အစွဲအလန်း

in #myanmar6 years ago

image

"ညီလေး ဘယ်သွားမလို့လဲ" "လမ်းထိပ်က အခွေဆိုင်ခဏသွားမလို့အကို" "ခဏလေးပဲ" "အေး လမ်းမှာကားတွေ သတိထားသွားနော်" "ဟုတ်ကဲ့ အကို"
ကိုကျော်မောင် မျက်စိရှေ့မှထွက်သွားသော ညီဖြစ်သူကျော်မြအား ငေးမောကြည့်နေသည်။ညီဖြစ်သူ မြင်ကွင်းထဲမှ ပျောက်ကွယ်ထားသောအခါ သက်ပြင်းတစ်ချက်ချမိသည်။ထို့နောက် သူဒီလို ရပ်ကာ သက်ပြင်းပဲချနေလို့ မဖြစ်သေးပါဘူးဟုတွေးမိကာ ချက်ချင်း ဘုရားခန်းသို့သွားသည်။ကိုကျော်မောင်ရသော ဘုရားစာများအားလုံး ရွတ်ကာ ဘုရားကို ဦးချရင်း နောက်ဆုံး ကိုကျော်မောင် တောင်းသည့်ဆုတောင်းက "တပည့်တော် ညီလေး ဘေးမသီရန်မခပါစေနဲ့ဘုရား" "တပည့်တော် ညီလေး ဘေးဒုက္ခမရောက်အောင် ကူညီစောင့်ရှောက်ပါဘုရား" ဟူ၍ဖြစ်သည်။ညီဖြစ်သူကြားလျှင် အကိုရာ ဘုရားပဲအေးအေးဆေးဆေးရှိခိုးပါ,ဒီဆုတောင်းကြီးထည့် ဆုတောင်းမနေပါနဲ့ ဟုပြောဦးမည်။ညီဖြစ်သူကို သိပ်ချစ်သောကိုကျော်မောင်ကလည်း မနေနိုင်။အခုတစ်လော ဘုရားရှိခိုးလျှင် ထိုဆုတောင်းပါ ထည့်ရွတ်ဆိုကာ ဘုရားရှိခိုးနေမိသည်။

ကိုကျော်မောင် အခုတစ်လော ထိုသို့သောဆုတောင်းပါ ထည့်ရွတ်ဆိုကာ ဘုရားရှိခိုးနေရသည်မှာ အကြောင်းရှိသည်။ထိုအကြောင်းကတော့ ကိုကျော်မောင်၏အိမ်မက်ပင်ဖြစ်သည်။ပြီးခဲ့သော နှစ်ရက်လောက်က ကိုကျော်မောင် အိမ်မက်တစ်ခု မက်သည်။အိမ်မက်ထဲမှာ ညီလေးသည် လမ်းမကျယ်ကြီးတစ်ခုထဲမှာ တစ်ဦးတည်း ညဘက်လမ်းလျှောက်နေသည်။ထိုစဉ် ရုတ်တရက် နောက်မှအရှိန်ပြင်းစွာ မောင်းနှင်လာသော ကုန်တင်ကားကြီး ပေါ်လာကာ ရှေ့မှလမ်းလျှောက်နေသော ညီလေးအားတိုက်သွားသည်။ ကားတိုက်ခံရသည့် ညီလေးမှာ သွေးသံရဲရဲနှင့် ဒဏ်ရာများရနေကာ လူမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည့် လမ်းမကျယ်ကြီးထဲ " ကူညီကြပါဦးဗျာ" "ကယ်ကြပါဦး" ဟုတစ်ယောက်တည်း အော်ဟစ်အကူအညီတောင်းနေရလေသည်။အော်ဟစ်ကူညီတောင်းနေသော်လည်း ကူညီမဲ့သူတစ်ယောက်မှမရှိသော သနားစဖွယ်ညီလေး၏ပုံရိပ်လွှာ အိမ်မက်မြင်ကွင်းကြောင့် ကိုကျော်မောင်မှာ "ညီလေးရေ အဲ့ဒီ့နေရာ ဘယ်နေရာလဲ အကိုလာခဲ့မယ်" "အကိုလာမယ်" ဟုရောင်ရမ်းအော်ဟစ်ကာ အိမ်မက်မှလန့်နိုးလာခဲ့ရသည်။ထိုနေ့က အိမ်မက်မှလန့်နိုးပြီးပြီးချင်း ကိုကျော်မောင်မှာ ချွေးတစ်စီးစီးနှင့် ထိတ်လန့်တုန်လှုပ်ကာ ချက်ချင်းညီလေးအခန်းသို့ပင် သွားကြည့်ရသည်။နှစ်ခြိုက်စွာ အိပ်ပျော်နေသော ညီလေးအားမြင်လိုက်ရသောအခါမှသာ ကိုကျော်မောင် သက်ပြင်းတစ်ချက်ချကာ စိတ်အေးချမ်းသာ သွားခဲ့ရသည်။

