“ဦးကြင်နှင့်ကြွေအံ”

in #myanmar6 years ago (edited)

38446285_460845687723422_2499775355452129280_n.jpg

“ဦးကြင်နှင့်ကြွေအံ”

“ဗျို့--ဆရာကွီးရွှေရှိလားဗျို့” အိမ်ရှေ့ဘက်ဆီမှ ခေါ်သံကြောင့် ကျွန်ုပ်ကွီးရွှေ ခေါင်းထောင် သွားရသည်။ ဘယ့်နှယ်စောစောစီးစီး ဦးကြင်အသံပါလား။ ကပ်သီးကပ်သပ် ဆရာတစ်ဆူ ဦးကြင်တစ်ယောက် ဘယ့်နှယ်အရေးကြောင့် စောစောစီးစီး ကျွန်ုပ်ထံရောက်လာမင့်သည် မသိ။ အကြောင်းတော့ ထူးရပေမည်။ သည်လူကြီးလာလျှင် တစ်ခုမဟုတ်တစ်ခု အကြောင်းထူးတစ်ခုပါလာစမြဲ။ ထိုသို့ အကြောင်းတစ်ခုပါလာတိုင်း ကျွန်ုပ်ကွီးရွှေ ခေါင်းကိုက်ရစမြဲပင်။

“ရှိတယ် ဦးကြင်ရေ အိမ်နောက်ဘက်ကို ပါတ်လာခဲ့ဗျို့”။ ကျွန်ုပ်ကွီးရွှေသည် လုပ်လက်စ သစ်ပင်ငယ်လေးများကို ပေါင်းသင်မြေနှုတ် ပြုလုပ်ပေးနေရင်းမှ ဦးကြင်အား လှမ်း၍ အော်ကာ ပြောလိုက်သည်။ ရှေးလူကြီးတို့ အမှာစကားအတိုင်း အိမ်နောက်ဖေးတွင် ဈေးဆိုင်တည် နေသော ကျွန်ုပ်ကွီးရွှေပင်ဖြစ်ပါ၏။ “လာဗျို့ ဦးလေးကြင် ကျွန်တော် ဒီမှာ” ပြောရင်းဆိုရင်း နေရာမှထ၍ ဦးကြင်အား ခရီးဦးကြိုကာ အနီးရှိ သရက်ပင်ပျိုလေး၏ အရိပ်အောက်သို့ခေါ်လိုက်သည်။ အပင်ရိပ်အောက်တွင် အကျအနခင်းထားသော ဖျာပေါ်မှာတော့ အချိန်မရွေးသောက်တတ်သော ရေနွေးကြမ်းအိုးက အဆင်သင့်ရှိနေ ပေသည်။


Credit Image Source

“ကဲဗျာ မနက်ခင်းစောစော ရောက်လာပုံထောက်တော့ ဦးလေးကြင် အကြောင်းရှိပုံရတယ်” “ဟုတ်ပ ဆရာလေးရယ် ရှိပါသော်ကော” ဦးကြင်မှ တစ်စုံတစ်ခုကို မကြေနပ်နေသည့် လေသံဖြင့် အညာသားကြီးတို့ စကားပြောဟန်အတိုင်း ပြောလာသည်။ “ကဲ ဆိုပါအုန်း ဘာအကြောင်းပါလိမ့်”၊ “ငါတော့လေ မင်းတို့ မိုဘိုင်းဖုန်းဆိုတာကြီးကို တရားစွဲချင် တယ်ကွာ”။ “ဗုဒ္ဓေါ” ကျွန်ုပ်၏ ဘုရားတသံကြောင့် ဦးကြင်မှ သူ့စကားကိုဆက်လက် ရှင်းလင်းပြန်သည်“ဒီလိုကွာ ကြွေပစ်တာတို့ အန်စာပစ်တာတို့ကို မင့်သိတယ် မို့လား”၊ “ဟုတ် သိတယ်လေ”။ ဦးကြင်မှာ ကြွေပစ်ကစားခြင်းကို အလွန်စွဲစွဲလန်းလန်း နှစ်ခြိုက်သူဖြစ်ကြောင်း ကျွန်ုပ်သိထားသည်။ နေ့လည်ခင်း အချိန်အားပြီဆိုသည်နှင့် လမ်းထိပ်က ကွမ်းယာဆိုင်တွင် ဦးကြင်တစ်ယောက် လူငယ်များနှင့် တရုန်းရုန်း ကြွေအံပစ် ကစားခြင်းလုပ်နေတတ်သည်။

