The Earth is still round !
ကမ္ဘာကြီးက လုံးနေပါသေးတယ်
အချိန်တွေ ပေးခဲ့ရတယ် ... ဝေဒနာတွေ ခံစားခဲ့ရတယ် ... မျှော်လင့်ချက်တွေ ထားခဲ့ရတယ် ... ဒါပေမဲ့လည်း ကိုယ်မှန်းတာက ဖြစ်မလာတဲ့အခါ စိတ်ဓာတ်တွေ ကျလာတယ် ... စဉ်းစားကြည့်တယ် ... အပြန်ပြန်အလှန်လှန်သုံးသပ်ကြည့်တယ် ... သုံးသပ်ရင်း လုပ်လက်စတွေ ရပ်နားထားရတယ် ...
အားမလို အားမရတွေ ဖြစ်ခဲ့တယ် ... ဇွတ်လုပ် ဇွတ်ကိုင်ရင်း ကိုယ်ဦးတည်ရာကို ရောက်ဖို့ အရွေ့တစ်ခုဖြစ်မလား မျှော်လင့်ခဲ့တယ် ... အနာဂတ်တွေ လှမ်းမြင်ခဲ့တယ် ... ကြိုတင်တွေးတောပြီး ပျော်ခဲ့တယ် ... ဒါပေမဲ့လည်း မထင်မှတ်တဲ့ ရိုက်ချက်မှာ နောက်ကောက်ကျခဲ့တယ် ... ငါ သိတာက မစုံလင်သေးပါလား ... ငါ့စေတနာက မစစ်မှန်သေးပါလား ... ငါ လုပ်ခဲ့တာတွေရဲ့  side effect ကို ငါ မကြည့်မိခဲ့ပါလား ...လူမသိ သူမသိနဲ့  ကိုယ့်ကိုယ်ကို တရားခံလို့  မြင်လာမိတယ် ...
ကိုယ့်အိုင်ဒေါကို ကိုယ်ရွေးခဲ့တယ် ... အားကျ အတုယူခဲ့တယ် ... နောက်က ထပ်ကြပ်မခွာ လိုက်ပါနိုင်အောင် ကြိုးစားခဲ့တယ် ... စိတ်အဟုန်နဲ့ မိုးပေါ်တက်နေတဲ့ လေပူဖောင်း ပေါက်သွားတဲ့အခါမှာတော့ ကိုယ်က တစ်လိမ့်ခေါက်ကွေးပေါ့ ...
ပညာတွေ သင်ခဲ့တယ် ... စုံလင်အောင် ကြိုးစားခဲ့တယ် ... အချိန်တွေကို အလကားနီးပါး သုံးစွဲမိတဲ့အခါမှာတော့ ကိုယ်တွေ ရတာဟာ ခွက်ပေါက်နဲ့ ရေခပ်သလို ဖြစ်သွားတယ် ...
မိတ်ဆွေတွေများခဲ့တယ် ... ခင်မင်မှုတွေ ပိုခဲ့တယ် ... ကိုယ်တတ်နိုင်တဲ့အရာတွေ ကြိုးစားပေးခဲ့တယ် ... ကိုယ်အခက်ကြုံတဲ့အခါမှာတော့ နားလည်လာတာ ... သူတို့လည်း သူတို့မိသားစုနဲ့ သူတို့ဆိုတာပါပဲ ...
ငွေကို ရသလို သုံးခဲ့တယ် ... လိုချင်တာတွေက လိုအပ်တာထက် များခဲ့တယ် ... ကောင်းမယ် ထင်တာတွေ လုပ်ခဲ့တယ် ... ကိုယ်ပေါများတဲ့အရာတွေ ကိုယ့်မှာ ရှားပါးလာတဲ့အခါမှာတော့ ဘာက အဖိုးတန်လဲဆိုတာ မြင်လာမိတယ် ...
ဘာမဆို စိတ်လိုလိုက်ခဲ့တယ် ... မကြင်လင်တဲ့စိတ်ကို ကျောက်ချဉ်မထည့်ဘဲ အနည်ထိုင်အောင် အချိန်တွေ ပေးခဲ့တယ် ... သတိဝင်လာတဲ့အခါမှာတော့ ကိုယ့်ရဲ့ပန်းတိုင်ဟာ အတော်လေး ကွာဝေးနေပြီ ...