ထိုအိမ်မက်ကြောင့် အခုတစ်လော ကိုကျော်မောင် ညီလေးအတွက် ပူပန်သောကများနေရသည်။ခုရက်ပိုင်းအတွင်း ညီလေးတစ်ခုခုဖြစ်မှာစိုး၍ "ဟိုနေရာ မသွားနဲ့" " ဒီနေရာမသွားနဲ့" "ဟိုဟာမစားနဲ့" "ဒီဟာမလုပ်နဲ့" စသဖြင့် အစစအရာရာ ပူပန်သောကများစွာဖြင့် ညီလေးအား အကြိမ်ကြိမ်အဖန်ဖန် ပြောဆိုမိနေသည်။ကြာတော့ ညီလေးကပင် "အကိုရာ တော်ပါတော့" "အကို့ပြောတာ သိပ်များလွန်းနေပြီ" "ညီလေးလည်းခုချိန်ထိ ဘာမှမဖြစ်သေးပါဘူး" "အကိုက အိမ်မက်တစ်ခုကို အစွဲအလန်းလုပ်ပြီး စိုးရိမ်သောက သိပ်များနေတာ မကောင်းပါဘူး" "အရာရာအားလုံးသူ့ဟာသူ ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲ,မဖြစ်ချိန်တန်ရင် မဖြစ်ပါဘူး" "စိုးရိမ်နေလည်း အပိုပါပဲ" "နောက်ပြီး အကိုခုလို အစွဲအလန်းနဲ့စိုးရိမ်သောက သိပ်ကြီးနေတာ မကောင်းဘူးနော်" "ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ် အကိုရဲ့" ဟုပင်ကိုကျော်မောင်အား ပြန်လည် ပြောဆိုနေသည်။ကိုကျော်မောင်မှာ ညီဖြစ်သူ၏စကားအား "အင်းပါကွာ" "အင်းပါ" ဟု ပြန်လည်ထောက်ခံပြောဆိုသော်လည်း စိတ်ထဲမှာတော့ ကိုကျော်မောင်၏ အစွဲအလန်းစိုးရိမ်သောကကြီးမှုကြီးကို မဖျောက်နိုင်သေးပေ။

ပိတ်ရက်တစ်နေ့မှာ ကိုကျော်မောင်သည် ညီလေးအား ရပ်ကွက်တွင်းမှစေတီလေးသို့သွားကာ အညံ့များပျောက်အောင် စေတီမှာ ငွေများလှူဒါန်းကာ ကုသိုလ်ကောင်းမှုပြုရင်း ဘုရားရှိခိုးဖို့သွားရန် အဖော်စပ်လေသည်။ညီလေးမှာ မလိုက်ချင်သော်လည်း ကိုကျော်မောင် အတင်းခေါ်သောကြောင့် မလိုက်ချင်လိုက်ချင်နှင့်ပါလာခဲ့လေသည်။ညီလေး သူနှင်အတူ ဘုရားသို့လိုက်မည်ဆိုတော့ ကိုကျော်မောင် တော်တော်ပျော်သွားသည်။ညီလေး အိမ်မက်ထဲကလို မဖြစ်အောင် ညီလေးကို ဘုရားမှာ ဘုရားရှိခိုး,ပုတီးစိတ်တာတွေ များများလုပ်ခိုင်းရမယ်,ဒါမှ ညီလေး ကံဇာတာတက်ပြီး အိမ်မက်ထဲကလို မဖြစ်မှာ ဟုတွေးတောကာ ပျော်ရွှင်သွားရလေသည်။

