“ ဘ၀တစ်ခု အဓိပ္ပါယ် ”
“ ဘ၀တစ်ခု အဓိပ္ပါယ် ”
ကျွန်တော်တို့သည် အသက်ရှင်ရပ်တည်နေထိုင်ကြရင်း ကျွန်တော်တို့၏ ကိုယ်စီကိုယ်စီ ဘ၀များကို ခက်ခက်ခဲခဲ သော်လည်းကောင်း၊ အေးဆေးလွယ်ကူစွာသော်လည်းကောင်း ဖြတ်ကျော်နေခဲ့ကြပါတယ်။ ထိုသို့ ဘ၀လမ်းကို လျောက်နေကြရင်း ခင်ဗျားတို့၊ ကျွန်တော်တို့ အဆင်သင့် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အရာအားလုံးတို့သည် ပြီးဆုံးသွားမည့် နေ့ရက်များက ရောက်ရှိလာမည်သာဖြစ်ပါတယ်။
ဘ၀တွင် ထိုသို့သော အချိန်သည် တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ကြရမည်သာ။ သင်သည်ချမ်းသာသူလား၊ ဆင်းရဲသူလား မည်သို့သော သူဖြစ်နေပါစေ ထိုနေ့သို့ ရောက်လာလျင်တော့ သင်ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာတို့သည် သင်နောက်သို့မပါ၊ တစ်စုံတစ်ယောက်အတွက် ချန်ထားခဲ့ရသည်ချည်းသာ ဖြစ်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ကြွယ်ဝချမ်းသာခြင်း၊ ဂုဏ်သတင်းကျော်စောခြင်းတို့ဟာလည်း လက်ဆုပ် လက်ကိုင် ပြစရာ မရှိဖြစ်တတ်ပါတယ်။
ကျွန်တော်တို့အားလုံးရဲ့ အတွင်းစိတ်သဏ္ဍန်မှာ အာဃာတတွေ၊ မုန်းတီးမှုတွေ၊ ချစ်ခင်ကြင်နာမှုတွေ စသည့် စိတ်ခံစားချက်၊ ခံယူချက်များသည်လည်း ထိုနောက်ဆုံး အချိန်တွင် ပျောက်ကွယ်သွားကြမည်သာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ၊ အလုပ်တွေ စီမံကိန်းတွေ၊ စာရင်းအင်းတွေဟာလည်း ထိုအချိန်မှာ ဘာမှ အသုံးမ၀င်တော့ပါဘူး။ ထိုသို့ပင် သင်တို့ ကျွန်ုပ်တို့၏ အားထားရသော အရေးပါသည့် အောင်မြင်မှုများ၊ ဆုံးရှုံးမှုများသည်လည်း ထိုအချိန်တွင် မှေးမှိန်ကွယ်ပျောက် သွားကြမည်သည်ဖြစ်ပါတယ်။
ကျွန်တော်တို့သည် ဘယ်ကလာသလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘာတွေလုပ်ခဲ့ကြသလဲ၊ မည်သို့သော ဘက်အသီးသီးမှာ ရပ်တည်ခဲ့ကြသလဲ ဒါတွေဟာလဲ နောက်ဆုံးမှာတော့ အရေးပါတော့မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ ခင်ဗျားတို့ ရပ်တည်နေတဲ့ လောကကြီးမှာ သင်က ဘာလူမျိုးလဲ၊ အသားအရောင်၊ ဘာသာစကား စတာတွေဟာလဲ အရေးမပါတော့သလို ရုပ်ရည် ချောမောခြင်း၊ အပြောကောင်းခြင်း၊ စာပေပညာတတ်ခြင်း ထိုသို့သောအလားတူ အကြောင်းအရာတို့သည် ကျွန်တော်တို့ ကမ္ဘာသူ၊ ကမ္ဘာသားများအတွက် နေ့ရက်များစွာကို နေထိုင်ကြရင်း တန်ဘိုးတစ်ခုဆိုသည်ကို တိုင်းတာနေကြပါတယ်။