“အေး အဲဒါကွာ၊ အခုဆို ငါနဲ့ကစားဖော်ကစားဖက်တွေ မလာလို့ ငါ့မှာ ကြွေပစ်ဖော်မရှိဖြစ်နေတာကြာပီကွာ” “အဲဗျာ ဒီလို ကြွေပစ်ကစားဖော်မရှိတာနဲ့ ဟို မိုဘိုင်းဖုန်းကို တရားစွဲမှာနဲ့ ဘယ်လိုများ ပတ်သက်နေလဲဗျာ ရှင်းပါအုန်းဗျ” “ဒါက ဒီလိုရှိတယ်ကွ၊ အခုဆိုရင် ကျုပ်နဲ့ ကစားဖက်လူငယ်တွေက မိုဘိုင်းဖုန်းလေးတွေကိုယ်စီနဲ့ တပွတ်ထဲပွတ်နေကြတယ်လေ၊ နောက်ပီးတော့ သူတို့ဖုန်းထဲမှာ ဂိမ်းဆိုတာတွေကို ကူးယူပီးဆော့ကြတယ်ဆိုလား” “ဟုတ်တယ်လေ ဦးလေးကြင်ရ မိုဘိုင်းဖုန်းတွေမှာ ဆော့ကစားစရာ ဂိမ်းအမျိုးမျိုးထည့်ပီး ဆော့ကြတယ်၊ ကစားကြတယ်လေ” “အေး အဲဒီမှာ ငါပြောချင်တာက သူတို့ဖုန်းတွေထဲမှာ ကြွေအံပစ်ကစားတဲ့ ဂိမ်းကလဲ ရှိတယ်ဆိုပဲကွာ၊ သူတို့တွေက ဖုန်းကိုယ်စီနဲ့ ကြွေပစ်ကစားတာကို ကစားဖက်အလာစောင့်မနေရတော့ပဲ ကိုယ့်ဖုန်းလေးတွေနဲ့ ကိုယ်တပွတ်ထဲပွတ်၊ တကိုင်ထဲကိုင်နေ၊ သူတို့ဘာသာ သူတို့ ဆော့နေကြတော့ ငါ့မှာ ကြွေပစ်ကစားဖော်မရှိတော့ဘူးကွာ”။

“အော် ဖြစ်ရလေ ဦးလေးကြင်ရာ ဦးလေးလဲ သူတို့နဲ့အတူတူ ဖုန်းတခုထဲမှာ အတူ ကစားလို့ ရတယ်မို့လား” “ဟာ ဘယ်ကလာ ဆရာလေးရယ်၊ ကြွေပစ်ကစားတယ်ဆိုတာ ကိုယ့်လက်နဲ့ ကြွေအံစာလေးတွေကို သေချာဆုပ်ကိုင်ပီး လက်စလက်နနဲ့ ပစ်ကစားရတဲ့ အမျိုးအစား ကစားနည်းကွ၊ မင်းတို့ ဖုန်းစက်ထဲမှာ ကြွေပစ်ကစားတာက ဘယ်မှာလာပီး ကြွေအံပစ်တဲ့ အရသာကို ရတော့မလဲကွ”။ ဟုတ်တော့လဲ ဟုတ်နေပေသည်။ မြန်မာ့ရိုးရာ ကြွေပစ်ကစားနည်းကို ရှေးဇာတ်တော်ကြီးများတွင် “၀ိဓူရဇာတ်တော်ကြီး”တွင် ထင်ထင် ရှားရှား တွေ့ရသည်။ ထိုသို့ ဦးကြင်၏ ခံစားချက်ကို နားလည်သော်လည်း ခေတ်ကာလ အလိုက်ပေါ်ထွက်လာသော မိုဘိုင်းဖုန်းတွင် ဆော့ဝဲများဖြင့် ဂိမ်းမျိုးစုံကို ဆော့ကစား လာကြသောခေတ်တွင် ရိုးရာကစားနည်းများမှာ ကွယ်ပျောက်လာကြသည်ကို မြင်တွေ့ နေရပေသည်။


