Water
နွေရာသီရောက်သည်နှင့် သိသိသာသာရှားပါးလာတတ်သည့်ပစ္စည်းတစ်ခုရှိသည်။ထိုအရာမှာရေဖြစ်သည်။မိုးရာသီတုန်းကတော့ ထိုအရာပေါပေါလောလောရသည်နှင့် သိပ်ဂရုမစိုက်မိ။ယခုနွေရာသီရောက်သည်နှင့် ရေရှားလာသည်။
နွေရာသီတွင် ကျေးလက်တောရွာများရော မြို့ကြီးပြကြီးများပါ ရေရှားလာသည်။ယခုဆို ကျွန်မတို့နေထိုင်သည့်တိုက်တွင် ကျွန်မတို့က အိမ်(မြေ)ပိုင်ရှင်ဖြစ်သည့်အတွက် တစ်တိုက်လုံးအတွက်ရေစက်မောင်းတင်ပေးရသည်။အရင်ကဆို စက်လေးနှင့်အဝီဇိတွင်းရေပဲ ဆွဲတင်ယူရသည်မှာ တော်တော်ဒုက္ခရောက်သည်။အဝီဇိကရေထွက်နည်းသည်။ရေလေးဖွတ်ချက်ဖွတ်ချက်နှင့် တစ်တိုက်လုံးအတွက် သုံးဖို့ရေက ဘယ်လိုမှမလောက်တော့။နောက်တော့ အစိုးရဆီက ဂျိုးဖြူရေပဲဆက်သွယ်တပ်ဆင်လိုက်ရသည်။ဂျိုးဖြူကျမှပဲ တစ်တိုက်လုံးအတွက်ရေသုံးရတာ အဆင်ပြေသွားသည်။
ခုတော့ ဂျိုးဖြူရေတောင် နွေရာသီကျလျှင် ရေသည်မှာ နည်းပါးလာသည်။မိုးရာသီဆို နေ့ရေညရော တစ်ချိန်လုံးလွယ်ကူစွာ ရလေ့ရှိသော်လည်း နွေရာသီရောက်လျှင် တစ်ချို့ရက်တွေမှာ ညဘက်၌ရေသိပ်ဆွဲ၍မရတော့။ထို့ကြောင့် တိုက်မှာ ရေအတွက်အနည်းငယ်ကသီလင်တဖြစ်လာရသည်။ရေအတွက် မနက်ပိုင်းနှင့်နေ့လည်ပိုင်းတွေသာ ပိုအဓိကထားဆွဲပေးနေရသည်။တစ်ခါတစ်ရံထိုမနက်ပိုင်းနှင့်နေ့လည်ပိုင်းများရေမပေးခြင်း,ရေပေးရန်နောက်ကျခြင်း,မီးအချိန်အကြာကြီးပျက်ခြင်းများနှင့်ကြုံလျှင် တော်တော်ဒုက္ခရောက်ရသည်။

ကျွန်မတို့မှာလည်းအိမ်ပိုင်ရှင်ဖြစ်သည့်အတွက် တစ်တိုက်လုံးအတွက် ရေရအောင်တင်ပေးရသည်မှာနည်းနည်းတော့ တာဝန်ကြီးသည်။တစ်ခါတစ်ရံ အဆင်မပြေမှုတွေကြောင့် တစ်ချို့အထပ်တွေ ရေမရဘူးဟုကြားလျှင် စိတ်ညစ်ရ,စိတ်မကောင်းဖြစ်ရသည်။ရေဆိုသည်မှာ လူတစ်ဦးတစ်နေ့တာအတွက် မရှိမဖြစ်လိုအပ်နေသော အရာတစ်ခုဖြစ်သည့်အတွက် ကျွန်မတို့ကိုယ်တိုင်လည်း ရေမရှိလျှင် စိတ်ညစ်ရသည်။သူများရေမရှိဘူးဟုကြားလျှင်လည်း သူ့အခက်အခဲအတွက် တွေးမိပြီးစိတ်မကောင်းဖြစ်ရသည်။ထို့ကြောင့်လည်း ကျွန်မတို့မိသားစုသည် တိုက်အတွက် တတ်နိုင်သမျှတော့ ရေရအောင်တင်ပေးလေ့ရှိကြပါသည်။
