Present of star part-2
အခန်း ( ၃ )
ကောင်လေး
ညက ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။ သို့သော် ရှိုးပွဲမှာ ငိုနေတဲ့ကောင်မလေးက ကျွန်တော့် အိပ်မက်ထဲအထိ လာနှောင့်ယှက်ခဲ့တာကိုတော့ မတားဆီးနိုင်ခဲ့ဘူးလေ။ ကျွန်တော့်ဘဝက အများအမြင်မှာတော့ အားကျ စရာကောင်းတဲ့ အဆိုတော် တစ်ယောက်ပေါ့။ တကယ်တမ်း လက်တွေ့ မှာတော့ ကျွန်တော့်ဘဝက ခက်ခဲ ကြမ်းတမ်းခဲ့ ပါသည်။ အဖေနဲ့အမေကွဲတော့ အဖေခေါ်ရာနောက်ကို ကျွန်တော်လိုက်ခဲ့ရသည်။ အဖေကတော့ သူ့စရိုက်အတိုင်း မိန်းမ ပွေရှုပ်ရင်း အချိန်ကုန်ခဲ့တာပါပဲ။ ကျွန်တော်လည်း အိမ်မှာမနေချင်တာနဲ့ သူငယ်ချင်းတွေ နေတဲ့အဆောင်မှာ သွားကပ် နေရင်း ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရသည်။ အဖေ့ကို ကျေးဇူးတင်ရမှာ တစ်ခုတော့ရှိတယ်။ သူဘယ်လိုပဲ ဆိုးမိုက်ခဲ့ပေမယ့် သူဆုံးသွားတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် အမွေအတော် များများ ချန်ထားရစ်ခဲ့ပါတယ်။ အဖေမရှိ တော့တဲ့နောက်ပိုင်း ၊ အမေနဲ့အစ်ကိုကို့ နေရာအနှံ့ လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ နောက်ပိုင်းတော့ ကိုယ်ဝါသနာပါတဲ့ ဂီတလမ်းကြောင်းမှာ ကြိုးစားရင်း အောင်မြင်တဲ့အဆိုတော် တစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ပိုပြီး အောင်မြင်လာလေလေ၊ ပိုပြီးအထီးကျန်လာလေလေပဲ။ ကျွန်တော့် အနီးနားမှာ နှုတ်ခမ်းနီမလေးတွေ ဝိုင်းဝိုင်းလည် နေပေမယ့် ဘယ်သူ့ကိုမှ ရင်မခုန်လို့မရခဲ့ပါဘူး။ မိန်းကလေးတွေနဲ့လည်း အတတ်နိုင်ဆုံး ဝေးဝေးရှောင်ပါတယ်။ အဖေတူသားလို့ ပတ်ဝန်းကျင်က ကဲ့ရဲ့ပြစ်တင်မှာ ကျွန်တော်ကြောက်တယ်။ အဖေ့ကြောင့်စိတ်ဆင်းရဲခဲ့ရတဲ့ ကျွန်တော့်အမေ ကျွန်တော့်ကြောင့် ထပ်ပြီးစိတ်ဆင်းရတာမျိုး မဖြစ်စေရဘူး။