Credit Image Source

“အဲဒါကြောင့်ဟေ့ မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့သူတွေကို ငါကတရားစွဲချင်တာ၊ သူတို့လုပ်လို့ ငါ့တို့ ရိုးရာကြွေအံပစ်ကစားနည်းလေး ကွယ်ပျောက်တော့မယ်၊ ဖုန်းတွေထဲမှာ ကစားကြတာက အပြင်မှာကစားတာနဲ့ အဓိပ္ပါယ်ကော အရသာကော မတူရေးချ မတူပါကွာ”။ “ဒီလိုတော့ တရားစွဲလို့မရဘူး ဦးလေးကြင်ရ၊ သူတို့မှာ နည်းပညာနဲ့ ခေတ်ကို ကျော်လွှားနေကြတာ၊ အခုလို တီထွင်တဲ့၊ ရေးဆွဲနေတဲ့သူတွေရှိမှလဲ နိုင်ငံမှာ တစ်ဖက်တစ်လမ်းက ၀င်ငွေရနေတာဗျ၊ မိုဘိုင်းဖုန်းထုတ်လုပ်သူကို ဦးကြင်ရဲ့ ကြွေပစ်ကစားနည်းအတွက် တရားစွဲလို့မရသလို၊ ဂိမ်းပရိုဂရမ်ရေးဆွဲတဲ့သူကိုလည်း တရားစွဲလို့မရဘူးဦးလေးကြင်ရေ”။

ကျွန်ုပ်လည်း သေချာရေရာ မရှင်းပြတတ်ချေ သိသလောက်တတ်သလောက်လေး နိုင်ငံဝင်ငွေရတယ်လေးဘာလေးနဲ့ ရွှီးချလိုက်ရသည်။ လက်ပေါက်ကပ်သော၊ ကပ်သီး ကပ်သပ်နိုင်လှသော ဦးကြင်နှင့် ကိုတင်ထွန်းတို့လိုလူများကိုတော့ ရှင်းပြဆွေးနွေးရမှာ ခပ်လန့်လန့်ပင်။ သို့သော် အနှီဦးလေးကြင်မှာ ကျွန်ုပ်၏ ပြောပြချက်များကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရင်း တစ်စုံတစ်ခုကို တွေတွေကြီးစဉ်းစား ဆုံးဖြတ် လိုက်သည်ထင့် “အေးလေ ဒါဆိုလဲ ငါတို့ရိုးရာ ကြွေပစ်ကစားနည်းကိုတော့ အပျောက် မခံနိုင်ဘူးဟေ့ငါလဲ လုပ်နိုင်တာ လုပ်ရတော့မှာပေါ့ကွာ၊ ခုလိုပြောပြတဲ့ဆရာလေးကိုလဲ ကျေးဇူးတင်ပါတယ် ကျုပ်လဲ လုပ်စရာရှိသေးလို့ ပြန်လိုက်အုန်းမယ်”။ ပြောရင်းမှပင် တဆက်တည်း သုတ်ကနဲထပြန်သွားသော ဦးကြင်၏နောက်ကျောအား ကြည့်ရင်း ကျွန်ုပ်ကွီးရွှေ ကျန်ခဲ့ရပါ၏။

နောက်တစ်နေ့တွင်ကား ဦးကြင်၏အိမ်ဘက်ဆီမှ တချွမ်ချွမ် ကြွေပစ်ကစားသံများ ကြားနေရ၍ ကျွန်ုပ်လည်း စိတ်ဝင်တစားဖြစ်ရလေရကား ဦးကြင်၏အိမ်သို့ အပြေးလေး သွားကာ ကြည့်လိုက်လေသောအခါ-- ဦးကြင်တစ်ဦးတည်း ကြွေပစ်ကစားသော ကြွေပစ်ခုံနှင့် လူအများနှင့် ယှဉ်ပြိုင်ဆော့ကစားနေသည့်အလား ကြွေပစ်ခုံကို ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်နှင့် တစ်ယောက်တည်း ဆော့ကစားနေလေတော့သည်။ ထိုမြင်ကွင်းကိုကြည့်၍ ကျွန်ုပ်၏စိတ်ထဲတွင် ကောက်ချက်ချမိသည်ကား အံ့ဖွယ် ကပ်သီးကပ်သပ်နိုင်ကာ ရိုးရာကစားနည်းကို ချစ်မြတ်နိုးသော ပုဂ္ဂိုလ်ကြီးပါလားဟူ၍ပင် ဖြစ်ပါတော့သည်။

