“ကဗျာဆန်သော အမြန်လမ်း”
“ကဗျာဆန်သော အမြန်လမ်း”
“လှိုင်းကလေးတွေစီးကာစီးကာ--ပြာသောကောင်းကင်အောက်မှာ---ဆည်းဆာ---”။ နိမ့်လိုက် မြင့်လိုက်နဲ့ လှိုင်းစီးနေရသလို၊ တစ်ခါတစ်ခါ လေပေါ်မှာ ၀ဲသွားသလား အောက်မေ့ရသည်။ ဟုတ်ကဲ့ သီချင်းစာသားအား ခံစားနေခြင်းမဟုတ်ပါ ကျွန်တော်ကွီးရွှေ မြို့နယ်လေးတစ်ခုသို့ ပရဟိတသွားရောက်လုပ်ဆောင်ပြီး အိမ်အပြန် အမြန်လမ်းမကြီး ပေါ်မှ ထိတွေ့ခံစားချက်လေးများကို ပြောပြနေခြင်းပါ။
ဟုတ်ကဲ့ဗျ နေရာကား တောမကျမြို့မကျ မြို့နယ်လေး နှစ်ခုဆက်ထားတဲ့ အဝေးပြေး လမ်းမကြီးတစ်ခုပေါ်မှာပါ။ အချိန်အားဖြင့် ညနေစောင်း၍ မှောင်ရီရီ အစပျိုးနေချိန်။ လမ်းဘေးဝဲယာမှ အရိပ်ကောင်းသော သစ်ပင်ကြီးများ စီတန်းနေလျက်၊ ထို့ကြောင့်ပင် နေကိုမမြင်ရ။ ညနေဆည်းဆာကို အဝေးပြေးလမ်းမပေါ်က ခံစားရန် အခွင့်မသာတော့ချေ။ တလူးလူးတလိမ့်လိမ့် လမ်းမထက်တွင် စီးလာသောဆိုင်ကယ်လေးအား လမ်းမချော်စေရန် သတိထားနေရသည်။
ယခုလိုခရီးတိုလေး သွားရခြင်းအကြောင်းကား ငယ်ပေါင်းကြီးဖော်၊ လည်ပင်းဖက် သူငယ်ချင်းကြီးတစ်ဦးက ဘိုးဘွားရိပ်သာတစ်ခု၌ဘိုးဘွားများအား အ၀တ်အထည်နှင့် အစားအသောက်များ ကူညီ၊ ထောက်ပံ့ပေးသည့် အလှုလေးတစ်ခုတွင် သွားရောက်ကူညီ အားဖြည့်ပေးခြင်းပင်ဖြစ်သည်။ သူငယ်ချင်းကြီးမှ အိမ်ပြန်ချိန်လင့်နေသည့် ကျွန်တော့အား စိတ်မချနိုင် ဖြစ်နေသဖြင့် သူ၏ကားဖြင့် ပြန်လိုက်ပို့ပေးမည် ဆိုသော်လည်း ကျွန်တော်မှ လက်ကာပြခဲ့ကာ မိမိဆိုင်ကယ်လေးဖြင့်သာ ပြန်မည်ဖြစ်ကြောင်းနှင့် မိမိအား စိတ်မချနိုင် ဖြစ်နေသော သူငယ်ချင်းအား နှစ်သိမ့်ခဲ့ရသည်။ ငယ်ကပေါင်းသည့် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းဆိုသည် ညီအကိုထက်ပင် သံယောဇဉ်ကြီးမားကြသည်ကို ခံစားမိရင်း ပီတိပင်ဖြာမိလိုက်သေးသည်။
သို့နှင့် ကျွန်ုပ်ကွီးရွှေတစ်ဦးတည်း ညနေစောင်းစောင်းတွင် အိမ်အပြန်လမ်းသည် အတွေးစများ ဟိုတကွက်၊ ဒီတကွက်နှင့် အမြန်လမ်းမထက်၌ ဆိုင်ကယ်တစ်စီးနှင့် လှိုင်းစီးခြင်းခရီးစဉ်အား စတင်ခဲ့သည်။ ဆိုးလိုက်သည့်လမ်း၊ မြန်မာပြည်လမ်းမများတွင် အဆိုးဆုံးလမ်းကို ပြပါဆိုလျင် ဒီလမ်းကိုပြရလိမ့်မည်။ ကောင်းကင်က လတစ်ခြမ်းပဲ့လေး ကိုသာ မမြင်ရလျှင် ကျွန်ုပ်ကွီးရွှေ လကမ္ဘာပေါ်သို့ ရောက်နေသည့်အလား ထင်မှတ် မှားမိသည်။
