“ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”
“ မိုးသည်းည လွမ်းတေးတစ်ပုဒ် ”
မုန်သုန်လေနဲ့အတူ မိုးဖွဲဖွဲလေးတွေ ကျလာနေပြီမောင်ရေ။ ဒီလိုမိုးဖွဲလေးတွေအောက်မှာ ကျမလေ မောင်နဲ့အတူ ပျော်ရွှင်ယှဉ်တွဲ လျောက်လှမ်းခဲ့ကြတာလေးတွေကို ပြန်လည် တမ်းတ သတိရနေမိတယ် မောင်ရယ်။
ကျမဘ၀မှာလေ တစ်သက်မှာတစ်ခါ ဆိုသလို ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်ခဲ့ရတဲ့ နေ့ရက် လေးတွေကို မောင်နဲ့အတူ ဖြတ်သန်းခဲ့ကြပါတယ်။ မောင့်ကိုတမ်းတ သတိရ နေရပါတယ် မောင်ရယ်။ မိုးဖွဲလေးတွေနဲ့အတူ ကျမရဲ့ မျက်ရည်စက်တို့ဟာလည်း ပါးပြင်ထက်မှာ နေရာယူနေကြပြီမောင်ရေ။ မိုးစက်တွေဟာ ကျမရင်ကိုထိုးဖောက်နေတဲ့ ဓါးသွားထက်ထက် တွေအလားပါပဲမောင်ရယ်။
ဟိုးအရင်တုန်းက ပျော်ရွှင်ကြည်နူးဖွယ်ကောင်းခဲ့တဲ့ ကျမတို့နှစ်ယောက်ရဲ့ ဘ၀လေး တွေကို ကျမကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့မိပါတယ်။ အခုကျလာနေတဲ့ မိုးဖွဲလေးတွေကြားမှာ ကျမနဲ့မောင်တို့ရဲ့ လွန်ခဲ့သော အတိတ်ပုံရိပ်လေးများကို ပြန်လည်မြင်ယောင် နေမိတယ် မောင်ရယ်။ ကျမ၏ အလွမ်းအဆွေးတို့သည် မိုးရေစက်များနှင့်အတူ အတိတ်ခြေရာ လေးများကို တူးဆွနေမိတယ်--
မိုးသက်လေနှင့်အတူ ရုတ်တရက် ရွာချလာသော မိုးကြောင့် စာအုပ်အငှားဆိုင်သို့ လှမ်းလာနေသော ကျနော် အပြေးအလွှား မိုးခိုရန်နေရာရှာရပါတော့တယ်။ ရင်ဘတ်ထဲက စာအုပ်လေးအား မိုးစိုသွားမည်ကို အလွန်စိုးရိမ်နေမိသည်၊ ဒီစာအုပ်လေးဟာ ချစ်ရသူ မိန်းကလေး၏ အလွန်ကြိုက်နှစ်သက်သော စာအုပ်လေးတစ်အုပ်ဖြစ်နေလို့ပါ။
ဒီနေ့လဲ ကျနော်ပြောစရာ စကားများကို စာလေးတစ်စောင်ရေးကာ စာအုပ်အငှားဆိုင်က စာအုပ်လေးမှာ ညှပ်ထည့်ထားလိုက်ပါတယ်။ သူမနဲ့ ကျနော်ဟာ စာအုပ်ဆိုင်လေးမှာ တွေ့ခဲ့ကြ၊ ဒီစာအုပ်ဆိုင်လေးမှာပဲ မျက်လုံးခြင်းဆုံကာ ချစ်ခဲ့ကြ၊ ဒီစာအုပ်ဆိုင်လေးမှာပဲ ချစ်အဖြေတွေ ပေးခဲ့ကြတယ်လေ။
ကျနော်တို့ ပြောစရာစကားများကို ကိုယ်စီကိုယ်စီ ငှားကြမည့် စာအုပ်လေးတွေမှာ အပြန်အလှန် ထည့်ပေးကြရင်း အဆက်အသွယ် လုပ်ခဲ့ကြတယ်လေ။ ဒီလိုလုပ်ရခြင်းက အကြောင်းရှိပါတယ်၊ သူမရဲ့ အမေဆိုသည့် အန်တီကြီးက သူမစာအုပ်အငှား လာတိုင်း နောက်တော်ပါးက အမြဲပါနေလို့လေ။ ကျွန်တော်တို့ ချစ်ခြင်းက မလွတ်လပ်သော်လည်း ရင်ခုန်ကြရ၊ စိတ်လှုပ်ရှားဖွယ်၊ ရင်တုန်ဖွယ် ပါပဲဗျာ။
သူမအမေကြီးမသိအောင် သူမလက်ထဲ ကျနော်၏ ချစ်စကားကြိုက်စကား ရည်းစားစာ ပါသော စာအုပ်လေးအား ထိုးထည့်ပေးခဲ့သည်ကို ပြန်လည်အမှတ်ရနေ သေးတယ်ဗျာ။ စာအုပ်အငှားဆိုင်က ဆိုင်ရှင်ဦးလေးကြီးကတော့ ကျွန်တော်တို့ရဲ့ အောင်သွယ်တော်ကြီး ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော့လက်လေးတွေ တုန်ရင်နေသလို သူမလက်လေးတွေလဲ တုန်ရင်နေကြတယ်။ ကျွန်တော်တို့ နှစ်ဦးလုံးရဲ့ နှလုံးသားလေးတွေကတော့ တဆတ်ဆတ် တုန်ခါလို့ပေါ့ဗျာ။