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 01:30 AM (30.8.2018)

#Myanmar ##Literature #Writing #Blog #Funny

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

ဖြစ်ရလေဗျာ....

ဟုတ်တယ် ကိုဘီရေ ဦးကြင်ကိုလေးစားမိတဟ်။

ရိုးရာကစားနည်းတွေအများကြီးပျောက်ကုန်တာတော့အသေအချာပါပဲ ကွှီးရွှေ

ဟုတ်တယ်ဗျ ခေတ်စနစ်က တိုးတက်လာတော့ မိုဘိုင်းဖုန်းပေါ်တင် ရိုးရာကစားနည်းအချို့ ပေါ်ထွက်လာတော့ အပြင်လောက ကစားကြတာ ပျောက်ကွယ်ကုန်ပီ။

အဲ့ဒီ့ဘကြီးပုံစံကိုမြင်ယောင်မိတာ ချစ်စရာကြီး ။

ဟားဟား မြင်ယောင်ပီး ချစ်စရာကြီးတဲ့ ။ တကယ်ရိုးသားတဲ့လူကြီးတွေပါဗျာ။

ခု​ခေတ်​က​လေး​တွေဆိုရိုးရာကစားနည်း​တွေမသိ​လောက်​ပြီ....ဖုန်းနဲ့ဂိမ်း​ဆော့​နေကြတာ​လေ...

ဟုတ်တယ် ခုခေတ်ကလေးတွေက ရိုးရာကစားနည်းကို မသိကြတော့သလို နောက်လာမည့် ခေတ်ကလေးတွေကြတော့ ကြားဖူးမြင်ဖူးကို မရှိလောက်တော့ဘူးဗျာ။

ဖုန်းနဲ့ ဘာမဆို ဆော့ရပေသိ ငယ်ငယ်က အံစာတုံးနဲ့ မိုနိုပိုလီကို အုပ်စုလိုက်ဆော့ကြတာ သတိရတယ် ခု ဖုန်းထဲ အာ့ဂိမ်းထည့်ဆော့ကြည့်တယ် မကြိုက်ဝူး
😁

ဟုတ်တယ် အဲဒါပြောချင်တာလေ ။ ဖုန်းနဲ့ ဘယ်လိုပဲဆော့ရဆော့ရ အပြင်လောက မှာ ထိတွေ့ကိုင်တွယ်ရတဲ့ အရသာ၊ အဓိပ္ပါယ် တွေ မတူတော့ဘူးလေ။

တစ်ရွာတစ်ကျီလည်း ဆောက်ပါဦး ကွီး

ဟား မဆောက်ပရစေနဲ့ လိုင်းတွေ လွဲကုန်ပီ။

အရသာ ကွာပါတယ်‌ဗျာ ။‌‌ကောင်းတာရှိသလို မ‌ကောင်းတာလည်းရှိတာ‌ပေါ့။

ဟုတ်တယ် ကိုမဟော်ရေ တစ်ချို့ကိစ္စတွေက ဖုန်းနဲ့ သုံးရာတာ ထိရောက်ပေမယ့် တစ်ချို့ အကြောင်းအရာတွေကြတော့ အရသာပျက်တယ်။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖုန်းကို တရားစွဲမယ်ဆိုရင်တော့ game တွေအတွက်ပဲ စွဲပါလို့။ကျွန်တော်တို့ social network တွေသုံးတာလေးတော့ ခွင်ပြုပေးပါခင်ဗျာ။

ဟား လုပ်ပါနဲ့ဗျာ ဖုန်းတွေ ထုတ်လုပ်ခွင့် ပိတ်လိုက်ရင် ယောင်ချာချာကြီးဖြစ်နေတော့မှာ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50