အိမ်ကထွက်သည်နှင့် ထုံးစံအတိုင်း ကိုကျော်မောင်က
"ရော့ ညီလေး ထီးယူ" "ဟာ အကိုကလည်း နေလည်း သိပ်မပူပဲနဲ့" "မရဘူး ထီးဆောင်းရမယ် ခုတစ်လော အိမ်မက်တွေလည်း ကောင်းတာမဟုတ်ဘူး" "နေမကောင်းဖြစ်ပြီး တစ်ခုခုဖြစ်သွား ဘယ်လိုလုပ်မလဲ" "ဟာ အကိုကလဲ ဒီအိမ်မက်ကြောင့် စိုးရိမ်စိတ်တွေ ကြီးနေပြန်ပါပြီ" "ဒီအကိုတစ်ယောက်နဲ့တော့ ဒုက္ခပါပဲ" "ဒုက္ခလုပ်မနေနဲ့" "ယူဆိုယူ" "ဟုတ်...ဟုတ်" "ပေး...ပေး...ယူမယ်" "အကိုစိတ်ချမ်းသာရင်ပြီးသာပဲ" "ဟင်းနော် ....ဒီကောင်လေး"
အိမ်ကထွက်လာကတည်းက ညီအကိုနှစ်ယောက်ပွစိပွစိနှင့် စကားများကာ ထွက်လာကြရင်း "ညီလေး အဲ့ဒီလမ်းက မသွားနဲ့ ကားတွေများတယ်" "ညီလေး ဘေးကပ်လျှောက်" "သတိထား ညီလေး" စသဖြင့် ထုံးစံအတိုင်း ပူပန်သောက စီးရီးခွေကြီးကို တစ်လမ်းလုံးဖွင့်ကာ နားပူနားဆာ လုပ်သွားလေသည်။လမ်းလျှောက်နေရင်းနဲ့လည်း သူ့ညီလေးကို အရိပ်တကြည့်ကြည့်နဲ့။ထိုသို့ ကိုကျော်မောင်နှင့် သူ့ညီလေး လမ်းလျှောက်နေရင်း တစ်နေရာအရောက် "ဟာ" "ဝုတ်" "ဝုတ်" "အား" ကိုကျော်မောင် တစ်လမ်းလုံး စိုးရိမ်သောကကြီးစွာနှင့် သူ့ညီလေးကိုပဲကြည့်။သူ့ညီလေးအတွက် စိုးရိမ်ကြောင့်ကြကာ စကားတတွတ်တွတ်ပြောရင်း လမ်းလျှောက်နေ၍ ကိုကျော်မောင်လျှောက်နေသောလမ်းမှာ အိပ်နေသော ခွေးတစ်ကောင်အား မမြင်ဘဲ တက်နင်းမိလေသည်။ခွေးကို တက်နင်းမိတော့ ခွေးက ကိုကျော်မောင်ကို ကိုက်လေတော့သည်။
"အား...ကျွတ်...ကျွတ်" "ကဲ ကျွန်တော်ပြောတယ်မလား" "ခုတော့ဖြစ်ပြီ" "အကို့ကို ကျွန်တော်ပြောတယ်" "စိုးရိမ်သောကနဲ့အစွဲအလန်း သိပ်မကြီးပါနဲ့လို့" "ခုတော့ အကိုက စိုးရိမ်သောကနဲ့အစွဲအလန်းကြီးပြီး ကျွန်တော့်ကိုပဲ စကားတတွတ်တွတ်ပြောနေတော့ ကိုယ့်ရှေ့ကလမ်းမှာ အိပ်နေတဲ့ ခွေးတောင် မမြင်ဘဲ တက်နင်းမိပြီ" "တကယ်တမ်းအကိုသာ စိုးရိမ်သောကနဲ့ အစွဲအလန်းသိပ်မကြီးဘဲ စိတ်အေးလက်အေးနဲ့သာ လမ်းလျှောက်ခဲ့ရင် ခုလိုခွေးကိုက်ခံရမှာမဟုတ်"
ခွေးကိုက်ခံရပြီး ညီလေး၏စကားများကို ကြားရသောအခါမှ ကိုကျော်မောင် ကိုယ်အဖြစ်ကိုယ်တွေးမိပြီး အသိတရားရမိလေသည်။ဟုတ်ပေသည်။အခုတစ်လော အိမ်မက်ကြောင့် ညီလေးအတွက်စိုးရိမ်သောကများပြီး ကိုယ့်အတွက်ကိုယ်တောင် သိပ်ဂရုမစိုက်မိ။စားလည်း ညီလေးအတွက်စိုးရိမ်စိတ်,သွားလည်းစိုးရိမ်စိတ်နှင့် မိမိ၏အလုပ်တစ်ချို့ပင် မလုပ်နိုင်ဘဲ ပျက်ပြားခဲ့ရသည်။ယခုလည်း ထိုစိတ်ကြောင့်ပင် ခွေးကိုမမြင်ဘဲတက်နင်းမိ၍ ခွေးကိုက်ခံရသောအဖြစ်ပင် ဖြစ်ခဲ့ရလေသည်။ယခုတော့ ကိုကျော်မောင်စိတ်ထဲမှာ နောင်တနှင့်အသိတရား နှစ်ပါးလက်ကိုင်ထားကာ ညီလေး၏ဘေးမှဆူပူပြောဆိုသံများကိုနားထောင်ရင်း ဆေးခန်းရှိရာဆီသို့သာ ခြေဦးလှည့်မိနေပါတော့သည်။