အမှန်တော့ ကျွန်မတို့မြို့နေလူသားများသည် တစ်ခါတစ်ရံရေအခက်အခဲဖြစ်သော်လည်း တောရွာများလောက်တော့မဆိုးသေးပေ။တစ်ချို့ကျေးလက်တောရွာများဆိုလျှင်ရေတော်တော်ရှားသည်။တစ်ချို့နေရာတွေဆိုလျှင် ရေတစ်ပုံးတစ်လေရဖို့ အဝေးကြီးသို့သွားရောက်ခပ်ယူရသည်။တစ်ခါက တီဗီအစီအစဉ်တစ်ခုတွင် သဲမြေများကိုတူးပြီး ရေလေးနည်းနည်းလေးကိုသာ ခပ်ယူနေရသည်ကိုပင် တွေ့ရသည်။ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့်အလှူရှင်များသည် ရေရှားပါးသည်ဒေသများအတွက် စက်များတပ်ဆင်ပေးခြင်း,ရေလှောင်ကန်များ,ရေတွင်း,ရေကန်တူးဖော်ခြင်း,ရေရှားပါးသည့်ဒေသများသို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရေပေးဝေပေးခြင်းစသည့် လုပ်ငန်းများကို တတ်အားသမျှ ဝိုင်းဝန်းဆောင်ရွက်ပေးနေကြသည် ကို တွေ့ရှိရပါသည်။
ရေဆိုသည့်အရာသည် တစ်ရက်,နှစ်ရက်မသုံးစွဲရသည်နှင့် ဒုက္ခရောက်မှု,ကသီလင်တဖြစ်မှုများ သိသိသာသာ ပြလာမြင်လာရသည့်အရာဖြစ်သည်။ရေသည်လူသားများ အသက်ရှင်နေထိုင်ရေးအတွက်လည်း အလွန်အရေးကြီးသည်။ကမ္ဘာကြီးတွင် ရေချိုသည် ကမ္ဘာ့ရေထု၏၂ရာခိုင်နှုန်းခန့်သာရှိသည်။ထိုရေများ ကုန်ဆုံးနည်းပါးလာလျှင် ကမ္ဘာ့လူထုအတွက် အကြီးအကျယ်ဒုက္ခရောက်လာတော့မည်။ရေကြောင့် နိုင်ငံအချင်းချင်းလည်း စစ်တွေဖြစ်လာနိုင်သည်။လူအများအပြားလည်း စစ်ဒဏ်,ရေရှားပါးမှုဒဏ်တွေကြောင့် ဒဏ်ရာတွေရ,ရောဂါတွေရကာ ဒုက္ခရောက်သေဆုံးလာနိုင်သည်။
ယခုအချိန်တွင် စက်မှုလုပ်ငန်းများမှ အညစ်အကြေးများ မြစ်,ချောင်း,အင်း,အိုင်များသို့စွန့်ပစ်ခြင်း,သဘာဝပတ်ဝန်းကျင်များပျက်စီးခြင်း,ရာသီဥတုများဖောက်ပြန်ခြင်းတို့ကြောင့် ရေအရင်းအမြစ်များ တဖြည်းဖြည်းနည်းပါးလာပြီဖြစ်သည်။ ရေအရင်းအမြစ်များ,ရေရှိမှုများနည်းပါးလာခြင်းသည် အနာဂတ်ကမ္ဘာကြီးအတွက် အလွန်စိုးရိမ်ရသည်။ထို့ကြောင့် မြစ်,ချောင်း,အင်း,အိုင်စသည့် ရေအရင်းအမြစ်များ မပျက်စီးအောင် ထိန်းသိမ်းခြင်းနှင့် သဘာပတ်ဝန်းကျင်နှင့်ရာသီဥတုများကောင်းမွန်အောင် ထိန်းသိမ်းခြင်းများပြုလုပ်ကြရမည်ဖြစ်သည်။ထို့ပြင် ကျွန်ုပ်တို့ လူသားတစ်ဦးစီတိုင်းသည်လည်း ရေချွေတာသည့် နည်းလမ်းများဖြစ်သည့် အသုံးပြုဖို့မလိုအပ်လျှင် ရေပိုက်ခေါင်းများပိတ်ထားခြင်း,ရေများမယိုစိမ့်အောင် ရေပိုက်ခေါင်းများပြုပြင်ထားခြင်း,မိမိအိမ်အတွက် ရေတင်သည့်အခါမှာလည်း