ဖုသည့်နေရာကဖု၊ ဖောင်းသည့်နေရာကဖောင်း၊ စောင်းသည့်နေရာကစောင်းနှင့် အောက်ခံ ကျောက်သားကြီးများ အထိအောင် ပေါ်နေသော၊ ပေါက်နေသောအပေါက်ကြီးများ။ တခါတခါ ပစောက်ပုံသဏ္ဍန် အပေါက်များမှာ ဟိုတကွက် ဒီတကွက်၊ ဟိုတပေါက် ဒီတပေါက်။ ရှောင်လိုက်၊ ရှားလိုက်ရသည့်အဖြစ်မှာ ဆိုင်ကယ်လက်ကိုင်လေးသည် ဘယ်ညာယိမ်းလို့ပင်။ လမ်းပြင်သူ လုပ်သားများကလည်း ဂရုတစိုက် ပြင်ထားကြ သည်ထင့်။ လမ်းအပေါက်များအား ဖာပုံဖာနည်းမှာ လမ်းခင်းကျောက် အနေတော် အရွယ်လေးများအား ကတ္တရာ အနည်းငယ်နှင့် ရောနယ်ထားကာ ထိုထိုသော လမ်း အပေါက်လေးများကို ကြိုးစားဖြည့်စွက် ဖာထေးထားကြလေသည်။ ရုပ်ပျက်ဆင်းပျက် ပါတကား။
အရှေ့ကိုမျှော်ကြည့်လိုက်ပြန်တော့ နွေခေါင်ခေါင် သဲကန္တာရာထဲရောက်နေသည့်အလား တံလျပ်များထနေသည်ကို မြင်တွေ့နေရသလို ကျွန်ုပ်ရှေ့က လမ်းမသည်လည်း လမ်းမကြီး၏ လှိုင်းတံပိုးများ ထကာထကာရှိလေ၏။ ဆိုင်ကယ်မောင်းနှင်နေရင်းမှပင် လှိုက်ကနဲ၊ ဟိုက်ကနဲဖြစ်သွားရသည့် ခံစားချက်မှာကား နှိုင်းပြစရာပင်စဉ်းစားလို့ မတတ်နိုင်ဖြစ်ရသည်။
သို့နှင့် ကျွန်ုပ်ကွီးရွှေ လူးလွန့်၊ ခုန်ပျံ၊ ဘယ်ယိမ်း၊ ညာယိမ်းဖြင့် ခရီးအတော်ပေါက်ခဲ့သည်။ လာရာလမ်းတစ်လျောက် ကျွန်ုပ်၏ စိတ်ကူးအတွေးတွင် ဤသို့နှင် ခရီးသွားတို့အား သက်တောင့်သက်သာ လွယ်ကူချောမွေ့စေအောင် ဖန်တီးဖြည့်စွက်ပေးထားနိုင်သော နိုင်ငံ့ပညာရှင်ကြီးများကို ဂုဏ်ပြုလိုက်ချင်သည့် စိတ်ပင်ပေါ်မိလိုက်သေးသည်။
မဆီမဆိုင် အတွေးလေးတစ်ခုက ၀င်လာလိုက်သေးသည်။ ဒီလိုပါ -ရှေးရှေး ရှင်ဘုရင်များ လက်ထက်က ရှင်ဘုရင်က ချီးမြှင့်လိုက်သော ဆန်တစ်တောင်းသည် ဆုချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်ထံရောက်သည့်အခါ တစ်ပြည်သာ ကျန်တော့သည့်အကြောင်း ပုံဝတ္ထုလေးကို အမှတ်ရလိုက်ကာ စိတ်ကူးပေါက်ပီး တစ်ယောက်တည်း ပြုံးလိုက်မိသေးသည်။ ဤအကြောင်းသည် ကျွန်ုပ်ကွီးရွှေ လမ်းပေါ်တွင်ခရီးသွားနေခြင်းနှင့်တော့မဆိုင်ပါ သို့သော် တူသည့်နေရာတွင်တူနေသလားလို့တော့ တွေးနေမိလိုက်သေးသည်။ ထားလိုက်ပါတော့ တူချင်လဲတူမှာပေါ့နောဗျာ။ ( စာရှုသူများလည်း သိပြီးသောအကြောင်းအရာဖြစ်မှာပါ။ ဤကား စကားချပ်)။