Photo credit- google image

Author-myothuzar,MSC-033

Sort:  

အစွဲအလန်းကြီးတယ် ဒုက္ခ တမျိုးကို ခံစားရသိလိုပါလားကွယ်

ဟုတ်။

အစွဲအလန်းကြီးလွန်းတော့လည်း ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရတတ်တယ်။ အားပေးခဲ့ပါတယ် မမျိုးရေ။

ဟုတ်ကဲ့။ကျေးဇူးပဲ မဇင်။

ကောင်းတော့ကောင်းတယ်။စာဖတ်သူကိုပေးခြင်တဲ့အကြောင်းလေးကလဲခိုင်မာတဲ့သဘောရှိတယ်။စကားလုံးလေးတွေကိုဒီထက်ပိုပီးလှတဲ့ရှင်းတဲ့
စာသားလေးတွေသုံးရင်၊ပိုပီးဆွဲဆောင်သွားမယ်။ဥပမာ..
အသိအပေါ်မှာသတိမကပ်နိုင်လောက်အောင်..ကိုယ်စိတ်ထဲမှာအချိန်ပြည့်စိုးမိုးပီးနေရာယူထားတဲ့..ကိုယ့်ရဲ့ပူပင်မှူ့တွေ၊သောကတွေ...၊တကယ်တန်းမှာတော့..ပူပင်နေသူက
ဒုက္ခကိုအရင်ဆုံးလက်ခံရတာပါလားဆိုတဲ့..သတိပေးစကားလေးပေါ့။အကြံပြုတာပါနော်။

ဟုတ်ကဲ့ အန်တီ။အကြံပေးတာ ကျေးဇူးတင်ပါတယ်။

လာ​ရောက်​ဖက်ရှု့သွားပါတယ်​ခင်​ဗျာ
အရမ်း​ကောင်းပါတယ်​ ဖက်​ရတာ အရသာရှိပါတယ်
ဒါနဲ့ စကား​ပြော​တဲ့​နေရာ​တွေမှာ အပုဒ်​​ခွဲထားရင်​ ပိုပြီး​တော့ ဖက်​လို့​ကောင်းသွားမယ်​ ထင်​ပါတယ်

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။နောက်တစ်ခါ အပုဒ်ခွဲရေးကြည့်ပါမယ်။

အစွဲအလန်းကြီးလွန်​ရင်​လည်းမ​ကောင်းဘူး​နော်​။

ဟုတ်တယ်။

ဒါလည်း ဒုက္ခတမျိုး

ဟုတ်တယ်နော်။

အားပေးခဲ့ပီ နော်

ဟုတ်။ကျေးဇူး။

အမှန်ပါပဲ ဗျာ...

ဟုတ်။

အားပေးခဲ့ပါတယ်

ဟုတ်ကဲ့။ကျေးဇူးပါ။

Good writing အာ​ပေ​နေပါတယ်​။

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.029
BTC 69379.42
ETH 3686.72
USDT 1.00
SBD 3.29