ဆုံးဖြတ်ချက်တွေ ချခဲ့တယ် ... ဟုန်းဟုန်းတောက်တဲ့စိတ်နဲ့ စိတ်သွားရာ ပါခဲ့တယ် ... မီးဇာကုန်ချိန်မှာတော့ ကိုယ်ပေးတဲ့အလင်းဟာ တစ်ခန်းလုံး မလင်းနိုင်သေးဘူး
အတိတ်ကို ကြည့်တယ် ... နာကျည်းမှုကို မွေးမြူတယ် ... ပစ္စုပ္ပာန်အထိတောင် အဲဒါကို မမေ့နိုင်သေးဘူး ... မထားအပ်တဲ့ မာန်မာနတွေနဲ့ အဖိုးတန်ရတနာတွေ လုံးပါးပါးနေတာကို ထိုင်ကြည့်နေခဲ့တယ် ... နောက်ဆုံးတော့ အတူနေစရာ အချိန်က သိပ်မကျန်တော့ဘူး
ကိုယ့်စိတ်ကို ကိုယ်နားလည်တယ် ... ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ ကိုယ်သိတယ် ... အထင်တစ်လုံးနဲ့ ရှေ့ဆက်နေပေမယ့် ကိုယ်မသိတာက ကိုယ့်စိတ်သွားရာနောက်ကို ကိုယ်ပါနေတာဖြစ်ပြီး ကိုယ့်စိတ်ကို ကိုယ်မနိုင်ဘူးဆိုတာပါပဲ ...
ကျွန်တော်က လူသားပါ ...
ကျွန်တော်က နတ်ဘုရား မဟုတ်ပါ ...
ကျွန်တော့်မှာ အမှားဆိုတာ ရင်ငွေ့လှုံလို့ ရလောက်အောင် တောင်ပုံရာပုံနေပါတယ် ...
အတွေ့အကြုံတွေကို အမှတ်သညာနဲ့ ရေလည် ဆွဲသုံးနေပေမယ့် အဲဒီအတွေ့အကြုံက ကြိုတင်ဝေဖန်သုံးသပ်စရာတစ်ခုဖြစ်ပြီး မတွက်ခင်ကတည်းက အဖြေထွက်နေတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ် ...
ဒီတော့ ဘာဆက်လုပ်ရမလဲ ...
သူ့အရှိန်နဲ့ သူလည်နေတဲ့ ကမ္ဘာကြီးကို ရပ်တန့်လို့ မရတဲ့အခါမှာတော့ ကိုယ်ကျင်လည်ရာကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုသာ ရပ်တန့်လိုက်ရတယ် ...
ငြိမ်ငြိမ်လေး ထိုင်နေပြီး ပတ်ဝန်းကျင်က တီးတိုးသံကို နားစွင့်တယ် ...
နံဘေးနားမှာ တိတ်တိတ်လေး နေပြီး လှုပ်ရှားနေသမျှကို ရုပ်ရှင်ကြည့်သလို ကြည့်နေမိတယ် ...
အားမလို အားမရနဲ့ မချင့်မရဲစိတ်ကို ပရိသတ်နေရာကနေသာ ခံစားတော့တယ် ...
ကြည့်စမ်း ...
ကိုယ်က တကယ်တော့ ကမ္ဘာမြေရဲ့  မြေမှုန်ကလေးသာ ...
နောက်ဆုံးမှာတော့ လည်နေတဲ့ အရာမှန်သမျှ ရပ်တန့် သွားပါတယ် ...
So, What is next? ဆိုရင်တော့ ...
The end is just a point of beginning.
It is still true that the earth is like a circle.
-----–-----------------------
ဘာပြောရမှန်းမသိအောင်ကို ဆွံ့အသွားမိတယိ ကိုစောရေ
တစ်ခုခုတော့ ပြောပေးပါဗျာ
ကမ္ဘာကြီးအမြဲလုးံနေပါသည်
Reality is like that.
မိုက်တယ် မလိမ်မာဘူး 😁
မိုက်မိုက်ပဲ
ကိုစောရေ အဆင်မပြေဘူးလား
စိတ်မကောင်းဖြစ်မိတာတွေတော့ ရှိတယ်
အခုတော့ မေ့နိုင်သွားပါပြီ
This too will pass
Thanks a lot
ဘဝ စကားလုံးနှစ်လုံးထဲရှိတဲ့ဘဝက ဒိလိုပါဘဲကိုစောရေ
ပြီးတော့လည်းပြီးတာပါပဲ
...
အို...ဂွတ်
မန့် ပေးတာ ကျေးဇူးပါ ဦးထွေး
အဆင်မပြေမူတွေ
အဖော်နဲ့ အုံနဲ့ကျင်းနဲ့ဝင်လာတဲ့အခါ
ဒီလိုပါဘဲ ကမ္ဘာကြီးက လည်နေတာပါ
အဆုံးသတ်မှာ တစ်က ပြန်စတာပေါ့
ကမ္ဘာကြီးက လုံးနေပေမဲ့ ကိုယ်ပိုင်တဲ့ ကမ္ဘာကတော့ လိုရာပုံသွင်းလို့ ရပါတယ်
ဘာမဆို အစိုးမရဘူး ယူဆတာပါပဲ ဦးဇင်း
မိုက်တယ်ဗျာ topic ပေးတာလေးကိုကြွေဒေ ကိုစော
ကျေးဇူး ကိုတိုးတက်