တကယ်လို့သာ ( ၃ ဇာတ်သိမ်း )
စိုးအောင် .....
မရင်မြ မောင် .....
ဒီကောင်ဘာလာလုပ်တာတုန်း ....
ကိုဝင်းမောင်နဲ့ စိုးအောင်က သမီးယောက်ဖဆိုပေမယ့် သိပ်အစေးမကပ်ဘူးရယ် ..
ဘာအလုပ်မှ မယ်မယ်ရရ မလုပ် ..
အရက်လေးတမြမြနဲ့ .. ဒီကြားထဲ
ရွာက ကိုယ့်နှမအရွယ် မိန်းကလေးတွေကို ထိကပါးရိကပါးက ပြောချင်သေးသည် ...
သိပ်ကြည့်မရသည်မို့
ကိုဝင်းမောင် အရောမဝင် ..
ခပ်တန်းတန်းသာဆက်ဆံသည်...
သူ့အစ်မဆီ အရက်ဖိုးလာလာတောင်းရင်
ကိုဝင်းမောင် မသိချင်ယောင်ဘဲ
ဆောင်နေခဲ့သည် ....
မိန်းမစိတ်ဆင်းရဲမှာစိုး၍ ဘာမှမပြောခဲ့ ...
ဒါကို ဒင်းက အတင့်ရဲရဲလာသည် ...
အရင်က အရက်ဖိုးတောင်းရင် သူ့အစ်မကိုတိုးတိုးတောင်းရာမှ အခုနောက်ပိုင်း
ဘယ်သူ့မှ ဂရုမစိုက်တဲ့ပုံစံနဲ့
လေသံကပါကျယ်လာသည် ...
" အခုလည်း ဒီကောင်..
အရက်ဖိုးလာတောင်းတာနေမှာ "
ကိုဝင်းမောင်တွေးရင်း
အိမ်ရှေ့ထလာခဲ့သည် ...
ခေါင်းထဲတွင်တော့ ရီဝေရီဝေနှင့်
အရှိန်ကလေးက တက်နေပြီ ....
" ဟဲ့ စိုးအောင် .. နင့်ကိုငါပြန်တော့လို့
ပြောနေတယ်နော် "
" မပြန်ဘူးဟာ .. ဘယ်မတုန်း နင့်ယောက်ျား
ခေါ်ပေးစမ်းပါ ..."
" ဟဲ့ .. ငါ့ယောက်ျားနဲ့ မဆိုင်ဘူး .. နင့်ကို
စပယ်ယာမခေါ်ချင်တာ သူမဟုတ်ဘူး ..
ငါ ဟဲ့ ငါ ... ဘယ့်နဲ့တော် မူးမူးရူးရူးနဲ့
ပြုတ်ကျသေနေဘယ်လိုလုပ်မတုန်း "
မရင်မြနဲ့ စိုးအောင် ပြောနေသော
စကားများအရ စိုးအောင်
စပယ်ယာလုပ်ချင်၍လာပြောနေမှန်း
ကိုဝင်းမောင်ရိပ်စားမိလိုက်ပြီ ......
" အင်း ...... ဒီကောင် လိမ်လိမ်မာမာ
လုပ်မယ်ဆိုရင်တော့ မဆိုးပါဘူး ..
သူစိမ်းခေါ်ရမှာထက်စာရင်
တော်သေးတာပေါ့ ... အလုပ်လေးရှိတော့ သူ့အစ်မဆီအရက်ဖိုးလာတောင်းတော့မှာ
မဟုတ်ဘူး ...... အရက်ကိုလည်း
အလုပ်ချိန်မှာမသောက်ဖို့တော့ ပြောရမှာပဲ "
ကိုဝင်းမောင် စဉ်းစားရင်း .....
" ဟေ့ .. မရင်မြ .. ဘာဖြစ်နေတာတုန်းဟ "
ကိုဝင်းမောင် သူတို့ဆီ ရောက်ရောက်
မေးမေး - မေးလိုက်သည် ...
စိုးအောင်ကိုလှမ်းကြည့်လိုက်တော့ လက်ထဲမှာတုတ်တစ်ချောင်းကိုင်ထားသည် ..
ဘေးနားမှာ ရေအိုးကွဲတစ်လုံး .......
" ဘာမှမဟုတ်ဘူး ကိုဝင်းမောင် .. သွား ..သွား အိမ်ထဲဝင် .. စိုးအောင် မူးပြီး
ပြသနာရှာနေလို့ ..."
" ဘာ .. ဒီမယ် .. စိုးအောင်ဆိုတဲ့ကောင်က မူးမှ ပြသနာရှာရဲတာမဟုတ်ဘူး... မမူးလဲ
ငါဆိုတဲ့ကောင်က ဘယ်သူ့မှဂရုမစိုက်ဘူး ..