တကယ်တော့ အမှန်တစ်ကယ် အရေးပါခြင်းဆိုသည်ကို ကျွန်တော်တို့အားလုံး လျစ်လျူရှု့ထားခဲ့ကြ၍ မမြင်သာမထင်သာဖြစ်နေရခြင်းပါ။ အရေးပါတာဟာ ဘာလဲဆိုတာ ကျွန်တော်တို့ ၀ယ်ထားတာမဟုတ်သလို၊ တည်ဆောက်ထားတာလဲမဟုတ်ပါဘူး၊ ပိုင်ဆိုင် ရရှိထားတာလဲမဟုတ်ပါဘူး။ ထိုအရာကတော့ သင်တို့ ကျွန်ုပ်တို့ ဘယ်အရာကို ပေးနေကြသလဲဆိုတာပါပဲ။
အရေးပါသော ထိုအရာသည် ကျွန်တော်တို့အားလုံး၏ အခြားသူတစ်ဦး၏ တိုးတက်ခြင်းကို ဖြစ်စေသော၊ ခွန်အားကိုဖြစ်စေသော၊ အားပေးခြင်းကိုဖြစ်စေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်သာဖြစ်တယ်။ ထိုစိတ်ဓါတ်ထဲမှာ သတ္တိ၊ ဥာဏ်ပညာ၊ ကရုဏာ၊ အနစ်နာခံခြင်း၊ စသည်တို့ဖြင့် အပြုအမူတိုင်းသည် စံနမူနာယူရလောက်အောင် အတုယူဖွယ်တို့ ဖြစ်နေကြပါတယ်။
ကျွန်တော်တို့၏ အသိမှတ်ဥာဏ်တွင် လူဘယ်လောက်မှတ်မိသည်က အရေးမပါ ကျွန်တော်တို့ ထွက်ခွာသွားသည့်အချိန်တွင် လူတွေဘယ်လောက်များများ ဆုံးရှုံးခြင်း ဖြစ်ရသည်ဟု ခံစားနေရမလဲဆိုတာသည်က တစ်ကြောင်း။ ကျွန်တော်တို့ရဲ့ မှတ်ဥာဏ်များထဲမှ မဟုတ်ပဲ ကျွန်တော်တို့အား ချစ်ခင်သူတို့၏ မှတ်ဥာဏ်များအတွင်းမှာ ကျွန်တော်တို့ ရှိနေဖို့ပါပဲ။ သူတို့တွေဟာ ကျွန်တော်တို့ကို ဘယ်လောက်ကြာကြာ သတိရ နေကြသလဲဆိုတာပါပဲ။
ကျွန်တော်တို့အားလုံး အသက်ရှင်နေထိုင်နေကြခြင်းဟာ မတော်တဆဖြစ်လာခြင်း မဟုတ်ပါဘူး။ ဒီလို အရေးပါတဲ့ဘ၀မှာ အသက်ရှင် ရပ်တည်နေထိုင်ဖို့ ကျွန်တော်တို့ ရွေးချယ်ကြရပါမယ်။
ကျွန်တော်တို့ ဘာတွေ ပေးပြီးကြပီလဲ။ ကျွန်တော်တို့ ဘာတွေပေးနေကြသလဲ။ ကျွန်တော်တို့ ဘယ်လောက်များများ လောကကောင်းကျိုးအတွက် ပေးဆပ်ပြီးကြပီလဲ။
"Life is 10% what happens to me and 90% of how I react to it."( #Charles Swindoll)
အင်တာနက်ပေါ်တွင် အထက်ပါစာသားလေးကို တွေ့ရှိမှတ်သားရပီး အတွေးနယ်ချဲ့ကာ တင်ပြရေးသားထားခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ရာ လွဲမှားသော အဓိပ္ပါယ်များ သက်ရောက်အောင် ရေးသားမိပါက ကျွန်တော်၏ အားနည်းချက်သာဖြစ်ပါကြောင်း။ စာရှုသူတို့အနေနှင့် သည်းခံခွင့်လွှတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။
Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 12:45 AM (1.6.2018)



တော်သေးတာပေါ့နော်ကွီးရွှေရေ။"ဘ၀"မိုလို့ပဲဗျာ..."ဘပိန်"ဆိုရင်ပိုဆိုးမှာနော်။တိုက်ပွဲအကြီးကြီးကိုတိုက်နေရတာ။