ရေများပြည့်လျှံပြီး အပြင်သို့လျှံမထွက်အောင် တတ်နိုင်သမျှ သတိပြု၍ရေတင်,ရေဆွဲပေးခြင်း,ရေကိုမလိုအပ်ပဲ မသွန်ပစ်ခြင်း,ပြန်လည်အသုံးပြုခြင်း စသည့်နည်းလမ်းများကို တတ်နိုင်သမျှပြုလုပ်ပေးရမည်ဖြစ်သည်။သို့မှသာ အနာဂတ်အတွက် အရေးကြီးသောရေကို မရှားပါးအောင် သိုလှောင်ထိန်းသိမ်းနိုင်မည် ဖြစ်ပေသည်။
Photo credit-pixabay.com
Author-myothuzar,MSC-033

ရေအသက်တစ်မနက်တဲ့
မှန်ပါတယ်။ဒါနဲ့ voteပေးဖို့ မေ့သွားတယ်နဲ့တူတယ်။
သတိပေးလို့တော်သေးတယ် စာဖတ်ပီးမေ့ခဲ့တာ :-)
ကျေးဇူး။ဒီနေ့တင်တဲ့သူနည်းလို့ သတိပေးတာ။
ရေကတော့မရှိမဖြစ်ပဲ
မှန်ပါတယ်။လူသားတွေ အသက်ရှင်နေထိုင်ရေးအတွက် ရေက မရှိမဖြစ်ပါ။
ကျွန်မလည်းမြေရှင်ဆိုတော့တတိုက်လုံးအတွက်ရေမောင်းပေးရတဲ့ဒုက္ခကိုကိုယ်ချင်းစာပါတယ်ရှင်
တူတူပဲအမ။ရေမရရင် စိုးရိမ်ပူပန်နေရတာ။
ထမင်းအသက်ခုနှစ်ရက်၊ရေအသက်တစ်မနက်လို့တောင်..စကားရှိသေးတယ်ဆိုတာ..ရေရဲ့အရေးပါမူ့ကိုတင်စားထားတာ။အလှူတွေမှာတောင်..ရေလှူရခြင်းအကျိုးကပိုများတယ်လေ။ရေဆိုတာလူ့အသက်ကိုမပြောနဲ့တိရိဆ္ဆန်တွေ..တောတောင်သဘာဝတွေ..ဆက်လက်ရှင်သန်ဖို့မှာ..အဓိက..အကျဆုံးဖြစ်ပါတယ်။ဒါကြောင့်သိသူတွေအနေနဲ့ရေအရင်းအမြစ်တွေမပျက်စီးအောင်၊ကာကွယ်စောင့်ရှောက်ဖို့တာဝန်တွေရှိတာပေါ့ကွယ်။
ဟုတ်တယ်အန်တီ။အန်တီcomment ဖတ်ကြည့်မှကိုယ့်စာထဲမှာ ရေးဖို့အကြောင်းအရာတွေ ကျန်ခဲ့တာ သတိထားမိတယ်။
ရေးက တကယ်မရှိတဲ့ အခါ တော်တော်ဒုက္ခရောက်ရတယ်
ဟုတ်တယ်။
ရေဆိုတာ သက်ရှိတွေအတွက်အရေးကြီးဆုံးပါပဲ
ဟုတ်ပါတယ်။
တစ်ချို့ဒေသတွေမှာနွေရာသီဆိုရေတော်တော်ရှားတယ်။ရေရှာတဲ့ဒေသမှာရေရဲ့ဒုက္ခ ကိုသိလို့အတော်လေးချွေတာတာကိုတွေ့ရတယ်။ ခုနောက်ပိုင်းတော့ကြိုတင်ပြင်ဆင်မှုတွေကိုနေရာဒေသအတော်များများမှာတော့ပြုလုပ်လာတာတွေ့ရပါတယ်
ဟုတ်ပါတယ်။
အခုတိုက်ခန်းတွေဆိုပိုဆိုး မီးမလာပေမယ့် ရေမလာရင်ဒုက္ခရောက်တယ်ဗျhee hee
ဟုတ်တယ်။ရေမလာရင် ဒုက္ခပဲ။
ရေဒုက္ခကို ခံစားဖူးသူမှ သိကြတာပါ ... ဆင်းရဲမှ ငွေတန်ဖိုးကို သိသလိုပေါ့ဗျာ
ဟုတ်တယ်။ရေမရှိတာနဲ့ ရေတန်ဖိုးသိလာရတာပဲ။