ပိုက်ဆံလေး မတောက်တခေါက်ရှိပြီး
မာန်တက်နေတာလား ဟင် ... "
" ဟဲ့ .. စိုးအောင် .. မဆိုင်တာတွေ
လျှောက်ပြောမနေနဲ့ ... လာ ..ကိုဝင်းမောင်
အိမ်ထဲဝင်တော့ .. လာ .. "
မရင်မြ သူ့မောင်ကိုလှမ်းပြောရင်း
ကိုဝင်းမောင်ကို အိမ်ထဲ
အတင်းဆွဲခေါ်လေသည် ....
"ကဲ.. နေပစေတော့ .. သူ့မောင်နဲ့သူပဲ
ပြောပလေ့စေ .. ငါဝင်ပါရင်
ရန်များနေအုံးမယ် ..." ဟု
ကိုဝင်းမောင်တွေးရင်း
အိမ်ဘက်သို့လှည့်လိုက်စဉ် ....
" ဟေ့ရောင် .. ဝင်းမောင်..
မင်းထော်လာဂျီကို
ငါစပယ်ယာလိုက်ချင်တယ် .. အဲ့တာ ..
ခေါ်မလား မခေါ်ဘူးလားရှင်းရှင်းပြော ...."
" ဘာ...."
ကိုဝင်းမောင်အသံက မိုးခြိမ်းသံအလား ....
သူ့မိန်းမ မရင်မြပင် သူ့ထက်
သုံးနှစ်ခန့်ငယ်သည် ... ဒီကောင်က သူ့ကို 'မင်းတွေ ငါတွေ' သုံးပြီး လေသံက
အထက်စီးလေသံနဲ့ အမိန့်ပေးသလို .....
ကိုဝင်းမောင် သွေးဆူလေပြီ ...
" မခေါ်တော့ မင်းက ဘာလုပ်ချင်တုန်း "
" ကိုဝင်းမောင် တော်ပါတော့ ...
အိမ်ထဲဝင်တော့ ... " မရင်မြ၏
စိုးရိမ်တကြီးအော်သံ ....
" မင်း အသာနေစမ်းပါ မရင်မြရာ ...
မင့်မောင် စော်ကားလွန်းနေပြီ
ငါသည်းခံလာတာများနေပြီ .. ဟေ့ကောင်
စိုးအောင် ..မင်း ဘာဖြစ်ချင်တုန်းဟေ့ရောင်.."
အရက်သောက်ထားသောအရှိန်နဲ့
ခံစားချက်တို့ပေါင်းကာ ကိုဝင်းမောင်ရဲ့
ဒေါသတို့က တလိပ်လိပ်ထွက်လာခဲ့လေပြီ ...
" ဘာဖြစ်ချင်တုန်း ဟုတ်လား ... အေး ..
ဒါဖြစ်ချင်တယ်ကွာ .. "
"ဒုန်း ... ခလွမ်း ..
" ခလွမ်း ... ခလွမ်.."
စိုးအောင် လက်ထဲမှတုတ်က
ကိုဝင်းမောင်၏ အိမ်ရှေ့ရောက်တာပင်
တစ်ရက်မပြည့်သေးသော
ထော်လာဂျီမှန်ပေါ်သို့ .......
မီးသီးများပေါ်သို့.......
"ဟာာ.... ဟေ့ရောင် .. မင်း.. မင်း...."
" ခွပ် "
" ဒုတ် "
"အား"
"ကဲကွာ .. ဒုတ် .. ဒုတ် ... ဒုတ် ....."
ကိုဝင်းမောင် ဒေါသတို့ အထိန်းကွပ်မဲ့
လက်ထဲမှတုတ်က စိုးအောင်ခေါင်းကို
အဆက်မပြတ် ......
" ကိုဝင်းမောင် ..
လက်လွန်မယ် တော် .. ..တော် .."
မရင်မြ အလန့်တကြားအော်သံ .....
အဖြစ်အပျက်က မြန်ဆန်လွန်းလှသည် ...
အသိဝင်လို့ကြည့်မိတဲ့အချိန်မှာ ...
သွေးအိုင်ထဲမှာ ခွေခွေလေးလဲနေသော
စိုးအောင် ........
သူကိုင်ထားခဲ့သော တုတ်က
သွေးတွေပေလျှက်
ကိုဝင်းမောင်လက်ထဲမှာ ...
"ဟာာာ ... သွားပြီ ...
ဘာတွေဖြစ်ကုန်ပြီလဲကွာ ....."
" အမလေး ကိုဝင်းမောင်ရဲ့
ကိုယ်ကျိုးတော့နဲကုန်ပါပြီတော့ ... ဟဲ့ ..
စိုးအောင် .. စိုးအောင် ... အမလေး .."
မရင်မြ၏ အော်ဟစ်ငိုကြွေးသံကို
မကြားတစ်ချက် ကြားတစ်ချက် ......
ဘေးနားဆီမှ ဝိုးတဝါးကြားနေရသော
သံတူနှင့် ကျောက်ခဲထိခတ်သံ
ံမကြားတစ်ချက် ကြားတစ်ချက်က
တဖြည်းဖြည်း ပီပီပြင်ပြင်ကြားလာကာ
ကိုဝင်းမောင်၏ အတွေးတို့ကို
ဖြတ်တောက်ပစ်လိုက်သည်.......