တစ်လကျော်ကြာတဲ့အထိ ရှိုးပွဲမှာငိုနေတဲ့ကောင်မလေးကို ကျွန်တော်မေ့လို့မရဘူး။ ဘယ်နေရာသွားသွားလည်း သူ့ကိုတွေ့မလားလို့ ရှာမိတယ်။ သူ့အကြောင်းလည်း ခဏခဏအိပ်မက်တွေမက်တယ်။ အလုပ်တွေရှုပ်နေတုန်းမှာ သူ့ကိုမေ့ထားနိုင်ပေမယ့် အလုပ်ပါးတာနဲ့ သူ့အကြောင်းက ခေါင်းထဲဝင်လာသည်။ သူနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို သီချင်းတစ်ပုဒ် ရေးချင်သည်။ ကျွန်တော် ဒီနေ့တော့ အိမ်မှာပဲ အေးအေးဆေးဆေးနေပြီး သီချင်းရေးမည်။ ဂစ်တာယူကာ တစ်ချက် နှစ်ချက်တီး ကြည့်သည်။ စိတ်မပါသဖြင့် ဂစ်တာပြန်ထားကာ ကုတင်ပေါ်ပြန်လှဲပြီး သက်ပြင်းချလိုက်မိသည်။ မျက်လုံးထဲတွင် သူပုံရိပ်ပေါ်လာသဖြင့် စိတ်မောစွာဖြင့် ခေါင်းကိုခါယမ်းလိုက်မိသည်။ ကျွန်တော် အခန်းထဲမှာ တစ်ယောက်တည်း နေမယ်ဆိုရင်တော့ သူကို သတိရနေမှာသေချာသည်။ ကျွန်တော် အဝတ်အစားလဲပြီး အပြင်ထွက်ခဲ့ သည်။ ခေါင်းစွပ်ပါသော အနွေးထည်ဝတ်ပြီး ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းကာ ခြေဦးတည့်ရာသို့ လျှောက်နေမိသည်။ ကောင်းကင်ယံမှာ မိုးရိပ်တွေကို မြင်ရသည်။ မိုးရွာလိမ့် မည်ထင်သည်။ ထီးပြန်လှည့်ယူရင် ကောင်းမလားလို့ ကျွန်တော် စဉ်းစားသည်။ မယူတော့ပါဘူး… မိုးရွာမယ်ဆိုရင်လည်း ရွာပါစေတော့။ မိုးရွာတော့ လူတွေအပြင် သိပ်ထွက်ကြမှာမဟုတ် လို့ ကျွန်တော့်အတွက်ပိုလွတ်လပ်မှာပေါ့ ။
ကျွန်တော့် ခြေလှမ်းတွေကို ဗိုလ်တထောင်ကမ်းနားဘက်ဆီသို့ ဦးတည်လိုက်သည်။ ကမ်းနားဘက်သို့ ချိုးကွေ့ လိုက်သည်နှင့် ရေငွေ့ပါသောလေထု၏ အထိအတွေ့ကိုခံစားလိုက်ရသည်။ ကမ်းနားမှာ လူရှင်းနေသည်။ ကျွန်တော့်ရှေ့နား က ထိုင်ခုံအလွတ်တစ်ခုဆီ လျှောက်သွားပြီး ထိုင်လိုက်သည်။ ကမ်းနားရဲ့ရေပြင်ကတော့ ငြိမ်သက်နေသည်။ ကျွန်တော့် နှလုံးသားလည်း ရေပြင်လိုငြိမ်သက်နေခဲ့တာကြာခဲ့ပြီပဲ။ လွန်ခဲ့တဲ့ တစ်လလောက်ကတွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက် ကြောင့်သာ ကျွန်တော့်စိတ်တွေပြန်လှုပ်ခတ်လာရတာ။ သူ ဘယ်သူလဲ၊ ဘယ်မှာနေသလဲ၊ ဘာကြောင့် ကျွန်တော်က သူ့ကို သတိတရဖြစ်နေရတာလဲ ၊ သူဘာကြောင့်ငိုနေတာလဲ ………စတဲ့မေးခွန်းပေါင်းများစွာက ကျွန်တော့် ခေါင်းထဲမှာ အစီအရီ ရှိနေသည်။ ကျွန်တော် သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်ပြီး ဟိုး…အဝေးဆီက လှေငယ်လေးကို ငေးနေမိသည်။ ကျွန်တော်မျက်မှန်ကို ချွတ်လိုက်ပြီး သဘာဝရဲ့ အရောင်အသွေး အစစ်အမှန်တွေကို ခံစားလိုက်သည်။ သဘာဝတရားဟာ အလှဆုံးပန်းချီကားတစ်ချပ်ပါပဲ…အဲ့ဒီအလှကိုမမြင်တတ်တဲ့ လူတွေကတော့ သဘာဝကို လောဘတကြီး ဖျက်ဆီးပစ်နေကြသည်။