သို့နှင့် သို့နှင့်ပေါ့ဗျာ ကျွန်ုပ်ကွီးရွှေ အိမ်သို့ချောမောစွာ ပြန်ရောက်ခဲ့ပါသည်။ အမြန်လမ်းက ရင်သပ်ရှုမောဖွယ် လူးလွန့်လှုပ်ရှား ဘယ်ညာယိမ်းကာ လှိုင်းစီးရခြင်း အရသာသည် တိမ်ပြာပြာလေးကို ကြည့်ရင်း ချစ်သူကိုပေးရန် ကဗျာစပ်ခဲ့ရသည့် အရသာလေးနှင့် တူနေသည်ဆိုလျင် အသင်စာရှုသူ့ရင်တွင် မည်သို့ရှိမည်နည်း၊ မည်သို့သော မှတ်ချက်များ ရှိလာမည်နည်း ဆိုသည်ကို ကျွန်ုပ်ကွီးရွှေ သိလိုလှပါသည်။
Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 11:30 PM (18.8.2018)
သတိထားပြီး မောင်းပါကွီးရွှေ
ဟုတ်ကဲ့ ကိုအောင်ကြီးရေသွားသတိ လာသတိ အမြဲထားနေရပါတယ်။
ရိုလာကိုစတာ စီးသလိုမျိုး ခံစားလိုက်တယ်ပေါ့ ။
ဟုတ်တယ်ဗျာ ရိုလာကိုစတာကမှ ညိမ့်ညိမ့်ညောင်းညောင်းရှိအုန်းမယ်။ အခုလမ်းကတော့ ၀ုန်းကနဲ ခုန်ပီး ဗြုန်းကနဲပြုတ်ကျ ဆိုးပဗျာ။
အိပ်မငိုက်ဖူးလား အူးချပိန်
ငိုက်ချိန်ကို မရလိုက်တာ အိပ်မငိုက်ရဲဘူး ဟိဟိ။
Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
တော်သေးတာပေါ့ ကွီးရွှေရယ် မြင်းစီးမပြန် လှေစီးပြန်ရလို့ ဘယ်လောက်ပင်လမ်းကြမ်းလည်း သဘာဝအလှတရားလေးကိုတော့ မြင်တက်အောင် မြင်ဖြစ်သေးတယ်နော့ Steemရွာ စမ်းချောင်းလေးဘေးမှာ စာတွေ ရေးပါအုံးလို့
ဟုတ်ကဲ့ဗျာ မစုလှိုင်ရေ စတင်းရွာဇာတ်လမ်းလေးလဲ ပြန်ရေးအုန်းမယ်ဗျာ။ သွားရင်းလာရင်း သဘာဝအလှတရားလေးတွေ စပ်စုတတ်တာ ကျနော့ဝါသနာဗျ။
ဒီလိုလမ်းမျိုးဆုံခွင့်ရတာကိုလည်းကျေးဇူးတင်ရမလို
ဟုတ်တယ်လို့ပဲပြောရတော့မယ် ကမ္ဘာ့မှာ ရှားပါးလမ်းမကြီးပေါ့ဗျာ။
လမ်းခရီး အတွေ့အကြုံလေးပေါ့ မတ်တယ် ။
ဟုတ်ပ သွားရင်းလာရင်း ရေးစရာ တစ်ခုရလာတာနဲ့ ရေးချလိုက်တာ။
ဆိုင်ကယ်နှင့် လှိုင်းစီးသော ကွီွးှေရ
ဟုတ်တယ်ဗျ တကယ် ဆိုင်ကယ်စီးရင်း လှိုင်းစီးလိုက်ရတာ အိမ်ပြန်ရောက်တော့ ကျောတွေခါးတွေကို အောင့်နေတာပဲ။
အမြန်လမ်းပေါ်ကားစီးရင် ခါတိုင်းထက် ကုသိုလ်ပိုရတယ် ဘုရားစာအမြဲရွတ်နေရလို့ 
ဟုတ်ပ ဦးဇင်းရေ တကယ်ပါပဲ ဘုရားတပြီး ခရီးသွားနေရတယ်။
စာအရေးအသားလေးထဲ အလိုလိုစီးမျောမိတယ် ဦးညီရေ
ဟုတ်ကဲ့ ကိုကျော်သူရေ ကျနော်လဲ အလိုလိုစီးမျောရင်း ရေးထားမိတာ။ အားပေးလို့ ဝမ်းသာတယ်ဗျာ။