သည်းလာဦးမည့် မိုးကိုကြည့်ရင်း ဒီအတိုင်းနေလို့မဖြစ်တော့ ဒီအချိန်ဆို သူမလဲ စာအုပ်ဆိုင်ရောက်နေလောက်ပီ။ သူမကိုတွေ့ရန် စိတ်စောလာပေပြီ။ မိုးကိုမော့ကြည့်ရင်း စိတ်မရှည်တော့ပါ။ စိတ်မြန်လက်မြန်ရှိသော ကျနော့်ဗီဇအတိုင်း မိုးရွာနေသည့်ကြားမှ သူမရှိရာ စာအုပ်ဆိုင်လေးသို့ အပြေးအလွှား ထွက်လာလိုက်တော့သည်။ မိုးစက်တို့ကား တဖွဲဖွဲ တသည်းသည်း မိုးရေထည်းမှာ ကောင်တစ်ယောက် အပြေးအလွှား---
ဆက်ပါဦးမည်--
Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 04:00 PM (6.5.2018)



ဇာတ်လမ်းကောင်းလေး ဖတ်ရတော့မယ် ။ စောင့်မျှော်လျက်ပါအကိုရေ။
ဟုတ်ကဲ့ဗျာ အမြဲလာရောက်အားပေးနေလို့ ၀မ်းသာမိပါတယ်။ လာရောက်ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင် ပါတယ်ဗျာ။ ရသလေးတွေ များများပေးနိုင်အောင် ကြိုးစားရေးသားနေလျက်ပါဗျ။
ဟိုးတုန်းက ရှိခဲ့ဖူးတဲ့ စာအုပ်ဆိုင်လေးတွေကိုတောင် သတိရသွားပြီ ။
ဟုတ်တယ် ဒိုမီရေ အကိုတို့ ငယ်ငယ်က စာအုပ်အငှားဆိုင်လေးတွေကိုပဲ အားကိုးပီး စာဖတ်ခဲ့ရတာ။
အဖီးလ်လေးပေါ့လေ။
ဟုတ်တယ် ကိုထွေးရေ တောင်းဆိုနေသူတွေရှိလို့ အလွမ်းဇာတ်လေး ကြိုးစားရေးထားတာ။
အရင်အချိန်တွေ ကိုသတိရမိတယ် ဒီ အတိုင်းလေးပါပဲ😔
ဟုတ်ကဲ့ ကိုလွမ်းဝေ နာမည်နဲ့ လိုက်အောင် အလွမ်းတွေ ဝေနေရပီလား။
ကြီးေ ရွှရဲ့အချစ်ဇာတ်လမ်းကတော့စိတ်ဝင်စားစရာကောင်းတာရှင်။
ဟုတ်ကဲ့ဗျ ဇာတ်လမ်း အစလေးမှာလည်း စိတ်ဝင်စားစရာလေးဖြစ်သလို နောက်ပိုင်းမှာလဲ ရသလေးတွေ ပေးစွမ်းပါလိမ့်မယ်ဗျ။ အားပေးအုန်းနော်။
ဘယ်လိုများ ဆက်ဖြစ်မှာပါလိမ့်
ဟုတ်ကဲ့ ဇာတ်သိမ်းကို ကြိုတွေးမိလောက်မှာပါ။ အလွမ်းဇာတ်ဆိုတော့ အားရပါးရ လွမ်းနိုင်အောင် ရေးထားတာ။ ဒီဇာတ်လမ်းလေးကို တမူထူးအောင် ပုံစံချိန်းထားပါတယ်။
ဇာတ်လမ်းကတော့ မိုးအလွမ်းပေါ့ ဖတ်နေရင်းနဲ့ လွမ်း
လာပြီ vote နည်းနေလို့ နောက်နေ့မှ vote တော့မယ်
ဦးညီ ကျေးဇူးပါ ခင်ဗျ
ဟုတ်တယ် ကိုညီထွန်းရေ ၊ မိုးရာသီအခြေခံထားတဲ့ ဇာတ်လမ်းလေးပါ။ အလွမ်းဓါတ်ခံရှိသူများ လွမ်းလို့ရပါပီ။ ဟီး အားပေးတာ ကျေးဇူးဗျာ။
Good series ..မသိပု လွမ်းမယ်😌
အားရပါးရလွမ်းရတော့မယ် မယ်ကြည်ရေ စောင့်သာဖတ်ပေတော့ ဇာတ်လမ်းလေးဖတ်ရင်း တံဘက်လေးဆောင်ထားနော်။ ဟိ
အလွမ်းညမှာ အချစ်ပျောက်ရှာတုန်း
ဒီမိုးစက်တွေနှိပ်စက်ကြဦး
မိုးသည်းထံမှာကျတဲ့မျက်ရည်
ဘယ်သူမှမငိဘူး
အလဲ ကိုနန်းထိုက်ကြီး ကြွေသွားပီ ။ နောက်အပိုင်းတွေဖတ်ပီးရင် မိုးထဲမှာ ဆွေးတော့မယ် ။ ဟိဟိ။
မိုးရယ် ဘာကြောင့်များ ဒီလောက်တောင်သည်းရတာလဲကွယ်
ဒါရိုက်တာက သည်းခိုင်းလို့ သည်းနေရတာပါတဲ့ဗျာ ။ မင်းသားမင်းသမီး အချစ်အလွန်းခန်းလေးတွေ ပီပြင်အောင်လို့ မိုးက မဖြစ်မနေသည်းပေးရမှာဗျ။