ကျွန်တော့်စိတ်တွေက တစ်နေရာကို သွားချင်နေသည်။ ကျွန်တော် စိတ်ရဲ့ခေါ်ဆောင်ရာအတိုင်း လိုက်သွားလိုက် သည်။ ရေပြင်ပေါ်ကို တံတားထိုးထားသော ဆိပ်ခံတံတားထိပ်ပိုင်းမှာ ကောင်မလေးတစ်ယောက် ထိုင်နေသည်။ ခပ်ကြမ်းကြမ်း တိုက်ခတ်နေသော လေအရှိန်ကြောင့် သူဆံပင်တွေ တလူလူလွင့်နေသည်။ သူ ကျွန်တော့်ကို ကျောခိုင်းပြီး ထိုင်နေသဖြင့် သူဘယ်သူလဲ ကျွန်တော်မသိပါ… ဒါပေမယ့် သူအနားကို ကျွန်တော်သွားချင်သည်။ ရှိုးပွဲက ကောင်မလေး များ ဖြစ်နေမလားလို့ တွေးမိတာနဲ့တစ်ပြိုင်နက် ရင်ကခပ်နွေးနွေး ခုန်လှုပ်လာသည်။
ကျွန်တော် သူအနားသို့ တဖြည်းဖြည်း လျှောက်သွားပြီး သူနဲ့ ခပ်လှမ်းလှမ်းနေရာမှာ ထိုင်ချလိုက်သည်။ သူမျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေမယ့် သူ့အနားမှာ ထိုင်နေရခြင်းက ကျွန်တော့်အတွက် ငြိမ်းချမ်းနေသလိုပဲ။ ကျွန်တော့်ရင်ထဲမှာ အမည်တပ်လို့မရသော သိမ်မွေ့တဲ့ ခံစားမှုလေးတစ်ခုကို တသိမ့်သိမ့်ခံစားနေရသည်။ ကျွန်တော့် နှလုံးသားတွေ တလှပ်လှပ်ခုန်လာသည်။ ဒီအချိန်လေးကို ရပ်တန့်ထားလိုက်ချင်သည်။ ဒီလိုကြည်နူးမှုလေးကို ကုန်ဆုံးသွားရမှာ နှမြောမိသည်။ ကျွန်တော်ရဲ့ ကြည်နူးမှုလေးကို မိုးကဖျက်ဆီးပစ်လိုက်သည်။ မိုးစက်တွေ တစ်ဖွဲဖွဲကျဆင်းလာသည်။ သူ ကျွန်တော့်အနားက ထထွက် သွားမှာ စိုးရိမ်မိသည်။ သို့ပေမယ့် သူက တုတ်တုတ်မှ မလှုပ်လာပဲ ဆက်ပြီးထိုင်ငေးနေသည်။ ကျွန်တော်ပျော်သွားပေ မယ့်ချက်ချင်းပဲ သူခန္ဓာကိုယ်ကို မိုးရေတွေစိုကုန်မှာ စိုးရိမ်သွားသည်။ မိုးက ပိုသည်းလာသည်။