ဟုတ်တာပေါ့ဗျာ အဲဒီ ဘဝဆိုတာကြီးက စပီဟေ့ဆိုတာနဲ့ nonstop action ကြီးပါပဲဗျာ။
ဘဝတစ်ခု အဓိပ္ပါယ်ရှိစေဖို့ အတ္တလေးတွေတော့ အတတ်နိုင်ဆုံး လျှော့နိုင်မှ တန်ကာကြမယ်ထင်မိတယ်အကို
မှန်ပါတယ်ဗျ အသုံးမ၀င်တဲ့ အတ္တတွေ မာနတွေ ဒီလိုအကြောင်းအရာတွေကို ဖယ်ထားပြီး လောကကောင်းကျိုးကို ဘယ်လိုပေးမလဲဆိုတာကသာ အဓိပ္ပါယ်ရှိသော ဘ၀တစ်ခု ဖြစ်မည်ပေါ့ဗျာ။
သေရင် ကိုယ့်နောက်ဘာမှ မပါ ပါဘူးဗျ
ဟုတ်ပါတယ်ဗျာ့ သေပီးနောက် ရုပ်ဝတ္ထုပစ္စည်းတွေက သေတဲ့နောက်မလိုက်နိုင်ပေမယ့် ကိုယ်ပြုထားတဲ့ ကောင်းမှုမကောင်းမှု ကတော့ လိုက်နေမှာဗျ။ ဒါကြောင့် မသေခင် ကောင်းမှုလေးလုပ်ဘို့လိုတယ်ဗျာ။
ဘဝနိဂုံးချုပ်သွားတော့လည်းအတ္တတွေမာနတွေကဘာမှမဟုတ်ပါ။လူသေသော်လည်းနာမည်မသေဘဲနေအောင်တော့ကြိုးစားနေထိုင်ရမှာပါပဲ။
ဟုတ်တာပေါ့ဗျာ လူသေသော်လည်း နာမည်မသေအောင် လုပ်ဆောင်ခြင်းဟာ ဘဝတစ်ခုအတွက် တန်ဘိုးရှိစေပါတယ်။
နာမည်လေး ချတီးမစ်မှာလဲ စိုက်နေးသည် ။
ဒီပိုစ့်ကိုဖတ်ပြီးနောက်ဆုံးအပုဒ်ကစာသားတွေအတိုင်းကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိတယ်....☺
ဟုတ်တယ်ဗျာ ဒီစာသားလေးတွေဟာ တိုတောင်းသော်လည်း ကျနော်တို့ ကို အဓိပ္ပါယ်အများကြီး ပေးနေပါတယ်။
ဘဝဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားက မတည်မြဲခြင်းကာလတစ်ခုပါပဲ
ဟုတ်ကဲ့ဗျ ဘဝဆိုတာ မတည်မြဲခြင်း နိယာမထဲက တစ်ခုပါ။
အများအတွက် တစ်ခုခုတော့ ကောင်းတာလေး ပေးထားခဲ့ချင်မိတယ် 😊😊
အမှန်ပါပဲ အလွန်ကောင်းတဲ့ စိတ်ထားလေးပါပဲဗျာ။
ဖတ်ရတာ ဗဟုသုတရပါတယ်
ကျေးဇူးပါ
ဟုတ်ကဲ့ဗျ တစ်စုံတစ်ခု ရရှိသွားတယ်ဆို ဝမ်းသာကျေနပ်မိပါတယ်ဗျာ။
ဆိုးသွမ်းတဲ့ ဟစ်တလာလိုလူဆိုးတွေကိုလည်းမှတ်မိကြတယ်၊ ကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဂန္ဓီ စတဲ့လူတွေကိုလည်းမမေ့ကြဘူး ဘာမဟုတ်တဲ့သူတွေကတော့ သေပြီးနောက် အားလုံးမျေ့လျာ့ပျောက်ကွယ်သွားကြမှာပါ
ဟုတ်ပါတယ် ကိုကြီးစိုးရေ လူသားတို့ သဘာဝ သေပြီးနောက် မေ့လျော့ကွယ်ပျောက်သွားကြတာချည်းပါပဲ ဒါကြောင့် မသေခင်လေး ကောင်းတာလေးတော့ လုပ်သွားချင်ပါတယ်ဗျာ။
ဘဝ ဟာသိပ်ကို တိုတောင်းလွန်းပါတယ်ရှင်
နေ့ရက်တိုင်း ရွှင်လန်းချမ်းမြေ့ပါစေရှင်
ဟုတ်ကဲ့ပါဓျ တိုတောင်းတဲ့ ဘဝလေးမှာ အချိန်ရတုန်းလေး မှာ ကောင်းတာလေးတွေ လုပ်သွားကြမယ်ဗျာ။