတင် ဖြစ်နေသည်များကို အခန်းဝမှ ဒေစီလွင်အကုန်လုံးကြားခဲ့ရသည်။အကုန်လုံးကို ရေရေလည်လည် နားမလည်သော်လည်း ကြိုင်ဆိုသည့်မိန်းကလေးလက်ထပ်တော့မည်ဆိုသည့်အကြောင်းကိုပြောနေတာမှန်းတော့သိလေသည်။ဒေစီလွင့်နှုတ်ခမ်းထက်တွင်အပြုံးလေးတစ်ခုတွဲခိုလာသည်။ကြိုင်ဘာကြောင့် မြန်မြန်ဆန်ဆန် လက်ထပ်လိုက်သည်မှန်း မသိပေမယ့် ဒါဟာ မိမိအတွက်တော့ သတင်း ကောင်းဖြစ်သည်။ကြည့်စမ်း မိမိဟာဘယ်လောက်တောင်ကံကောင်းလှသည့် မိန်းကလေးပါလဲ။အခြေအနေ အရပ်ရပ်က မောင်နှင့်မိမိအတွက် နီးစပ်စေဖို့ အကြောင်းဖန်လာပြီ။နည်းနည်းလေး ကြိုးစားအားထုတ်လိုက်တာနှင့် ရလာသည့် အကျိုးရလဒ်က အံ့မခန်းလောက်စရာ။ဒေစီလွင် အသံတိုးတိုးလေးဖြင့်ဟက်ခနဲရယ်လိုက်သည်။ရှေ့တွင်ပန်းခင်းထားသည့်လမ်းကလေးကို ခပ်ရေးရေးလေးမြင်နေရပေပြီ။မောင်ဟာ မိမိအတွက်မွေးဖွားလာသူသာ ဖြစ်လေသည်။ညကတဖြည်းဖြည်း နက်လာသည်နှင့်အမျှပိုးပရစ်တို့၏ဆူညံညံအသံများကလည်း ဟိုမှသည်မှ ထွက်ပေါ်လာသည်။ထူးထူးဆန်းဆန်း လပြည့်ညဖြစ်သော်လည်း လမင်းမှာ သာခွင့်မရဘဲ တိမ်မည်းများ၏ ဖုံးအုပ်မှုအောက်ဝယ်နစ်မြုပ်ပျောက်ကွယ်နေတော့သည်။ ဆက်လက်ဖော်ပြပါဦးမည်။ အားလုံးကိုကျေးဇူးတင်ပါသည်။ MSC-172 Author-SOE THA KHIN

Sort:  

😐😐😐😳😳😳😳😒😒😒😏😏😏😏😏
စာတွေဖတ်ရင်း အသည်းတွေယားလာပြီ
မြန်မြန်ထပ်ရေးပါတော့ဗျိုးး😰😰😰😰😵😵😵

ဟုတ်ကဲ့ပါကိုမိုး ကျေးဇူးပါဗျ

လက်ထပ်တော့မယ်ဆိုတော့လည်းတော်တော်အံ့အားသင့်
သွားပုံပဲ

ဟုတ်ပါတယ်ဗျာ

ဟာဗျာ ...ဘယ်လိုလုပ်ကြမလဲ မင်္ဂလာပွဲအတွင်း ရောက်သွားလို့က...

နှလုံးသားနဲ့ဦးနှောက်ဖြစ်သင့်ဖြစ်ထိုက်တာကိုကျောင်းဆရာတစ်ယောက်အသုံးချတတ်မှာပါဗျ

အရမ်းမိုက်​တယ်​ ဆက်​​ရေးပါဦးဗျို့ ​စောင့်​​မျှော်​​နေပါ့မယ်

ဟုတ်ကဲ့ပါbro ကျေးဇူးပါဗျ

ဇာတ်ရှိန်ကိုထိန်းထားတာမိုက်တယ်ဗျာ စောင့်ရဦးမှာပေါ့

အဆုံးသတ်ချင်နေပေမယ့် ဇာတ်သိမ်းကပေါ့သွားမှာဆိုးလို့ စွဲနေတာပါဗျ

မဖြစ်ချင်တာတွေ ဖြစ်လာတာကိုက လောကဓမ္မတာမဟုတ်လားဗျာ...
ဖြင့်သင့်တာတွေလည်းဖြစ်ရဦးမှာပေါ့။
ဖတ်ပြီးရင်း ဖတ်ချင်အောင်ကို ရေးနိုင်တာ အားကျတယ်ဗျာ

ဒီလိုပဲစွဲဆောင်ရတာပေါ့ဗျာ

ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်

ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ

ကြာ​လေကြာ​လေ ​ကောင်းလာတယ်​ ​ရေးတဲ့သူ မုဝင်​​နေတာဖြစ်​မယ်​ ဖက်​တဲ့သူလည်း ဈာန်​ဝင်​သွားတယ်​☺

မုဝင်နေတယ်ပဲဆိုရတော့မှာပဲကိုလင်းရေ

အရေးသားတွေက လေးစားရပါတယ် ဇာတ်လမ်းက
ပိုပြီး စိတ်ဝင်စားလာပါပြီ

ဟုတ်ကဲ့ပါအစ်ကိုရေကျေးဇူးပါဗျ

ရက်ခြားဖတ်နေရတာ စိတ်မရှည်တော့ဘူးဗျာ ကြားမှာလည်း ဖတ်ချင်လာပြီ

ကြိုးစားပါ့မယ်အစ်ကိုရေ
ရုံးတစ်ဖက်နဲ့မို့ ကြားထဲဖတ်နိုင်အောင်ကြိုးစားပေးပါ့မယ်ဗျာ

ဇာတ်လမ်းဇာတ်ကွတ်တွေကို အရှိန်ကို တစ်ပါတ်ထက်တစ်ပါတ် တိုးအောင်
ရေးနိုင်လို အားကြမိပါတယ်ဗျာ

ငယ်တည်းကအခန်းဆက်တွေဖတ်လာခဲ့လို့ပါဗျ ကျေးဇူးပါ

ရေးနိုင်သူကြီးပါလား

ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16977.44
ETH 1270.60
USDT 1.00
SBD 2.15