ကျွန်တော် ဝတ်လာသောအနွေးထည်ကို ချွတ်လိုက်ပြီး သူအနားသို့သွားကာ သူ၏ခေါင်းပေါ်သို့ အုပ်မိုးပေး လိုက်သည်။ ရုတ်တရက်မပြောမဆိုပဲ လုပ်လိုက်တဲ့အတွက် သူလန့်သွားမယ်လို့ထင်သည်။ သူ အလန့်တကြား ကျွန်တော့် ကို မော့ကြည့်သည်။ သေချာပါသည်။ ရှိုးပွဲတုန်းက ကောင်မလေးပါပဲ။ ရှာတုန်းကမတွေ့ပဲ မရှာတော့ဘူးဆိုမှတွေ့လိုက်ရ သည့် သူ့ကို မျက်စိအောက်က မပျောက်မခံချင်ပါ။ သူ မျက်လုံးတွေ နီနေသည်။ ဒါဆို သူရဲ့ပါးပြင်မှာ မိုးစက်တွေနဲ့ရော နှောနေသော မျက်ရည်စတွေ ရှိနေလိမ့်မည်။ သူရဲ့မျက်ရည်စတွေကို ကျွန်တော် တယုတယ သုတ်ပေးချင်မိသည်။ သူက ကျွန်တော့်ကို တအံ့တသြ ငေးကြည့်နေရာမှ "မောင်" ဟု ဝမ်းသာအားရခေါ်လိုက်ပြီး ကျွန်တော့်ကို ဖက်ကာငိုသည်။ ကျွန်တော်လည်း ရုတ်တရက် မှင်သက်သွားပြီး သူကို အလိုက်သင့် ပြန်ဖက်ထားမိသည်။ သူနဲ့ကျွန်တော့်ကြားမှာ လျှို့ဝှက်သော ဆက်နွယ်မှုတစ်ခုခုရှိ နေပြီဟု ခံစားမိလိုက်သည်။ တသိမ့်သိမ့် လှုပ်ရှားနေတဲ့ သူရဲ့ကျောပြင်ကို ညှင်ညှင်သာသာ ပုတ်ကာနှစ်သိမ့်ပေးရင်း သူနဲ့ထပ်တူ ကျွန်တော်ပါ ဝမ်းနည်းလာသည်။ ဒီအချိန်မှာ ကျွန်တော် အလိုချင်ဆုံးဆု တစ်ခုပဲရှိသည်။ သူ့ကို အငိုတိတ်အောင် လုပ်ပေးနိုင်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ရပါစေ။
×××××
ကောင်မလေး
ကျွန်မ ရုတ်တရက်သတိလွတ်သွားမိသည်။ ကျွန်မ ငိုနေပါသည်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ။ မိုးတွေလည်းရွာနေသည်။ သည်းသည်းမဲမဲကို အငြိုးနဲ့ရွာနေသည်။ ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး မိုးရေတွေနဲ့ ရွှဲရွှဲစိုနေသည်။ ကျွန်မ မအေးပါဘူး… နွေးနေသည်။ အချိန်အကြာကြီး ဝေးကွာနေခဲ့ရတဲ့ရင်ခွင်တစ်ခု၊ နွေးထွေးလုံခြုံမှုတွေနဲ့ ပြည့်နှက် နေတဲ့ ရင်ခွင်တစ်ခုမှာ ကျွန်မနားခိုနေရသည်။ မောင်…ကျွန်မဆီပြန်လာတယ်နော်။ ကျွန်မလေ ခုနလေးတင်ပဲ ရေပြင်ကြီးကို တိုင်တည်ပြီး ဆုတောင်းလိုက်သေးတယ်။ အခုတော့ ကျွန်မရဲ့ဆုတောင်းတွေ ပြည့်ပြီပေါ့။ မိုးတွေနဲ့အတူ မောင် ကျွန်မဆီပြန်လာတယ်။ ကျွန်မ သိပ်ပျော်တာပဲ။ ကျွန်မလေ အခုပျော်လွန်းလို့ မျက်ရည်တွေကျနေမိတယ်။ ကျွန်မအခု မောင့်ကို ဖက်ထားတယ်။ ဒီလက်တွေကို နောက်ဘယ်တော့မှ ထပ်မလွှတ်တော့ဘူး။ မောင် ဘယ်ကိုသွားသွား ကျွန်မလိုက်ခဲ့တော့မယ်။ ကျွန်မ မောင့်ရဲ့ရင်ခုန်သံကိုကြားနေရသည်။ မောင်လည်း ကျွန်မလိုပဲပျော်နေလိမ့်မယ်ဟု ထင်သည်။ မောင် က ကျွန်မကို ကလေးငယ်တစ်ယောက်လို နှစ်သိမ့်ပေးနေသည်။ ကျွန်မ ပျော်လို့ငိုနေတာပါ မောင်….။