မှန်ပါသည် .....
ကျွန်းစုရွာရဲ့ တောင်သူတွေ
အဆင်ပြေစေချင်သော ကိုဝင်းမောင် .....
ကျွန်းစုရွာရဲ့ မျိုးဆက်သစ်တွေအတွက်
လမ်းသာစေချင်သော ကိုဝင်းမောင် .....
အနစ်နာခံ အပင်ပန်းခံ လမ်းဖောက်ခဲ့သော ကိုဝင်းမောင် .....
လမ်းဖောက်ပြီး ထော်လာဂျီ တစ်ရက်မှ
မပြေးရသေးခင် ကိုယ်ဖောက်ခဲ့သောလမ်းမှ
အချုပ်ခန်းဆီသို့ ဖြတ်လျှောက်လာခဲ့ရသော ကိုဝင်းမောင် .....
သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ လက်တကမ်းအလို မှာပဲ
တဒင်္ဂဒေါသကို မထိန်းနိုင်ဘဲလူသတ်မှုအထိ
ဖြစ်သွားခဲ့သော ကိုဝင်းမောင် .....
သူ့အပြစ်တွေ အတွက် ဥပဒေက ပေးသော
အလုပ်ကြမ်းနဲ့ထောင်ဒဏ် ဆိုသော ပြစ်ဒဏ်ကို ခံယူနေရခြင်းဖြစ်ပါသည် ..........
တကယ်လို့သာ အဲ့ဒီနေ့က
အရက်မသောက်ခဲ့ရင် ...............
တကယ်လို့သာ အဲ့ဒီနေ့က
ဒေါသတွေ ထိန်းနိုင်ခဲ့ရင် .............
တကယ်လို့သာ ...............
တကယ်လို့သာ ...............
တကယ်လို့သာ ...............
" ငါးပါးသီလထဲမှာ အဓိကရှောင်ကျဉ်ရမှာက
သူရာမေရယ လို့ခေါ်တဲ့သေရည်သေရက်
သောက်သုံးခြင်းပဲကွယ့် ...
ဒီဟာတစ်ခု ကျူးလွန်မိရင်ဖြင့် ကျန်တဲ့လေးပါးဟာ ကျူးလွန်မိဖို့မခဲယဉ်းတော့ဘူး .."
ရွာဦးကျောင်း ဆရာတော်ဘုရားရဲ့
အဆုံးအမတို့ကို ကိုဝင်းမောင်တစ်ယောက်
်ပြန်လည်ကြားယောင်ရင်း
ကျလာသောမျက်ရည်တို့ကို
အင်္ကျီလက်မောင်းဖြင့်
သုတ်လိုက်လေတော့သည် .....
( ပြီးပါပြီ )
အပိုင်း ၁ ဖတ်ရန် - https://steemit.com/myanmar/@myanmarpyithar/tky-lo-tha-1-201819t94622198z
အပိုင်း ၂ ဖတ်ရန် - https://steemit.com/myanmar/@myanmarpyithar/tky-lo-tha-2-7134b52646cbe
Photo Credit - Google Image
Written by @myanmarpyithar
MSC - 103
ဒေါသ ကြောက်စရာကောင်းတယ်ဗျာ
အမှန်ပဲဗျာ ဒေါသဖြစ်လာရင် ဘာမှမမြင်ကြတော့ဘူး
Good
ကျေးဇူးဗျ
မသိမ်းလိုက်ပါနဲ့အုံး BRO ဖတ်ရတာတန်ဖို့ရှိလို့ပါ။
ကျေးဇူးပါ အစ်ကိုရေ
ကြားရတာ အားရှိတယ်ဗျာ
နောက်ပို့စ်လေးတွေလည်း အားပေးပါအုံးဗျ
အကို စာလေးတွေဖတ်ရတာ ဗဟုသုတ ရတယ်အကို
ကျေးဇူးပါညီရေ ပို၍ ပို၍ ကောင်းအောင် ကြိုးစားပါ့မယ်ဗျာ
Goodဒယ်
ကျေးဇူးပါ ကိုလင်းရေ
ရန်ဖြစ်တဲ့ အခန်းလေး အရမ်းပီပြင်တယ်
ကျေးဇူးပါ မစုခင်ဗျ
အစ်မ အရေးအသားတွေ အားကျနေသူပါဗျ
ပိုပြီး ကြိုးစားပါ့မယ်ဗျ
good post လေးပါရှင့် အားပေးပါတယ်နော်
ကျေးဇူးပါဗျ ခုလိုအားပေးလို့ ရေးရတာပို အားရှိပါတယ်ဗျ
knowledge post
ကျေးဇူးပါဘုရား
ကျန်တဲ့အပိုင်းတွေကောရှာဖတ်တော့မယ်အကိုရေ
Link ပေးထားပါတယ်ညီ အားပေးတာ ကျေးဇူးဗျာ
good writing
ကျေးဇူးပါခင်ဗျ