ကျွန်မ မောင့်ရဲ့ ရင်ခွင်ထဲမှာရှိနေတာ အချိန်ဘယ်လောက်ကြာသွားသည်မသိ။ မိုး တောင်တိတ်သွားပြီ။ ကောင်းကင်ကြီးလည်း ကြည်ကြည်စင်စင်ပြန်ဖြစ်သွားပြီ။ မောင်ရော ကျွန်မပါ နှစ်ယောက်စလုံး ရေတွေရွှဲစိုနေကြသည်။ မောင်က ကျွန်မကို ဂရုဏာသက်တဲ့ မျက်ဝန်းတွေနဲ့ကြည့်ရင်း "ဒီအတိုင်းဆို မင်း ဖျားတော့မှာပဲ" တဲ့။ ဒီအသံဟာ ကျွန်မ အနှစ်နှစ်အလလ ကြားချင်ခဲ့တဲ့ မောင့်ရဲ့အသံပါပဲ။ မောင်က ကျွန်မကို တွဲထူလိုက်ပြီး လမ်းလျှောက်ဖို့ဟန်ပြင်သည်။ ကျွန်မ အလန့်တကြား မောင့်ရဲ့ လက်ကိုလှမ်းဆုပ်ကိုင်လိုက်သည်။ မောင်က ပြုံးပြီး ကျွန်မ လက်ကိုပြန်ဆုပ်ကိုင်ကာ ကျွန်မကိုကြည့်နေသည်။ ကျွန်မ မောင့် မျက်ဝန်းတွေကို ကြည့်ပြီး "နွယ်…တောင်းပန်ပါတယ်..မောင်ရယ်…။ နွယ့်ကို မထားခဲ့ပါနဲ့တော့နော်။ နွယ့်ကို ခွင့်လွှတ်ပါ။" သူ့မျက်နှာ တစ်မျိုးဖြစ်သွားပြီး "ကျွန်တော်…မင်းကို မထားခဲ့ပါဘူး… မင်း…ဘာကြောင့်ငိုနေမှန်း…မသိပေမယ့်…မင်း ငိုနေတာ ကျွန်တော်မမြင်ချင်ဘူး။" မောင့်စကားသံတွေက သူစိမ်းဆန် လွန်းနေသည်။ ကျွန်မ မောင့်ကို အလန့်တကြား ကြည့်မိသည်။ အော်…သူက မောင်မှ မဟုတ်တာပဲ။ မောင်က သေသွားခဲ့ ပြီပဲလေ။ ကျွန်မ ရှက်ရွံ့စွာဖြင့် သူ့လက်ကိုလွှတ်ပြီး သူ့အနားမှ ပြေးထွက်လာမိသည်။ ဒီအချိန်မှာတော့ သူနဲ့ဝေး နိုင်သမျှ အဝေးဆုံးရောက်ချင်တာပဲ သိသည်။ ကျွန်မ မျက်လုံးထဲမှာ ဘာဆိုဘာမှ သဲကွဲစွာမမြင်ရတော့ပါ။ ကျွန်မကြောင့် ကျွန်မရဲ့ချစ်သူ ထိခိုက်နာကျင်ခဲ့ရသည်။ အခု ချစ်သူမဟုတ်တဲ့ချစ်သူရဲ့ကိုယ်ပွားလေးကိုလည်း ကျွန်မရဲ့ နာကျင်မှုတွေ ကူးစက်စေတော့မလို ဖြစ်ခဲ့ပြီ။
ကျွန်မပြေးနေရင်းနဲ့ ခြေထောက်ခေါက်ပြီးလဲသည်။ ကျွန်မ ပြန်ထနိုင်ဖို့ အားယူနေစဉ်မှာ မြဲမြံတဲ့လက်တစ်စုံရဲ့ ဆွဲထူခြင်းကို ခံလိုက်ရသည်။ ကျွန်မ သူ့မျက်နှာကိုမကြည့်ရဲပဲ ခေါင်းငုံထားမိသည်။ ကျွန်မ အသားတွေ တစ်ဆတ်ဆတ် တုန်လာသဖြင့် ထိုနေရာမှာပင်ထိုင်ချလိုက်သည်။ သူက ကျွန်မရဲ့ဘေးမှာ ထိုင်ချလိုက်ပြီး ကျွန်မကို ကြည့်နေသည်။ ကျွန်မ သဘောပေါက်လိုက်ပြီ ၊ ကျွန်မ သူ့ကိုဖြစ်ကြောင်းကုန်စင် ပြောပြမှဖြစ်တော့မည်။ ဒါပေမယ့် ကျွန်မ ဘယ်ကစပြီး ဘယ်လိုပြောပြရမှန်းမသိပါ။ "ကျွန်မ….ပြန်တော့မယ်" ဟု အဆက်အစပ်မဲ့စွာပြောလိုက်သည်။ သူက "ဘယ်ပြန်မှာလဲ ၊လိုက်ပို့ပေးမယ်" ဟုပြောလိုက်သည်ထင်သည်။ ကျွန်မ စိတ်ကိုငြိမ်အောင်ထားပြီး သူ့ဘေးနားက ထပြီးထွက်လာမိသည်။ သူ ကျန်နေခဲ့သလား ။ ကျွန်မနောက်က လိုက်လာသလား မသိတော့ပါ။ ကျွန်မ လမ်းမပေါ်ရောက်အောင် လျှောက်သွား ရင်း Taxi ငှားပြီးအိမ်ပြန်လာခဲ့သည်။ ဒီအချိန်မှာ ကျွန်မရဲ့အလိုချင်ဆုံးဆန္ဒက တစ်ခုတည်း.. သူနဲ့ဝေးနိုင်သမျှ အဝေးဆုံး မှာ ရှိချင်သည်။ ကျွန်မရဲ့ စိတ်ဒဏ်ရာကို ကျွန်မတစ်ယောက်တည်းပဲ တိတ်တိတ်လေး ကုစားချင်ပါသည်။
အပိုင်း(၃) ဇာတ်သိမ်းပိုင်းကို မကြာခင်ဆက်လက်တင်ပေးပါမည်။ လိုအပ်ချက်များကို ဝေဖန်အကြံပြုပေးကြပါဦးရှင်။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။




Greet post!
Thanks bro.
တျောက်ထဲကုရင် ဘယ်တော့မှရောဂါမပျောက်ဘူး မှတ်
ဟုတ်ကဲ့ပါ။ မှတ်သားစရာ စကားလက်ဆောင်ပေးတဲ့ bro ကို ကျေးဇူးတင်ပါတယ်။
မောင်ရယ် အဟင့်အဟင့် နာလည်း ငိုချင်တော့ဘူး ပြေးထွက်သွားပါတော့မယ် ပလဲဖြူရဲ့အဝေးကို
အဟီး...ငိုအောင်လုပ်ဖို့ မရည်ရွယ်ပါဘူးရှင်။ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးပါ။
အရမ်းကောင်းတယ် bro
ဘာဆက်ဖြစ်မလဲသိချင်လာပြီ
နောက်ဆုံးပိုင်းကို စောင့်နေပါတယ်
အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ။ နောက်ဆုံးပိုင်းကိုလည်း အမြန်ဆုံးပြီးအောင်ဆက်ရေးနေပါတယ်။
Nice Article
Good post..
Hope for ending..
Thanks bro.
goodပါ
Congratulations @pearlwhite! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP